အခွန်စည်းကြပ်မှုနဲ့ အိမ်ခြံမြေဈေးကွက် အလှုပ်အခတ်

ရန်ကုန်မြို့ က အဆောက်အဦးတွေ (ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ရန်ကုန်မြို့ က အဆောက်အဦတွေ (ပုံဟောင်း)
ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၅

မိုဘိုင်းဖုန်းတွေ၊ စက်မှုဇုန်မြေတွေ ကို အခွန်စည်းကြပ်နေတဲ့ နေပြည်တော်ဟာ အိမ်ခြံမြေ လုပ်ငန်းဘက်ကိုလည်း မျက်စိကျလာခဲ့ပြန်ပါတယ်။

အရင်က အိမ်၊ခြံ၊မြေ ဝယ်သူက ဝင်ငွေခွန်ဆောင်ပြီးရင် အမည်ပေါက် ပိုင်ဆိုင်ခွင့် ရနိုင်ပါတယ်။

အခုတော့ ရောင်းသူကပါ သူရောင်းလို့ရတဲ့ အမြတ်ငွေ ကို အခွန်ဆောင်ထားတဲ့ အခွန်ပြေစာပါမှ ဝယ်သူက ပိုင်ဆိုင်ခွင့် အမည်ပေါက်တော့မှာပါ။

ငွေကြေးအမြတ်အစွန်းများတဲ့ ရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်တဲ့ အိမ်ခြံမြေလုပ်ငန်း ကို နေပြည်တော် က အခွန်စည်းကြပ်မှုတွေ ပိုလုပ်လာတာလို့ အိမ်ခြံမြေအကျိုးဆောင်တွေက ရှုမြင်ပါတယ်။

အခုကြေညာလိုက်တဲ့ အခွန်စည်းမျဉ်းက ဘာလဲ။ ဒါက အိမ်ခြံမြေ ဈေးကွက်အပေါ် ဘယ်လို သက်ရောက်မှု ရှိလာနိုင်မလဲ။

ဘယ်လိုသက်ရောက်မလဲ

ဘဏ်လုပ်ငန်းတစ်ခုမှာ မြန်မာကျပ်ငွေတွေ ရေတွက်နေပုံ (ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဘဏ်လုပ်ငန်းတစ်ခုမှာ မြန်မာကျပ်ငွေတွေ ရေတွက်နေပုံ (ပုံဟောင်း)

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဟာ အရင်က အိမ်ခြံမြေ တိုက်ခန်း ဝယ်သူတွေဆီကနေပဲ ပုံမှန် ဝင်ငွေခွန်ရနေခဲ့တာပါ။

သဘောကတော့ ဝယ်သူက သတ်မှတ်ထားတဲ့ ဝင်ငွေခွန်ဆောင်ပြီးတာနဲ့ ပိုင်ဆိုင်ခွင့်ရတယ်လို့ ဘီဘီစီက မေးမြန်းခဲ့ အိမ်ခြံမြေ အကျိုးတော်ဆောင် ၄ ဦးက ပြောပါတယ်။

အခုတော့ ရောင်းသူက အမြတ်ခွန် ၁၀ ရာခိုင်နှုန်း အခွန်ဆောင်ထားတဲ့ ပြေစာပါမှ ဝယ်သူက အမည်ပေါက်ပြောင်းနိုင်တော့မှာပါ။

"ရောင်းသူက မဖြစ်မနေ အမြတ်ခွန် ဆောင်ရမယ့်သဘော ဖြစ်သွားတာပေါ့။ ရောင်းသူအပေါ် သက်ရောက်မှုရှိတာပေါ့" လို့ ဒဂုံမြို့သစ်က အိမ်ခြံမြေ အကျိုးတော်ဆောင်တစ်ဦးက ပြောပါတယ်။

