ချောက် PDF ၂၀ ကျော် သေဆုံးမှု ဘယ်လိုဖြစ်ခဲ့တာလဲ

စစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ပြီး သေဆုံးသွားတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို တယ်လီဂရမ်ကနေ ထုတ်ပြန်လာတာပါ။

ဓာတ်ပုံ ရင်းမြစ်, တယ်လီဂရမ်

ဓာတ်ပုံ ပုံစာ, စစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ပြီး သေဆုံးသွားတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို တယ်လီဂရမ်ကနေ ထုတ်ပြန်လာတာပါ။
ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၄

မကွေးတိုင်း၊ ချောက်မြို့နယ် တောင်သာကျေးရွာနားမှာ ဇူလိုင် ၁၀ ရက်က မြန်မာစစ်တပ်နဲ့ ရဲကွန်မန်ဒိုတပ်ဖွဲ့တွေ ပါဝင်တဲ့ စစ်ကြောင်းရဲ့ ပိတ်ဆို့တိုက်ခိုက်မှုအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်(PDF) အယောက် ၂၀ သေဆုံးတယ်လို့ အမှတ် ၃ တပ်ရင်း တာဝန်ရှိသူတစ်ဦးက ဘီဘီစီကို အတည်ပြုပါတယ်။

ဘီဘီစီရဲ့ စုံစမ်းသိရှိချက်အရသေဆုံးသူ အယောက် ၂၀ ထဲမှာ မကွေးခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၆ ယောက်၊ မကွေးခရိုင် အမှတ် (၁) တပ်ရင်းက ၁ ယောက် နဲ့ အမှတ် (၃) တပ်ရင်းက ၁၃ ယောက် ပါဝင်ပါတယ်။

မကွေးတိုင်းထဲက တော်လှန်ရေးအဖွဲ့တွေ အားကောင်းတဲ့ ချောက်မြို့နယ်ထဲက အဲဒီဖြစ်စဉ်ဟာ ဒီနှစ်အတွင်း တော်လှန်ရေးအင်အားစုတွေဘက်က အထိခိုက်ဆုံး တိုက်ပွဲတွေထဲက တစ်ခုဖြစ်လာပါတယ်။

ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့ဝင်တွေဟာ စစ်ကြောင်းနှစ်ခုညှပ်ပြီး တန်ပြန်တိုက်ခိုက်ခံလိုက်ရတာလို့ တိုက်ပွဲမှာ သေဆုံးသွားတဲ့ တပ်ဖွဲ့ဝင်နဲ့ နီးစပ်သူက ဘီဘီစီကို ပြောပါတယ်။

ဘယ်လိုတိုက်ခိုက်ခံခဲ့ရလဲ

တိုက်ပွဲကနေ စစ်တပ်က သိမ်းဆည်းရမိတယ်လို့ ထုတ်ပြန်ထားပါတယ်

ဓာတ်ပုံ ရင်းမြစ်, တယ်လီဂရမ်

ဓာတ်ပုံ ပုံစာ, တိုက်ပွဲကနေ သိမ်းဆည်းရမိတယ်လို့ ထုတ်ပြန်ထားတဲ့ လက်နက်တွေ

ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ ရဲကွန်မန်ဒိုစစ်ကြောင်းတို့ တိုက်ပွဲဖြစ်တဲ့နေရာဟာ ရေနံချောင်းမြို့နယ်နဲ့ ချောက်မြို့နယ်တောင်ပိုင်း အစပ်က တောင်သာကျေးရွာနဲ့ စမ်းစုကျေးရွာကြားမှာလို့ သိရပါတယ်။

အင်အား ၁၀၀ ဝန်းကျင်ရှိတဲ့ ဒုရဲမှူးကြီးကျော်သူဦးစီးတဲ့ ရဲကွန်မန်ဒိုစစ်ကြောင်းလာမယ့် လမ်းကြောင်းကို သတင်းရတာကြောင့် ဇူလိုင် ၁၀ ရက် မနက် ၈ နာရီလောက်မှာ မကွေးခရိုင်တပ်ရင်းပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်ဖို့ စောင့်နေတာလို့ စစ်ရေးအရင်းအမြစ်က ပြောပါတယ်။

