ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဟူသီသူပုန်တွေသိမ်းဖို့လုပ်တဲ့ ယီမင်ရှေ့တန်းမြို့မှာ ဘာတွေဖြစ်နေလဲ
- ရေးသားသူ, န၀ယ် အယ်လ် မဂါဖီ
- ရာထူးတာဝန်, နိုင်ငံတကာရေးရာစုံစမ်းထောက်လှမ်းသတင်းဆိုင်ရာအကြီးတန်းသတင်းထောက်
- ရေးသားပေးပို့သည့်နေရာ, တိုင်ဇ်၊ ယီမင်
- ရေးသားခဲ့သည်။
- ဖတ်ရန်အချိန်: မိနစ် ၈
"ဒါက ပထမဆုံး ဒရုန်းပဲ" လို့ ယီမင်နိုင်ငံ အနောက်တောင်ပိုင်းကို ကျွန်မတို့နဲ့အတူ လိုက်ပါလာတဲ့ စစ်သားတစ်ဦးက ပြောပါတယ်။ "ဒရုန်းပေါ်လာပြီဆိုရင် တိုက်ခိုက်တာလည်း ကပ်ပြီးပါလာတတ်တယ်''
ခေါင်းပေါ်ကနေ ဒရုန်းပျံသံ တဖြည်းဖြည်း ကျယ်လာတဲ့အတွက် စီးလာတဲ့ကားပေါ်ကနေ ကျွန်မတို့ ဆင်းပြီး ချုံပုတ်တွေကြားမှာ ၀င်ပုန်းခဲ့ရပါတယ်။ ပြီးတော့မှ ခရီးဆက်နိုင်ပါတယ်။
ဆယ်မိနစ်ခန့်အကြာမှာတော့ လေကြောင်းတိုက်လို့ ပေါက်ကွဲသံ ခပ်ပြင်းပြင်း တစ်ချက်ပြီး တစ်ချက် ကြားခဲ့ရပါတယ်။ ဒါပေမဲ့ ဘယ်နေရာမှာ ကျရောက် ပေါက်ကွဲမှုဖြစ်ခဲ့တာလဲဆိုတော့ မသိရပါဘူး။
ယီမင်ရဲ့တိုင်ဇ်မြို့ အနောက်တောင်ဘက် တောင်တန်းဒေသတွေမှာတော့ စစ်မျက်နှာပြင်ဟာ ဘယ်ကနေ စတယ်ဆိုတာ တိတိကျကျ ခွဲပြောဖို့ ခက်ပါတယ်။
ဆော်ဒီအာရေးဗျ ထောက်ခံထားတဲ့ အစိုးရဘက်တော်သားတပ်ဖွဲ့တွေက ဟူသီ တိုက်ခိုက်ရေးသမားတွေကို ပြန်လည်တွန်းလှန်ဖို့ တိုက်ပွဲဝင်နေပါတယ်။ ဟူသီတွေဟာ စက်တင်ဘာလအစောပိုင်းမှာ ပင်လယ်နီကမ်းရိုးတန်းတလျှောက် ထိုးဆင်းလာပြီး အရေးပါတဲ့ ရေကြောင်းသယ်ယူပို့ဆောင်ရေး လမ်းကြောင်းတစ်ခုကို ထိန်းချုပ်နိုင်ခဲ့လို့ ယီမင်ပြည်တွင်းစစ်ကိုလည်း ပိုပြင်းထန်လာပါတယ်။
ကျွန်မတို့ဟာ တိုင်ဇ်မြို့ကနေ အစိုးရတပ်တွေနဲ့အတူ စစ်ဆေးရေးဂိတ်တွေကို ဖြတ်သန်းပြီး သူတို့ ထိန်းချုပ်ရာနယ်မြေ အဆုံးသတ်ပါတယ်။ ဘယ်ဘက်မှ မထိန်းချုပ်တဲ့ကြားနယ်မြေ စတင်တဲ့နေရာအထိ အသွားရောက်ခဲ့ပါတယ်။ အဲဒီမှာ ဖြစ်ပွားနေတဲ့တိုက်ပွဲအခြေအနေတွေကို အနီးကပ် မြင်တွေ့နိုင်ဖို့ ဖြစ်ပါတယ်။
