ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ပထမ မြန်မာအမျိုးသမီးကမ္ဘာလှည့် ဒဂုန်ခင်ခင်လေး
- ရေးသားသူ, ဘိုဘို
- ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း
- ရေးသားခဲ့သည်။
- ဖတ်ရန်အချိန်: မိနစ် ၁၆
ဒေါ်ဒဂုန်ခင်ခင်လေးကို စာဆိုတော်၊ ရွှေစွန်ညိုနဲ့ မှော်ဆရာမှတ်တမ်း စတဲ့ နာမည်ကျော် ဝတ္တုတွေကို ရေးသားခဲ့တဲ့ ပထမခေတ်သစ် မြန်မာစာရေးဆရာမကြီးအဖြစ် လူသိများသလို ရန်ကုန် ရွှေတိဂုံစေတီကြီးက မဟာဗောဓိတန်ဆောင်းနဲ့ ဓာတ်လှေကားအလှူရှင်၊ မန္တလေးတောင်ခြေမုခ်ဦးအလှူရှင် သူဌေးမကြီးအနေနဲ့လည်း သိကြပါတယ်။ နောက် သူ့ရဲ့ ထူးခြားချက်တခုကတော့ သူ့ခေတ် မြန်မာအမျိုးသမီးတွေထဲက ရှားရှားပါးပါး ကမ္ဘာလှည့်ခရီးမှတ်တမ်းကို ၁၉၅၀ ကျော်ကတည်းက ရေးသားခဲ့တာ ဖြစ်ပါတယ်။
ဝက်မစွတ်ခင်လေးခင်ဆိုတဲ့ ငယ်နာမည်ရှိတဲ့ ဒဂုန်ခင်ခင်လေး ၁၉၈၁ က ကွယ်လွန်သွားခဲ့ပေမယ့် သူရေးခဲ့တဲ့ မှတ်တမ်းထဲက နေရာအဆောက်အအုံတွေက ကမ္ဘာတလွှားမှာ ခုထိ တည်ရှိနေပြီး သူ့ခြေရာနင်းပြီး အာရှ၊ အာဖရိက၊ လက်တင်အမေရိကနဲ့ ပစိဖိတ်မကျန် ကမ္ဘာပတ် မှတ်တမ်းတင်နေကြတဲ့ မြန်မာအမျိုးသမီးတွေလည်း မဂ္ဂဇင်းခေတ် အင်တာနက်ခေတ်တွေမှာ ပေါ်ထွက်လာပြီ ဖြစ်ပါတယ်။
အမျိုးသမီးရှေ့ဆောင် ခင်လေးခင်
မန္တလေးမှာ ၁၉၀၄ က မွေးဖွားပြီး ပဒေသရာဇ်မှူးမတ်ဟောင်းအိမ်မှာ ကြီးပြင်းခဲ့တဲ့ ဒဂုန်ခင်ခင်လေးဟာ အိမ်တွင်းမပုန်းရုံတမယ် ဖိနှိပ်ချုပ်ချယ်ခံရတဲ့ ငယ်ဘဝကို ဖြတ်သန်းခဲ့ရပါတယ်။ မိန်းကလေးဖြစ်လို့ ၁၂ နှစ်သမီးမှာ ကျောင်းထွက်ပြီး ပညာကို ဆုံးခန်းတိုင် မသင်ရတာ၊ အပြင်ထွက်ပြီး ယောက်ျားတွေနဲ့ တန်းတူအလုပ်လုပ်ခွင့်မရတာ စတဲ့ ခွဲခြားမှုတွေနဲ့ ကြုံခဲ့ရပေမယ့် ပညာရှိ ဝက်မစွတ်မြို့စားဝန်ထောက်မင်းရဲ့ မြေးဖြစ်လို့ အဘိုးဖြစ်သူရဲ့ သွန်သင်ဆုံးမမှုနဲ့ လူလားမြောက်ခဲ့ရပြီး ပေပုရပိုက်ပုံတွေကြားမှာ ကြီးပြင်းခဲ့ပါတယ်။
၁၃ နှစ်သမီးထဲက သူရိယမဂ္ဂဇင်းမှာ ကလောင်သွေးခဲ့တဲ့ ဒေါ်ခင်ခင်လေးဟာ ၁၇ နှစ်သမီးမှာတော့ မန္တလေးကနေ ကြည်တော်ဆက် အမည်နဲ့ မဂ္ဂဇင်းစာစောင်ကို ထုတ်ဝေခဲ့ပါတယ်။ နာမည်ကျော် ဒဂုန်မဂ္ဂဇင်းကြီး ထွက်စကတည်းက ပါဝင်ရေးသားခဲ့လို့ ဒဂုန်ခင်ခင်လေး ကလောင်အမည်နဲ့ ထင်ရှားလာခဲ့ပြီး ၁၉ နှစ်သမီးကတည်းက မြန်မာအဆွေ အေဝမ်းရုပ်ရှင်အတွက် ရုပ်ရှင်ဇာတ်ညွှန်းတွေ ရေးပေးခဲ့လို့ ပထမမြန်မာဇာတ်ညွှန်းဆရာမလည်း ဖြစ်ခဲ့ပါတယ်။ ၁၉၃၉ ကနေ ၁၉၄၁ ထိ ဒဂုန်ခင်ခင်လေး စာအုပ်တိုက်နဲ့ တိုင်းပြု ပြည်ပြု ပုံနှိပ်တိုက်တွေကို ဒုတိယခင်ပွန်း ဦးအုန်းခင်နဲ့အတူ တည်ထောင်ပြီး ဝတ္ထုရှည် အပုဒ် ၃ဝ လောက်ကို ရေး သားထုတ်ဝေခဲ့ပါတယ်။
ဒဂုန်ခင်ခင်လေးဟာ စာပေရှေ့ဆောင် အမျိုးသမီးဖြစ်တာနဲ့အညီ စွန့်ဦးတီထွင်မှုတွေကိုလည်း စာပေနယ်မှာ ပြုလုပ်ခဲ့ပါတယ်။ နာဇီဝါဒဆိုးဝါးပုံကို ရေးတဲ့ ကမ္ကာ့ရန်သူ ဝတ္ထုကို ဥရောပနောက်ခံနဲ့ ဒုတိယကမ္ဘာစစ်မတိုင်ခင်ကတည်းက ရေးသားခဲ့သလို စစ်ပြီးခေတ်မှာလည်း ယုဝတီဂျာနယ် ကို ထုတ်ဝေပြီး အမျိုးသမီးကလောင်အဖွဲ့ကို ဦးစီးတည်ထောင်ခဲ့ပါတယ်။
ကမ္ဘာလှည့် ဒေါ်ဒဂုန်
၁၉၅၂ နဲ့ ၁၉၅၄ မှာ ဒေါ်ခင်ခင်လေးနဲ့ ခင်ပွန်းသည် ဗမာ့ခေတ် ဦးအုန်းခင်တို့ ကမ္ဘာကို နှစ်ကြိမ်လှည့်ခဲ့ပြီး ဒုတိယအကြိမ်မှာ ရုပ်ရှင်မင်းသမီး မေရီမြင့်ပါ သူ့စရိတ်နဲ့သူ လိုက်ပါသွားပါတယ်။ အနောက်နိုင်ငံတွေအပြင် ထိုင်း၊ စင်္ကာပူ၊ အင်ဒိုနီးရှား ဘာလီကျွန်းနဲ့ ဂျပန်ကိုပါ ဒေါ်ဒဂုန် သွားပြီး ဒီခရီးအတွေ့အကြုံတွေအကြောင်း ၁၉၇၃ မှာ ကမ္ဘာလှည့် ဆောင်းပါးပေါင်းချုပ် ထုတ်ဝေခဲ့ပါတယ်။ ဒီမှတ်တမ်းတွေကို ဗမာ့ခေတ် သတင်းစာ နဲ့ ယုဝတီစာစောင်တွေမှာ ရေးသားခဲ့တဲ့ ၁၉၅၀ ကျော်နဲ့ စုပေါင်းထုတ်ဝေတဲ့ ၁၉၇၀ ကျော်ကာလနှစ်မျိုးလုံးမှာ ဒီခရီးသွားမှတ်တမ်းတွေက ခေတ်ပြိုင် မြန်မာတွေရဲ့ နိုင်ငံခြားလေ့လာစူးစမ်းမှုကို အားပေးခဲ့ပြီး ၁၉၆၂ နောက်ပိုင်း တံခါးပိတ်ခေတ်မှာတော့ ပြည်ပကို တစေ့တစောင်းကြည့်ရတဲ့ ပြတင်းတံခါးတွေ ဖြစ်ခဲ့ပါတယ်။