"စစ်ကြောင်းနှစ်ခုခွဲလာတာကို မသိလိုက်ဘူး၊ တစ်ဘက်ကလာတဲ့ စစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်လို့ ပြန်ဆုတ်လာရင်း နောက်ကနေ စစ်ကြောင်းထပ်ဝင်လာတော့ အရှေ့၊ အနောက် ညှပ်ပိတ်မိသွားတာ။ သူတို့က ဒရုန်းအင်အားလည်း အရမ်းသာတယ်"လို့ သေဆုံးသွားတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်နဲ့ နီးစပ်သူက ဘီဘီစီကို ပြောပါတယ်။

တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ရှိတဲ့နေရာကို စစ်တပ်ဘက်က ဒရုန်းနဲ့ ကင်းထောက်တာအပြင် ဗုံးကြဲတာ၊ လက်နက်ကြီးကျည်တွေနဲ့ ပစ်ခတ်တာ၊ လေကြောင်းဗုံးကြဲတာတွေ ရှိခဲ့တယ်လို့ မြေပြင်အခြေအနေ သိရှိသူက ပြောပါတယ်။

စစ်တပ်ထောက်ခံတဲ့ တယ်လီဂရမ်နဲ့ Tiktok အကောင့်တွေကနေ စစ်တပ် နဲ့ ရဲကွန်မန်ဒိုတပ်ဖွဲ့တွေက ပြည်သူ့ကာကွယ်ရေးတပ်-PDF တပ်ဖွဲ့ဝင် အယောက် ၂၀ ကို ပိတ်ဆို့တိုက်ခိုက်ခဲ့တဲ့ ရုပ်သံဖိုင်တွေ လူမှုကွန်ရက်မှာ ထွက်ပေါ်လာခဲ့ပါတယ်။

ရုပ်သံဖိုင်ထဲမှာ လယ်ကွင်းစပ်က သစ်ပင်တွေကြားမှာ တိမ်းရှောင်၊ ပြေးလွှားနေတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကို ဒရုန်းနဲ့ ဗုံးကြဲပစ်ခတ်တာတွေတွေ့ရပါတယ်။

သေဆုံးသူတွေရှိသလို အရှင်ဖမ်းမိသူတွေကိုလည်း သတ်ပစ်ဖို့ ပြောဆိုနေတဲ့အသံတွေလည်း ကြားရပါတယ်။

ဒါ့အပြင် လေကြောင်းကနေ ဆက်တိုက်ဗုံးကြဲတာတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။

"ညဘက်ကိုလည်း လေကြောင်းလာပစ်သေးတယ်။ တောထဲမှာ ရှောင်နေတဲ့ ဒေသခံ နှစ်ယောက် ဆုံးသွားတယ်" လို့ ချောက်မြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ယောက်က ပြောပါတယ်။

စစ်ကြောင်းတလျှောက် မီးရှို့ခံရတဲ့ ကျေးရွာက နေအိမ်တွေကို စစ်ဘေးရှောင်ကူညီရေးအဖွဲ့တွေက ထုတ်ပြန်ထားတာပါ။

ဓာတ်ပုံ ရင်းမြစ်, ဆန်အလှူ ဆေးအကူ ခရီး

ဓာတ်ပုံ ပုံစာ, စစ်ကြောင်းတလျှောက် မီးရှို့ခံရတဲ့ ကျေးရွာက နေအိမ်တွေကို စစ်ဘေးရှောင်ကူညီရေးအဖွဲ့တွေက ထုတ်ပြန်ထားတာပါ။
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

တစ်ရက်တည်းမှာပဲ စစ်တပ်ရဲ့ တိုက်ခိုက်ရေးလေယာဉ်တွေ တောက်လျှောက် ပျံဝဲသွားတာကို ချောက်မြို့ပေါ်မှာ နေထိုင်သူတွေက အတိုင်းသားကြားနေရတယ်လို့လည်း ဘီဘီစီကို ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် အယောက် ၂၀ ဝန်းကျင်နဲ့ စစ်ကြောင်းက အင်အား ၁၀၀ ဝန်းကျင်ဆိုတဲ့ လူအင်အားမှာတင် ကွာဟချက်များနေတာသာမက စစ်တပ်ဘက်က ဒရုန်း၊ လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်မှုတွေသုံးတာကြောင့် အခုလို အကျအဆုံးများတာလို့ CDM ဗိုလ်ကြီးဇင်ယော်က မှတ်ချက်ပေးပါတယ်။

