ဂျပန်က အားပြင်းမုန်တိုင်းကြောင့် လူ ၂ သန်းနီးပါးကို ဘေးလွတ်ရာရွှေ့ခိုင်း

ဂျပန်နိုင်ငံမှာ အားပြင်းတိုင်ဖွန်း မုန်တိုင်း Dujuan ကြောင့် လူ ၂ သန်းနီးပါးကို အာဏာပိုင်တွေက ဘေးလွတ်ရာရွှေ့ပြောင်းခိုင်းနေတဲ့သတင်းအပါအဝင် မြန်မာ နဲ့ ကမ္ဘာတဝန်းက ထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။

အနှစ်ချုပ်

  • ကုလသမဂ္ဂမှာ ကိုယ်စားပြုခွင့်ဆက်ရှိရေး အခြေအနေတွေကေကာင်းတွေ ရှိနေတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းပြော
  • ဦးမင်းအောင်လှိုင် ပြည်ခိုင်ဖြိုးပါတီဝင်ဖြစ်လာတယ်လို့ ပါတီဝင်တချို့က ပြော
  • စစ်တွေ - ပုဏ္ဏားကျွန်းအစပ်မှာ စစ်တပ်စစ်ကြောင်း ပိတ်မိပြီး အေအေနဲ့တိုက်ပွဲဖြစ်နေ၊ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေလည်းလုပ်နေ
  • ပြည်ပကမြန်မာသံရုံးတချို့မှာ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးရင် လိုတဲ့ UID ကတ်တွေကို စထုတ်ပေးနေ
  • မရမ်းကုန်းမှာ ဆွဲကြိုးလု ဓားနဲ့တိုက်ခိုက်သူကို ရပ်ကွက်က ၀ိုင်းဖမ်းချိန် လူ ၄ ဦး ဓားဒဏ်ရာရ

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. နို၀င်ဘာလ ၂၁ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။

    ဘီဘီစီသတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

  2. ပြည်သူ့လွှတ်တော်ဒုဥက္ကဋ္ဌ မော်စကိုရောက်နေချိန် ယူကရိန်း ဒရုန်းတိုက်ခိုက်မှုဖြစ်ပွား

    စစ်ကောင်စီနဲ့ စစ်ကော်မရှင်လက်ထက် ပြန်ကြားရေး၀န်ကြီးဟောင်း ဦးမောင်မောင်အုန်းဟာ နေပြည်တော်မှာ လွှတ်တော်အသစ်ပေါ်လာတဲ့အခါ ပြည်သူ့လွှတ်တော် ဒုဥက္ကဋ္ဌဖြစ်လာပါတယ်

    ဓာတ်ပုံ ရင်းမြစ်, ထုတ်ပြန်ချက်

    ဓာတ်ပုံ ပုံစာ, စစ်ကောင်စီနဲ့ စစ်ကော်မရှင်လက်ထက် ပြန်ကြားရေး၀န်ကြီးနေရာယူခဲ့တဲ့ ဦးမောင်မောင်အုန်းဟာ နေပြည်တော်မှာ လွှတ်တော်အသစ်ပေါ်လာတဲ့အခါ ပြည်သူ့လွှတ်တော် ဒုဥက္ကဋ္ဌဖြစ်လာပါတယ်

    ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်းဟာ ရုရှားနိုင်ငံ၊ မော်စကိုမြို့မှာပြုလုပ်တဲ့ ဒူးမား လွှတ်တော် မဲပေးပွဲကို သွားရောက်လေ့လာနေတယ်လို့ နေပြည်တော်က သတင်းထုတ်ပါတယ်။

    ဦးမောင်မောင်အုန်းက မော်စကိုမြို့က ဒူးမားလွှတ်တော်ရွေးကောက်ပွဲကို စက်တင်ဘာ ၂၀ ရက်မှာ သွားလေ့လာခဲ့တာလို့ ဆိုပါတယ်။

    ရုရှားနဲ့စစ်ဖြစ်နေတဲ့ယူကရိန်းက အဲဒီနေ့ တစ်နေ့တည်းမှာပဲ မော်စကိုကို စစ်ပွဲကာလအတွင်း အကြီးမားဆုံး ဒရုန်းတိုက်ခိုက်မှု တစ်ခု ပြုလုပ်ခဲ့ပါတယ်။

    မော်စကိုမြို့တော်၀န်ကတော့ တနင်္ဂနွေနေ့က ယူကရိန်းရဲ့ ဒရုန်းအစင်းရေ ရာချီနဲ့ တိုက်ခိုက်မှုမှာ လူ ၃ ဦး သေဆုံးတယ်လို့ ပြောပါတယ်။

    အဲဒီတိုက်ခိုက်မှုတွေမှာ မော်စကိုမြို့က ရေနံချက်စက်ရုံလည်း ဒရုန်း ထိမှန်ခဲ့ပါတယ်။

    နေပြည်တော်ကတော့ ပြည်သူ့လွှတ်တော် ဒုဥက္ကဋ္ဌ မော်စကိုမြို့က မဲရုံတွေကို လိုက်ကြည့်မှုမှာ မဲပေးစက်အခြေအနေ၊ အွန်လိုင်းကနေ မဲပေးတာနဲ့ သက်ကြီးနိုင်ငံသားတွေအတွက် အိမ်တိုင်ရာရောက် မဲပေးမှုတွေကို လေ့လာခဲ့တယ်လို့ဆိုပါတယ်။

    ဦးမောင်မောင်အုန်းဟာ မော်စကိုကိုသွားဖို့ စက်တင်ဘာ ၁၆ ရက်ကတည်းက မြန်မာကနေ ထွက်ခွာသွားတာဖြစ်ပါတယ်။

  3. ဘုန်းကြီးကျောင်းတွေ ဆက်တိုက် ဗုံးကြဲခံရ

    ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်မှာ ဒီနေ့ ဗုံးကြဲခံရတဲ့မြင်ကွင်းလို့ဆို

    ဓာတ်ပုံ ရင်းမြစ်, Wai Hun Aung

    ဓာတ်ပုံ ပုံစာ, ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်မှာ ဒီနေ့ ဗုံးကြဲခံရတဲ့မြင်ကွင်းလို့ဆို