ဒေါ်ခင်ခင်လေးဟာ ကမ္ဘာလှည့်မှတ်တမ်းသာမက ပြည်တွင်းဆောင်းပါးပေါင်းချုပ်ကိုလည်း ရေးသားပြီး မြန်မာတွေ ကိုယ်နေတဲ့ နိုင်ငံအကြောင်း သိအောင် မျက်စိဖွင့်ပေးခဲ့ပါတယ်။ သူလှုံ့ဆော်အားပေးမှုကြောင့် ရခိုင်က ငပလီကမ်းခြေ ခေတ်စားလာပြီး အင်းတော်ကြီး၊ ပင်းတယ၊ ကျိုင်းတုံ၊ ကျိုက္ခမီ၊ မုံရွာ၊ ဇင်းကျိုက်နဲ့ မြိတ်အပါအဝင် အထက်အောက်မြန်မာပြည်တလွှား ပြည်တွင်းစစ်ဒဏ်က ရုန်းထစ နယ်မြေတွေအကြောင်း ရန်ကုန် မန္တလေး မြို့ကြီးတွေက စာဖတ်သူတွေ အာရုံစိုက်လာကြပါတယ်။
မြန်မာနဲ့ ခရီးသွားမှတ်တမ်း
ပုဂံခေတ် မြန်မာပြည်က မွန်ဂိုတပ်တွေ ဆုတ်ခွာပေးဖို့ ပေကျင်း (တယ်တူ)ကို သွားပြီး ကူဘလိုင်ခန်နဲ့ တွေ့တဲ့အကြောင်း ရေးထိုးတဲ့ ရှင်ဒိသာပါမောက် ကျောက်စာကနေ အင်းဝခေတ်က ရှင်မဟာရဋ္ဌသာရရဲ့ ရွှေစက်တော်သွားတောလား၊ ကုန်းဘောင်ခေတ်က စာဆိုတော်ဦးနုရဲ့ ဘင်္ဂလားသွားမှတ်တမ်း၊ကင်းဝန်မင်းကြီးရဲ့ လန်ဒန်မြို့သွား နေ့စဉ်မှတ်စာတမ်း၊ ကိုလိုနီခေတ်က သိပ္ပံမောင်ဝရဲ့ အောက်စဖို့ဒ်တက္ကသိုလ်၊ ကမ္ဘာလှည့်မောင်ခင်နဲ့ ပီယမောင်တို့ရဲ့ ခရီးသွားဆောင်းပါးတွေအပြင် ဂျပန်ခေတ်က ဦးဘသောင်းရဲ့ တကျွန်းသို့၊ လွတ်လပ်ပြီးခေတ်မှာ ဗိုလ်ဗကိုရဲ့ ယေးတက္ကသိုလ်ခရီးသည် စတဲ့ ပြည်တွင်းပြည်ပခရီးသွား မှတ်တမ်းတွေ သမိုင်းတလျှောက် ပေါ်ထွက်ခဲ့ပါတယ်။
ကမ္ဘာ့စစ်အေး ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ၁၉၅၀ နဲ့ ၁၉၆၀ ကျော်ခေတ်တွေမှာတော့ အရှေ့ အနောက် အုပ်စုနိုင်ငံတွေကို သွားတဲ့ ခရီး မှတ်တမ်းတွေ အပြိုင် ပေါ်ထွက်ခဲ့ရာမှာ ရွှေဥဒေါင်းရဲ့ ကိုယ်တွေ့ တရုတ်ပြည်သစ် ၊ သိန်းဖေမြင့်ရဲ့ နေရစ်တော့ ခေတ်ဟောင်း၊ ဦးဝင်းတင်ရဲ့ ကမ္ဘာနီတွင် တဒင်္ဂ၊ ဝိဓူရသခင်ချစ်မောင်ရဲ့ ကမ္ဘာလှည့် သခင်ကိုယ်တော်မှိုင်း စတဲ့ အရှေ့အုပ်စုသွား မှတ်တမ်းတွေ ထင်ရှားခဲ့ပြီး ဒဂုန်ခင်ခင်လေးရဲ့ မှတ်တမ်းတွေကတော့ အနောက်အုပ်စုနိုင်ငံတွေကို သွားတဲ့ 'လွတ်လပ်တဲ့ ကမ္ဘာ'သွား မှတ်တမ်းမျိုး ဖြစ်ပါတယ်။ ဒါကြောင့် အရှေ့အုပ်စုသွား မှတ်တမ်းတွေမှာ တွေ့ရလေ့ရှိတဲ့ ကွန်မြူနစ်ဝါဒဖြန့် အရေးအသားတွေကို ဒဂုန်ခင်ခင်လေးရဲ့ ခရီးသွားစာအုပ်တွေမှာ မတွေ့ရဘဲ အနောက်တိုင်း အရင်းရှင်နိုင်ငံကြီးတွေရဲ့ ကြွယ်ဝချမ်းသာလွတ်လပ်မှု၊ စည်းကမ်းရှိပြီး ဥစ္စာဓနကို ကြိုးစားရှာဖွေမှုစတဲ့ အနောက်အုပ်စုပုံစံ အရေးအသားတွေကို တွေ့ရမှာ ဖြစ်ပါတယ်။
လွတ်လပ်စ မြန်မာနဲ့ စစ်အေးခေတ် ကမ္ဘာ
ဒေါ်ဒဂုန်ခင်ခင်လေး ကမ္ဘာပတ်ချိန် ၁၉၅၀ ကျော်က မြန်မာပြည်မှာ ပြည်တွင်းစစ်မီး တောက်လောင်ပြီး စစ်တပ် အင်အားကြီးလာတဲ့အချိန် ဖြစ်ပါတယ်။ ကမ္ဘာမှာလည်း စစ်အေးအရှိန်တက်နေပြီး လက်ဝဲ လက်ယာ အုပ်စုတွေကြား နိုင်ငံရေး ပြိုင်ဆိုင်နေကြတဲ့ အချိန် ဖြစ်ပါတယ်။
ဒါကြောင့် လွတ်လပ်စ အာရှ အာဖရိကနိုင်ငံတွေက ခေါင်းဆောင်တွေနဲ့ စာပေ အနုပညာရှင်တွေကို အုပ်စုကြီး နှစ်ခုလုံးက အပြိုင်အဆိုင် စည်းရုံးသိမ်းသွင်း ကြပါတယ်။ ဒီလို စည်းရုံးရာမှာ ပြည်ပ ခရီးစဉ် ဖိတ်ခေါ်တာတွေလည်း ပါပါတယ်။
ဒေါ်ဒဂုန်ခင်ခင်လေးကတော့ သူ ကမ္ဘာလှည့်တာ သူများပိုက်ဆံနဲ့ မဟုတ်ဘဲ ဗမာပြည်က ကိုယ့်စရိတ်နဲ့ ကိုယ် ပထမဆုံး ကမ္ဘာလှည့် ထွက်လာတဲ့ စာရေးဆရာမ ဖြစ်တယ်လို့ နှစ်ပေါင်း ၆၀ ကိုယ်ရေး အတ္ထုပ္ပတ္တိမှာ ရေးပါတယ်။ ဒေါ်ခင်ခင်လေးက သူ့ပိုက်ဆံနဲ့ သူ သွားတာ ဖြစ်ပေမယ့် သူ့ခင်ပွန်း ဗမာ့ခေတ် ဦးအုန်းခင်ကိုတော့ အမေရိကန်က ဖိတ်ကြားပုံရပါတယ်။ တရက်ကို စောင်ရေနှစ်သောင်းကျော်တာ ထူးလို့ပေါ့နော် ဟဲဟဲ ဆိုတဲ့ စာတန်းကို မျက်နှာဖုံးမှာ တပ်ပြီး သတင်းဦး သတင်းမြူးတွေ ဝေဝေဆာဆာနဲ့ ထုတ်ဝေတဲ့ ဗမာ့ခေတ်သတင်းစာရဲ့ လူကြိုက်များမှုကလည်း အဲဒီခေတ် မြန်မာပြည်မှာ ပြောစမှတ်ဖြစ်ပါတယ်။