ဒီအခွန်စည်းကြပ်မှုကြောင့် အိမ်ခြံမြေဝယ်ယူသူတစ်ဦးက သူ့အမည်ဖောက်လို့ရအောင် ရောင်းသူကို အမြတ်ခွန် ၁၀ ရာခိုင်နှုန်းဆောင်ထားတဲ့ပြေစာပါ တောင်းလာတော့မယ့် သက်ရောက်မှုတွေ ရှိလာတော့မှာပါ။

ဒီစည်းမျဥ်းက စက်တင်ဘာ ၁ ရက်ကစပြီး အသက်ဝင်သွားပါပြီ။

အမြတ်ခွန်သတ်မှတ်ပုံ

ရန်ကုန်မြို့ လယ်က တိုက်တာ အဆောက်အဦးတွေ (ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ရန်ကုန်မြို့ လယ်က တိုက်တာ အဆောက်အဦးတွေ (ပုံဟောင်း)
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ရောင်းချတဲ့ အခြေပစ္စည်း ဖြစ်တဲ့ အိမ်၊ ခြံ၊ မြေ နဲ့ အဆောက်အဦ ရဲ့ ကာလတန်ဖိုးကို ရာဖြတ်အဖွဲ့ လို့ ခေါ်တဲ့ ကာလတန်ဖိုးစိစစ်သတ်မှတ်ရေးအဖွဲ့ က သတ်မှတ်ပြီး အမြတ်ငွေ ၁၀ ရာခိုင်နှုန်း ကောက်ခံမှာပါ။

ဒါဟာ ၂၀၂၆ ခုနှစ်၊ ပြည်ထောင်စု အခွန်အကောက်ဥပဒေမှာ ပြဋ္ဌာန်းပြီးသားလည်းဖြစ်ပါတယ်။

ရာဖြတ်အဖွဲ့ဟာ ရန်ကုန်တိုင်းထဲက မြို့နယ်၊ ရပ်ကွက်အလိုက် မြေရဲ့ တစ်စတုရန်းပေတန်ဖိုးကို သတ်မှတ်ပေးထားပါတယ်။

ရာဖြတ်အဖွဲ့ကသတ်မှတ်တဲ့ ဈေးက ရောင်းသူမူလဝယ်ထားတဲ့ဈေးထက်များနေရင် အမြတ်ထွက်တယ်လို့ အခွန်ဦးစီးဌာနက သတ်မှတ်ပါတယ်။

အဲဒီအမြတ်ငွေကို ပွဲစားခ၊ ရွှေ့ပြောင်းခ၊ ပြင်ဆင်စရိတ်နှုတ်ပြီး ကျန်တဲ့ အမြတ်ငွေ ရဲ့ ၁၀ ရာခိုင်နှုန်းကို အခွန်ဆောင်ရမယ်လို့ အခွန်ဦးစီးဌာနက ထုတ်ပြန်ထားတာပါ။

ဥပမာ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က သိန်း ၂၀၀ နဲ့ ဝယ်ခဲ့တဲ့ အိမ်ကို အခုချိန် ပြန်ရောင်းလို့ ရာဖြတ်အဖွဲ့ ရဲ့ သတ်မှတ်ဈေးက သိန်း ၁,၀၀၀ ဖြစ်နေရင် အမြတ်ငွေ သိန်း ၈၀၀ ထွက်မှာပါ။ အဲဒီ သိန်း ၈၀၀ ကို ပွဲစားခ နဲ့ ဆေးသုတ်ခ နှုတ်ပြီးကျန်တဲ့ ပမာဏ ရဲ့ ၁၀ ရာခိုင်နှုန်းကို အမြတ်ငွေ အဖြစ် အခွန်ဆောင်ရမှာပါ။

ရောင်းသူရဲ့ မူလဝယ်ယူခဲ့တဲ့ တန်ဖိုးထက် ရာဖြတ်အဖွဲ့သတ်မှတ်တဲ့ တန်ဖိုးက နည်းနေရင် အမြတ်အခွန်ကင်းလွတ်ခွင့်ရမှာလားဆိုတာတော့ အတိအလင်းမဖော်ပြထားပါဘူး။