တောင်စောင်းတွေတလျှောက် အိမ်တွေ ရှိနေသေးပေမဲ့ တိုက်ပွဲတွေကြောင့် မိသားစုတွေ ထွက်ပြေးတိမ်းရှောင်သွားတဲ့အတွက် အိမ်အတော်များများမှာ လူသူကင်းမဲ့နေပါတယ်။
မြို့ထဲမှာ အမြဲလိုလို ကြားနေရတဲ့ကားသံ၊ ဆိုင်ကယ်သံတွေ ဒီမှာ မကြားရဘဲ တိတ်ဆိတ်နေပါတယ်။ မွေးမြူရေးတိရစ္ဆာန်တွေရဲ့အသံ၊ ဟိုဘက်က ပစ်လို့ နက်လက်ကျည် လေခွင်း ထွက်လာတဲ့အသံနဲ့ ဒီဘက်က ပြန်ပစ်လို့ ထွက်လာတဲ့အသံတွေကိုပဲ ကြားရပါတယ်။
"ကျွန်တော့် ခြံထဲပေါ်ကို မော်တာကျည် နှစ်လုံးကျခဲ့တယ်" လို့ ရှေ့တန်းစစ်မျက်နှာနဲ့ တစ်ကီလိုမီတာခန့်သာ ဝေးတဲ့နေရာမှာ ဆိတ်အုပ်နဲ့အတူ နေထိုင်နေတဲ့ အလီက ပြောပါတယ်။
အလီဟာ မော်တာပစ်ခတ်မှုတွေ ရှိနေတဲ့ကြားကပင် သူ့ရဲ့ဆိတ်တွေကို စောင့်ရှောက်ဖို့ အိမ်မှာပဲ ဆက်နေခဲ့ပါတယ်။
"ကျွန်တော် အတော်လေးကို ကြောက်တယ်" လို့ သူက ပြောပါတယ်။
"ဒါပေမဲ့ တခြားရွေးချယ်စရာ မရှိဘူး။ ဒီတိရစ္ဆာန်တွေ မရှိရင် အားလုံး ငတ်မွတ်ပြီး သေကြရမှာပဲ" လို့ ဆိုပါတယ်။
ဟူသီတွေက မကြာခင် ဒီဒေသကို သိမ်းပိုက်လာမယ်ဆိုရင် သူ့လုံခြုံရေးကို စိုးရိမ်တာကြောင့် သူ့နာမည်ကို အလီလို့ပဲ သုံးနှုန်းဖော်ပြဖို့ တောင်းဆိုခဲ့ပါတယ်။
ဟူသီဘက်ကတော့ သူတို့ဟာ တပ်အင်အားတွေ စုဖွဲ့နေပြီး အကြီးစားထိုးစစ်တစ်ရပ် ဆင်နွှဲဖို့ ပြင်ဆင်နေတယ်လို့ ကျွန်မတို့ကို ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး အစိုးရဘက်တပ်ဖွဲ့တွေကို မေးမြန်းတဲ့အခါမှာတော့ သူတို့အနေနဲ့ အဲဒီအခြေအနေကို သိရှိထားပြီး သူတို့လည်း ပြင်ဆင်နေတယ်လို့ ပြောပါတယ်။
ရှေ့တန်းစစ်မျက်နှာနဲ့ အနီးဆုံး စစ်ဆေးရေးဂိတ်တစ်ခုမှာ ကျွန်မတို့ဟာ တောင်ပေါ်က စခန်းနေရာတွေကနေ ပြန်ဆင်းလာတဲ့တိုက်ခိုက်ရေးသမားတချို့နဲ့ တွေ့ဆုံခဲ့ပါတယ်။ အဲဒီနေရာတွေဟာ ရှေ့တိုးလာနေတဲ့ဟူသီတပ်ဖွဲ့တွေနဲ့ မီတာ ရာဂဏန်းသာ ကွာဝေးတဲ့နေရာတွေ ဖြစ်ပါတယ်။
သူတို့ထဲက တစ်ဦးကတော့ အစိုးရတပ်သား ၁၈ ဦးရဲ့ရုပ်အလောင်းတွေဟာ သူတို့တပ်စိတ်က လှမ်းပစ်ခတ်နိုင်တဲ့အကွာအ၀ေးမှာရှိခဲ့ပြီး အလောင်းတွေအထိရောက် မရောက်နိုင်ခဲ့ဘူးလို့ ပြောပါတယ်။