ဖဆပလခေတ်က ဗမာ့ခေတ်၊ အိုးဝေ၊ နေးရှင်း စတဲ့ သတင်းစာတွေဟာ အနောက်အုပ်စုနဲ့ နီးစပ်တဲ့ သတင်းစာတွေ ဖြစ်ကြောင်း တက္ကသိုလ်မြတ်သူက စာနယ်ဇင်းဘဝကြုံရသမျှမှာ ရေးပါတယ်။ စစ်အေးခေတ် ကြားနေ မြန်မာပြည်က သတင်းစာတိုက်ရှင်တွေနဲ့ အယ်ဒီတာတွေကို အရှေ့နဲ့ အနောက်နိုင်ငံတွေကို အလည်အပတ် ဖိတ်ခေါ်တာတွေ ရှိခဲ့ကြောင်း ဗမာ့ခေတ်တိုက်ထွက် ကြေးမုံဦးသောင်းက ဘီလူးတို့ရွာ စာအုပ်မှာ ရေးပါတယ်။ အမေရိကန်သမ္မတကတော်ဟောင်း အယ်လီနာ ရူးစဗဲ့ ၁၉၅၂ က မြန်မာပြည်ကို လာချိန်မှာလည်း ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်၊ ဦးအုန်းခင် စတဲ့ ထင်ရှားတဲ့ မြန်မာလူကြီးတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ အမေရိကန်မှာတော့ သူတို့မောင်နှံကို အမေရိကန်သမ္မတဟောင်း ဟားဗတ်ဟူးဗားရဲ့သား အငယ်တန်း နိုင်ငံခြားရေးဝန်ကြီး ဟူးဗားအငယ်က ဖရီးအေးရှား ကော်မတီအနေနဲ့ ညစာစားပွဲနဲ့ ဧည့်ခံပါတယ်။ ဒီကော်မတီက နောင်မှာ အာရှဖောင်ဒေးရှင်းအဖြစ် ထင်ရှားခဲ့တဲ့ စီအိုင်အေ ထောက်လှမ်းရေးနဲ့ မကင်းတဲ့ အဖွဲ့ဖြစ်ပါတယ်။
ဒေါ်ခင်ခင်လေး ကမ္ဘာလှည့်ခဲ့ချိန်မှာ အနောက်ကနေ အရှေ့ကို ပတ်ခဲ့ပြီး ရန်ကုန်ကနေ အိန္ဒိယ ကာလကတ္တား၊ အနောက်ပါကစ္စတန် ကရာချိကနေ လက်ဘနွန်၊ အီဂျစ်၊ ဂရိ၊အီတလီ၊ ပြင်သစ်၊ ဆွစ်ဇာလန်၊ အင်္ဂလန် စတဲ့ ဥရောပနိုင်ငံတွေဆီ အရောက်သွားခဲ့ပါတယ်။
ဟော်လန်၊ ဘယ်လ်ဂျီယမ်၊ ဒိန်းမတ်၊ ဆွီဒင်၊ နော်ဝေး၊ ဂျာမနီနဲ့ အမေရိကန်တပြည်လုံးအပြင် ဟာဝိုင်ယီကျွန်းနဲ့ ဂျပန်၊ ဟောင်ကောင်၊ စင်္ကာပူ၊ ယိုးဒယား၊ အင်ဒိုနီးရှားစတဲ့ အရှေ့တလွှားကို ပတ်ပြီးမှ ဗမာပြည်ကို ပြန်ဝင်ခဲ့ကြောင်း ဒေါ်ခင်ခင်လေးက ပြန်ပြောင်းရေးခဲ့ပါတယ်။ ရုရှားကို ဗီဇာ ရဖို့ ခက်လို့ မဝင်ခဲ့ရဘူးလို့လည်း ဆိုပါတယ်။ ကမ္ဘာကို နှစ်ကြိမ်ပတ်ရုံမက ၁၉၅၄ ကနေ ၁၉၅၈ အတွင်း ဂျပန်၊ ဘာလီ၊ သီဟိုဠ်၊ အိန္ဒိယ စတဲ့ အရှေ့နိုင်ငံတွေကိုပါ သူလည်ပတ်ခဲ့ပါတယ်။
သူတို့အဖွဲ့ ဂရိကို ရောက်တော့ မြန်မာ နိုင်ငံကူးလက်မှတ်ကို မမြင်ဖူးလို့ အထူးအဆန်းကြည့်ကြပြီး လက်ဘနွန်မှာ မြန်မာလို ဝတ်စားသွားတဲ့အခါမှာလည်း ဝိုင်းကြည့်ကြတယ်လို့ ဒဂုန်ခင်ခင်လေးက ရေးပါတယ်။ လွတ်လပ်စ နိုင်ငံငယ်တခုက နိုင်ငံသူနိုင်ငံသားတွေအနေနဲ့ ကမ္ဘာကို ဆက်သွယ်စူးစမ်းလိုတဲ့စိတ်ကြောင့် ဒီလိုလှည့်လည်ခဲ့ကြတာ ဖြစ်ပြီး ဒီခရီးသွားအတွေ့အကြုံတွေကို စုစည်းကာ ကမ္ဘာလှည့်ခရီးသည်နဲ့ ကမ္ဘာလှည့်ဆောင်းပါးပေါင်းချုပ် ဆိုတဲ့ ခရီးသွားမှတ်တမ်းတွေကိုလည်း ဒေါ်ခင်ခင်လေး ပြုစုထားရစ်ခဲ့ပါတယ်။
ဒီစာအုပ် မတိုင်ခင်က မြန်မာတွေ နိုင်ငံခြားသွားကြတဲ့ မှတ်တမ်း တချို့တလေ ရှိခဲ့ပေမယ့် ကမ္ဘာကို စုံစုံစေ့စေ့ သွားတာကတော့ ဒဂုန်ခင်ခင်လေးက အစ ဖြစ်ပါတယ်။ ၁၉၅၅ မှာ ခင်ပွန်းသည်နဲ့အတူ ဆိုင်ကယ်နဲ့ ရန်ကုန်ကနေ လန်ဒန်ကို ခရီးပြင်းနှင်ခဲ့တဲ့ ကမ္ဘာလှည့်ဒေါ်တင်တင်စိန်ကို နောက်ပိုင်းခေတ်မှာ ပို လူသိများပေမယ့် အရင် နှစ် ၇၀ ကျော်ကတော့ ဒေါ်ခင်ခင်လေးကို ပိုပြီး လူသိများပါတယ်။
သင်္ဘောကြီး၊ မိုးမျှော်တိုက်ကြီးတွေနဲ့ အနောက်ကမ္ဘာ
ဒေါ်ခင်ခင်လေးတို့ ကမ္ဘာလှည့်ချိန်က ဒုတိယကမ္ဘာစစ်ပြီးစ ပေါ်ခါစ ဂျက်လေယာဉ်တွေနဲ့ ခရီးသွားတဲ့ဓလေ့ ခေတ်စားလာတဲ့အချိန် ဖြစ်ပြီး အရင်ခေတ်ကလို သင်္ဘောတွေနဲ့ သီတင်းပတ်တွေချီပြီး ကြာတဲ့ သမုဒ္ဒရာခရီးစဉ်တွေ မဟုတ်တော့ပါဘူး။ ဒါပေမဲ့လည်း လူကုံထံပိုင်းကတော့ ကွင်းမေရီနဲ့ ကွင်းအဲလစ်ဇဘက်တို့လို ဇိမ်ခံ သင်္ဘောကြီးတွေနဲ့ ကမ္ဘာလှည့်ကြတုန်း ဖြစ်ပါတယ်။ ကွင်းမေရီ သင်္ဘောကြီးနဲ့ ဗြိတိန်ကနေ အမေရိကန်ကို ကူးခဲ့တဲ့အကြောင်း ဒေါ်ဒဂုန်ခင်ခင်လေး စာဖွဲ့ပြခဲ့ပြီး မြန်မာထဲမှာ ဒီလို ဇိမ်ခံသင်္ဘောနဲ့ ခရီးသွားတဲ့အကြောင်း မှတ်တမ်းပြုခဲ့သူက ဒေါ်ခင်ခင်လေးပဲ ရှိလောက်ပါတယ်။
ရေကူးကန်၊ ရုပ်ရှင်ပြခန်း၊ စာကြည့်ခန်း၊ အားကစားခန်း၊ ယမကာ လက်ဖက်ရည်သောက်ခန်းတွေအပြင် စားပွဲခန်းမကြီးနဲ့ ကုန်ဆိုင်တွေ တသီတတန်းကြီးပါတဲ့ ကွင်းမေရီသင်္ဘောကြီးပေါ်မှာ ပထမတန်းနဲ့ သာမန်ခရီးသွားတွေအတွက် လျှပ်စစ်လှေကားကအစ သီးသန့်စီခွဲပြီး စီစဉ်ဆောင်ရွက်ပေးထားကြောင်း ဒေါ်ခင်ခင်လေး ရေးသားခဲ့ပါတယ်။ သူတို့ ထမင်းစားပွဲ စားပွဲခုံနံပါတ် ၁၄၅ နဲ့ ဓားလွယ်ခုတ်မှာ ကုလသမဂ္ဂသွားမယ့် ရုရှားကိုယ်စားလှယ်ကြီး ဗီရှင်စကီးတို့ မိသားစု စားတဲ့အကြောင်း၊ တခြား မျက်နှာဖြူအမျိုးသမီးတွေလို ဗီရှင်စကီးရဲ့ ဇနီးနဲ့ သမီးတို့ ပြင်ဆင်ဖီးလိမ်းမလာကြဘဲ အဝတ်နက်တစုံထဲကို ရိုးရိုးဝတ်ပြီးလာစားကာ သုတ်သုတ်ပြန်သွားကြကြောင်း ဒေါ်ခင်ခင်လေးက စာရေးဆရာမ မျက်လုံးနဲ့ ရေးသားခဲ့ပါတယ်။ လူ သုံးလေးထောင်ပါတဲ့ သင်္ဘောကြီးပေါ်က လျှပ်စစ်လှေကားမောင်းတဲ့ အင်္ဂလိပ်က ရန်ကုန် စိန်ပေါကျောင်းမှာ နေခဲ့ပြီး ဗမာတွေကို တွေ့ရလို့ အတော် ဝမ်းသာသွားပုံရတယ်လို့လည်း ဆိုပါတယ်။