တဖက်မှာလည်း ရောင်းသူ၊ ဝယ်သူနှစ်ဦးအကြား ပြင်ပပေါက်ဈေး နဲ့ အရောင်းတည့်တဲ့ ပမာဏက ရာဖြတ်အဖွဲ့ ရဲ့ တန်ဖိုးထက်များနေရင်လည်း စာချုပ်ချုပ်တဲ့အခါ ရာဖြတ်အဖွဲ့ရဲ့ သတ်မှတ်တန်ဖိုးနဲ့ပဲ စာချုပ်ချုပ်ရမှာဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

" အမှန်တကယ် အပြင်ပေါက်ဈေး နဲ့ သူတို့ ရာဖြတ်ဈေးနဲ့ မတူညီဘူးလေ။ သိန်း ၁ သောင်း နဲ့ ရောင်းထွက်တယ်ဆိုရင်လည်း သူတို့သတ်မှတ်ဈေးက သိန်း ၅ ထောင် ဆိုရင် စာချုပ်ပေါ်မှာ သိန်း ၅ ထောင်နဲ့ ပဲ ချုပ်ရမှာပါ"

အဲဒီတော့လက်ရှိ ရောင်းသူ နဲ့ ဝယ်သူ အများစုဟာ ဈေးနှစ်မျိုး နဲ့ စာချုပ်နှစ်ခု ချုပ်ကြတယ်လို့ အိမ်ခြံမြေအကျိုးတော်ဆောင် တွေက ပြောပါတယ်။

ဒီလိုဆိုရင် အမြတ်ငွေ အခွန်ဆောင်ရတဲ့ ပမာဏကလည်း လျော့သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

ရောင်းသူ၊ ဝယ်သူ အခွန်ဘယ်လောက်ဆောင်ရမလဲ

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ရန်ကုန်မြို့ထဲ မြင်ကွင်း (ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ရန်ကုန်မြို့ထဲ မြင်ကွင်း (ပုံဟောင်း)

မြန်မာနိုင်ငံမှာ အိမ်ခြံမြေ တိုက်ခန်း ဝယ်မယ်ဆိုရင် ဝယ်ခွန် နဲ့ ရောင်းခွန် ဆိုပြီး နှစ်မျိုးရှိပါတယ်။

ဝယ်ယူသူဟာ ဝင်ငွေရလမ်း မပြနိုင်ရင် ကိုယ်ဝယ်တဲ့ အိမ်ခြံမြေ တန်ဖိုး အပေါ်မူတည်ပြီး ဝင်ငွေအခွန်ဆောင်ရပါတယ်။

၂၀၂၆ ခုနှစ်၊ ဝင်ငွေ အခွန်နှုန်းထားတွေကတော့ -

၁ ကျပ် - သိန်း ၃၀၀၀ = အခွန် ၃ %

သိန်း ၃,၀၀၁ - သိန်း ၆,၀၀၀ = အခွန် ၅ %

သိန်း ၆,၀၀၁ - သိန်း ၁၀,၀၀၀ = အခွန် ၁၀ %

သိန်း ၁၀,၀၀၁ - သိန်း ၃၀,၀၀၁ = အခွန် ၁၅ %

သိန်း ၃၀,၀၀၁ - အထက် = အခွန် ၃၀ %

အိမ်ခြံမြေ တန်ဖိုးဟာ ကျပ်သိန်း ၁၀၀ ထက်မပိုရင်တော့ အခွန်ကင်းလွတ်ခွင့်ရှိပါတယ်။

ဝယ်သူဟာ အိမ်ဝယ်တဲ့အခါ အိမ်တန်ဖိုးအပြင် တံဆိပ်ခေါင်းအခွန်၊ နဲ့ မှတ်ပုံတင်စာချုပ်ကြေးပါဆောင်ရတယ်လို့ ဒဂုံမြို့သစ်က အိမ်ခြံမြေအကျိုးတော်ဆောင်တစ်ဦးက ပြောပါတယ်။