"ကျွန်တော်တို့ သူတို့ကို အပေါ်စီးကနေ ပစ်နိုင်ခဲ့တယ်။ အလောင်းတွေတော့ မထုတ်နိုင်ခဲ့ဘူး'' လို့ သူက ပြောပါတယ်။
တိုင်ဇ်မြို့အနီးတစ်ဝိုက် တိုက်ပွဲတွေဟာ စက်တင်ဘာ ၁၀ ရက်နေ့မှာ ဟူသီတွေက မြို့ရဲ့ အနောက်ဘက် ၈၅ ကီလိုမီတာအကွာမှာရှိတဲ့ မက်ခါ ပင်လယ်ဆိပ်ကမ်းကို သိမ်းပိုက်ခဲ့ပြီးနောက် ပိုမိုပြင်းထန်လာပါတယ်။
လေးနှစ်နီးပါး တည်တံ့ခဲ့တဲ့အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ပျက်ပြယ်သွားခဲ့အပြီးမှာ ဒီအခြေအနေတွေ ဖြစ်လာတာပါ။
ဟူသီတွေဟာ ဥရောပနဲ့ အာရှကို ဆက်သွယ်ထားတဲ့ အရေးပါတဲ့ ရေကြောင်းကုန်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့ ဘာဘယ်မန်းဒတ်ရေလက်ကြားကို အပေါ်စီးက ကြည့်နိုင်တဲ့ နယ်မြေအများအပြားကိုလည်း ထိန်းချုပ်နိုင်ခဲ့ပါတယ်။
ဒါကြောင့် ဒေသတွင်းက ရေနံတင်ပို့မှုတွေ ထပ်မံထိခိုက်နိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ မြင့်တက်လာခဲ့ပြီး ကမ္ဘာ့ရေနံဈေးနှုန်းတွေကိုလည်း မြင့်တက်စေခဲ့ပါတယ်။
တိုင်ဇ်မြို့ဟာ ယီမင်နိုင်ငံရဲ့တတိယအကြီးဆုံးမြို့ဖြစ်သလို နိုင်ငံ့ယဉ်ကျေးမှုမြို့တော်လို့လည်း သတ်မှတ်ခံရပါတယ်။ လူဦးရေ ၁ သန်းနီးပါးနေထိုင်ပြီး ယီမင်မြောက်ပိုင်းက ဟူသီထိန်းချုပ်နယ်မြေတွေနဲ့ တောင်ပိုင်းက အစိုးရထိန်းချုပ်နယ်မြေတွေကြား အရေးပါတဲ့ လမ်းဆုံနေရာမှာ တည်ရှိနေပါတယ်။
မြို့ပတ်ဝန်းကျင် နေရာအများအပြားမှာလည်း စစ်မျက်နှာတွေ ရှိနေတာကြောင့် တိုင်ဇ်မြို့ဟာ ပဋိပက္ခရဲ့ ဖိအားကို တိုက်ရိုက်ခံနေရတဲ့ မြို့တစ်မြို့ ဖြစ်ပါတယ်။
လက်ရှိမှာ အစိုးရတပ်ဖွဲ့တွေက တိုင်ဇ်မြို့လယ်ပိုင်းကို ထိန်းချုပ်ထားပြီး ဟူသီတပ်ဖွဲ့တွေကတော့ မြို့ရဲ့ မြောက်ဘက်နဲ့ အရှေ့ဘက်မှာ နေရာယူထားပါတယ်။