နယူးယောက်က မိုးထိအောင်မြင့်တဲ့ အထပ်ရာကျော် မိုးမျှော်တိုက်ကြီးတွေနဲ့ မေစီလို ကုန်ပဒေသာတိုက်ကြီးတွေအကြောင်းလည်း တခြား ခေတ်ပြိုင် အမေရိကန်သွား မြန်မာမှတ်တမ်းတွေမှာလိုပဲ ဒေါ်ခင်ခင်လေး ရေးဖွဲ့ခဲ့ပါတယ်။ နယူးယောက်မြို့က အင်ပါရာစတိတ်၊ ခရိုက်စလာ၊ ရောက်ဖဲလား၊ ဝူးလ်ဝေါ့၊ ပဉ္စမရိပ်သာ အမှတ် ၅၀ဝ ၊ မီထရိုပိုလီတန်လိုက်ဖ်၊ ဝေါလ်ဒေါ့ အက်တိုရီးယား စတဲ့ ဒဂုန်ခင်ခင်လေး ရောက်ဖူး တွေ့ဖူးခဲ့တဲ့ မိုးထိုးကျောက်ပြသာဒ်ကြီးတွေလည်း ခုထိ ထင်ထင်ရှားရှား ရှိနေဆဲ ဖြစ်ပါတယ်။
ဒီဘုံဆောင် အဆင့်ဆင့်နဲ့ ချွန်ချွန်မြင့်မြင့် မိုးထိ အဆောက်အဦကြီးတွေကို တိမ်လွှာ တိမ်တိုက်တွေက ရစ်သိုင်းထွေးပိုက်ထားတဲ့အခါမှာ စိတ်ကူးယဉ် ဆုတောင်းခန်းက နတ်နန်း၊ နတ်ဘုံတွေကို ညွှန်ပြရာဖြစ်တဲ့ ရှေးဗမာ ပန်းချီဆရာတွေရဲ့ လက်ရာပန်းချီကားတွေကို ကွက်ခနဲ သွားသတိရမိတယ်လို့လည်း ဒေါ်ခင်ခင်လေးက စာဖွဲ့ခဲ့ပါတယ်။ မြန်မာပြည်ကို ကိုလိုနီခေတ်က လာခဲ့တဲ့ အမေရိကန် ရေနံတွင်းတူး အင်ဂျင်နီယာတွေ ဝယ်သွားတဲ့ ပန်းချီကားတွေကနေ အတွေးစရပြီး ဒီမိုးမျှော်တိုက်တွေကို ဆောက်ခဲ့သလားလို့လည်း ဒေါ်ဒဂုန်က ကလောင်ကွန့်ခဲ့ပါတယ်။
နယူးယောက်၊ ချီကာဂို၊ ဝါရှင်တန်၊ ဆန်ဖရန်စစ္စကို စတဲ့ မြို့ကြီးတွေသာမက အာရီဇိုးနား၊ ယူးတား၊ နိုင်ယာဂရာ၊ ဂရင်းကင်ညွန် စတဲ့ နေရာစုံက တောကြီး တောင်ကြီးတွေနဲ့ ရွှေတွင်း၊ ကြေးနီတွင်း၊ ဆားရေကန်ပါမကျန် ဒေါ်ခင်ခင်လေးတို့ လှည့်လည်ကြည့်ရှုခဲ့ကြပါတယ်။ မြန်မာက အမေရိကန်ကို သိဖို့သွားတဲ့ ခရီးမှာ မြန်မာကို အမေရိကန်က သိအောင် မိတ်ဆက်လှည့်လည်တာလည်း ဖြစ်လို့ ကမ္ဘာအရပ်ရပ်က လွတ်လပ်စနိုင်ငံငယ်တွေကို ကွန်မြူနစ်ဘက် မယိုင်အောင် စည်းရုံးပြသတဲ့ ခရီးတမျိုး ဖြစ်ပါတယ်။ အမေရိကန်ရဲ့ ကြွယ်ဝခမ်းနားမှုကို ကြည့်ရင်း ဝမ်းပါးတာတွေကို ဒေါ်ခင်ခင်လေး ရေးသလို မနှစ်သက်တာတွေကိုလည်း သူ ထောက်ပြပါတယ်။
သူနဲ့ ခေတ်ပြိုင် မြန်မာ လက်ဝဲစာရေးဆရာတွေရဲ့ ဆိုဗီယက်နဲ့ တရုတ်နီသွား မှတ်တမ်းတွေမှာ ကွန်မြူနစ်တိုင်းပြည်တွေရဲ့ အောင်မြင်တိုးတက်မှုတွေကို စာဖွဲ့နေချိန်ဖြစ်လို့ ဒဂုန်ခင်ခင်လေးမှတ်တမ်းထဲက အမေရိကန်ပြည်က လူဖြူနဲ့ လူမည်း စွမ်းအားရှိသလောက် ပြိုင်ဆိုင်တိုးတက်မှု ရှာဖွေနိုင်တဲ့ တိုင်းပြည်ကြီး ဖြစ်နေပါတယ်။ ကြိုးစားရင် လူမည်းသူဌေးမောင်နှံကို လူဖြူယာဉ်မောင်းက မောင်းပို့တာကို တွေ့နိုင်တဲ့ တိုင်းပြည်လို့လည်း ဆိုပါတယ်။ အဲဒီခေတ် အမေရိကန်မှာ ကြုံနေရတဲ့ လူမည်းအခွင့်အရေး တောင်းဆိုမှုတွေအကြောင်းကိုတော့ ဒေါ်ခင်ခင်လေး မတို့ထိခဲ့ပါဘူး။
မြန်မာပြည်သို့ လည်ပြန်ကြည့်
ဒီလို ခရီးထွက်ရင်း ရလာတဲ့ ဒေသန္တရ ဗဟုသုတတွေကို ပြန်ရေးပြရင်း မြန်မာပြည်မှာ ပြုပြင်သင့်တဲ့ အချက်တွေကိုလည်း သူ ထောက်ပြပါတယ်။
ဥပမာ အားဖြင့် သူ ရောက်ခဲ့တဲ့ လန်ဒန်မှာ သန့်ရှင်းသပ်ရပ်တဲ့အတွက် မြန်မာပြည်မှာလည်း ငါးနှစ်လောက် အချိန်ယူ ပြုပြင်လိုက်ရင် သန့်ရှင်းသွားမယ်လို့ ဒေါ်ခင်ခင်လေးက ယူဆပါတယ်။ လန်ဒန်ဟိုတယ်တွေမှာ ပေါင်မုန့်၊ အာလူး၊ အသားနဲ့ အချိုပွဲကို နာမည်အမျိုးမျိုးတပ်ပြီး ပြောင်းလဲကျွေးပေမယ့် အချိန်မှန်မှန် ကျွေးတာဖြစ်လို့ အစာကျေညက်ပြီး စားနိုင်သောက်နိုင် ဖြစ်ခဲ့ကြောင်း ရေးပြပြီး အစားအသောက်မျိုးစုံကို စားချိန်တဲ့အချိန်မှာ စားကြတဲ့ မြန်မာဓလေ့ကို ပြင်သင့်ကြောင်း ဒေါ်ခင်ခင်လေးက သွယ်ဝိုက် ထောက်ပြပါတယ်။ နောက်ပြီး အဲဒီခေတ် ဗြိတိန်နဲ့ အနောက်တိုင်းမှာ သားငါး အသီးအရွက်တွေကို မပုပ်မသိုးအောင် သိမ်းတဲ့ အအေးသေတ္တာ အိမ်တိုင်းထားနိုင်လို့ တပတ်စာ စျေးဝယ်ထားလို့ ရပြီး အိမ်ရှင်မမှန်ရင် ချမ်းသာဆင်းရဲမရွေး ထင်းမခွဲ၊ မီးတောက်အောင် ယပ်မခတ်ရ၊ မီးမမှုတ်ရဘဲ စက်ခလုပ်နှိပ်ရုံနဲ့ ကိစ္စပြီးတဲ့ ခေတ်မီမီးဖိုတွေ ရှိကြောင်း ဒေါ်ခင်ခင်လေးက စာရေးဆရာမပီပီ လေ့လာကြည့်ရှု ရေးသားခဲ့ပါတယ်။