"တကယ်လို့ သိန်း ၃,၀၀၀ တန်အိမ်ဆိုရင် ဝင်ငွေ ခွန် ၃ ရာခိုင်နှုန်း ၊ တံဆိပ်ခေါင်း၊ မှတ်ပုံတင်ကြေး ပါတွက် လိုက်ရင် ဝယ်သူက စုစုပေါင်း ၇.၅ ရာခိုင်နှုန်း အခွန်ဆောင် ရပါတယ်" လို့ သူကပြောပါတယ်။

ရောင်းချသူကတော့ အမြတ်စွန်းငွေ ၁၀ ရာခိုင်နှုန်းဆောင်ရမှာဖြစ်တယ်လို့ သူက ပြောပါတယ်။

အခုလက်ရှိ အိမ်ခြံမြေ ဝယ်မယ်ဆိုရင် ရောင်းသူက အခွန် ၁၀ ရာခိုင်နှုန်း၊ ဝယ်သူက အနည်းဆုံး အခွန် ၇.၅ ရာခိုင်နှုန်းကို မဖြစ်မနေ ဆောင်ရတော့မှာ ဖြစ်ပါတယ်။

ဝင်ငွေရလမ်းစိစစ်မှု

မြန်မာနိုင်ငံ ဗဟိုဘဏ်မှာ ခင်းကျင်းပြသထားတဲ့ ကျပ် ငါးထောင်တန် ငွေထုပ်တွေ (ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မြန်မာနိုင်ငံ ဗဟိုဘဏ်မှာ ခင်းကျင်းပြသထားတဲ့ ကျပ် ငါးထောင်တန် ငွေထုပ်တွေ (ပုံဟောင်း)

အခွန်ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်ထဲမှာ အိမ်ခြံမြေဝယ်ယူသူတွေဟာ ဝင်ငွေရလမ်း ကို သက်ဆိုင်ရာ မြို့နယ် အခွန်ဦးစီးဌာနမှူးရုံးမှာ စိစစ်မှုခံယူရမယ်လို့ ဆိုပါတယ်။

ဒါဟာ ငွေမဲခဝါချသူတွေ၊ အိမ်ခြံမြေ ဝယ်ရောင်းလုပ်နေသူတွေအပေါ် မှာ သက်ရောက်မှု ရှိလာနိုင်တယ်လို့ ဒလမြို့နယ် အိမ်ခြံမြေအသင်း ဥက္ကဋ္ဌ ဦးသန်းထွန်းက ပြောပါတယ်။

"ဒီငွေကိုဘယ်ကနေ ဘယ်လိုရတာလဲဆိုတဲ့ ဝင်ငွေရလမ်းကို လိုက်တာကတော့ ပြဿနာနည်းနည်းရှိတာပေါ့။ အများဆုံးထိခိုက်နိုင်တာက ငွေမဲခဝါချသူတွေ ထိခိုက်နိုင်တယ်။ နောက်ပြီးတစ်ယောက်တည်း မြေကွက် ၃၀၊ ၄၀ လောက် မြှုပ်နှံထားသူတွေဆိုရင် ဒီငွေတွေကို တရားဝင်ဘယ်ကရတာလဲဆိုပြီး အသေးစိတ်လိုက်ရင် အဲလိုလူတွေ အတွက် အခက်အခဲတွေ အများကြီးဖြစ်မှာပေါ့" လို့ ဦးသန်းထွန်းက ပြောပါတယ်။

မြောက်ဒဂုံမြို့နယ်က အိမ်ခြံမြေအကျိုးတော်ဆောင် တစ်ဦးကတော့ ဒါဟာ ရန်ကုန်က ကျားဖြန့်လုပ်ငန်းတွေကို နေပြည်တော်က နှိမ်နင်းဖို့ ကြိုးစားလာတာလည်း ဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။