အပြင်းထန်ဆုံးတိုက်ပွဲတွေကတော့ မြို့ရဲ့ အနောက်ဘက်ဝင်ပေါက်တွေဘက်မှာ ဖြစ်ပွားနေပါတယ်။ အဲဒီနေရာတွေမှာ နှစ်ဖက်တပ်တွေက တောင်ကုန်းမြင့်တွေကို အပြိုင်အဆိုင် ထိန်းချုပ်ဖို့ ကြိုးပမ်းနေကြတာ ဖြစ်ပါတယ်။ အဲဒီတောင်ကုန်းတွေက တိုင်ဇ်မြို့ကနေ တောင်ဘက်ကို သွားတဲ့ အဓိကလမ်းကြောင်းကို အပေါ်စီးက ကြည့်နိုင်တဲ့နေရာတွေ ဖြစ်ပါတယ်။
ဟူသီတွေက အဲဒီနေရာတွေကို အခိုင်အမာ ထိန်းချုပ်နိုင်သွားမယ်ဆိုရင် အစိုးရတပ်တွေအတွက် မက်ခါ ဆိပ်ကမ်းမြို့ကို ပြန်လည်သိမ်းယူရေးဟာ ပိုမိုခက်ခဲသွားနိုင်ပါတယ်။
ကျွန်မတို့ ယီမင်နိုင်ငံတောင်ပိုင်းက ဧဒင်မြို့ကနေ တိုင်ဇ်မြို့ဆီ သွားရောက်ခဲ့ပါတယ်။ ဧဒင်မြို့ဟာ နိုင်ငံတကာက အသိအမှတ်ပြုထားတဲ့ယီမင်သမ္မတခေါင်းဆောင်မှုကောင်စီနဲ့ အစိုးရအဖွဲ့ အခြေစိုက်ရာ မြို့ဖြစ်ပါတယ်။
သွားရာလမ်းတလျှောက်မှာ စစ်ဆေးရေးဂိတ်ပေါင်း ၃၀ လောက်ကို ဖြတ်သန်းခဲ့ရပြီး အဲဒီလမ်းပိုင်းတွေကို မတူညီတဲ့စစ်ခေါင်းဆောင်တွေက ထိန်းချုပ်ထားတာကို တွေ့ရပါတယ်။
ဒါဟာ အစိုးရဘက်မှာ တိုက်ခိုက်နေတဲ့တပ်ဖွဲ့တွေဟာ အဖွဲ့လိုက် ကွဲပြားနေကြဆဲဖြစ်တယ်ဆိုတာကို ထင်ဟပ်စေတဲ့မြင်ကွင်းတစ်ခုလည်း ဖြစ်ပါတယ်။
တိုင်ဇ်မြို့နားကို နီးကပ်လာတာနဲ့ လူနာတင်ယာဉ်တွေ ကျွန်မတို့ ကားကို ဆက်တိုက် ကျော်တက်သွားတာ တွေ့ရပါတယ်။
နာရီဝက်အတွင်းမှာပဲ တိုင်ဇ်မြို့ အဓိကဆေးရုံဘက်ကို ဦးတည်သွားတဲ့ လူနာတင်ယာဉ် အနည်းဆုံး ငါးစီးအထိရှိတာကို မြင်ခဲ့ရပါတယ်။
အဲဒီအချိန်မှာပဲ ကျွန်မတို့ဟာ ပြင်းထန်တဲ့တိုက်ပွဲတွေရဲ့ဗဟိုချက်ဖြစ်နေတဲ့ မြို့တစ်မြို့ထဲကို ဝင်ရောက်လာနေတယ်ဆိုတာ ပိုသတိထားမိလာပါတယ်။
ကျွန်မတို့ မြို့ထဲကို ရောက်ချိန်မှာ ညမှောင်နေပါပြီ။
ဆိုင်ခန်းတွေမှာ မီးရောင်လက်နေပြီး စားသောက်ဆိုင်တွေမှာလည်း လူအပြည့်နီးပါး ရှိနေပါတယ်။ ကလေးတွေကလည်း လမ်းပေါ်မှာ ဆော့ကစားနေကြပါတယ်။
ဒါပေမဲ့ အဲဒီမြို့ရဲ့သက်၀င်လှုပ်ရှားမှု ပုံမှန်အသံတွေကြားထဲ တစ်ခါတစ်ရံ မြို့ကို ဝန်းရံထားတဲ့ တောင်တန်းတွေဘက်ကနေ လက်နက်ကြီး ပေါက်ကွဲသံတွေနဲ့ သေနတ်ပစ်ခတ်သံတွေ ထွက်ပေါ်လာပြီး စစ်ပွဲရဲ့အရိပ်အယောင်ကို သတိပေးနေခဲ့ပါတယ်။
