အသေခံဒရုန်း - စစ်တပ်က တကျော့ပြန်သုံးလာတဲ့ ကာမီကာဇေ

ဓာတ်ပုံ ရင်းမြစ်, လူမှုကွန်ရက်
စစ်ရုံးချုပ်ရှိရာ နေပြည်တော်နဲ့ စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်တွေ ပစ်မှတ်ထား တိုက်ခိုက်ခံရတဲ့ဖြစ်စဉ်တွေမှာ တော်လှန်ရေးတပ်တွေရဲ့အသေခံဒရုန်း "ကာမီကာဇေ" အကြောင်းကို လူသိများခဲ့ပေမဲ့ ၂၀၂၆ နှစ်ဝက်အခင်းအကျင်းမှာတော့ စစ်တပ်က ဒီဒရုန်းတွေကို တွင်တွင်ကျယ်ကျယ်သုံးလာနေပါတယ်။
မေလကုန်နဲ့ ဇွန်လဆန်းထဲ စစ်ရေးတင်းမာတဲ့ ကချင်၊ ချင်း၊ ကရင်၊ မကွေးက စစ်မျက်နှာပြင်တွေမှာ သာမက ပဲခူး၊ စစ်ကိုင်းလို တော်လှန်ရေးတပ်တွေ လှုပ်ရှားတဲ့နေရာတွေမှာပါ အသေခံဒရုန်းကို စစ်တပ်က သုံးလာတယ်ဆိုတာကို စစ်ရေးစောင့်ကြည့်သူတွေဆီကရော၊ ပြည်သူ့ကာကွယ်ရေးတပ်(PDF) တွေအပြောအရပါ သိရပါတယ်။
"အုတ်ဖိုမှာ ဆိုရင် မေလကုန် တိုက်ပွဲပြီးတကည်းက တိုက်ပွဲအသစ် ထပ်မဖြစ်ဘူး။ တိုက်ပွဲမရှိပေမဲ့ ကာမီကာဇေ ဒရုန်းတွေ သူတို့ သုံးတာရှိပါတယ်" လို့ ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ PDF တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄ ရဲ့ ဒုတပ်ခွဲမှူးက ပြောပါတယ်။
၁၀၂၇ စစ်ဆင်ရေးမှာ ဒရုန်းကြောင့် အထိနာခဲ့တဲ့စစ်တပ်ဟာ နှစ်ပိုင်းအတွင်း ပြန်လည်ပြင်ဆင်မှုတွေ လုပ်ခဲ့ပြီးနောက် ပစ်မှတ်ကို တိတိကျကျပစ်ကာ အသေခံဒရုန်းတွေ ပေါပေါများများသုံးတဲ့အထိ အပြောင်းအလဲဖြစ်လာခဲ့ပြီလို့ CDM စစ်သားတွေနဲ့ဖွဲ့စည်းထားတဲ့ မြန်မာစစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ (MDSI) ကနေ သိရပါတယ်။
ဝေါလေတိုက်ပွဲကနေ ထိုင်းအထိ ကျွံတဲ့အသေခံဒရုန်း

ဓာတ်ပုံ ရင်းမြစ်, Supplied
ထိုင်း - မြန်မာနယ်စပ် ကရင်ပြည်နယ်၊ မြဝတီခရိုင်ထဲက စစ်တပ်ရဲ့ ဝေါလေဗျူဟာကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက ထိုးစစ်ပြန်မြှင့်နေပြီး ဇွန်လဆန်းပိုင်းမှာတင် တိုက်ပွဲပြန်ပြင်းထန်နေပါတယ်။
