စမ်းချောင်း အုပ်စုဖွဲ့ ဓားထိုးမှုမှာ လူငယ် ၈ ဦး အဖမ်းခံရ

ဓာတ်ပုံ ရင်းမြစ်, ပေးပို့
ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်မှာ ပြီးခဲ့တဲ့တစ်ပတ်ကဖြစ်ခဲ့တဲ့ လူငယ် ၂ ဦး ဓားထိုးခံရမှုမှာ အုပ်စုဖွဲ့ ကျူးလွန်တယ်လို့ သံသယရှိသူ လူငယ် ၈ ဦးကို ရဲက ဖမ်းဆီးလိုက်ပြီလို့ ဒီအခြေအနေကို သိရှိတဲ့သတင်းရင်းမြစ်က ပြောပါတယ်။
စမ်းချောင်းမြို့နယ်၊ ဗားကရာလမ်းပေါ်က ညဈေးတန်းအနီးမှာ ကျောင်းသားအရွယ် လူငယ် ၂ ဦးနဲ့ နောက်ထပ် လူငယ် ၃ ဦးထက်မနည်းပါတဲ့အုပ်စုတစ်စုတို့ စကားများရာကနေ လူငယ်အုပ်စုဘက်က ကျောင်းသား ၂ ဦးကို ဓားနဲ့ ဝိုင်းထိုးခဲ့တာလို့ မျက်မြင်တွေ့ခဲ့ရသူတချို့က အစောပိုင်းမှာ ဘီဘီစီကို ပြောပါတယ်။
အခုတော့ အဲဒီဖြစ်ရပ်မှာ ပါ၀င်တယ်လို့ မသင်္ကာတဲ့ အသက် ၁၄ နှစ်နဲ့ ၁၈ နှစ်ကြား လူငယ် ယောက်ျားလေး ၆ ဦးနဲ့ အမျိုးသမီးငယ် ၁ ဦး၊ အသက် ၂၁ နှစ်အရွယ် အမျိုးသား ၁ ဦးကို စမ်းချောင်းမြို့နယ် ရဲစခန်းမှာ ဖမ်းဆီးထားတယ်လို့ အမှုအခင်း အခြေအနေ သိရှိသူက ပြောပါတယ်။
‘‘မိန်းကလေးကို တယ်လီဂရမ်ကနေ စနောက်ကြရာကနေ ဖုန်းဆက် ချိန်းပြီး ထိုးတာလို့ ထွက်ဆိုထားတယ်လို့ သိရပါတယ်။ ဒါနဲ့ဆက်စပ်ပြီး ရဲက အလိုရှိနေသူ နောက်တစ်ဦးဖြစ်တဲ့ “အသေးလေး” လို့ဆိုသူ တစ်ဦးကတော့ ထွက်ပြေးနေတယ်လို့သိရတယ်’’ လို့လည်း သူက ပြောပါတယ်။
အခုဓားထိုးမှုဟာ ပလက်ဖောင်းပေါ်မှာ လမ်းလျှောက်ရင်း ပုခုံးချင်းတိုက်မိရာကနေ စကားများပြီးဖြစ်ခဲ့တာလို့ အစောပိုင်းမှာ သတင်းထွက်ပေါ်ခဲ့ပါတယ်။
ဓားထိုးခံရတဲ့လူငယ် ၂ ဦးမှာ တစ်ဦးက ဦးခေါင်းမှာ ပြတ်ရှဒဏ်ရာရပြီး နောက်တစ်ယောက်ကတော့ ဓားဒဏ်ရာက အဆုတ်ကို ထိသွားတာကြောင့် ဆေးရုံတင်ခဲ့ရပါတယ်။
လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့တဲ့ ရုပ်သံဖိုင်အတိုတစ်ခုမှာလည်း လူငယ်အုပ်စုက ကျောင်းသားအရွယ် လူငယ် ၂ ဦးတို့ လူမြင်ကွင်းမှာ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ချွန်ထက်တဲ့အရာတစ်ခုနဲ့ ထိုးနေတာကို တွေ့ရပါတယ်။
ဓားထိုးခံခဲ့ရတဲ့ လူငယ် ၂ ဦးကို စက်တင်ဘာ ၁၈ ရက်ကတည်းက ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ထားပြီး ဒီနေ့အထိ ကုသမှုခံယူနေရဆဲဖြစ်တယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။
ဒဏ်ရာရသူ ၂ ဦးဟာ ဒဏ်ရာကနေ သက်သာလာပြီလို့လည်း အခြေအနေ သိရှိသူက ပြောပါတယ်။