တိုင်ဇ်မြို့ဟာ ယီမင်ပြည်တွင်းစစ်အတွင်း သေကြေပျက်စီးမှုအများဆုံးတိုက်ပွဲတွေ အဓိကဖြစ်တဲ့နေရာတစ်ခု ဖြစ်ခဲ့ပါတယ်။
၂၀၁၅ ခုနှစ်မှာ ဟူသီတွေက မြို့တော်ဆာနာကို အစိုးရလက်ထဲကနေ သိမ်းပိုက်နိုင်ခဲ့ပြီးနောက် တိုင်ဇ်မြို့ကိုလည်း ထိန်းချုပ်ဖို့ ကြိုးပမ်းခဲ့ပါတယ်။ ဒါပေမဲ့ ဒေသခံ ပြည်သူ့စစ်အဖွဲ့တွေက ပြန်လည်တွန်းလှန်ခဲ့တာကြောင့် မြို့အများစုကနေ ဆုတ်ခွာခဲ့ရပါတယ်။
လက်ရှိ နောက်ဆုံးထိုးစစ်အတွင်းမှာတော့ ဟူသီတွေဟာ အခြားလက်နက်တွေ အပြင် ဒရုန်းတွေကိုပါ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေပါတယ်။
ဆော်ဒီအာရေးဗျ၊ အနောက်နိုင်ငံများနဲ့ ကုလသမဂ္ဂ ကျွမ်းကျင်သူတွေရဲ့ ပြောကြားချက်အရ ဟူသီတွေရဲ့ အဓိက ပြည်ပထောက်ပံ့သူဟာ အီရန်နိုင်ငံဖြစ်ပြီး လက်နက်၊ ငွေကြေးနဲ့ စစ်ရေးအကြံဉာဏ်တွေ ထောက်ပံ့ပေးထားတယ်လို့ ဆိုကြပါတယ်။
ဒါပေမဲ့ အီရန်ကတော့ ဟူသီတွေကို လက်နက်ထောက်ပံ့ပေးတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို အရင်ကတည်းက ငြင်းဆိုထားပြီး သူတို့ကို နိုင်ငံရေးအရသာ ထောက်ခံတာဖြစ်တယ်လို့ ပြောထားပါတယ်။
ဟူသီတွေက ကလေးစစ်သား စုဆောင်းအသုံးပြုနေတယ်ဆိုတဲ့အသံထွက်နေတာလည်း နှစ်ချီကြာမြင့်နေပါပြီ။ ရှေ့တန်းစစ်မျက်နှာမှာ တာဝန်ထမ်းဆောင်နေတဲ့အစိုးရတပ်သားတစ်ဦးကလည်း သူဟာ အဲဒီလိုကလေးစစ်သားတွေနဲ့ ရင်ဆိုင်ဖူးတယ်လို့ ကျွန်မတို့ကို ပြောပါတယ်။
"ယီမင်က ကလေးတစ်ယောက်ကို ကြည့်ပြီး ပစ်ခတ်ဖို့ဆိုတာ မလွယ်ဘူး။ ဒါပေမဲ့ သူက ကိုယ့်ဘက်ကို သေနတ်ချိန်ထားတဲ့အခါ ကိုယ့်ကိုယ်ကိုယ် မဖြစ်မနေ ကာကွယ်ရတော့တယ်" လို့ သူက ဆိုပါတယ်။
ဟူသီတွေဟာ ကလေးစစ်သား အသုံးပြုတာကို အဆုံးသတ်မယ်လို့ ကတိပြုထားတဲ့ "လုပ်ငန်းအစီအစဉ်" တစ်ရပ်ကို ၂၀၂၂ ခုနှစ်မှာ ကုလသမဂ္ဂနဲ့ လက်မှတ်ရေးထိုးခဲ့ပါတယ်။
ဘီဘီစီကတော့ အစိုးရတပ်ဖွဲ့ဘက်မှာ တာဝန်ထမ်းဆောင်နေတဲ့ ဆယ်ကျော်သက် လူငယ်တွေနဲ့လည်း တွေ့ဆုံမေးမြန်းခဲ့ပါတယ်။