ထိုင်းဘက်ခြမ်းက တာ့ခ်ခရိုင်၊ ဖုတ်ဖရာမြို့နယ်၊ မော့ကဲထိုင်းကျေးရွာအနီးက ငရုတ်စိုက်ခင်းထဲကို ကာမီကာဇေဒရုန်း တစ်စင်း ဇွန် ၂ ရက် ညနေပိုင်းမှာ ကျရောက်ခဲ့ပြီး အဲဒီဒရုန်းကို မြန်မာအလုပ်သမား မိသားစုက သွားကြည့်ရာကနေ ပေါက်ကွဲမှုဖြစ်လို့ ၃ ဦး သေဆုံးခဲ့ပါတယ်။
ထိုင်းဘက်ကျရောက်ပေါက်ကွဲတဲ့ ကာမီကာဇေဒရုန်းပိုင်ရှင်ဟာ စစ်တပ်လား တော်လှန်ရေးတပ်လား ဆိုတာကိုတော့ တိတိကျကျအတည်မပြုနိုင်ဘဲ အပြန်အလှန်စွပ်စွဲမှုတွေအဖြစ်သာ ဆက်ရှိနေပါတယ်။
ဒါပေမဲ့ ကရင်စစ်ရေးသတင်းရင်းမြစ်ရဲ့အပြောအရတော့ ဝေါလေကို စစ်ကူပေးဖို့လာတဲ့ ဖလူးက စစ်တပ်စစ်ကြောင်းမှာ ကာမီကာဇေဒရုန်းတွေကို အမြောက်အများသုံးနေတယ်လို့ သိရပါတယ်။
အခုသီတင်းပတ်ထဲ စစ်ရေးတင်းမာနေတဲ့ မကွေးတိုင်း၊ ပခုက္ကူခရိုင်က မြိုင်မြို့နယ်ထဲကိုလည်း စစ်တပ်က အသေခံဒရုန်းတွေနဲ့ တိုက်ခိုက်နေတာကြောင့် ပြည်သူတွေ ဒရုန်းသံ သတိပြုဖို့အတွက် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က အသိပေးစာတွေ ဇွန်လဆန်းပိုင်းမှာ ထုတ်ပြန်လာပါတယ်။
မြိုင်မြို့နယ်၊ လက်ယက်မရွာကို စစ်တပ်က ဇွန် ၁ ရက် မနက်ပိုင်းမှာ အသေခံဒရုန်း ၂ စင်းနဲ့ တိုက်ခိုက်လို့ ကလေးငယ်တွေ ထိခိုက်ဒဏ်ရာရတာရှိတယ်လို့ ဒေသတွင်းသတင်းတွေမှာလည်း ဖော်ပြပါတယ်။
"အရင်က မြိုင်နယ်မှာ ဒါမျိုးသုံးတာ မကြားဖူးခဲ့ဘူး။ လုံးဝကြီး သူတို့မသုံးတာလို့လည်း ပြောလို့ မရဘူး။ ဒါပေမဲ့ ကျွန်တော်တို့ အတည်ပြုနိုင်တာကတော့ လက်ယက်မရွာဖြစ်စဉ်ပါပဲ။ နမခ (အနောက်မြောက်တိုင်းစစ်ဌာနချုပ်) ကနေ ကာမီကာဇေလွှတ်ပြီး တိုက်ခိုက်တဲ့ဖြစ်စဉ်ပါ"
"မြိုင်နယ်မှာ စစ်အုပ်စုက အသေခံဒရုန်းကို အရပ်သားပစ်မှတ်တွေတိုက်ခိုက်တဲ့နေရာမှာ စသုံးတော့တာပဲဗျ" လို့ မြိုင် ပကဖ တာဝန်ရှိသူတဦး ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, မြိုင်ပကဖ