တခါ အင်ဒိုနီးရှား တက္ကသိုလ်တွေမှာ ကျောင်းသူတွေ နှုတ်ခမ်းဆိုး၊ အမောက်ထောင်၊ ဆံပင်ကောက်၊ အင်္ကျီလက်ပြတ်ဝတ်တာတွေ ခွင့်မပြုဘဲ ဦးထုပ်ချွန်ချွန်ကြီးဆောင်းပြီး ကျောင်းဝတ်စုံရိုးရိုးနဲ့ အတန်းတက်ရတာကိုလည်း ဒေါ်ခင်ခင်လေး ထောက်ပြပြီး ကျောင်းသူထုနဲ့ ပညာရေးဌာနကို ဝိုင်းပြီး တိုက်ဖျက်ဖို့ စိတ်ကူးမမှားကြဘူးလို့ ဆိုပါတယ်။ ခေတ်မီ ထုံးဖွဲ့မှုကို အားမပေးတဲ့ မြန်မာလူကြီးသူမစိတ်ဓာတ်ဟာ လွတ်လပ်ပြီးခေတ် ဒဂုန်ခင်ခင်လေးတို့အရွယ် စာပေသမားတွေမှာ ရှိတတ်သလို နိုင်ငံရေးပိုင်းနဲ့ စစ်ဘက်မှာလည်း ရှိခဲ့ပါတယ်။ ဒီလိုအတွေးအမြင်တွေကြောင့်ပဲ ၁၉၆၂ အာဏာသိမ်းပြီးနောက်ပိုင်း ကျောင်းသူကျောင်းသား ဝတ်စားဆင်ယင်မှုကို ချုပ်ချယ်ကန့်သတ်တာတွေ ရှိလာပြီး ကျောင်းသားအခွင့်အရေးတွေကို ရုပ်သိမ်းမှုကြောင့် ဆဲဗင်းဇူလိုင်နဲ့ တခြား ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။
ဒါ့အပြင် ဂျပန်၊ ဖိလစ်ပိုင်၊ မက္ကဆီကိုနဲ့ အင်ဒိုနီးရှား ဘာလီကျွန်းတွေမှာ လက်မှုအနုပညာတွေ ထွန်းကားပြီး ပြည်ပကို တင်ပို့နိုင်သလို မြန်မာပြည် အလယ်ပိုင်း ထန်းတောနဲ့ အောက်ပိုင်းက မြက်ရိုင်းတောတွေထဲမှာ အလုပ်မရှိ ဖြစ်နေကြတဲ့ အမျိုးသမီးတွေကိုလည်း ဒီလို လက်မှုပစ္စည်း ထုတ်တဲ့ အလုပ်တွေ ရစေချင်ကြောင်း၊ မြန်မာပြည်က ပုသိမ်ထီးနဲ့ ကတ္တီပါဖိနပ်၊ လွတ်အိတ်၊ ပိုးစောင်၊ အချိတ်လုံချည်တွေကို မြင်ရင် နိုင်ငံခြားသူတွေ ငမ်းငမ်းတက် ဝိုင်း ကိုင်ကြည့်ပြီး ရောင်းမလား မေးကြကြောင်း ဒေါ်ခင်ခင်လေး ရေးခဲ့ပါတယ်။ ဟာဝိုင်ယီကျွန်းက အုန်းရွက်နဲ့ ရက်တဲ့ ဦးထုပ်ကြမ်းကို တဒေါ်လာပေးပြီး အမေရိကန်က 'ငွေဖြုန်းမ' တွေက ဝယ်တယ်လို့လည်း ဒဂုန်ခင်ခင်လေးက ရေးပြပါတယ်။ ဗမာငွေနဲ့ ဆိုရင် အနည်းဆုံး ခြောက်ကျပ်လောက် တန်တယ်လို့လည်း ဆိုပါတယ်။
ပြင်သစ်ရောက်တော့ ဗမာပြည်က မိတ်ဆွေအမျိုးသမီးတွေအတွက် ကုန်တိုက်ကြီးတွေက ဘရိုကိတ်ခေါ် ရွှေဇာပြင်၊ ငွေဇာပြင်နဲ့ ရက်တဲ့ လုံချည်စတွေကို လိုက်ရှာရပါတယ်။ ဈေးနှုန်းက တမီတာကို ဖရန့်ဒင်္ဂါးနှစ်ထောင်က သုံးထောင်ထိရှိပြီး ဖရန့်ဒင်္ဂါး တထောင့်ငါးရာကို ဗမာငွေ ၁၄ ကျပ်- ၁၅ ကျပ်လောက် ရှိမယ်လို့ ဒေါ်ခင်ခင်လေးက တွက်ပြပါတယ်။ စစ်ဒဏ်က ကုန်းရုန်းထနေရတဲ့ စတုတ္ထသမ္မတနိုင်ငံခေတ် ပြင်သစ်မှာ တခြား ရောင်းကုန်ပစ္စည်းတွေ ဈေးကြီးပေမယ့် ရေမွှေးကတော့ ဗမာငွေနဲ့တွက်ကြည့်ရင် ဈေးပေါတယ်လို့လည်း ဆိုပါတယ်။
သူနဲ့ခေတ်ပြိုင် အမျိုးသားစာရေးဆရာတွေက နိုင်ငံရေး၊ စစ်ရေး၊ သဘောတရားရေးနဲ့ စီးပွားရေးအကြောင်းတွေ ပိုရေးကြပေမယ့် စစ်ကြီးမဖြစ်ခင်က ထဘီဆေးရေးအလုပ်နဲ့ စီးပွားဖြစ်ဖူးတဲ့ ဒဂုန်ခင်ခင်လေးကတော့ စာရေးဆရာမမျက်စိနဲ့ အင်ဒိုနီးရှားပါတိတ်လုပ်ငန်း၊ ကမ္ဘာလှည့်ခရီးသွားတွေကြား လူကြိုက်များတဲ့ ဘာလီက မျောက်ကနဲ့ ဟာဝိုင်ယီက ဟူလာအကတွေအပြင် အမေရိကန် အာရီဇိုးနားက တိုင်းဦးသား နာဗာဂျိုလှပျိုဖြူတွေရဲ့ ဝတ်စားဆင်ယင်မှုပါ မကျန် ရေးဖွဲ့ပြပြီး ရိုးရာ ခရီးသွားလုပ်ငန်းတိုးတက်ဖို့ ဆော်သြခဲ့ပါတယ်။
ဒါတင်မက အနောက်တိုင်းက နာမည်ကျော် ပြတိုက်ကြီးတွေနဲ့ ရဲတိုက်၊ နန်းတော်ကြီးတွေမှာ ရှေးဟောင်း ပစ္စည်းတွေကို အမြတ်တနိုးပြထားတာတွေကို တွေ့ရင်လည်း မြန်မာပြည်မှာ ပြတိုက်ကြီးတွေ ပေါ်ထွန်းစေချင်တယ်လို့ သူက ဆန္ဒပြုပါတယ်။ ဒေါ်ခင်ခင်လေး ကမ္ဘာလှည့်တဲ့ ခေတ်က ရန်ကုန်မှာ အမျိုးသားပြတိုက် ထူထောင်စ အချိန် ဖြစ်ပါတယ်။ စစ်ဒဏ်နဲ့ ထိန်းသိမ်းမှု အားနည်းမှုကြောင့် မြန်မာရှေးဟောင်း အမွေအနှစ်တွေ ပပျောက်လုမတတ် ဖြစ်နေတာကို မချင့်မရဲ ဖြစ်တဲ့ ဒေါ်ခင်ခင်လေးဟာ လန်ဒန်ပြတိုက်ကြီးရောက်တော့ ဗမာပုရပိုက်ဖြူပေါ်မှာ ဆေးရောင်စုံနဲ့ မင်းခမ်းမင်းနား ထွက်တော်မူဟန်ကအစ ဇာတ်နိပါတ်တော်တွေ ရေးခြယ်ထားတာကို ကြည့်ခဲ့ရပါတယ်။ လန်ဒန်ပြတိုက်မှာ အထားအသိုကောင်းလို့ သူ့ဆီမှာ ရှိတဲ့ တိုင်တားမင်းကြီးရဲ့ ပုရပိုက်ဖြူထက် သစ်လွင်နေတယ်လို့လည်း မှတ်ချက်ချပါတယ်။ သုံးဆယ်၊ မြင်းခုန်တိုင် စတဲ့ မင်းတုန်းမင်း သားတော် မင်းသားတွေနဲ့ ကြင်ရာဇနီး သားသမီးတွေပုံကို ဆရာကွယ် ရေးဆွဲတဲ့ ပန်းချီကားတွေကိုလည်း လန်ဒန်မှာ ကြည့်ခဲ့ရတယ်လို့ ဆိုပါတယ်။
ပါးလ်စ်ဘတ်၊ ဦးနေဝင်း ခမည်းခမက်နဲ့ ဒဂုန်ခင်ခင်လေး