တစ်ဖက်မှာလည်း ဆော်ဒီအာရေးဗျ ဦးဆောင်တဲ့ မဟာမိတ်အဖွဲ့က ယီမင်အစိုးရကို ထောက်ခံထားပြီး လက်နက်တွေ ထောက်ပံ့ပေးနေပါတယ်။
ဆော်ဒီစစ်တပ်ဟာ ပင်လယ်နီကမ်းရိုးတန်းတလျှောက် ဟူသီတပ်စခန်းတွေကို လေကြောင်းတိုက်ခိုက်မှု ရာနဲ့ချီ ပြုလုပ်ထားပါတယ်။
ဟူသီတွေကလည်း ဆော်ဒီအာရေးဗျ အနောက်တောင်ပိုင်းက မြို့တွေ၊ အခြေခံအဆောက်အအုံတွေအပေါ် ဒရုန်းတွေနဲ့ ဒုံးကျည်တွေ အသုံးပြုပြီး တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
ညနေပိုင်းမှာတော့ တိုင်ဇ်မြို့က အယ်လ် သော်ရာဆေးရုံကို ကျွန်မတို့ သွားခဲ့ပါတယ်။
အဲဒီမှာ ရှေ့တန်းစစ်မျက်နှာကနေ ဒဏ်ရာရလာသူတွေကို အထူးကြပ်မတ်ကုသဆောင်ထဲ သယ်ဆောင်လာနေကြပြီး ကျွန်မတို့ တွေ့ခဲ့ရတဲ့ကုတင်တိုင်းမှာ လူနာတွေ ပြည့်နေပါတယ်။
လူနာတချို့က တိုက်ခိုက်ရေးသမားတွေဖြစ်ပြီး တချို့ကတော့ အရပ်သားတွေ ဖြစ်ကြပါတယ်။
အသက် ၁၂ နှစ်အရွယ် ဂါနာ နာဘီးလ်ဆိုတဲ့ မိန်းကလေးတစ်ဦးကတော့ ဆိတ်ကျောင်းနေချိန်မှာ သူ့ရဲ့ခေါင်းကို ကျည်အပိုင်းအစ ထိမှန်ခဲ့တာ ဖြစ်ပါတယ်။
သူ့မိသားစုရဲ့ပြောပြချက်အရ ဟူသီတပ်ဖွဲ့ဘက်က ပစ်ခတ်လိုက်တဲ့ မော်တာကျည်တစ်လုံးဟာ အနီးအနားမှာ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။
ကျွန်မတို့တွေ့ရချိန်မှာတော့ သူဟာ သတိလစ်နေဆဲ ဖြစ်ပါတယ်။
ခေါင်းမှာ ပတ်တီးအထပ်ထပ် စည်းထားရပြီး မျက်နှာကလည်း ဖောင်းရောင်နေကာ ဒဏ်ရာအမာရွတ်တွေ ထင်ရှားနေပါတယ်။
သူ သတိပြန်လည်လာခဲ့မယ်ဆိုရင် ဘဝဟာ ဘယ်လိုပြောင်းလဲသွားမလဲဆိုတာ သိရဖို့ မိသားစုဝင်တွေက ကုတင်ဘေးမှာ စောင့်ဆိုင်းနေကြပါတယ်။
ဆရာဝန်တစ်ဦးကတော့ ဒီဒဏ်ရာကြောင့် သူ့ဦးနှောက် ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ကျွန်မကို ပြောပါတယ်။
"သူ အရင်လို ဘယ်တော့မှ ပြန်ဖြစ်လာတော့မှာ မဟုတ်ဘူး" လို့လည်း ဆရာဝန်က ပြောပါတယ်။
တိုင်ဇ်မြို့ရဲ့ တောင်ဘက် ၂၀ ကီလိုမီတာလောက်အကွာမှာရှိတဲ့ အယ်လ် မိုနစ် ပြည်တွင်းစစ်ရှောင် စခန်းမှာတော့ မက်ခါမြို့နဲ့ တိုက်ပွဲဒဏ်ခံခဲ့ရတဲ့ကျေးရွာတွေက ထွက်ပြေးလာတဲ့မိသားစုတွေဟာ ရာနဲ့ချီတဲ့တဲတွေဆီ ဆက်ရောက်လာနေဆဲပါ။