    စစ်ကိုင်းနဲ့ မန္တလေးတိုင်းထဲ စက်တင်ဘာလ ပထမသီတင်း ၂ ပတ်အတွင်း စစ်တပ်လေကြောင်းဗုံးကြဲမှုတွေမှာ ဘုန်းကြီးကျောင်း၀င်းတွေထဲ ဗုံးကျတဲ့ဖြစ်ရပ် ၂ ခုထက်မနည်းကြောင့် ဆရာတော်တွေနဲ့ အရပ်သား ၈ ယောက် သေဆုံးပါတယ်။

    ငါန်းဇွန်မြို့နယ်၊ ရွာသစ်တော တောရဘုန်းကြီးကျောင်း စက်တင်ဘာလ ပထမပတ်မှာ ဒရုန်းဗုံးကြဲခံရလို့ ကျောင်းထိုင်နဲ့ ကလေးငယ်အပါအ၀င် ၄ ယောက် သေဆုံးပါတယ်။

    အဲဒီနောက် သီတင်းတစ်ပတ်ကျော်အကြာ စက်တင်ဘာ ၁၆ ရက်မှာ စစ်တပ်က ရွှေဘိုမြို့နယ်ထဲက နှမစားရစ်ရွာ ဘုန်းကြီးကျောင်း၀င်းကို ဗုံးကြဲလို့ ရေလှူနေတဲ့ ကျောင်းထိုင်ဆရာတော်နဲ့ လူပုဂ္ဂိုလ် စုစုပေါင်း ၄ ယောက် သေဆုံးခဲ့ပါတယ်။

    ဒီဖြစ်ရပ်တွေမတိုင်ခင် သြဂုတ်လတုန်းကတော့ စစ်တပ်က မြောင်မြို့နယ်ထဲက ဆွဲလဲအိုရွာကို တိုက်လေယာဉ်နဲ့ ဗုံးကြဲတာကြောင့် ရွာဘုန်းကြီးကျောင်းကို ဗုံးကျပြီး တရားစခန်း၀င်နေသူ ၁၄ ယောက် သေဆုံးခဲ့ဖြစ်ရပ်ဟာ ကမ္ဘာ့သတင်းခေါင်းကြီးပိုင်းဖြစ်ခဲ့ပါတယ်။

    ဒီတော့ ဘုန်းကြီးကျောင်းနဲ့ သာသနိကနေရာတွေဟာ စစ်တပ်ရဲ့ ပစ်မှတ်ဖြစ်လာနေပြီလားဆိုတဲ့ မေးခွန်းတွေလည်း ထွက်ပေါ်လာပါတယ်။

    အပြည့်အစုံကို ဒီလင့်ခ် မှာ ဖတ်နိုင်ပါတယ်။

  4. ဂျပန်မှာ တိုင်ဖွန်း ဒူယွန်ကြောင့် လူ ၂ သန်းနီးပါးကို နေရာရွှေ့ခိုင်းထား

    တိုင်ဖုန်းအခြေအနေ ဂြိုဟ်တု ဓာတ်ပုံ

    ဓာတ်ပုံ ရင်းမြစ်, Reuters

    ဂျပန်အစိုးရဟာ တိုကျိုမြို့နဲ့ အနီးပတ်ဝန်းကျင်ဒေသမှာ တိုင်ဖွန်း မုန်တိုင်း ဒူယွန် အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။

    ဂျပန်ပြည်ထဲရေးဝန်ကြီးဌာနကတော့ အီဘာရာကီ၊ ချီဘ၊ တိုကျို၊ ကာနာဂါဝါ၊ နဲ့ ရှီဇူအိုက မှာ နေထိုင်သူ ၂ သန်းနီးပါးကို ဘေးလွတ်ရာကို ပြောင်းရွှေ့ဖို့ ပြောဆိုထားပါတယ်။

    ဂျပန်နိုင်ငံရဲ့ တစ်နှစ်တာအတွင်း ၂၅ ခုမြောက်ဖြစ်တဲ့ ဒီတိုင်ဖွန်းမုန်တိုင်းဟာ မြေပြိုတာတွေ ရေဘေးသင့်မှုကြုံလာရနိုင်တယ်လို့ ဂျပန်အစိုးရက ကြေညာထားပါတယ်။

    လေယာဉ်ခရီးစဉ် ၅၀၀ နီးပါးဖျက်သိမ်းသွားခဲ့ပြီး ရထားခရီးစဉ်တွေလည်း ရပ်တန့်သွားပါပြီ။

    ဂျပန်နိုင်ငံရဲ့ ငါးရက်ကြာ ပိတ်ရက်ကာလလည်းဖြစ်တာကြောင့် ပွဲအခမ်းအနားတွေလည်း ဖျက်သိမ်းလိုက်ကြပါပြီ။

    မြန်မာကိုယ်စားပြုအားကစားအဖွဲ့တွေ ယှဉ်ပြိုင်နေကြတဲ့ အာရှဂိမ်း (Asia Games) ပွဲကျင်းပနေတဲ့ အချိန်လည်းဖြစ်ပါတယ်။

    ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအီချီ လည်း ဒီတိုင်ဖွန်းမုန်တိုင်းအခြေအနေကို စောင့်ကြည့်ဖို့ သူ့ရဲ့ အမေရိကန်ခရီးစဉ်ကို ရွှေ့ဆိုင်းလိုက်တယ်လို့ ကြေညာပါတယ်။

    ချီဘခရိုင်မှာလည်း မြေပြိုကျလို့ အသက် ၄၀ အရွယ်အမျိုးသမီးတစ်ဦး မစိုးရိမ်ရ ဒဏ်ရာရခဲ့ပါတယ်။

    ကာနာဂါဝါခရိုင်မှာလည်း မြေပြိုကျလို့ အသက် ၆၀ အရွယ်အမျိုးသမီးတစ်ဦး မြေစာပုံအောက်မှာ ပိတ်မိနေတယ်လို့ အမျိုးသားတစ်ဦးက မီးသတ်ဌာနကို ဖုန်းဆက်ခဲ့ပါတယ်။