"ကျားဖြန့်တွေ အများကြီး ဖမ်းမိတုန်းကဆိုရင် ရန်ကုန်မှာ အိမ်ခြံမြေ တွေ တအားရောင်းရတာ။ ငွေဖြူပြခိုင်းတာက အဲဒီကျားဖြန့်တွေကို ထိန်းချုပ်ချင်တာရယ်၊ ဈေးကွက်ထိန်းချုပ်ချင်တာရယ်လည်း ဖြစ်နိုင်တယ်" လို့ သူကပြောပါတယ်။

၂၀၂၆ ခုနှစ် အခွန်အကောက် ဥပဒေ အရ ဝင်ငွေရလမ်းကို မပြနိုင်ရင် ဝင်ငွေခွန်အပေါ်မှာ နောက်ထပ် ၃၀ ရာခိုင်နှုန်း အခွန်ထပ်စည်းကြပ်မယ်လို့ ပြဋ္ဌာန်းထားပါတယ်။

ဒီနေရာမှာ အိမ်ခြံမြေ ရောင်းလို့ရတဲ့ အမြတ်ငွေကို အခွန်ဆောင်ထားသူတွေ အတွက်တော့ အဆိုးထဲက အကောင်းရှိနိုင်တယ်လို့ တောင်ဥက္ကလာပ မြို့နယ်က အိမ်ခြံမြေအကျိုးတော်ဆောင် တစ်ဦးက ပြောပါတယ်။

"ရောင်းသူက သူအိမ်ပြန်ဝယ်တဲ့အခါ အမြတ်ခွန်ပြေစာကို ပြန်သုံးလို့ရတယ်လေ" လို့ သူကပြောပါတယ်။

ထိုးထွက်နေတဲ့ အိမ်ခြံမြေဈေးကွက်

ရန်ကုန်မြို့ က တိုက်ခန်းတွေ (ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ရန်ကုန်မြို့ က တိုက်ခန်းတွေ (ပုံဟောင်း)

မြန်မာနိုင်ငံမှာ သိန်းတစ်သောင်းထီဆုကြီးပေါက်ရင်တောင် မြောက်ဒဂုံမြို့နယ်က ပေ ၄၀ x ပေ ၆၀ မြေကွက်တစ်ကွက်ကို ဝယ်နိုင်မှာမဟုတ်ပါဘူး။

အခုလက်ရှိ မြောက်ဒဂုံမြို့နယ် ပင်လုံလမ်းမကြီးဘေး၊ အမှတ် (၃၄) နဲ့ (၃၅) ရပ်ကွက်တွေက ပေ ၄၀ x ပေ ၆၀ မြေကွက်တစ်ကွက် ကို သိန်းပေါင်း သိန်းနဲ့ ချီဈေးပေါက်နေတယ်လို့ ဆိုပါတယ်။

"၃၅ ရပ်ကွက်မှာမှ အတွင်းထဲလမ်းလေးတွေပေါ့၊ ဗိုလ်မင်းရောင်လမ်းမ ဘေးတွေတောင် ပေ ၆၀ အကွက်ဆိုရင် သိန်း ၄ သောင်းကျော်လောက် ဈေးပေါက်ပါတယ်" လို့ မြောက်ဒဂုံက အိမ်ခြံမြေ အကျိုးဆောင်တစ်ဦးက ပြောပါတယ်။

ရန်ကုန်မြို့ပေါ်က ၁၂ ပေ x ပေ ၆၀ တိုက်ခန်း တစ်ခန်းဆိုရင်လည်း နေရာအပေါ်မူတည်ပြီး သိန်း ၂,၀၀၀ လောက်အထိ ရှိနေပါတယ်။