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ပြည်တွင်းစစ်ရေးကို စောင့်ကြည့်လေ့လာနေတဲ့ မြန်မာစစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ (MDSI) ကလည်း "ကာမီကာဇေ" လို့ခေါ်တဲ့ အသေခံဒရုန်းတွေကို စစ်မျက်နှာပြင်အများစုမှာ စစ်တပ်က အသုံးပြုလာတယ်လို့ ဘီဘီစီကို ပြောပါတယ်။
ဒါဟာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှာ စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း တော်လှန်ရေးတပ်တွေရဲ့ဒရုန်းနည်းပညာကြောင့် အထိနာခဲ့တဲ့ စစ်တပ်ဟာ ဒရုန်းတပ်ဖွဲ့ကို စနစ်တကျဖွဲ့စည်းဆောင်ရွက်ခဲ့ပြီး ၂၀၂၆ မှာတော့ တော်လှန်ရေးတပ်တွေဘက်ကို တန်ပြန်ခြိမ်းခြောက်နိုင်တဲ့အနေအထားဖြစ်လာတာလို့ MDSI ရဲ့ စစ်ဘက်ရေးရာတာဝန်ခံ CDM ဗိုလ်မှူး နောင်ရိုးက သုံးသပ်ပါတယ်။
"အခုဆိုရင် တော်လှန်ရေးတပ်တွေအတွက် အထိခိုက်ဆုံးက ဒီဒရုန်းတွေလို့ပဲ ပြောလို့ရတယ်။ ကင်းထောက်ဒရုန်းမှာ GPS နေရာတိတိကျကျပြနိုင်လာပြီး အဲဒီနေရာကို အသေခံဒရုန်းနဲ့ ပစ်တဲ့ပုံစံကို သုံးလာတာပါ" လို့ သူက ဆက်ပြောပါတယ်။
ကချင်၊ ချင်း၊ မကွေး၊ ပဲခူးတို့က တော်လှန်ရေးအင်အားစုတွေနဲ့ မေးမြန်းကြည့်ချက်အရ ဝေါလေတိုက်ပွဲလို နှစ်ဖက်ပြင်းပြင်းထန်ထန်တိုက်ခိုက်တဲ့တိုက်ပွဲတွေမှာသာမက စစ်တပ်အတွက်စစ်ရေးအရ မသင်္ကာတဲ့ နေရာတွေကိုလည်း အသေခံဒရုန်းကို အသုံးပြုတယ်လို့ ပြောကြပါတယ်။
"ဖားကန့်မှာဆိုရင် တိုက်ပွဲမဖြစ်တာ နှစ်ပတ်လောက်ရှိပြီ။ ဒါပေမဲ့ ကင်းထောက်ဒရုန်းလာတာ အသေခံဒရုန်း သုံးတာတွေ ရှိတယ်။ ဒရုန်းနဲ့က ဆက်တိုက်တိုက်ခိုက်နေတာပဲ" လို့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကလည်း ပြောပါတယ်။
စစ်တပ်ဟာ ဒရုန်းအားပြုတဲ့တိုက်ခိုက်မှုတွေကို ပြုလုပ်တဲ့အကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ကလည်း သူ့ရဲ့လူမှုကွန်ရက်ကနေ သတင်းထုတ်လာပါတယ်။ အဲဒီထုတ်ပြန်ချက်တွေကိုကြည့်ရင် စစ်တပ်ဟာ လက်လုပ်အသေခံဒရုန်းတွေကို KNU ထိန်းချုပ်နယ်မြေတွေမှာ ၂၀၂၅ ခုနှစ်ဆန်းပိုင်းကလို့ အသုံးပြုလာတာကိုတွေ့ရပါတယ်။