    အခုတော့ ကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်နေပြီလို့ မီးသတ်ဌာနက ဘီဘီစီကို ပြောပါတယ်။

    ဂျပန်မိုးလေဝသဌာနကတော့ ဒီတိုင်ဖွန်း မုန်တိုင်းဟာ အသက်အန္တရာယ်စိုးရိမ်ရတဲ့ အန္တရာယ် အထိဖြစ်လာနိုင်တယ်လို့ သတိပေးထားပါတယ်။

    လက်ရှိ ဂျပန်နိုင်ငံ၊ ချီဘခရိုင်ထဲက ဒေသခံ ၄ သောင်းဝန်းကျင်လောက်ကိုလည်း အဆင့် ၅ ဖြစ်တဲ့ အမြင့်ဆုံးသတိပေးချက် ပေးပို့ထားတယ်လို့ဆိုပါတယ်။

    ဒေသခံတွေအနေနဲ့ “ကိုယ့်အသက်ကို ကာကွယ်ကြဖို့၊ အထပ်မြင့်မှာနေဖို့” မှာကြားထားပါတယ်။

    ချီဘခရိုင်ဟာ တိုကျိုမြို့နဲ့ ဆို ၂၄ မိုင်အကွာမှာရှိပါတယ်။

  5. KTLA ဆာကပေါ်တပ်ရင်းမှူးနဲ့ တပ်ဖွဲ့ဝင် ၂၅ ဦး KNLA နဲ့ပြန်ပူးပေါင်း

    KNLA တပ်မဟာ (၄) ထံပြန်လည်ဝင်ရောက်လာတဲ့ KTLA ဆောကပေါ်တပ်ရင်း

    ဓာတ်ပုံ ရင်းမြစ်, KNU

    ဓာတ်ပုံ ပုံစာ, KNLA တပ်မဟာ (၄) ထံပြန်လည်ဝင်ရောက်လာတဲ့ KTLA ဆောကပေါ်တပ်ရင်း

    တနင်္သာရီတိုင်းမှာ အခြေချလှုပ်ရှားတဲ့ ကော်သူးလေတပ်မတော် (KTLA)ရဲ့ ဆာကပေါ်တပ်ရင်းမှူး ဗိုလ်စောအဲဖိုးနဲ့ တပ်ဖွဲ့ဝင် ၂၅ ဦးဟာ ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)ရဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်(KNLA)ထံ ပြန်လည် ပူးပေါင်းလာတယ်လို့ ကေအဲန်ယူ မြိတ်-ထားဝယ်ခရိုင်က သတင်းထုတ်ပါတယ်။

    KNLA တပ်မဟာ ၄ ထံ ပြန်လည်ဝင်ရောက်လာတဲ့ KTLA ဆာကပေါ်တပ်ရင်းကို KNU တပ်မဟာ ၄ တာဝန်ရှိသူတွေက ကြိုဆိုခဲ့တယ်လို့ဆိုပြီး မြိတ်-ထား၀ယ်ခရိုင်က အစောပိုင်းမှာ သတင်းထုတ်တာဖြစ်ပါတယ်။

    တဆက်တည်းမှာပဲ KNLA ရဲ့လက်မောင်း ဘတ်တံဆိပ်တွေကို ပါ ပြောင်းလဲတပ်ဆင်ပေးခဲ့တယ်လို့ KNU က ထုတ်ပြန်ပါတယ်။

    ကေအဲန်ယူက တပ်မဟာ ၄ နယ်မြေလို့ သတ်မှတ်ထားတဲ့ တနင်္သာရီတိုင်းထဲမှာ KTLA ရဲ့ ဆာကပေါ တပ်ရင်းနဲ့ ဆာကဆော တပ်ရင်းတို့ လှုပ်ရှားပါတယ်။

    ဆာကပေါ် တပ်ရင်းကို ဗိုလ်စောအဲဖိုးက ဦးဆောင်ပြီး ဆာကဆောတပ်ရင်းကို ဗိုလ်စောအယ်ခွီးက ဦးဆောင်ပါတယ်။

    ဗိုလ်စောအယ်ခွီး ဦးဆောင်တဲ့ KTLA (ဆာကဆော)တပ်ရင်းဟာ တနင်္သာရီတိုင်းမှာ KNLA တပ်ဖွဲ့ဝင်တွေနဲ့ နယ်မြေအငြင်းပွားတဲ့တိုက်ခိုက်မှုတွေ ဖြစ်လေ့ရှိပါတယ်။

    ဆာကပေါ တပ်ရင်းကတော့ KNU နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေရှိနေတယ်လို့ သတင်းထွက်ခဲ့ပြီး ဩဂုတ်လကုန်ပိုင်းမှာပဲ တပ်ရင်းတစ်ခုလုံးကို KTLA က ထုတ်ပယ်ခဲ့တာလို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

    KTLA ဟာ ကရင်အမျိုးသားအစည်းအရုံး(KNU) စစ်ဦးစီးချုပ်ဟောင်း ဗိုလ်မှူးချုပ် စောနယ်ဒါးမြ ထူထောင်တဲ့ တပ်ဖြစ်ပါတယ်။

    အငြင်းပွားဖွယ်ရာ လူအစုလိုက်သတ်ဖြတ်မှုနဲ့ KNU ကနေ ရာထူးတာဝန် ရပ်စဲခံလိုက်ရပြီးနောက် ကရင်အမျိုးသား ကာကွယ်ရေးအဖွဲ့(KNDO) စစ်ဦးစီးချုပ်ဟောင်း ဗိုလ်မှူးချုပ် စောနယ်ဒါးမြက ကော်သူးလေတပ်(KTLA)ကို ၂၀၂၂ ခုနှစ်၊ ဇွန်လမှာ ဖွဲ့စည်းခဲ့တာပါ။