ကွန်ဒိုတိုက်ခန်းတွေရဲ့ အနိမ့်ဆုံးဈေးကလည်း နေရာအပေါ်မူတည်ပြီး သိန်း ၆,၀၀၀ အထိရှိနေတယ်လို့ အိမ်ခြံမြေအကျိုးတော်ဆောင် တွေဆီက သိရပါတယ်။

နေပြည်တော်အစိုးရကတော့ ဒီလို တန်ဖိုးကြီးလှတဲ့ အိမ်ခြံမြေ ဈေးကွက်ဆီက အခွန်ရဖို့ အမျိုးမျိုး ကြိုးစားနေပါတယ်။

တိုက်ခန်းဝယ်ယူသူတွေကတော့ ဆက်စပ်စာချုပ်တွေ ချုပ်ပြီး အခွန်စည်းကြပ်မှုတွေကို ဆက်ပြီးကျော်လွှားနေကြတယ်လို့ သာကေတမြို့နယ်က အိမ်ခြံမြေအကျိုးတော်ဆောင်တစ်ဦးက ပြောပါတယ်။

"အခု တိုက်ခန်းတွေမှာတော့ နားလည်မှုနဲ့ ဆက်စပ်စာချုပ်တွေနဲ့ သွားနေကြတယ်။ ခေါင်းလည်း မနောက်တော့ဘူး။ အခုလက်ရှိ ဝယ်ရောင်းသမားတွေက အခွန်မဆောင်ကြတာများတယ်" လို့ သူက ပြောပါတယ်။

ဆက်စပ်စာချုပ်ဆိုတာ မူလပိုင်ရှင်တွေဖြစ်တဲ့ မြေရှင် နဲ့ ကန်ထရိုက်ကနေ ဝယ်ယူသူတွေ အဆင့်ဆင့်ကို လက်ဆင့်ကမ်း ရောင်းချတဲ့ စာချုပ်ဖြစ်ပါတယ်။ ဒီစာချုပ်ဟာ ရောင်းခွန်၊ ဝယ်ခွန် မဆောင်ရဘူးလို့ အိမ်ခြံမြေအကျိုးတော်ဆောင်တွေက ပြောပါတယ်။

အခုဆိုရင်လည်း အိမ်ခြံမြေပိုင်ဆိုင်မှု အခွန်ဥပဒေ (Property Tax Law) ကို ပြဋ္ဌာန်းဖို့ ကြိုးစားနေတယ်လို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ က ဩဂုတ်လ ၁ ရက်နေ့က ပြောထားပါတယ်။

ဥပဒေကြမ်းမှာတော့ သတ်မှတ်ရက်ထက် ကျော်လွန်ပြီး အခွန်မပေးဆောင်ရင် လအလိုက် အခွန်ငွေ ရဲ့ ၁ နှုန်းကို ဒဏ်ကြေးပေးဆောင်ရမယ်လို့ ဆိုပါတယ်။

နောက်ပြီး အိမ်ခြံမြေတန်ဖိုးကို မမှန်မကန် လိမ်လည်သတင်းပို့တာ ဒါမှမဟုတ် အခွန်ရှောင်ကွင်းရင် ကျန်ရှိနေတဲ့ အခွန်ငွေရဲ့ ၂ ဆ ထက်မပိုတဲ့ ငွေဒဏ်ကို စည်းကြပ်မယ်လို့ ဥပဒေမူကြမ်းမှာ ဖော်ပြထားပါတယ်။

လက်ရှိ နေပြည်တော် အစိုးရ ရဲ့ အိမ်ခြံမြေ လုပ်ငန်းအပေါ် အခွန်စည်းကြပ်မှုတွေ ကြောင့် အိမ်ခြံမြေ ဈေးကွက်ဟာ ကျဆင်းသွားမှာမဟုတ်ဘဲ အရောင်းအဝယ်တွေတော့ အေးစက်သွားနိုင်တယ်လို့ မြန်မာအိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်းရှင်းများအသင်းရဲ့ တာဝန်ရှိသူက ခန့်မှန်းထားပါတယ်။