KNLA စစ်ဦးစီးချုပ်အပြောင်းအလဲနဲ့ စစ်ရေးအလားအလာ

ဓာတ်ပုံ ရင်းမြစ်, KNU
တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက "အဖူးဘော" လို့ ခေါ်ဝေါ်တဲ့ ဗိုလ်ချုပ်ကြီး ဘောကျော်ဟဲ က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ရဲ့ စစ်ဦးစီးချုပ်အသစ်ဖြစ်လာပြီးနောက် သုံးသပ်ချက်အမျိုးမျိုးထွက်လာပါတယ်။
KNLA မှာ နှစ်ပေါင်း ၄၀ ကျော်အတွေ့အကြုံရှိသူတဦး စစ်ဦးစီးချုပ်ဖြစ်လာချိန်မှာ တောင်ပိုင်း စစ်မျက်နှာပြင်အပြောင်းအလဲဖြစ်လာမယ်ဆိုတဲ့ မျှော်လင့်ချက်တွေက ဆိုရှယ်မီဒီယာပေါ်မှာပါ တွင်တွင်ကျယ်ကျယ်ရေးသားကြတဲ့အထိပါ။
KNU တပ်မဟာ ၃ ရဲ့ တပ်မဟာမှူး ဗိုလ်ချုပ် စောလေးတြော်ကလည်း ဒုတိယစစ်ဦးစီးချုပ်ဖြစ်လာတာကြောင့် "KNLA ရဲ့ စစ်ဦးစီးတွေက လိုက်ဖက်ညီတဲ့အတွဲအဖက်" လို့ CDM ဗိုလ်မှူးတင်လင်းအောင်က ပြောပါတယ်။
ဒါပေမဲ့ တောင်ပိုင်းစစ်မျက်နှာပြင်မှာစစ်ဆင်ရေးလှိုင်းတွေရှိလာပြီး နွေဦးတော်လှန်ရေးအချိုးအကွေ့ ဖြစ်လာဖို့ဆိုတဲ့ မျှော်လင့်ချက်တွေက လက်တွေ့နဲ့ကွာဟတယ်လို့ ထောက်ပြသူတွေလည်း ရှိနေပြန်ပါတယ်။
ဗိုလ်ချုပ်ကြီး ဘောကျော်ဟဲ သို့မဟုတ် အဖူးဘော