    စောနယ်ဒါးမြက ဒီ KTLA တပ်ကို တည်ထောင်ပြီးနောက်ပိုင်း တနင်္သာရီတိုင်း အတွင်းက ထီးမုပွာ အထူးဒေသကို စောနယ်ဒါးမြက KTLA တပ်က ဗိုလ်စောအယ်ခွီး ဦးဆောင်တဲ့ KTLA တပ်အဖွဲ့တွေ ရောက်လာခဲ့တာဖြစ်ပါတယ်။

  6. မရမ်းကုန်းမှာ ဆွဲကြိုးလု ဓားနဲ့တိုက်ခိုက်သူကို ရပ်ကွက်က ၀ိုင်းဖမ်းချိန် လူ ၄ ဦး ဓားဒဏ်ရာရ

    မရမ်းကုန်းမြို့နယ်မှာ ဓားထောက်လုယူခဲ့သူကို ရပ်ကွက်က ဖမ်းမိခဲ့တဲ့ မြင်ကွင်း

    ဓာတ်ပုံ ရင်းမြစ်, Screegrab

    ဓာတ်ပုံ ပုံစာ, မရမ်းကုန်းမြို့နယ်မှာ ဓားထောက်လုယူခဲ့သူကို ရပ်ကွက်က ဖမ်းမိခဲ့တဲ့ မြင်ကွင်း

    ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်မှာ ရွှေဆိုင်ကနေ ထွက်လာတဲ့အမျိုးသမီးတစ်ဦးရဲ့ရွှေဆွဲကြိုးနဲ့ ဖုန်းကို လုယက်ဖို့ ကြိုးစားတဲ့ ဓားကိုင် အမျိုးသားတစ်ဦးကို ရပ်ကွက်လူထုက ၀ိုင်း၀န်းဖမ်းဆီးခဲ့ပြီး အဲဒီအမျိုးသားက ပြန်လည် ခုခံချိန်မှာ လူ ၄ ဦး ဒဏ်ရာရတယ်လို့ ဒဏ်ရာရသူတွေကို ကူညီကယ်ဆယ်ရေးလုပ်ခဲ့သူတွေက ပြောပါတယ်။

    ဒီဖြစ်စဉ်ဟာ မရမ်းကုန်းမြို့နယ်၊ အမှတ် ၁ ရပ်ကွက်ထဲက ဗဟိုလမ်းနဲ့ မုဒိတာအိမ်ရာအနီးက ရွှေဆိုင်တစ်ဆိုင်အနီးမှာ စက်တင်ဘာ ၁၉ ရက်၊ ညပိုင်းက ဖြစ်ခဲ့တာလို့ ကူညီပေးခဲ့တဲ့ ရတနာဖြိုးလူမှုကယ်ဆယ်ရေးအသင်းဆီကနေ သိရပါတယ်။

    လုယက်တဲ့အမျိုးသားဆိုသူကို လိုက်ဖမ်းဖို့ ကြိုးပမ်းချိန် အဲဒီအမျိုးသားက ပြန်လည် ခုခံလို့ လူ ၄ ဦး ဓားဒဏ်ရာ အသီးသီးရခဲ့တယ်လို့လည်း သူက ပြောပါတယ်။

    “လုယက်ခံရတဲ့အမျိုးသမီးက မျက်နှာမှာ ဓားဒဏ်ရာရတယ်။ အနီးနားက အသက်ကြီးကြီး အမျိုးသားတစ်ယောက်က လိုက်ဖမ်းတဲ့အချိန် လုယက်သူက ဓားနဲ့ပြန်တိုက်ခိုက်လို့ လက်ညှိုးပြတ်သွားတယ်။ ပြီးတော့ လုံခြုံရေးဝန်ထမ်းက လိုက်ဖမ်းတယ်။ သူလည်း ဓားဒဏ်ရာရတယ်။ နောက်ပြီး သူ့ကို လိုက်ဖမ်းတဲ့ အသက် ၁၇၊ ၁၈ နှစ်လောက် ကောင်လေးတစ်ယောက်လည်း လက်မောင်းမှာ ဒဏ်ရာကြီးကြီးရသွားတယ်” လို့ ရတနာဖြိုးလူမှုကယ်ဆယ်ရေးအသင်းတာဝန်ရှိသူက ပြောပါတယ်။

    လုယက်ခဲ့သူကို ရပ်ကွက်ထဲက အမျိုးသားတစ်ဦးက ဆိုက်ကယ်နဲ့ အနောက်က တိုက်ပြီး ဖမ်းမိခဲ့တာလို့ သူကပြောပါတယ်။

    ဖမ်းမိတဲ့အမျိုးသားကို ရပ်ကွက်ရုံးကို ပို့ခဲ့တယ်လို့လည်း သူက ပြောပါတယ်။

    ဒဏ်ရာရသူတွေထဲက အမျိုးသားသုံးဦးကိုတော့ အင်းစိန်ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ပြီး အမျိုးသမီးတစ်ဦးကတော့ ဒဏ်ရာအနည်းငယ်ပြင်းထန်လို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ ရတနာဖြိုးလူမှုကယ်ဆယ်ရေးအသင်းက ပြောပါတယ်။

    ရန်ကုန်မြို့မှာ ဓားကိုင် လုလက်မှုနဲ့ နေအိမ်ထဲ အသတ်ခံရတဲ့မှုခင်းဖြစ်စဉ်တွေ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ၂ ကြိမ်ထက်မနည်းဖြစ်ခဲ့ပါတယ်။

    ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း ရန်ကုန်မှာ ဟော့ပေါ့ဆိုင်တစ်ဆိုင်ကို ဓားကိုင်ထားတဲ့ အမျိုးသားတစုက ၀င်ရောက်လုယက်ဖို့ ကြိုးပမ်းချိန် တိုက်ခိုက်မှုကြောင့် မျက်နှာနဲ့ ရင်ဘတ်မှာ ဓားဒဏ်ရာရခဲ့တယ်လို့ ပိုင်ရှင် အမျိုးသမီးက လူမှုကွန်ရက်မှာ ရေးတင်ပါတယ်။