"စစ်တပ်ဘက်က အပိုင်လုပ်တဲ့သဘောပဲ၊ တော်လှန်ရေးတပ်တွေဘက်က စစ်ကြောင်းတဖွဲ့လုံး ထိခိုက်သွားတာပေါ့၊ တော်လှန်ရေးဘက်က ပေါ့လျော့မှုမဟုတ်ဘဲ စစ်တပ်ဘက်က လှည့်စားမှု တိုးတက်လာတဲ့သဘောတွေ့ရတယ်"လို့ ဗိုလ်ကြီးဇင်ယော်က ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်း PDF ရုပ်အလောင်း ၂၀ နဲ့ ချေမှုန်းရေးရိုင်ဖယ် ၁၉ လက်၊ စနိုက်ပါ ၁ လက်ရရှိတယ်လို့ စစ်တပ်နဲ့ နီးစပ်သူဆီကနေ သိရပါတယ်။

ရဲကွန်မန်ဒိုစစ်ကြောင်းဆိုတာ အလှည့်ကျရွေးချယ်ထားတဲ့ရဲတွေကို အထူးသင်တန်းပေးထားပြီးစစ်တပ်နဲ့အတူ စစ်ကြောင်းထွက်ကြရသူတွေလို့ စစ်ရေးသုံးသပ်သူတွေက မှတ်ချက်ပေးပါတယ်။

ဒီနှစ်ထဲမှာတော့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်း၊ ကရင်၊ ပဲခူးတိုင်းတွေဘက်မှာ စစ်ကောင်စီတပ်တွေနဲ့အတူ ပူးတွဲလှုပ်ရှားမှုတွေမှာ ရဲကွန်မန်ဒိုတပ်ဖွဲ့ဝင်တွေ ပါဝင်လာတယ်ဆိုတဲ့ ဒေသတွင်းသတင်းတွေ မကြာခဏ ထွက်ပေါ်လာပါတယ်။

ချောက်မြို့နယ်ရဲ့ စစ်ရေးအခြေအနေ

ချောက်မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေ

ဓာတ်ပုံ ရင်းမြစ်, ပကဖ၊ ချောက်မြို့နယ်

ဓာတ်ပုံ ပုံစာ, ချောက်မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေ

တိုက်ပွဲဖြစ်ပွားခဲ့တဲ့ တောင်သာကျေးရွာဟာ ချောက်မြို့နယ်တောင်ပိုင်းမှာ တည်ရှိပြီး ဧရာဝတီမြစ် အနောက်ဘက်ကမ်းက ရွာဖြစ်သလို မကွေးတိုင်း ချောက်မြို့နယ်၊ ရေနံချောင်းမြို့နယ်တို့နဲ့ မန္တလေးတိုင်း ညောင်ဦးခရိုင်တို့ ဆက်စပ်နေတဲ့ ဒေသဖြစ်ပါတယ်။

ဒီဒေသဟာ ညောင်ဦးမြို့နယ်ထဲက ပုဂံယဉ်ကျေးမှုဒေသနဲ့ နီးကပ်ပြီး ဧရာဝတီမြစ်ကြောင်း တဖက်ကမ်းက စလင်းမြို့နယ်နဲ့ ဆင်ဖြူကျွန်းမြို့တွေကို ဆက်စပ်တဲ့နေရာလည်းဖြစ်ပါတယ်။

ဒါ့အပြင် လူ၊ ကုန်စည်နဲ့ ရေလမ်းသွားလာမှုအတွက် အရေးပါတဲ့ နေရာဖြစ်သလို ချောက်နဲ့ ရေနံချောင်းမြို့နယ်တွေဟာ ရေနံလုပ်ငန်းတွေနဲ့ ဆက်စပ်နေတာအပြင် မြန်မာနိုင်ငံရဲ့ ငွေစက္ကူရိုက်နှိပ်ထုတ်ဝေရာ ဝါဇီလုံခြုံရေးပုံနှိပ်စက်ရုံ တည်ရှိတဲ့ဒေသနဲ့လည်း နီးစပ်ပါတယ်။