တော်လှန်ရေးတပ်တွေကို ခြိမ်းခြောက်လာတဲ့ ကာမီကာဇေ

ဓာတ်ပုံ ရင်းမြစ်, ခင်ဦး ပကဖ
ကာမီကာဇေဆိုတာ ဒုတိယကမ္ဘာစစ်တုန်းက နာမည်ကြီးအသေခံလေကြောင်း တိုက်ခိုက်မှုအမည်ကို အစွဲပြုထားတဲ့ ဒရုန်းအမျိုးအစားဖြစ်ပြီး ပစ်မှတ်ကို တိုက်ခိုက်ကာ ပေါက်ကွဲတဲ့ဒရုန်းလည်း ဖြစ်ပါတယ်။ အသွားတစ်ကြောင်းတည်းရှိတာကြောင့် အသေခံဒရုန်းလို့လည်း နားလည်ကြပါတယ်။
စစ်တပ်ရဲ့ ကာမီကာဇေဒရုန်းအသုံးပြုမှုကို ယေဘုယျအနေနဲ့ ၂ မျိုးခွဲခြားလို့ရတယ်လို့ စစ်လက်နက်တွေအကြောင်းရေးသားနေတဲ့ Tactical Raptor ကနေ သိရပါတယ်။
"ပထမ တစ်ခုက First Person View (FPV) အသေခံဒရုန်း အမျိုးအစားပါ။ နောက်တစ်ခုကတော့ ဖော့ပြားကိုယ်ထည်နဲ့ Delta Wing အမျိုးအစား အသေခံဒရုန်းမျိုးဖြစ်ပါတယ်" လို့ Tactical Raptor က ရှင်းပြပါတယ်။
FPV ဒရုန်းဟာ တပ်ဆင်ထားတဲ့ ကင်မရာကတဆင့် ဒရုန်းမောင်းနှင်သူက ထိန်းချုပ်ပြီး ရင်ဆိုင်တိုက်ပွဲတွေအတွက် သင့်တော်ပါတယ်။ လှုပ်ရှားနေတဲ့ လူ၊ မော်တော်ယာဉ်တွေကို တိုက်ခိုက်တာ မှာ အသုံးပြုတာပါ။
Delta Wings အသေခံဒရုန်းကတော့ GPS လို လမ်းညွှန်စနစ်ကို သုံးပြီး ပစ်မှတ်ဆီကို ပျံသန်း တိုက်ခိုက်တာဖြစ်ပါတယ်။ လှုပ်ရှားပစ်မှတ်တွေကို တိုက်ခိုက်ဖို့ မသင့်တော်တာကြောင့် နောက်တန်းအထိုင်စခန်းတွေကို တိုက်ခိုက်ဖို့ သုံးလေ့ရှိပါတယ်။
"Delta Wings ဒရုန်းတွေမှာ ကင်မရာတပ်ဆင်ပြီး ဒရုန်းမောင်းသူက ထိန်းချုပ်တဲ့ စနစ်မျိုး အသုံးပြုမယ်ဆိုရင်တော့ FPV ဒရုန်းလိုမျိုး လှုပ်ရှားပစ်မှတ်တွေကို တိုက်ခိုက်လာနိုင်မှာပါ။ မြန်မာစစ်တပ်မှာ တာလတ်၊ တာဝေးအသေခံဒရုန်းကို ကင်မရာတပ်ဆင်ပြီး အသုံးပြုနေပြီလား ဆိုတာတော့ အထောက်အထား သေချာမတွေ့ရသေးပါဘူး" လို့ Tactical Raptor က ဆက်ပြောပါတယ်။
သူ့ရဲ့ စောင့်ကြည့်ချက်အရလည်း ၂၀၂၆ ခုနှစ်ထဲမှာ စစ်တပ်ဘက်က ဒရုန်းအသုံးပြုတာနဲ့ ပတ်သက်လို့ ဗီဒီယိုထုတ်ပြန်မှု နည်းလာတာကြောင့် သူတို့ရဲ့ စွမ်းရည်၊ ဒရုန်းနည်းပညာ တိုးတက်လာမှုကို စောင့်ကြည့်ဖို့ ပိုခက်လာပါတယ်။