  7. ပြည်ပက မြန်မာသံရုံးတချို့မှာ UID ကတ်တွေ စတင်ပြုလုပ်ပေးနေ

    မြန်မာနိုင်ငံကူးလက်မှတ် နဲ့ ကိုယ်ပိုင်သက်သေခံလက်မှတ် (Unique Identification Number) ကတ်ပြား
    ဓာတ်ပုံ ပုံစာ, မြန်မာနိုင်ငံကူးလက်မှတ် နဲ့ ကိုယ်ပိုင်သက်သေခံလက်မှတ် (Unique Identification Number) ကတ်ပြား

    ပြည်ပရောက် အလုပ်သမားတွေရဲ့အချက်အလက်တွေကို စုဆောင်းဖို့ နေပြည်တော်ဘက်က ပြင်ဆင်နေချိန်မှာပဲ မြန်မာနိုင်ငံသားတွေရဲ့ဇီဝအချက်အလက်တွေကို မှတ်တမ်းတင်တဲ့ ကိုယ်ပိုင်သက်သေခံလက်မှတ်(Unique Identification Number) လို့ ခေါ်တဲ့ UID ကတ်တွေကို ပြည်ပသံရုံးတချို့မှာ စတင်ထုတ်ပေးလာနေပါတယ်။

    ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့က မြန်မာသံရုံးကတော့ UID ကတ်တွေကို ပြုလုပ်ပေးနေတယ်လို့ သတင်းထုတ်ပါတယ်။

    အရင်က UID ကတ်လျှောက်ရင် မဖြစ်မနေ မြန်မာနိုင်ငံပြန်ရမယ်ဆိုတဲ့သတ်မှတ်ချက်ရှိပေမဲ့ အခုတော့ ပြည်ပက မြန်မာသံရုံးတွေမှာပဲ လုပ်လို့ရလာတဲ့သဘောဖြစ်ပါတယ်။

    ဖနွမ်းပင်မြို့က မြန်မာသံရုံးရဲ့ ထုတ်ပြန်ချက်အရ စက်တင်ဘာ ၁၆ ရက်ကစလို့ နှစ်ပတ်အတွင်း နိုင်ငံကူးလက်မှတ်အမျိုးအစားပြောင်းဖို့လျှောက်ထားတဲ့ မြန်မာနိုင်ငံသား ၂၇ ဦးကို အခွန်ဆောင်တာနဲ့ ဇီဝအချက်အလက် (လက်ဗွေ၊ မျက်စိ၊ လက်မှတ်) စနစ်တွေပြုလုပ်ပေးခဲ့တယ်လို့ဖော်ပြပါတယ်။

    “လောလောဆယ်တော့ ကမ္ဘောဒီးယားမှာပဲ လုပ်ပေးပါသေးတယ်။ နောက်ပိုင်းမှာတော့ ထိုင်းတို့ ဗီယက်နမ်တို့မှာ လည်း လုပ်ပေးမယ်လို့ ထင်ပါတယ်” လို့ ဗီဇာဝန်ဆောင်မှုပေးသူတစ်ဦးက ပြောပါတယ်။

    ထိုင်းနိုင်ငံမှာ ဗီဇာဝန်ဆောင်ပေးသူနောက်တစ်ဦးကလည်း “ ထိုင်းမှာ နောက်လက စပြီး Smart Card ထုတ်ပေးမယ်လို့တော့ကြားပါတယ်” လို့ ပြောပါတယ်။

    ဘန်ကောက်မှာရှိတဲ့မြန်မာသံရုံးကတော့ ဒါနဲ့ ပတ်သက်လို့ ထုတ်ပြန်ထားတာမရှိသေးပါဘူး။

    ဒီနှစ် မတ်လက ကြေညာခဲ့တဲ့ မြန်မာနိုင်ငံကူးလက်မှတ်ဥပဒေအသစ်အရ နိုင်ငံကူးလက်မှတ်လျှောက်တဲ့ အခါ ကိုယ်ပိုင်သက်သေခံလက်မှတ် (UID) ကတ်တွေကို မဖြစ်မနေ ပေးရမယ်ဆိုတဲ့အချက်ကို ထည့်သွင်းခဲ့ပါတယ်။

    အခုလို UID ကတ်ကို ပြည်ပနိုင်ငံတွေက သံရုံးတွေမှာ ထုတ်ပေးလာမယ်ဆိုရင် ပတ်စ်ပို့သက်တိုးသူတွေအနေနဲ့ မြန်မာနိုင်ငံပြန်စရာမလိုတော့တဲ့သဘောပါ။

    စက်တင်ဘာ ၁၆ ရက်နေ့က ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးက ထိုင်းအလုပ်သမားဝန်ကြီး နဲ့ တွေ့ဆုံမှုမှာ မြန်မာအလုပ်သမားတွေရဲ့အချက်အလက်တွေကို စုဆောင်းရေး ကိစ္စတွေဆွေးနွေးခဲ့တယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဘက်က ထုတ်ပြန်ပါတယ်။

    ဒီတွေ့ဆုံမှုအပြီးမှာ UID ကတ်တွေကို ပြည်ပက မြန်မာသံရုံးတွေမှာ ထုတ်ပေးတော့မယ်ဆိုတဲ့ သတင်းတွေ ထွက်လာခဲ့တာဖြစ်ပါတယ်။

  8. ဂျော့ရှုဝါ ဗန် - UFC Flyweight တန်းကို ရေရှည်ကြီးစိုးမယ့်ချန်ပီယံလား

    ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၉ ရက် UFC 331 ပြိုင်ပွဲ အနိုင်ရအပြီး ကြိုး၀ိုင်းပေါ်တက် အောင်ပွဲခံနေတဲ့ ဂျော့ရှု၀ါ ဗန်

    ဓာတ်ပုံ ရင်းမြစ်, AFP Via Getty Images

    ဓာတ်ပုံ ပုံစာ, ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၉ ရက် UFC 331 ပြိုင်ပွဲ အနိုင်ရအပြီး ကြိုး၀ိုင်းပေါ်တက် အောင်ပွဲခံနေတဲ့ ဂျော့ရှု၀ါ ဗန်

    UFC Flyweight ချန်ပီယံ မြန်မာနွယ်ဖွား ချင်းဖိုက်တာ ဂျော့ရှုဝါဗန်ဟာ ပန်တိုဂျာကို ထပ်မံအနိုင်ယူပြပြီး စစ်မှန်တဲ့ ချန်ပီယံတစ်ယောက် ဆိုတာကို သက်သေထူလိုက်ပါပြီ။

