ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
စက်တင်ဘာ ၂၇ ရက် သတင်းများအနှစ်ချုပ် -ရခိုင်နဲ့ စစ်ကိုင်းအထက်ပိုင်းကို စစ်တပ်က လေကြောင်းနဲ့တိုက်ခိုက်
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်နဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်းက ကောလင်းမြို့နယ်တို့ကို ဒီနေ့ မနက်ပိုင်းမှာတင် စစ်တပ်က လေကြောင်းတိုက်ခိုက်တာတွေ လုပ်ခဲ့လို့ လူထိခိုက်မှုတွေ ရှိတယ်လို့ ဒေသတွင်းရင်းမြစ်တချို့ဆီကနေ သိရပါတယ်။
အမ်းမှာ တိုက်ခိုက်ခံရတဲ့နေရာဟာ အာရက္ခတပ်တော်(အေအေ)ရဲ့ အကျဉ်းစခန်း တစ်ခုဖြစ်ပြီး ဒီနေ့ စက်တင်ဘာ ၂၇ ရက်၊ မနက် ၇ နာရီဝန်းကျင်မှာ စစ်တပ်က ဂျက်တိုက်လေယာဉ်တွေသုံးပြီး ဗုံးကြဲခဲ့တယ်လို့ ရခိုင်အခြေစိုက်ဒေသတွင်းကလည်း ဖော်ပြပါတယ်။
"ဒါးလက်ချောင်းဘက်က အကျဉ်းစခန်းကို ပစ်တာ ဟုတ်တယ်။ ထိခိုက်မှုသေဆုံးမှုအခြေအနေက မသိရသေးဘူး" လို့ အေအေ သတင်းရင်းမြစ်တစ်ဦးကလည်း ပြောပါတယ်။
အေအေဘက်ကတော့ အခုဖြစ်စဥ်နဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။
ဒါအပြင် စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကောလင်းမြို့နယ်အရှေ့ခြမ်း ကချင်ကုန်းနဲ့ ရှောက်ပင်ဝိုင်းရွာတို့ကိုလည်း ဒီနေ့ မနက်အစောပိုင်း ၁ နာရီဝန်းကျင်ခန့်မှာ Y -12 လေယာဉ်နဲ့ ၆ ကြိမ်ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ကောလင်းအခြေစိုက်သတင်းတွေကလည်း ဖော်ပြပါတယ်။
"ကားလမ်းတွေနဲ့ ပြည်သူတွေလူစည်ကားတဲ့နေရာတွေကို ပစ်မှတ်ထားလာတဲ့သဘောပါ" လို့ ကောလင်းသတင်းရင်းမြစ်တစ်ဦးကလည်းပြောပါတယ်။
ကောလင်းဖြစ်စဉ်မှာတော့ အရပ်သားပြည်သူ ၂ ဦးထိခိုက်ဒဏ်ရာရတာရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ရဲ့ ကောလင်းခရိုင်တပ်ရင်း ၁ က ထုတ်ပြန်ပါတယ်။
စစ်တပ်ဟာ လေကြောင်းအမျိုးအစား စုံသုံးပြီး အပြင်းအထန် ဗုံးကြဲတိုက်ခိုက်တဲ့ပုံစံအဖြစ် ၂၀၂၆ နှစ်ကုန်ပိုင်းမှာ စစ်ဆင်ရေးဗျူဟာ ပြောင်းလဲခဲ့တယ်လို့ ၂၀၂၆ နှစ်ကုန်ပိုင်းမှာတော့ မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့(MDSI) က ထောက်ပြထားပါတယ်။
ထိုင်းရာသီဥတုအရှိန်ကြောင့် လောင်းလုံးမှာ မိုးသည်း မြေပြို
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမှာ မိုးကြီးလို့ မြို့နယ်အောက်ပိုင်းက ကျေးရွာတွေမှာ ရေကြီးတာနဲ့ တောင်ပြိုတာတွေ ဖြစ်နေပြီး ကယ်ဆယ်ရေးသွားဖို့ အခက်ကြုံနေရတယ်လို့ နယ်ခံ လူမှုကူညီရေး အသိုင်းအဝိုင်းဆီကနေ သိရပါတယ်။
"ရေတအားကြီးနေလို့ ကမြောကြီးရွာနားမှာတင် ရှေ့တိုးလို့ မရဘူးဖြစ်နေတယ်။ ဒီနေ့ မနက် အစောပိုင်းကတည်းက တိုးနေတာမရသေးတော့ အောက်ပိုင်းက ရွာတွေအခြေအနေ မျက်မြင် မမြင်နေရသေးဘူး။ လူထိခိုက်မှုတွေ ရှိတယ်လို့တော့ ကြားရတယ်" လို့ လူမှုကူညီရေး ဆောင်ရွက်ပေးနေသူတစ်ဦးက ပြောပါတယ်။
လောင်းလုံးမြို့နယ်အောက်ပိုင်းမှာ ကျေးရွာ ၁၀ ရွာထက်မနည်းရှိပြီး ကျောက်နီမော်ရွာမှာ တောင်ပြိုကျခဲ့သလို သကျက်တောနဲ့ ကျောက်ပုံရွာတို့မှာ နေအိမ်တွေ ရေနစ်မြှုပ်နေတယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ကလည်း ထုတ်ပြန်ထားပါတယ်။
ထားဝယ်မြစ် ဒီရေတက်ချိန်မှာ မိုးများခဲ့တာကြောင့် ရေကြီးရေလျှံတာဖြစ်နေပြီး ရွာချင်းချိတ်ဆက် ထားတဲ့ တံတားကျိုးတဲ့ဖြစ်စဉ်ပါရှိနေတယ်လို့ ဒေသတွင်းသတင်းတွေကလည်း ဖော်ပြပါတယ်။
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာရှိနေတဲ့ လေဖိအားနည်းဆဲလ်ကြောင့် ဆက်စပ်နေတဲ့ တနင်္သာရီတိုင်းမြောက်ပိုင်းနဲ့ ကရင်ပြည်နယ်တောင်ပိုင်းတို့မှာပါ အဲဒီဆဲလ်ရဲ့ အရှိန်ကြောင့် မိုးကြီး နိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
မိုးဇလရဲ့ ဒီမနက်အစောပိုင်းတိုင်းတာချက်အရ လေဖိအားနည်းဆဲလ်ဟာ အနောက်မြောက်ဘက်ကို ဆက်ရွှေ့လျားနိုင်ပြီး နောက် ၂၄ နာရီအတွင်း တနင်္သာရီတိုင်းမြောက်ပိုင်း၊ ကရင်နဲ့ မွန်ပြည်နယ်တို့ကို ဖြတ်ကျော်မှာဖြစ်လို့ မိုးသည်းတာ၊ လေပြင်းတိုက်တာ၊ ရုတ်တရက်ရေကြီးတာနဲ့ မြေပြိုတာတွေ ဖြစ်နိုင်ပါတယ်။
အဲဒီဆဲလ်ဟာ မနက်ဖြန် စက်တင်ဘာ ၂၈ ရက်မှာတော့ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းကို ရောက်ရှိမယ်လို့ မိုးဇလက ခန့်မှန်းထားပါတယ်။