ဒဂုန်ခင်ခင်လေးဟာ ရောက်လေရာမှာ နာမည်ကျော် ပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံတဲ့အထဲ ဟောလီးဝုဒ် စတူဒီယိုတွေက ဂျွန်အာလေးဆန်း၊ တိုနီကားတစ် စတဲ့ နာမည်ကျော် ရုပ်ရှင်မင်းသား မင်းသမီးတွေလည်း ပါပါတယ်။ နောက်ပြီး သူကိုယ်တိုင် စာရေးဆရာမ ဖြစ်လို့ ကမ္ဘာကျော် နိုဘယ်ဆုရ စာရေးဆရာမကြီး ပါးလ်စ်ဘတ်နဲ့လည်း နယူးယော့မှာ တွေ့ဆုံခဲ့ပါတယ်။ ဒီလို တွေ့ဆုံချိန်မှာ ဒဂုန်ခင်ခင်လေးရဲ့ စာဆိုတော် နန်းတွင်း ဝတ္ထုကြီးကို အင်္ဂလိပ်လို ပြန်ဆိုပြီးအမေရိကန်မှာ ထုတ်ဝေချင်လို့ ပို့ပေးဖို့အကြောင်း ပါးလ်စ်ဘတ်က ပြောခဲ့တယ်လို့ ဆိုပါတယ်။ စာဆိုတော် ဘာသာပြန် မထွက်ခဲ့ပေမယ့် ပါးလ်စ်ဘတ်ရဲ့ နာမည်ကျော် တရုတ်ပြည်နောက်ခံ မြေပဒေသာ ဝတ္ထုကြီးကိုတော့ ဒဂုန်ခင်ခင်လေးအမည်နဲ့ ဒုတိယကမ္ဘာစစ်အတွင်းက မြန်မာလို ပြန်ဆို ထုတ်ဝေခဲ့ပါတယ်။
နာမည်မကျော်ပေမယ့် သူမတွေ့ဆုံနိုင်ခဲ့တဲ့ မြန်မာအမျိုးသမီးတဦး အကြောင်း ကိုလည်း ဒေါ်ခင်ခင်လေး မှတ်မှတ်ရရ ရေးခဲ့ပါတယ်။ ဒေါ်ခင်ခင်လေး တို့ ဆန်ဖရန်စစ္စကိုကို ရောက်တဲ့အကြောင်း အမေရိကန် သတင်းစာတွေမှာ ပါလာချိန်မှာ လာပြီး ဆက်သွယ်တဲ့ အမျိုးသမီး ဖြစ်ပြီး အမေရိကန် စစ်သားတဦးနဲ့အတူ မြန်မာပြည်က လိုက်လာသူ ဖြစ်ပါတယ်။ အချိန်မရလို့ မတွေ့ခဲ့ကြပေမယ့် ဖုန်းဆက်ခဲ့ရကြောင်း ဒေါ်ခင်ခင်လေးက ရေးပါတယ်။
ဒဂုန်ခင်ခင်လေးတို့ကို ကြိုဆိုဧည့်ခံကြတဲ့အထဲ အမေရိကန် အစိုးရကိုယ်စားလှယ်တွေနဲ့ လွှတ်တော်အမတ်တွေ ပါသလို အမေရိကန်ရောက် မြန်မာတွေလည်း ပါပါတယ်။ နယူးယောက်နားက ဟိုဝီဂေဗင် လိုဏ်ဂူကို အမေရိကန် အသံလွှင့်ဌာနက မခင်လေးနဲ့ ပညာတော်သင် မောင်မျိုးဆွေ၊ မောင်ခင်စီတို့က ဒဂုန်ခင်ခင်လေးတို့ကို လိုက်ပို့သလို ကယ်လီဖိုးနီးယားက ဆန်တာမော်နီကာကမ်းခြေကိုတော့ မြန်မာပြည်က ရုပ်ရှင်ပညာသင် ကျောင်းသားတွေ ဖြစ်ကြတဲ့ မောင်နေဝင်း၊ မောင်သန်းအောင်နဲ့ မောင်ခင်မောင်လတ်တို့ လိုက်ပို့ကြပါတယ်။ မောင်နေဝင်းဟာ ဗြိတိသျှဘားမားခေါ် ညွန့်မြန်မာရုပ်ရှင်ကုမ္ပဏီက သားဖြစ်ပြီး မောင်ခင်မောင်လတ်ကတော့ မြန်မာရုပ်ရှင်ဖခင်ကြီး လန်ဒန်အတ် ဦးအုန်းမောင်ရဲ့ သမက်ဖြစ်သလို အဆိုတော် မင်းမင်းလတ်ရဲ့ ဖခင်လည်း ဖြစ်ပါတယ်။
မြန်မာပြည်က အမေရိကန် ဝါရှင်တန်ဒီစီကို ရောက်နေကြတဲ့ ပညာမင်းကြီး ဦးချိုနဲ့ စက်ရှင်မင်းကြီး ဦးညိုစတဲ့ မြန်မာဧည့်သည်တွေကလည်း ဒဂုန်ခင်ခင်လေးတို့နဲ့အတူ ဝါရှင်တန်သံရုံးက ဦးစိန်ဘွား၊ ဝါရှင်တန်မှာပဲ ကိုယ်ပိုင်အလုပ်လုပ်နေတဲ့ ဦးခင်-အီဗွန်းခင် စတဲ့ မြန်မာမိတ်ဆွေတွေဆီ သွားရောက်လည်ပတ်ကြပါတယ်။
ပြင်သစ်နိုင်ငံ ပဲရစ်မြို့တော်မှာတော့ နောင်မှာ သမ္မတဦးနေဝင်းနဲ့ ခမည်းခမက် ဖြစ်လာမယ့် မြန်မာသံအမတ် ဦးဇော်ဝင်းတို့ ဇနီးမောင်နှံက ဒဂုန်ခင်ခင်လေးတို့ကို ဧည့်ခံကြိုဆိုကြသလို နန်းရင်းဝန်ဟောင်း ဆာပေါ်ထွန်းရဲ့ သမက် အမေရိကန်သံရုံးအတွင်းဝန် မစ္စတာ စပီးဗက်နဲ့ သူ့ရဲ့ ရခိုင်-အမေရိကန်ဇနီးသည် ဖလောရင့်စပီးဗက်တို့က ဧည့်ဝတ်ပြုကြပါတယ်။ ဆာပေါ်ထွန်းနဲ့ လေဒီပေါ်ထွန်းတို့ သမီး ဖလောရင့်ဟာ အင်္ဂလိပ်လိုဝတ်ပေမယ့် ဗမာစကားကို ရခိုင်သံမပါ၊ ဗမာလေယူလေသိမ်းနဲ့ ပြတ်ပြတ် သားသား ပြောဆိုနိုင်ရုံမက အင်မတန်လည်း သွက်လက်ဖော်ရွေတယ်လို့ ဒဂုန်ခင်ခင်လေးက မှတ်ချက်ချပါတယ်။
ပြင်သစ်ကနေ အမေရိကန်ကို အကူး နယူးယောက်ကို ကြိုရောက်နေတဲ့ စာကြည့်တိုက်မှူး ဗိုလ်သိန်းဆွေမှာတဲ့ ပုသိမ်ထီးရှည်ကြီးသုံးစင်းနဲ့ တခြားလူကြုံပစ္စည်းတွေအတွက် ဒေါ်လာ နှစ်ဆယ်နီးပါး အလေးချိန်ပိုကြေး ပေးလိုက်ရတဲ့အကြောင်းကိုလည်း ဒေါ်ခင်ခင်လေးက ရေးပါတယ်။
မြန်မာ အလွမ်းပြေထမင်းဟင်း