    မြန်မာစံတော်ချိန် စက်တင်ဘာ ၂၀ ရက်က အမေရိကန်ပြည်ထောင်စု၊ လော့စ်အိန်ဂျယ်လိစ်မြို့မှာ ကျင်းပတဲ့ UFC 331 ပြိုင်ပွဲမှာ ဗန်က ပန်တိုဂျာကို ဒိုင်အဆုံးအဖြတ် အမှတ်အသာနဲ့ ဒုတိယအကြိမ် မကြေပွဲမှာပါ အနိုင်ယူပြခဲ့တာပါ။

    ဒီပွဲဟာ ချန်ပီဟောင်းနဲ့ လက်ရှိ ချန်ပီယံတို့ နှစ်ဦး အားပြိုင်မှုဆိုတာထက် ဒီဝိတ်တန်းကို ကြီးစိုးမယ့်သူကိုလည်း ရွေးချယ်ပွဲလည်း ဖြစ်ခဲ့တာပါ။

    ပွဲအပြီးသတင်းစာရှင်းလင်းပွဲမှာတော့ UFC ဥက္ကဋ္ဌ ဒေနာဝှိုက်က "ဗန်က ပွဲတိုင်း ပိုပိုပြီး ကောင်းလာတယ်။ ဒါက ဒီဝိတ်တန်းမှာ ရေရှည် အုပ်စိုးနေဦးမယ့် ချန်ပီယံတစ်ယောက်ရဲ့လက္ခဏာပဲ" လို့ ပြောလိုက်ပါတယ်။

    ဆောင်းပါးအပြည့်အစုံကို ဒီလင့်ခ် မှာ ဖတ်ရှုနိုင်ပါတယ်။

  9. စစ်တွေ - ပုဏ္ဏားကျွန်းအစပ်မှာ စစ်တပ်စစ်ကြောင်း ပိတ်မိပြီး အေအေနဲ့တိုက်ပွဲဖြစ်နေ

    စစ်တွေမြို့နယ် နဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ် တိုက်ပွဲတွေအတွင်း အေအေက ဖမ်းဆီးရမိခဲ့တဲ့ စစ်သုံ့ပန်းတွေ

    ဓာတ်ပုံ ရင်းမြစ်, AA Info Desk

    ဓာတ်ပုံ ပုံစာ, စစ်တွေမြို့နယ် နဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ် တိုက်ပွဲတွေအတွင်း အေအေက ဖမ်းဆီးရမိခဲ့တဲ့ စစ်သုံ့ပန်းတွေ

    ရခိုင်ပြည်နယ်ထဲ စစ်တွေမြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်နေရာတွေမှာ စစ်တပ်စစ်ကြောင်း ပိတ်မိနေပြီး အာရက္ခတပ်တော်(အေအေ)နဲ့ တိုက်ပွဲတွေဖြစ်နေတယ်လို့ အေအေနဲ့ နီးစပ်တဲ့သတင်းရင်းမြစ်ဆီကနေ သိရှိရပါတယ်။

    “အခု စစ်ကြောင်းထိုးတဲ့အဆင့်တော့ မရှိတော့ဘူး။ သူတို့စစ်ကြောင်းထိုးတဲ့ သူတွေက နောက်ပြန် ဆုတ်လမ်းမရှိဘဲ ပိတ်မိနေတာ” လို့ သူကပြောပါတယ်။

    လက်ရှိ စစ်တွေမြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်ကြားက နေရာ သုံးခုမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ သိရှိရတဲ့အကြောင်း သူက ပြောပါတယ်။

    စစ်တွေမြို့နယ်၊ အမြင့်ကျွန်းရွာနဲ့ ပုဏ္ဏားကျွန်းမြို့နယ်၊ ကွမ်းတောင်ရွာကြားတစ်နေရာ၊ စစ်တွေမြို့နယ်၊ ဝါဘိုကျေးရွာ အနီးပတ်ဝန်းကျင်တစ်နေရာနဲ့ ပုဏ္ဏားကျွန်းမြို့နယ်၊ ခမောင်းတောရွာ၊ ရဲရိုးပြင်ရွာ၊ အောင်မြေကုန်းရွာ၊ ဆားကုန်ပို့ရွာအနီးတဝိုက်တွေမှာ တိုက်ပွဲဖြစ်နေတာလို့ ဆိုပါတယ်။

    ဒီတိုက်ပွဲဖြစ်နေတဲ့ ရွာတွေဟာ ကပ်လျက်ရှိနေတဲ့ ရွာတွေဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

    စစ်တပ်ဟာ မနေ့ နဲ့ ဒီနေ့မှာ ဒီရွာတွေအနီးတဝိုက်ကို လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

    စက်တင်ဘာ ၁၆ ရက်နေ့ကဆိုလည်း စစ်တွေ-ပုဏ္ဏားကျွန်းအစပ် ကွမ်းတောင်နဲ့ အမြင့်ကျွန်းကျေးရွာကြား တိုက်ပွဲမှာ ပခုက္ကူအခြေစိုက် အမှတ် ၁၀၁ တပ်မဌာနချုပ်လက်အောက်ခံ၊ ခလရ ၂၅၇ တပ်ရင်းက စစ်သုံ့ပန်းတွေနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ အာရက္ခတပ်တော်က မနေ့က ထုတ်ပြန်ထားပါတယ်။

    အေအေထုတ်ပြန်တဲ့ရုပ်သံထဲမှာ စစ်သုံ့ပန်းတစ်ဦးကတော့ ကွမ်းတောင်နဲ့ အမြင့်ကျွန်းရွာ အနီးတဝိုက်ကနေ စစ်တပ်က ပြန်ဆုတ်သွားတဲ့အချိန်မှာ ကျန်ခဲ့ပြီး ဖမ်းမိခဲ့တာလို့ ပြောထားပါတယ်။