လွန်ခဲ့တဲ့ ၁၀ ရက်အတွင်းမှာပဲ မိသားစုပေါင်း ၂၀၀ ရောက်ရှိလာခဲ့တယ်လို့ စခန်းတာဝန်ရှိသူတွေက ကျွန်မတို့ကို ပြောပါတယ်။
မာရမ် ဆာလေဟ်လို့ ကျွန်မတို့ ခေါ်ဆိုထားတဲ့ အမျိုးသမီးတစ်ဦးကတော့ သူဟာ ခင်ပွန်းနဲ့ ကလေးငါးယောက်ကို ခေါ်ပြီး တစ်ပတ်လောက်အကြာက မက်ခါ မြို့ကနေ ထွက်ပြေးလာခဲ့တာ ဖြစ်ပါတယ်။ ဒါက သူ့နာမည်ရင်း မဟုတ်ပါဘူး။ သူ့ကလေး အငယ်ဆုံးကလေးက ခုနစ်နှစ်အရွယ် ရှိပါတယ်။
ကျွန်မတို့ ရောက်ရှိချိန်မှာတော့ မာရမ်ဟာ တစ်နေ့တာ စားစရာဝယ်နိုင်ဖို့ ရောင်းချဖို့ ဦးထုပ်တစ်လုံး ရက်လုပ်နေပါတယ်။
"ကျွန်မတို့ ဖိနပ်တောင် မရှိဘဲ လမ်းလျှောက်လာခဲ့ရတယ်။ ဘာပစ္စည်းမှလည်း မသယ်လာနိုင်ဘူး။ ကလေးတွေကိုပဲ ခေါ်ပြီး ထွက်ပြေးလာခဲ့ရတာ" လို့ သူက ပြောပါတယ်။
ထွက်ပြေးနေချိန်အတွင်း သူ့ရဲ့ တူတစ်ယောက်ဟာ ကျရောက်ပေါက်ကွဲတဲ့ မော်တာကျည်စ ထိမှန်လို့ သေဆုံးသွားခဲ့တယ်လို့လည်း သူက ပြောပါတယ်။
အဲဒီအချိန်မှာ သူ့ရဲ့တူက သူ့နောက်ဘက်မှာ လမ်းလျှောက်လိုက်ပါလာတာဖြစ်တယ်လို့လည်း ဆိုပါတယ်။
သူတို့မိသားစုရဲ့ရှေ့ဘက်မှာရော နောက်ဘက်မှာပါ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စနိုက်ပါ သေနတ်သမားတွေရဲ့ ပစ်ခတ်မှုတွေလည်း ရှိနေတယ်လို့ သူက ပြန်ပြောပြပါတယ်။
အဲဒီနောက် တောင်ပေါ်မှာ လက်နက်ကိုင်တွေကိုလည်း တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။
"ကျွန်မတို့အားလုံး ဒီမှာပဲ အသက်ဆုံးတော့မယ်လို့ ထင်ခဲ့ကြတယ်" လို့ သူက ပြောပါတယ်။
"ကလေးတွေက အော်ဟစ်ငိုယိုနေကြတယ်။ ဒါပေမဲ့ ကျွန်မတို့မိသားစုကတော့ ဆက်ပြီး လမ်းလျှောက်ခဲ့ရတယ်" လို့လည်း မာရမ်က ပြောပါတယ်။
ဖက်တီမာ မိုဟာမက် ဆာလေကတော့ တခြားမိသားစုတစ်စုရဲ့ တဲအပြင်ဘက်မှာ ဆန်အိတ်အလွတ်တစ်လုံးပေါ် လှဲနေရပါတယ်။