မြန်မာ အမျိုးသမီး ဖြစ်တဲ့ ဒဂုန်ခင်ခင်လေး ရောက်လေရာမှာ ပြည်ပရောက် မြန်မာတွေနဲ့ တွေ့ဆုံတဲ့အခါ သူတို့ တည်ခင်း ဧည့်ခံတဲ့ မြန်မာအစားအသောက် တွေကို စားခဲ့ရပါတယ်။ လန်ဒန်မှာ ဘီဘီစီ ဦးတင်မောင်က မြန်မာဧည့်သည်တွေအတွက် မိနစ်ပိုင်းအတွင်း စည်သွပ်ဗူးတွေကို ဖောက်၊ ဆီသပ်ပြီး ချက်တဲ့ သားငါးဟင်းလျာ အကြော်အကျစ် အစုံနဲ့ မြန်မာထမင်းပွဲကြီး ချက်ပြီး ဧည့်ခံသလို ဝါရှင်တန်မှာလည်း မြန်မာသံအမတ်ကြီး ဂျိမ်းစ် ဘယ်ရင်တန်တို့ မောင်နှံက ဒဂုန်ခင်ခင်လေးတို့ကို အုန်းထမင်း၊ သနပ်စုံနဲ့ ကြက်သွန်ပေါင်းကြော် စတဲ့ မြန်မာ ထမင်းပွဲနဲ့ ဧည့်ခံပါတယ်။ နယူးယော့မှာတော့ ကုလသမဂ္ဂ အစည်းအဝေး တက်ဖို့ ရောက်နေကြတဲ့ ဦးသန့်၊ ဗိုလ်ခင်မောင်နဲ့ ပန်းချီဦးစံဝင်း စတဲ့ မြန်မာမိတ်ဆွေတွေကို ဒဂုန်ခင်ခင်လေးက မုန်လာချဉ်ရည်၊ ငါးပိစိမ်းစားချက်၊ တို့စရာ၊ ပုစွန်ဆီပြန်၊ ဆယ့်နှစ်မျိုးဟင်းချို စတဲ့ ဟင်းမယ်အစုံအလင်နဲ့ သူများအိမ်မှာ ချက်ပြီး ကျွေးမွေးပါတယ်။
ဒီဟင်းလျာတွေအပြင် ချင်းသုပ်နဲ့ပါ ကျွေးချင်လို့ ကြက်သွန်ဖြူကို ဥလိုက် ရေနွေးနဲ့ပြုတ်ပြီးမှ အခွံခွာပြီး ဥအတိုင်းလိုက် ဆီပူပူနဲ့ ကြော်တဲ့ နန်းတွင်းသူတွေ စားတဲ့ ကြက်သွန်ဆီထွေးကြော်တွေ ကြော်ပြီး ချင်းသုပ်သုပ် ကျွေးခဲ့ပါတယ်။ ဆန်ဖရန်စစ္စကိုမှာတော့ ဟိုတယ်ခန်း ကော်ဇော ပေါ်မှာ သတင်းစာ စက္ကူခင်းပြီး အမေရိကန်ဆိုင်က ကြက်ကြော်၊ ထမင်းနဲ့ အသီးအရွက်တွေ ဝယ်ပြီး ပါလာတဲ့ ငါးပိကြော်ဗူးကို ဖွင့်စားကာ ငါးပိနှုတ်ဆက်ပွဲ လုပ်ခဲ့ပါတယ်။
မြန်မာပြည်ကို လွမ်းနေတဲ့ စင်္ကာပူက အိန္ဒိယစားပွဲထိုးအမျိုးသားကြီးကတော့ အမတို့ နောက်တခါလာရင်ကြံသကာလေးတပြားလောက် ဆွဲခဲ့ပါ အမရယ်လို့ ဒဂုန်ခင်ခင်လေးကို မှာဖူးပါတယ်။ အဲဒီအချိန်က ဗမာငွေတရာကို မှောင်ခိုစျေးမှာ စင်္ကာပူ ၃၅ ဒေါ်လာစျေးပေါက်တဲ့အကြောင်းကိုလည်း ဒေါ်ခင်ခင်လေးက မမေ့မလျော့ ရေးပြခဲ့ပါတယ်။
မြန်မာစားစရာတွေကို မမေ့တဲ့ ဒေါ်ခင်ခင်လေးဟာ တဘက်မှာလည်း နိုင်ငံခြားခရီးတွေမှာ စားခဲ့ရတဲ့ ထူးထူးဆန်းဆန်း စားစရာတွေအကြောင်း ရေးပြပါတယ်။ ဒီလိုနဲ့ ပဲရစ်မြို့က နာမည်ကြီး ပြင်သစ် ဖားကြော်နဲ့ ဘဲကင်၊ ထင်းချောင်းလို ရှည်တဲ့ ပြင်သစ်ပေါင်မုန့်ကြီးတွေအပြင် ဟာဝိုင်ယီကျွန်းက မဟီမဟီငါးဟင်းနဲ့ တပေလောက် ရှိတဲ့ ကျောက်ပုစွန်ထုပ်နီကြီးတွေ၊ ဂျပန်မှာ တယောက်ကို ယန်း ၁၅၀၀ (ဗမာငွေ နှစ်ဆယ်ကျော်) ပေးပြီး စားရတဲ့ နာမည်ကြီး တင်ပူရာကြော်နဲ့ အဖိုးနည်းတဲ့ ဆူကီယာကီဟင်းတွေအကြောင်းလည်း ဒေါ်ဒဂုန် စာဖွဲ့သီခဲ့ပါတယ်။ ဂျပန်မှာ လူကြိုက်များပေမယ့် သူ မစားတတ်တဲ့ ငါးကြီးသား ရေခဲစိမ်အစိမ်းတုံးကို မျိုမရလို့ ဒုက္ခရောက်ရကြောင်းလည်း ရေးပါတယ်။ အင်ဒိုနီးရှားက မြန်မာနဲ့ နီးစပ်တဲ့ အုန်းဆီ၊ ပဲငံပြာရည်၊ မြေပဲကြော်တွေနဲ့ ချက်တဲ့ ဟင်းလျာသနပ်တွေနဲ့ ဖာလူဒါလိုလို မုန့်လက်ဆောင်းလိုလို အချိုပွဲတွေအပြင် ကိုပြော့အံဖတ်ခေါ် အုန်းသီးရေခဲမုန့်အကြောင်းပါမကျန် ဒေါခင်ခင်လေး ရေးပြခဲ့ပါတယ်။
အဆိုးအကောင်း နိုင်ငံခြားအကြောင်း
မြန်မာပြည်မှာ စစ်အစိုးရ မတက်ခင် လွတ်လပ်တဲ့ ကာလက ရေးခဲ့တဲ့ ခရီးသွား မှတ်တမ်းဖြစ်လို့ ဒဂုန်ခင်ခင်လေးရဲ့ စာအုပ်မှာ နိုင်ငံခြား အဆိုးမြင်တာတွေ ပါတာနည်းပါတယ်။ လွတ်လပ်ခေတ်မီပြီး အမျိုးသားတွေနဲ့ ရင်ဘောင်တန်း ပညာသင် အလုပ်လုပ်နေကြတဲ့ အနောက်တိုင်းသူတွေ ဘဝကို မြန်မာအမျိုးသမီးတွေ အားကျအောင် ရေးသလို အဲဒီအချိန်က နာမည်ကျော် ရုပ်ရှင်မင်းသမီး အော်ဒရီ ဟပ်ဘန်းရဲ့ ဆံပင်ပုံစံ အနောက်တိုင်းမှာ ခေတ်စားနေတာကိုလည်း မယ်သီလရှင် လူထွက် ဆံပင်ပုံစံ ဆံလေးတိုနဲ့ တူတယ်လို့ ဟာသနှောပြီး ရေးခဲ့ပါတယ်။
ပထမ မြန်မာ ဝတ္ထုရေးဆရာမကြီး ဒဂုန်ခင်ခင်လေး ရောက်ရှိခဲ့တဲ့ နိုင်ငံတွေက အဆိုးအကောင်း အဖြစ် သနစ် ခေတ် စနစ်တွေကို ပွင့်ပွင့်လင်းလင်း ရေးသားခဲ့ရာမှာ စစ်ပြီးစ ပြန်လည် ထူထောင်ရေး လုပ်နေရတဲ့ ဗြိတိန်နဲ့ ဂျပန်လို နိုင်ငံတွေ အကြောင်း ပါသလို စီးပွားရေး ကောင်းတဲ့ အမေရိကန်လို နိုင်ငံကြီးက လူတွေ အကြောင်းလည်း ပါပါတယ်။ အရင် နှစ် ၇၀ ကျော်က ဂျပန်မှာ ရှားပါးလွန်းလို့ လေယာဉ်ပေါ်က ပေးတဲ့ အစားအသောက်တွေကို လမ်းဘေးမှာ ရပ်စောင့်နေတဲ့ ဂျပန် ကလေးငယ်တွေကို ခရီးသည်တွေက ကားပေါ်ကနေ ပေးကြတဲ့အကြောင်းကို ဒဂုန်ခင်ခင်လေး မှတ်မှတ်ရရ ရေးပြခဲ့ပါတယ်။ အင်္ဂလန်နဲ့ ဂျပန်လို ကမ္ဘာစစ်နဲ့ ကြုံခဲ့ရတဲ့ တိုင်းပြည်တွေမှာ အစားအသောက် ချွေတာရတာ၊ ဆင်းရဲနွမ်းပါးတာတွေ ရှိပေမယ့် စစ်နဲ့ မကြုံခဲ့ရတဲ့ အမေရိကန်မှာတော့ လူတွေ သုံးဖြုန်းပျော်ပါးနေကြတာတွေကိုလည်း နှိုင်းယှဉ်ရေးပြခဲ့ပါတယ်။