    နောက်ပြီး အေအေထုတ်ပြန်တဲ့ဓာတ်ပုံတွေထဲမှာ ရွှံ့နွံထဲဖုံးနေတဲ့စစ်တပ်တပ်ဖွဲ့ဝင် ရုပ်အ‌လောင်းတွေကိုလည်း တွေ့ရပါတယ်။

    စစ်တပ်ဟာ စက်တင်ဘာ ၄ ရက်ကစလို့ အာရက္ခတပ်တော်(အေအေ) ထိန်းချုပ်ထားတဲ့နေရာတွေကို ပြန်လည်ထိန်းချုပ်ဖို့ အကြီးစားထိုးစစ်တစ်ခုကို စတင်ခဲ့တယ်လို့ နေပြည်တော်သတင်းရင်းမြစ်တွေက ပြောပါတယ်။

    စစ်တပ်ထောက်ခံသူတွေကတော့ ‘၄၉၂၆ စစ်ဆင်ရေး’ လို့ အမည်ပေး ပြောဆိုနေကြပြီး စစ်တပ်ကတော့ ရခိုင်က စစ်ဆင်ရေးနဲ့ပတ်သက်လို့ တရားဝင်မထုတ်ပြန်ပါဘူး။

  10. ဦးမင်းအောင်လှိုင် ကြံ့ခိုင်ရေးပါတီဝင်ဖြစ်လာ

    နေပြည်တော်က ပြည်ထောင်စုလွှတ်တော်မှာ ဧပြီလ ၁၀ ရက်တုန်းက ပြုလုပ်တဲ့ သမ္မတရာထူး ကျမ်းကျိန်ဆိုအပြီးမှာတွေ့ရတဲ့ ဦးမင်းအောင်လှိုင်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, နေပြည်တော်က ပြည်ထောင်စုလွှတ်တော်မှာ ဧပြီလ ၁၀ ရက်တုန်းက ပြုလုပ်တဲ့ သမ္မတရာထူး ကျမ်းကျိန်ဆိုအပြီးမှာတွေ့ရတဲ့ ဦးမင်းအောင်လှိုင်

    အာဏာသိမ်း စစ်ခေါင်းဆောင်ဟောင်း ဦးမင်းအောင်လှိုင်ကြံ့ခိုင်ရေးပါတီဝင်ဖြစ်လာပြီလို့ ပါတီဘက်က ပထမဆုံးအကြိမ်လူသိရှင်ကြားထုတ်ပြောပါတယ်။

    မနေ့ကပြုလုပ်တဲ့ပါတီညီလာခံအပြီးသတင်းစာရှင်းလင်းပွဲမှာ ပါတီပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်တဲ့ ဦးလှသိန်းက ပြောခဲ့တာပါ။

    စစ်တပ်ရဲ့ကာကွယ်ရေးဦးစီးချုပ် တာဝန် ၁၅ နှစ်ယူခဲ့စဉ်အတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေအရ သူက ပါတီနိုင်ငံရေး ဝင်ရောက်ဆောင်ရွက်ခွင့် မရှိခဲ့ပါဘူး။

    ၂၀၂၁ စစ်အာဏာသိမ်းမှုနောက်ပိုင်း စစ်ခေါင်းဆောင်အနေနဲ့ နိုင်ငံ့အာဏာကို ၅ နှစ်ကျော် ရယူခဲ့ပေမဲ့ ဦးမင်းအောင်လှိုင်ကတော့ သူဟာ တပ်မှာ တာ၀န်ထမ်းနေလို့ ပါတီနိုင်ငံရေး လုပ်ခွင့်မရှိဘူးလို့ အကြိမ်ကြိမ်ပြောခဲ့သူပါ။

    ပြီးခဲ့တဲ့ဧပြီမှာ တပ်ရာထူးကနေ အနားယူခဲ့ပြီး ကြံ့ခိုင်ရေးပါတီက တင်မြှောက်တဲ့သမ္မတနေရာရယူပြီးတဲ့နောက် ဦးမင်းအောင်လှိုင်ပါတီနိုင်ငံရေးထဲ တရားဝင်ဝင်ရောက်လာတာဖြစ်ပါတယ်။

    တပ်နဲ့ မိတ်ဖက်ပါတီဖြစ်တဲ့ကြံ့ခိုင်ရေးပါတီကို တပ်ဘက်ကနေ အရပ်ဘက်ပြောင်းလာတဲ့ ဗိုလ်ချုပ်ကြီးတွေပဲ တောက်လျှောက်ဦးဆောင်ခဲ့ပြီး ဦးမင်းအောင်လှိုင်ပါ ပါတီဝင်ဖြစ်လာခဲ့တာဖြစ်ပါတယ်။

  11. ကုလမှာ ဆက်ရှိရေး အခြေအနေတွေ သူ့ဘက်ပါနေတယ်လို့ ဦးကျော်မိုးထွန်းပြော

    စက်တင်ဘာ ၁၉ ရက်က အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့မှာ ကျင်းပတဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းထောက်ခံပွဲမှာ မိန့်ခွန်းပြောနေတဲ့ ဦးကျော်မိုးထွန်း

    ဓာတ်ပုံ ရင်းမြစ်, NYCBC

    ဓာတ်ပုံ ပုံစာ, စက်တင်ဘာ ၁၉ ရက်က အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့မှာ ကျင်းပတဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းထောက်ခံပွဲမှာ မိန့်ခွန်းပြောနေတဲ့ ဦးကျော်မိုးထွန်း

    ကုလသမဂ္ဂမှာ ကိုယ်စားပြုခွင့်ဆက်ရှိနိုင်ဖို့ အခြေအနေတွေကောင်းတွေ ရှိနေတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂ ရုံးချုပ်အနီးမှာ ပြုလုပ်တဲ့ အမေရိကန်ရောက် မြန်မာနွယ်ဖွားတွေရဲ့ ဆန္ဒဖော်ထုတ်ပွဲမှာ ထုတ်ပြောသွားပါတယ်။