သူဟာ ကိုယ်အင်္ဂါမသန်စွမ်းသူဖြစ်ပြီး လမ်းမလျှောက်နိုင်ပါဘူး။ အခုအချိန်မှာတော့ သူ့မှာ ကိုယ်ပိုင်အိပ်စရာနေရာတောင် မရှိဘူးလို့ ကျွန်မကို ပြောပါတယ်။
"ကျွန်မမှာ ဘာမှမရှိတော့ဘူး။ အမိုးအကာလည်း မရှိဘူး၊ မွေ့ရာလည်း မရှိဘူး၊ မိသားစုလည်း မရှိဘူး။ ဘာမှ မရှိတော့ဘူး" လို့ သူက ဆိုပါတယ်။
ဖက်တီမာ တိုက်ပွဲတွေ သူတို့ရွာအထိ ရောက်လာချိန်မှာ သားနှစ်ယောက်နဲ့ မြေးတွေကို အတူခေါ်ပြီး ရှိနေခဲ့တယ်လို့ ပြောပါတယ်။
ဒါပေမဲ့ သူ့ကြောင့် အားလုံးရဲ့ခရီးနှေးကွေးသွားမှာ စိုးရိမ်တာကြောင့် ကလေးတွေကိုခေါ်ပြီး အရင်ပြေးနှင့်ကြဖို့ သားတွေကို ပြောခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနောက် နှစ်ရက်ကြာအောင် သူဟာ လက်နဲ့ ဒူးကို အားပြုပြီး တွားသွားခဲ့ရတယ်လို့ ပြောပါတယ်။
"ကျွန်မ တွားသွားနေရင်း ကျည်ဆန်တွေက ဒီဘက်က လာတယ်။ လက်နက်ကြီးကျည်တွေက ဟိုဘက်မှာ ကျတယ်။ ပြီးတော့ ကျည်ဆန်တွေက ဒီဘက်မှာ ထပ်လာတယ်။ လက်နက်ကြီးတွေလည်း ဒီဘက်မှာ ပေါက်ကွဲတယ်။ ခေါင်းပေါ်မှာတော့ မိုးခြိမ်းသလို အသံတွေ ဆက်တိုက်ကြားနေရတယ်။ ဘုရားသခင်ဆီပဲ ဆုတောင်းနေခဲ့ရတယ်" လို့ သူက ပြောပါတယ်။
အဲဒီနောက် ဆိုင်ကယ်စီးလာတဲ့ အမျိုးသားတစ်ဦးက သူ့ကို တွေ့သွားပြီး စခန်းဆီ ခေါ်ဆောင်သွားပေးခဲ့တယ်လို့ ဖက်တီမာက ဆိုပါတယ်။
အဲဒီအချိန်ကစပြီး ဒီနေ့အထိ သူ့မိသားစုဝင်တွေကို ပြန်မတွေ့ရသေးဘူးလို့လည်း ပြောပါတယ်။
စက်တင်ဘာ ၂၂ ရက်မှာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာအေဂျင်စီက ယီမင်နိုင်ငံတဝန်း ဒီလအတွင်းမှာပဲ နေရပ်စွန့်ခွာထွက်ပြေးရသူ ၁၃၀,၀၀၀ ကျော်ရှိနေပြီလို့ ထုတ်ပြန်ထားပါတယ်။
အဲဒီအရေအတွက်ဟာ ပြည်တွင်းစစ်ကြောင့် နေရပ်စွန့်ခွာထားရပြီးသား လူပေါင်း ၅.၂ သန်းအပြင် ထပ်တိုးလာတဲ့အရေအတွက် ဖြစ်ပါတယ်။
ကုလသမဂ္ဂကတော့ လာမယ့်သုံးလအတွင်း ဖက်တီမာလိုပဲ နောက်ထပ် လူပေါင်း ၁၀၀,၀၀၀ ခန့်ဟာ သူတို့ရဲ့နေအိမ်တွေကနေ ထွက်ပြေးတိမ်းရှောင်ရနိုင်တယ်လို့ သတိပေးထားပါတယ်။
ဂျက်စမင် ဒီယာလည်း ပါ၀င်ရေးသားပါတယ်။