အဲဒီခေတ်က ဗြိတိသျှအောက်မှာပဲ ရှိသေးတဲ့ စင်္ကာပူမြို့မှာ ကုန်တိုက်ကြီးတွေ၊ နယူးဝါး၊ ဂရိတ်ဝါး စတဲ့ စျေးကွင်းကြီးတွေနဲ့ လှပစည်ကားပုံတွေကို ဒဂုန်ခင်ခင်လေး စာပန်းချီ ရေးခြယ်ခဲ့သလို ကမ်းနားမှာ သပ်သပ်ရပ်ရပ်နဲ့ ဥရောပပုံစံ အမှိုက်မရှိဘဲ မြက်ခင်းစိမ်းစိမ်းနဲ့ အဲလစ်ဇဘက်ပန်းခြံဆိုပြီး ဖန်တီးထားပေမယ့် ရွှံ့ပုပ်နံ့က ဒုက္ခပေးလို့ အာပုပ်စော်နံတဲ့ မိန်းကလေးနဲ့ တူတယ်ဆိုပြီး ဒေါ်ခင်ခင်လေးက ခိုင်းနှိုင်းရေးဖွဲ့ခဲ့ပါတယ်။
ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ကို ရောက်တော့ ကမ္ဘာစစ်ဒဏ်က ရုန်းထနေတဲ့ ဖိလစ်ပိုင်တွေရဲ့ ကြိုးပမ်းအားထုတ်မှုကို အားကျသလို ဘတ်စ်ကားနဲ့ စျေးသည်တွေကအစ မြန်မာပြည်နဲ့ တူလိုက်တာလို့ အောက်မိမေ့ကြောင်းလည်း ရေးပါတယ်။ ဖိလစ်ပိုင်သူတွေ အမျိုးသားတွေနဲ့ တန်းတူ စက်မှုပညာ သင်ကြားနေကြတာကိုလည်း ဒဂုန်ခင်ခင်လေး သဘောကျပါတယ်။ ရန်ကုန်မှာ သူဌေးမှ စီးနိုင်တဲ့ စတူဒီဘေကာ၊ ပက်ကပ် စတဲ့ ကားကြီးတွေကို မနီလာမှာ အငှားကားလုပ်ကြတယ်လို့လည်း ဆိုပါတယ်။ ဒဂုန်ခင်ခင်လေး ကိုယ်တိုင် စတူဒီဘေကာကားဝယ်စီးတာကိုလည်း အမေရိကန်ပေးတဲ့ ဖင်မှန်းခေါင်းမှန်း မသိတဲ့ကားဆိုပြီး သတင်းစာအသိုင်းအဝိုင်းက ကဲ့ရဲ့ကြကြောင်း ရေးခဲ့ပါတယ်။
ဒါ့အပြင် ဟာဝိုင်ယီကျွန်းက သင်လာခဲ့တဲ့ ခရုတွေကို ဆေးဆိုးအရုပ်လုပ်နည်း၊ အုန်းလက်နဲ့ ဦးထုပ် ခမောက်လုပ်နည်းတွေကို ဒဂုန်ခင်ခင်လေး ငပလီမှာ ပြန်ပြီး ဖြန့်ဖြူးပေးခဲ့ကြောင်း သူကွယ်လွန်ချိန်မှာ မြင့်မြင့်လှိုင်က အမှတ်တရ ရေးသားခဲ့ပါတယ်။
နိုင်ငံတကာကို နှံ့နှံ့စပ်စပ် ရောက်ခဲ့တဲ့ ဒေါ်ခင်ခင်လေးဟာ စစ်အေး ကာလ ဖြစ်လို့ ဆိုဗီယက်၊ တရုတ် စတဲ့ အရှေ့အုပ်စုနိုင်ငံတွေကိုတော့ မရောက်နိုင်ခဲ့ပါဘူး။ သူရောက်ခဲ့တဲ့ အနောက်တိုင်း နိုင်ငံတွေကိုလည်း ၁၉၆၂ နောက်ပိုင်း ပြည်ပ ထွက်ခွင့် ကန့်သတ်ခံရတဲ့ မြန်မာပြည်သူတွေ ရောက်ဖို့ ခက်သွားခဲ့ပါတယ်။ ဒါကြောင့် မြန်မာပြည် တံခါးပြန်ပွင့်တဲ့ ၁၉၈၈ နောက်ပိုင်း ပြည်ပ ထွက်ကြသူတွေအတွက် ဒဂုန်ခင်ခင်လေးရဲ့ ၁၉၅၀ ကျော်က ကမ္ဘာလှည့်အတွေ့အကြုံတွေက ကိုးကားစရာ တခုလို ဖြစ်ခဲ့ပါတယ်။
ဒဂုန်ခင်ခင်လေး ၁၉၈၁ မှာ ကွယ်လွန်ခဲ့ပေမယ့် မြန်မာစာရေးဆရာမတဦး ၁၉၅၀ ကျော်က ကမ္ဘာကို နှစ်ခေါက်ပတ်ခဲ့တဲ့ အတွေ့အကြုံတွေက မျိုးဆက်သစ် လူငယ်တွေထိ ဆက်ပြီး အတုယူ အားကျစရာ ဖြစ်စေပါတယ်။ သူထူထောင်ခဲ့တဲ့ ယုဝတီဂျာနယ် လက်ထွက် စာရေးဆရာမ ပတ္တမြားခင်ရဲ့ သန္တာစမ်းမှ အလွမ်းစာ အခန်းဆက်ဆောင်းပါးက ၁၉၈၀ ကျော်မှာ ပြင်ပကမ္ဘာနဲ့ အဆက်ပြတ်နေတဲ့ မြန်မာစာဖတ်ပရိသတ်အတွက် စာပေပြတင်းတချပ် ဖြစ်ခဲ့သလို ၁၉၈၈ နောက်ပိုင်း မြန်မာတွေ ပြည်ပထွက်ခွင့် ပိုရလာတဲ့ ခေတ်မှာလည်း ဂျပန်၊ အမေရိကန်၊ ဗြိတိန်၊ သြစတြေးလျ စတဲ့ ကမ္ဘာတခွင်ရောက် မြန်မာစာရေးဆရာ လက်ဟောင်းလက်သစ်တွေရဲ့ ပြည်ပအတွေ့အကြုံတွေကို စာနယ်ဇင်းစုံမှာ ဖတ်ကြရပြန်ပါတယ်။
ကနေ့ခေတ် အင်တာနက်မှာ အာဖရိကနဲ့ အရှေ့အလယ်ပိုင်း နိုင်ငံတွေကို သွားပြီး ခရီးသွား ဘလောက်တွေ ရိုက်ကူးနေကြတဲ့ မြန်မာအမျိုးသမီးတွေကို ဒဂုန်ခင်ခင်လေး တွေ့ခွင့်ရမယ် ဆိုရင်လည်း သူ့ခြေရာကို နင်းတဲ့ မြန်မာအမျိုးသမီးတွေ ဆိုပြီး ဒဂုန်ခင်ခင်လေး ဂုဏ်ယူနေမှာ ဖြစ်ပါတယ်။
ရေခြားမြေခြား တိုင်းတပါးရှိ ပြည်ပကမ္ဘာသို့လည်း ကမ္ဘာ့ခရီးသည်အဖြစ်နှင့် စူးစမ်းလေ့လာမှု ပြုလိုပါသေးသည်။ စာရေးသူ၏ စာဖတ်ပရိသတ်တို့အား မိမိနှင့်အတူ ပြင်ပကမ္ဘာသို့ တွဲခေါ်သွားသလို ပြသခြင်း၊ သိရှိစေချင်သော ဆန္ဒက နှိုးဆွလျက် ရှိခဲ့ပါသည်။...
အကယ်၍ နောင်လာနောံသား ဗမာ့စာနယ်ဇင်းသမားတို့ အထည်းမှ အမှတ်တရ ညွှန်ပြစရာကြုံလာမည်ဆိုလျှင်လည်း၊ တချိန်တုန်းက ကမ္ဘာလှည့်ဆောင်းပါးကြီးတစောင်ကို ဗမာ စာရေးဆရာမတဦးက ကမ္ဘာလှည့်အပြန်မှာ ရေးသားထားခဲ့ဘူးကြောင်း သတိရကောင်း ရကြပါလိမ့်မည်လို့ပဲ ဒဂုန်ခင်ခင်လေးက ရေးသားခဲ့ပါတယ်။ တခု ဝမ်းနည်းစရာ ရှိတာက ကမ္ဘာလှည့် နှစ်ခါသွားဘက် ခင်ပွန်းဟောင်း ဦးအုန်းခင်အကြောင်း ကမ္ဘာလှည့်မှတ်တမ်း စာအုပ်တွေ ထုတ်တဲ့အချိန်မှာ ဒေါ်ခင်ခင်လေး ထည့်သွင်းမဖော်ပြခဲ့တာပဲ ဖြစ်ပါတယ်။