ဒါ့ကြောင့် မကွေးတိုင်းတောင်ပိုင်းနဲ့ မန္တလေးတိုင်းတောင်ပိုင်းကို ဆက်သွယ်ထားတဲ့ ကြားခံဒေသတစ်ခုအဖြစ် ရှုမြင်ခံရပြီး မကြာသေးတဲ့နှစ်တွေအတွင်း စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ အပြိုင်လှုပ်ရှားလာတဲ့ ဒေသတစ်ခုလည်း ဖြစ်လာတယ်လို့ စစ်ရေးသုံးသပ်သူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ကစလို့ စစ်တပ်ရဲ့ စခန်းတွေ၊ စစ်ဆေးရေးဂိတ်တွေ၊ စစ်ကြောင်းတွေကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်တာတွေလည်း ရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၂၀ ရက် မှာလည်း ချောက်မြို့နယ်ထဲက ကျောက်တဲလမ်းခွဲ စစ်ဆေး‌ရေးဂိတ်ကို တော်လှန်ရေးအဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်က အသေအပျောက်တွေ ရှိခဲ့တယ်လို့ ချောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်- ပကဖက ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီဖြစ်စဉ်ပြီးနောက် စစ်တပ်ဘက်ကလည်း အင်အား ရာချီသုံးပြီး ချောက်မြို့နယ်တောင်ပိုင်းကို ပြီးခဲ့တဲ့ ဇွန် ၂၃ ရက်ကစပြီး စစ်ကြောင်းစထိုးလာတာလို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။

စစ်ကြောင်းတလျှောက် မီးရှို့ခံရတဲ့ ကျေးရွာက နေအိမ်တွေကို စစ်ဘေးရှောင်ကူညီရေးအဖွဲ့တွေက ထုတ်ပြန်ထားတာပါ။

ဓာတ်ပုံ ရင်းမြစ်, ဆန်အလှူ ဆေးအကူ ခရီး

ဓာတ်ပုံ ပုံစာ, စစ်ကြောင်းတလျှောက် မီးရှို့ခံရတဲ့ ကျေးရွာက နေအိမ်တွေကို စစ်ဘေးရှောင်ကူညီရေးအဖွဲ့တွေက ထုတ်ပြန်ထားတာပါ။

ဒေသအခြေအနေ သိရှိသူတွေရဲ့ ပြောပြချက်အရ အဲဒီစစ်ကြောင်း ဖြတ်သန်းရာတစ်လျှောက် ကျေးရွာအချို့ မီးရှို့ခံခဲ့ရပြီး ချောက်မြို့နယ်အတွင်း ကျေးရွာ ၁၀ ရွာခန့်က နေအိမ်တွေ မီးလောင်ပျက်စီးခဲ့ပါတယ်။

ဒေသခံတွေလည်း နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရတာ တစ်လဝန်းကျင် ကြာမြင့်နေပြီ ဖြစ်ပေမဲ့ စစ်ကြောင်းလှုပ်ရှားမှုတွေ ဆက်ရှိနေတာကြောင့် လက်ရှိအချိန်အထိ နေအိမ်တွေကို မပြန်နိုင်ကြသေးပါဘူး။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ တိုက်ပွဲဖြစ်ပြီးနောက် ရဲကွန်မန်ဒိုစစ်ကြောင်းဟာ ဇူလိုင် ၁၁ ရက်အထိ တောင်သာရွာထဲမှာပဲ ရှိနေပြီး ရိက္ခာစုဆောင်းတာတွေ လုပ်နေတယ်လို့ စစ်ရေးအရင်းအမြစ်တွေဆီကနေ သိရပါတယ်။

စစ်ကြောင်းဆက်ရှိနေသေးတာကြောင့် သေဆုံးသွားတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့ ရုပ်အလောင်းတွေကလည်း ပြန်ယူလို့မရသေးဘူးလို့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ယောက်က ပြောပါတယ်။

"သူတို့မိဘတွေကလည်း စိတ်ပူပြီး ဆက်သွယ်လာကြတယ်။ ကိုယ့်ရဲဘော်တွေရဲ့ အလောင်းလည်း ပြန်မရသေးဘူး၊ကျွန်တော်တို့ ဘယ်လိုပြန်ဖြေရမှန်းမသိဘူးဗျာ"လို့ သူကပြောပါတယ်။