သတင်းထူး, ကျောက်တော်က စျေးအနီး ဗုံးကြဲခံရမှု သေဆုံးသူ ၃၀ ကျော်ရှိ - အေအေ
ရခိုင်ပြည်နယ်ထဲ အာရက္ခတပ်တော်(အေအေ)ထိန်းချုပ်ထားတဲ့ ကျောက်တော်မြို့အနီးနဲ့ အိန္ဒိယစျေး၀န်းကျင်ကို စစ်တပ်က ဗုံးကြဲမှုမှာ သေဆုံးသူ ၃၃ ဦးရှိတယ်လို့ အေအေက ပြီးခဲ့တဲ့ မိနစ်ပိုင်းမှာပဲ သတင်းထုတ်ပြန်ပါတယ်။
လေကြောင်းဗုံးကြဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူ ၃၆ ဦးအထိ ရှိတယ်လို့လည်းဆိုပါတယ်။
မြေပြင်အခြေအနေသိတဲ့ စာရေးဆရာ ၀ေဟင်အောင်ကတော့ ရှာဖွေကယ်ဆယ်ရေးလုပ်နေတုန်းဖြစ်တာကြောင့် သေဆုံးသူအရေအတွက် တိုးလာနိုင်တယ်လို့ ပြောပါတယ်။
''သေဆုံး ရုပ်အလောင်း ၃၃ လောင်းကို တွေ့ထားပြီးဖြစ်ပါတယ်။ ဗုံးက ပေါင် ၅၀၀ ဗုံး ၂ လုံးကြဲသွားတာပါ။ တစ်လုံးက စျေး၀င်းထဲကို ကျတယ်။ တစ်လုံးက ကစ္ဆပနဒီ တံတားဘောင်နားကို ကျတယ်။ လူသုံးများတဲ့စျေးဖြစ်တာကြောင့် ထိခိုက်သေဆုံးသူ မြင့်တက်လာနိုင်ပါတယ်'' လို့
စစ်တပ်ဟာ ဒီနေ့ နေ့လယ် ၁၂ နာရီကျော်မှာ စစ်တပ်ရဲ့ ဂျက်ဖိုက်တာတစ်စင်းက ကစ္ဆပနဒီတံတားအနီးက အိန္ဒိယဈေးဝင်းကို လေကြောင်းကနေ ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ အေအေက အစောပိုင်းမှာ သတင်းထုတ်ပါတယ်။
ဒီဈေးဟာ လူသုံးကုန်၊ စားသောက်ကုန်တွေ ကုန်တင်၊ ကုန်ချပြီး ရောင်းဝယ်နေကြတဲ့ နေရာလည်း ဖြစ်ပါတယ်။
စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားတွေ၊ လမ်းသွားလမ်းလာတွေနဲ့ ဈေးရောင်းဈေးဝယ်သူတွေ ထိခိုက်ဒဏ်ရာရခဲ့ပြီး သေဆုံးသူတွေလည်း ရှိတယ်လို့ အေအေက ကနဦး သတင်းထုတ်ခဲ့ပါတယ်။
စစ်တပ်ဟာ ဒီဈေးကို ပြီးခဲ့တဲ့ ဇွန်လတုန်းကလည်း လေကြောင်းတိုက်ခိုက်ခဲ့ပြီး အခုတခေါက်က ဒုတိယအကြိမ်လေကြောင်းတိုက်ခိုက်မှုဖြစ်ပါတယ်။
စစ်တပ်ဟာ ဒီနေ့ တစ်နေ့တည်းမှာတင် ကျောက်တော်၊ မင်းပြား၊ သံတွဲ၊ ပုဏ္ဏားကျွန်းစတဲ့ အေအေ ထိန်းချုပ်မြို့နယ်တွေအပြင် စစ်တပ်ထိန်းချုပ်ထားတဲ့ စစ်တွေမြို့နယ်တို့ကိုလည်း လေကြောင်းဗုံးကြဲတာတွေရှိတယ်လို့ နောက်ထပ် သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
ဒါပေမဲ့ ဆက်သွယ်ရေးအခက်အခဲကြောင့် ကျောက်တော်ကလွဲပြီး ကျန်တဲ့ ၄ မြို့နယ်က လေကြောင်းဗုံးကြဲမှု အခြေအနေကို မသိရသေးဘူးလို့လည်း သူက ပြောပါတယ်။