စစ်တပ်သတင်းတွေကို ဖော်ပြတဲ့ တယ်လီဂရန်ချန်နယ်တွေမှာလည်း ဒရုန်းနဲ့ ရိုက်ကူးထားတဲ့ ဗီဒီယိုဖော်ပြမှုတွေ သိသိသာသာလျော့လာတာကို တွေ့ရပါတယ်။ ဒါပေမဲ့ ကာမီကာဇေ အသေခံ ဒရုန်းပိုသုံးလာကြောင်း တော်လှန်ရေးအင်အားစုတွေရဲ့ ထုတ်ပြန်ချက်၊ ရုပ်သံနဲ့ ဓာတ်ပုံမှတ်တမ်းတွေအရ တွေ့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ခင်ဦး ပကဖ
ဇွန် ၁ ရက် တုန်းကဆိုရင် ထိတွေ့တိုက်ပွဲ မရှိပေမဲ့ တော်လှန်ရေးတပ်တွေလှုပ်ရှားတဲ့ ခင်ဦးနဲ့ အုတ်ဖို မြို့နယ်တွေမှာရှိတဲ့ ကျေးရွာတွေကို စစ်တပ်က အသေခံဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တဲ့ဖြစ်စဉ်တွေ ရှိခဲ့ပါတယ်။
ခင်ဦး၊ စည်ပုတ္တရာရွာက ဘုန်းတော်ကြီးကျောင်းကို အသေခံဒရုန်းနဲ့တိုက်ခိုက်တဲ့ဖြစ်စဉ်မှာဆိုရင် ဆွမ်းစား ကျောင်းဆောင်ပေါ်ကို ဗုံးသီးကျလို့ အသက် ၇၀ အရွယ် အဘိုးတစ်ဦးနဲ့ အသက် ၆၀ ကျော်အဘွားတစ်ဦး သေဆုံးခဲ့ပါတယ်။ အဲဒီအသေခံဒရုန်းကို ရွှေဘိုမြို့မှာရှိတဲ့ စစ်တပ်ရဲ့ အမှတ် ၈ လေ့ကျင့်ရေးကျောင်းက လွှတ်တင်လိုက်တာလို့ ခင်ဦး ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ထုတ်ပြန်ပါတယ်။
ဒရုန်းတိုက်ခိုက်ခံရချိန်မှာ "တိုက်ပွဲမရှိဘူးဗျ" လို့ ခင်ဦးတော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်ဘက်မှာဆိုရင် ညဘက်အချိန်တွေမှာပါ အသေခံဒရုန်း ကာမီကာဇေတွေနဲ့ တိုက်ခိုက်တဲ့အခြေအနေပါ။
"ကျွန်တော်တို့ဘက်မှာဆိုရင် ကင်းထောက်ဒရုန်းနဲ့ သက်သက် တက်လာတာမရှိဘူး။ ကာမီကာဇေလာတယ်၊ အသံကြားရတယ် တချို့ဆိုရင် လမ်းသွားနေရင်တောင် ကြုံရတယ်။ ဆိုင်ကယ်စီးနေရင်းနဲ့ အသံကြားလို့ ဆိုင်ကယ်မီးမှိတ်ပြီး ထိုးရှောင်ရတာမျိုးဖြစ်တယ်။ ညဘက်လိုက်တယ်၊ မီးမြင်တဲ့နေရာကို ထိုးချတာပဲ" လို့ PDF တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄ ရဲ့ ဒုတပ်ခွဲမှူးက ပြောပါတယ်။