    စက်တင်ဘာ ၁၉ ရက်က အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ ကုလသမဂ္ဂရုံးချုပ်အနီးမှာ ကျင်းပတဲ့ ဆန္ဒထုတ်ဖော်ပွဲကို အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေး၀န်ကြီး ဒေါ်ဇင်မာအောင်လည်း တက်ရောက်ပါတယ်။

    “အခုအနေအထားအထိ သိရှိ၊ ကြားသိထားရတဲ့အချက်အလက်တွေအရ အရင်နှစ်တွေကလို ပုံစံမျိုးနဲ့ သွားဖို့ ဆက်ရှိနေမယ်။ လွယ်လွယ်ပြောရရင် Status ကို ဆက်ရှိနေမယ်ဆိုတာမျိုးတော့ ကြားသိနေရတာ ရှိပါတယ်” လို့ ဦးကျော်မိုးထွန်းကပြောပါတယ်။

    နောက်ပြီး စက်တင်ဘာ ၈ ရက်နေ့က နေ စတင်ကျင်းပနေတဲ့ ၈၁ ကြိမ်မြောက် ကုလအထွေထွေညီလာခံအစည်းအဝေးတွေကိုလည်း စတင်တက်ရောက်လျက်ရှိတယ်လို့ ပြောပါတယ်။

    အဖွဲ့ဝင် ၉ နိုင်ငံပါတဲ့ ကုလသမဂ္ဂ အရည်အချင်းစိစစ်ရေးကော်မတီဟာ အငြင်းပွားမှုဖြစ်တဲ့ ကိုယ်စားပြုမှုတွေကို စက်တင်ဘာ ၁၈ ရက်ကနေ ၂၈ ရက်အတွင်း ပြန်သုံးသပ်သွားဖို့ရှိနေပါတယ်။

    ဒီအဖွဲ့ရဲ့ဆုံးဖြတ်ချက်ကို ကုလအထွေထွေညီလာခံကို ပေးပို့သွားမှာဖြစ်ပါတယ်။

    ဒီပွဲကို တက်ရောက်လာတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင်ကလည်း ကုလသမဂ္ဂမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်ရှိဖို့မျှော်လင့်ကြောင်း ပြောခဲ့ပါတယ်။

    စက်တင်ဘာ ၁၉ ရက်က အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့မှာ ကျင်းပတဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းထောက်ခံပွဲမှာ မိန့်ခွန်းပြောနေတဲ့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်

    ဓာတ်ပုံ ရင်းမြစ်, Sethu Win

    ဓာတ်ပုံ ပုံစာ, စက်တင်ဘာ ၁၉ ရက်က အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့မှာ ကျင်းပတဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းထောက်ခံပွဲမှာ မိန့်ခွန်းပြောနေတဲ့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်

    အခုဆိုရင် တောင်ကိုရီးယား၊ ကနေဒါ၊ ဩစတေးလျနိုင်ငံတွေအပါအဝင် ကမ္ဘာတဝန်းမှာရှိတဲ့ မြန်မာတွေက ဦးကျော်မိုးထွန်း ကုလသမဂ္ဂမှာ ကိုယ်စားပြုခွင့်ဆက်ရှိရေး ထောက်ခံဆန္ဒထုတ်ဖော်ပွဲတွေ ဆက်တိုက်ပြုလုပ်နေကြပါတယ်။

    အမေရိကန်ပြည်ထောင်စုမှာသာမက တောင်ကိုရီးယား၊ ဂျပန်နဲ့ ဥရောပမှာဆို ပြင်သစ်တို့မှာလည်း ဦးကျော်မိုးထွန်းကို သံတမန်အဖြစ်ဆက်ထားရှိရေးအတွက် ထောက်ခံကြောင်းပြသတဲ့ ဆန္ဒဖော်ထုတ်ပွဲတွေ ပြုလုပ်သွားတာ တွေ့ရပါတယ်။

    ကုလက မြန်မာကိုယ်စားပြုမှုကို စိစစ်သွားဖို့ရှိနေချိန်မှာပဲ နေပြည်တော်ဟာ ဦးကျော်မိုးထွန်းကို ဖမ်းဆီးဖို့ အင်တာပိုရဲတပ်ဖွဲ့ နဲ့ ချိတ်ဆက်ဆောင်ရွက်နေတယ်လို့ စက်တင်ဘာ ၁၃ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

    ဦးကျော်မိုးထွန်းကို နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ မတရားအသင်းအက်ဥပဒေပုဒ်မတို့အပါအဝင် အမှု ၅ ခုနဲ့ စွဲချက်ဖွင့် တရားစွဲထားတယ်လို့ လည်း နေပြည်တော်က နိုင်ငံပိုင်သတင်းမီဒီယာတွေကနေ ကြေညာခဲ့ပါတယ်။

    ဒါ့အပြင် ဦးကျော်မိုးထွန်းကို နိုင်ငံ့ဝန်ထမ်းအဖြစ်ကနေ ထုတ်ပယ်ပြီးဖြစ်ပေမဲ့ ဘဏ်ငွေစာရင်းထဲက နိုင်ငံပိုင်ဘဏ္ဍာငွေ ကန်ဒေါ်လာ ၂ ဒသမ ၇၆ သန်းနဲ့ ယူရို ၃၈,၀၀၀ ကျန်ငွေကိုလည်း ခွင့်ပြုချက်မရှိဘဲ ထုတ်ယူသုံးစွဲမှုနဲ့ ကိုယ်ကျိုးအတွက် အလွဲသုံးမှုတွေလုပ်ခဲ့တယ်လို့ နေပြည်တော်က စွပ်စွဲထားပါတယ်။

    ကုလသမဂ္ဂဟာ မြန်မာနိုင်ငံအတွက် ကိုယ်စားပြုသူ နေရာကို မြန်မာမှာ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်းကတည်းက ဆုံးဖြတ်ချက် ရွှေ့ဆိုင်းခဲ့တာဖြစ်လို့ အရင်သံအမတ် ဦးကျော်မိုးထွန်းကပဲ မြန်မာကိုယ်စားပြုသူနေရာမှာ ဆက်ရှိနေတာဖြစ်ပါတယ်။

  12. မင်္ဂလာပါ။ စက်တင်ဘာ ၂၁ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။