ဒါအပြင် စစ်တပ်အထိုင်ချရာတပ်စခန်းတွေရဲ့ အဝေးမှာရှိတဲ့ တောတိုက်တွေ၊ ရွာတွေဘက်ကိုလည်း အသေခံဒရုန်းသုံးကာ တိုက်ခိုက်လေ့ရှိနေတယ်လို့ သူက ဆက်ပြောပါတယ်။
MDSI ရဲ့ စောင့်ကြည့်မှုအရ စစ်တပ်ဟာ တပ်ရင်းတပ်မတွေအလိုက် ဒရုန်းတပ်ဖွဲ့တွေလေ့ကျင့်သင်ကြားပေးသလို ဒရုန်းတိုက်ခိုက်ရေးတပ်စုကနေ လေ့ကျင့်ပေးပြီး တပ်မတွေဆီသွားရောက်ပူးပေါင်းတာတွေလည်း ရှိတယ်လို့ သိရပါတယ်။
၂၀၂၄ နှစ်ဝက်ပိုင်းကစလို့ စစ်တပ်က အခုလိုစုဖွဲ့ပြင်ဆင်မှုတွေလုပ်ခဲ့တာကြောင့် ၂၀၂၆ နှစ်ဝက်ကာလမှာ စစ်တပ်ဒရုန်းစွမ်းရည်တိုးတက်လာတာကို ထင်သာမြင်သာတွေ့ရတယ်လို့ MDSI ရဲ့ စစ်ဘက်ရေးရာတာဝန်ခံ ကိုနောင်ရိုးက ပြောပါတယ်။
နောက်ထပ်စစ်ရေးစောင့်ကြည့်တဲ့ CDM ဗိုလ်ကြီး ဇင်ယော်ကလည်း စစ်တပ်ရဲ့ မြေပြင်စစ်ကြောင်းတွေမှာ ဒရုန်းအသုံးပြုဖို့ တပ်ကြပ်ကြီးတွေကို အများစုအသုံးပြုနေတယ်လို့ ပြောပါတယ်။
"တပ်မတော် ကွန်ပျူတာနဲ့ နည်းပညာသိပ္ပံ(ဟိုပုန်း)ကျောင်းဆင်းအဖွဲ့တွေပေါ့။ စစ်ကြောင်းအလိုက်တွဲဖက် ပေးတယ်။ သူတို့ဖွဲ့စည်းပုံကို သေချာမသိရပေမဲ့ အရာရှိတဦးနဲ့ စစ်သည် ၅ ယောက်ဦးစီးတဲ့ အဖွဲ့လိုက် တွေ့ရတယ်။ လှုပ်ရှားစစ်ကြောင်းတွေမှာလည်းပါတယ်၊ စစ်လက်ရုံးတပ်ဖွဲ့တခုလို ပေါင်းစပ်အသုံးပြုနေတာ တွေ့ရတယ်။ ဒီအဖွဲ့မှာဆိုရင် ကာမီကာဇေဒရုန်းသုံးတာလည်းပါတာပေါ့" လို့ CDM ဗိုလ်ကြီး ဇင်ယော် က ဆက်ပြောပါတယ်။
ကပစတွေမှာ ဒရုန်းထုတ်နေလား

ဓာတ်ပုံ ရင်းမြစ်, CINCDS
၂၀၂၆ ခုနှစ် စစ်ရေးအခင်းအကျင်းမှာတော့ စစ်တပ်ဟာ ကင်းထောက်၊ FPV အမျိုးအစားအသေခံဒရုန်းတွေကိုပါ တွင်တွင်ကျယ်ကျယ်သုံးလာနေတာကြောင့် ပြည်ပက ဝယ်ယူမှုတွေသာမက ပြည်တွင်းက ကာကွယ်ရေးပစ္စည်းစက်ရုံတွေမှာပါ ထုတ်လုပ်နိုင်ခြေရှိတယ်လို့ CDM စစ်သား အသိုင်းအဝိုင်းက သုံးသပ်ကြပါတယ်။
မြန်မာစစ်တပ်မှာ ဒရုန်းသုတေသနနဲ့ ဖွံ့ဖြိုးရေးဌာနဖွဲ့စည်းပြီး ကွန်ပျူတာဌာနနဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံတွေ ပေါင်းကာ ပစ်မှတ်တိကျဖို့ နည်းပညာအဆင့်မြှင့်တာတွေလုပ်ဆောင်နေတယ်လို့ MDSI ရဲ့ စစ်ဘက်ရေးရာတာဝန်ခံ ကိုနောင်ရိုးက သုံးသပ်ပါတယ်။
"နေပြည်တော် စစ်ရုံးချုပ်နဲ့အနီးဆုံးမှာရှိတဲ့ ကပစ ၁ နဲ့ ၄ မှာ ဒရုန်းအများဆုံးထုတ်လုပ်နိုင်တယ်လို့ သုံးသပ်တယ်။ ဒရုန်းနဲ့တွဲသုံးတဲ့ ဗုံးသီးတွေကိုတော့ ကပစ ၃ မှာ ထုတ်နေတာကိုတော့ အတည်ပြုထား နိုင်တယ်" လို့ ကိုနောင်ရိုးက ပြောပါတယ်။
ကပစ ၁ နဲ့ ၄ ဟာ နေပြည်တော် တပ်ကုန်းမြို့အနီးတဝိုက်မှာရှိပြီး ကပစ ၃ ကတော့ ပဲခူးတိုင်း၊ ဥသျှစ်ပင်မြို့ထဲက ညောင်ခြေထောက်ရွာအနီးမှာ ရှိတာပါ။ ဒီစက်ရုံတွေမှာ ဒရုန်း ထုတ် မထုတ်ဆိုတာ ဘီဘီစီအနေနဲ့သီးခြားအတည်မပြုနိုင်ပါဘူး။
တစ်ဖက်မှာလည်း မြေပြင်စစ်ရေး သတင်းတွေအရ စစ်တပ်က အသေခံဒရုန်းတွေကို ပိုသုံးလာတာကြောင့် တန်ပြန်နိုင်ဖို့ တော်လှန်ရေးအင်အားစုတွေကြား နည်းပညာပေါင်းစပ်ကာ အရင်းအမြစ်ကန့်သတ်ချက်အခက်အခဲတွေကို အတူကျော်လွှားဖို့လိုပြီလို့ စစ်ရေးစောင့်ကြည့်သူတွေက သုံးသပ်ကြပါတယ်။
"တော်လှန်ရေးတပ်တွေမှာက စစ်တပ်ရဲ့ Delta Wings အသေခံဒရုန်းလိုမျိုး တာလတ်၊ တာဝေး တိုက်ခိုက်နိုင်တဲ့ ဒရုန်းမျိုးတော့ ကျယ်ကျယ်ပြန့်ပြန့်မသုံးနိုင်သေးပါဘူး။ အဲဒါကြောင့် စစ်တပ်ရဲ့ နောက်တန်းစခန်းတွေ၊ လေတပ်စခန်းတွေ၊ လက်နက်ကြီးစခန်းတွေကို ခြိမ်းခြောက်နိုင်ဖို့ အားနည်းချက် ရှိနေပါတယ်"
"FPV ဒရုန်းတွေကိုတော့ တော်လှန်ရေးတပ်ဖွဲ့တွေမှာလည်း အသုံးများလာပါပြီ" လို့ Tactical Raptor က နှိုင်းယှဉ် သုံးသပ်ပါတယ်။
၂၀၂၅ ခုနှစ်တုန်းက ကချင်ပြည်နယ်၊ ဗန်းမော်မြို့အနီးမှာ စစ်တပ်ရဲ့ Mi-17 ရဟတ်ယာဉ်ကို KIA နဲ့ ပူးပေါင်းတိုက်တဲ့ဖြစ်စဉ်မှာ FPV ဒရုန်းတွေကို အသုံးပြုခဲ့တယ်လို့ သူက ထောက်ပြပါတယ်။
"FPV ဒရုန်းနဲ့ပတ်သက်ရင်တော့ တော်လှန်ရေးတပ်တွေက စစ်တပ်ကို လက်ရည်တူ ယှဉ်နိုင်တယ်" လို့ Tactical Raptor က သုံးသပ်ပါတယ်။