ဓာတ်ပုံ ရင်းမြစ်, KNU
လွန်ခဲ့တဲ့ဆယ်စုနှစ်အခင်းအကျင်း ၂၀၁၂ ခုနှစ်ကိုပြန်ပြောင်းကြည့်ရင် မူတြော် (ဖာပွန်) ခရိုင်၊ တပ်မဟာ ၅ ရဲ့ တပ်မဟာမှူး ဗိုလ်ချုပ် ဘောကျော်ဟဲဟာ ဒုတိယစစ်ဦးစီးချုပ် တာဝန်စထမ်းခဲ့ပါတယ်။ ဇနီး နော်မေဦးကလည်း မြန်မာမှာ ငြိမ်းချမ်းရေးဆွေးနွေးမှုအားကောင်းတဲ့ အဲဒီကာလမှာ KNU ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရာထူးယူခဲ့ပါတယ်။
၁၄ နှစ်အကြာမှာ ဗိုလ်ချုပ်ကနေ ဗိုလ်ချုပ်ကြီးအဖြစ် စစ်ဦးစီးချုပ်ဖြစ်လာပါတယ်။ နော်မေဦးကလည်း နွေဉီးတော်လှန်ရေးကာလ အမျိုးသမီးဦးဆောင်မှုအတွက် ထဲထဲဝင်ဝင်ဆက်ဆောင်ရွက်နေပါတယ်။
ဒါအပြင် ဇနီးသည်ရဲ့နိုင်ငံရေးအမျှော်အမြင်ရှိမှုတွေကြောင့် တော်လှန်ရေးအသိုင်းအဝိုင်းမှာ "စံပြဇနီးမောင်နှံ" အဖြစ် သြဇာလွှမ်းမိုးနိုင်စွမ်းရှိသူတွေပါ။
လူမျိုးရေးထက် ဒီမိုကရေစီ၊ ဖက်ဒရယ်စနစ်တွေကို အားသာတာကြောင့် "စဉ်းစားတွေးခေါ်ပုံမတူဘူး။ စစ်တပ်နဲ့ပတ်သက်လို့ နိုင်ငံရေးပါးဝတယ်" လို့ ထိုင်း-မြန်မာနယ်စပ်မှာအခြေစိုက်တဲ့ အမည်မဖော်လိုသူ သတင်းထောက်တဦး က ပြောပါတယ်။
စစ်ရေးအရကြည့်မယ်ဆိုရင်လည်း "အဖူးဘော" လို့သိကြတဲ့ ဗိုလ်ချုပ်ကြီး ဘောကျော်ဟဲဟာ တပ်မဟာ ၅ ရဲ့ တပ်မဟာမှူးဖြစ်ချိန်ကတည်းက မြန်မာစစ်တပ်အပေါ် လက်သံပြောင်တယ်လို့ ဘီဘီစီစကားပြောခွင့်ရ သူတွေဆီကသိရပါတယ်။
စကောကရင်ဘာသာစကားအရ "အဖူး" ဆိုတာ အဘိုးဆိုတဲ့အသုံးအနှုန်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် အများစုက အဖူးဘော လို့သာ လေးစားမှုနဲ့ခေါ်ကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ကမ္ဘာ့အရှည်ကြာဆုံးပြည်တွင်းစစ်ထဲ နှစ်ပေါင်း ၇၀ ကျော်ကာ လက်နက်ကိုင်တော်လှန်ရေးလုပ်လာတဲ့ ကရင်ပြည်နယ်စစ်မျက်နှာပြင်ကိုရှေ့တန်းထွက်ဖို့ဆိုတာဟာ မြန်မာစစ်တပ် တပ်ဖွဲ့ဝင်တွေကြား စိုးရိမ်မှု တခုဖြစ်ကြောင်း CDM စစ်သားအသိုင်းအဝိုင်းက ပြောပါတယ်။
"၁၉ ဖာပွန် တမလွန်" ဆိုတဲ့ စာချိုးရှိကြောင်း CDM ဗိုလ်မှူး တင်လင်းအောင်က ဘီဘီစီကို ပြောပြပါတယ်။
KNU တပ်မဟာ ၅ (မူတြော်/ ဖာပွန်) ခရိုင်နဲ့စစ်ဆိုင်တဲ့ စစ်တပ်ရဲ့ အမှတ် ၁၉ ခြေလျင်တပ်ရင်းကို တာဝန်ကျသူတွေကြား ပြောလေ့ရှိတဲ့စကားလို့လည်း သူကရှင်းပြပါတယ်။ အရှေ့တောင်တိုင်းစစ်ဌာနချုပ် လက်အောက်မှာရှိတဲ့ ခလရ ၁၉ ဟာ ကရင်ပြည်နယ် ဖာပွန်မြို့ပေါ်မှာရှိပါတယ်။
"၂၀၁၇ ဒီဇင်ဘာနှောင်းပိုင်းလောက်ကဖြစ်မယ်၊ တပ်မဟာ ၂၊ ၃ နဲ့ ၅ နယ်မြေအစပ်ကို စစ်ဆင်ရေးလမ်း အဖြစ် လမ်းတိုးတာ ၅ ဘက်က လက်မခံဘူး။ ဘူဒိုစာတွေနဲ့တက်တာလည်းမရ ဘာမှတိုးလို့မရဘူး။ တပ်မဟာ ၅ ကိုသွားရရင်လန့်တယ်" လို့ CDM ဗိုလ်မှူး တင်လင်းအောင်ဟာ သူ့အတွေ့အကြုံကို ဆက်ပြောပါတယ်။
သူဟာ ၂၀၀၈-၂၀၀၉၊ ၂၀၁၇-၂၀၁၈ နဲ့ ၂၀၁၉-၂၀၂၂ တို့မှာ ကရင်ပြည်နယ်ကို စစ်ဆင်ရေး ၃ ကြိမ် ရောက်ခဲ့တယ်လို့ ပြောပြပါတယ်။
ဒုတပ်ရင်းမှူးလည်းဖြစ်တဲ့ ဗိုလ်မှူး တင်လင်းအောင်ဟာ ကရင်ပြည်နယ်၊ လေးကေ့ကော်ဒေသဆီ တနင်္သာရီတိုင်း အခြေစိုက် ခမရ ၅၈၅ ကနေ စစ်ဆင်ရေးသွားရချိန် KNLA လက်အောက်ခံ ကော်ဘရာစစ်ကြောင်းနဲ့ပူးပေါင်းပြီး အကြမ်းမဖက် အာဏာဖီဆန်ရေး (CDM) ပါဝင်ခဲ့သူပါ။

ဓာတ်ပုံ ရင်းမြစ်, ကော်ဘရာစစ်ကြောင်း
အဲဒီအချိန်က CDM လက်ခံခဲ့တဲ့ ကော်ဘရာစစ်ကြောင်းဟာ ၂၀၂၁ ခုနှစ်စစ်အာဏာသိမ်းပြီးနောက်မှ လက်နက်ကိုင်တော်လှန်ရေးပါဝင်လာသူတွေကို KNLA ကလေ့ကျင့်သင်ကြားပေးခဲ့တာဖြစ်ပြီး တောင်ပိုင်း စစ်မျက်နှာပြင်မှာ စစ်ရေးစွမ်းဆောင်နိုင်ခဲ့တဲ့အဖွဲ့အဖြစ် သိကြပါတယ်။
"KNLA က ကူညီပေးတာမှန်ပါတယ်။ ဒါပေမဲ့ အများစုက KNLA B 27 ရင်းကနေ အရင်းအမြစ်တွေ အဓိက လာတာပါ။ ဒီဇင်ဘာ ၁၅ ရက်ပွဲစတော့ အဖူးဘောနဲ့အစည်းအဝေးကနေ အဖိုးရန်နိုင် ချက်ချင်းပြန်လာပြီး အဖူးဘောပေးလိုက်တဲ့ AK ကျည် ၂,၀၀၀ နဲ့ စတယ်ပြောရမလားပဲ" လို့ ကော်ဘရာစစ်ကြောင်းရဲ့ ပထမဆုံး တိုက်ပွဲဝင်အတွေ့အကြုံအကြောင်းသိရှိသူတဦးက ပြောပါတယ်။
"အဲ့တုန်းက တယောက်ကျည် ၁၅ တောင့်စီဝေပြီး စခဲ့ကြတာပေါ့။ နောက်မှ PDF ကော KNLA ဘက်ကပါ ပံ့ပိုးမှုတွေလာတာပါ" လို့ သူက ဆက်ပြောပါတယ်။
ဗိုလ်မှူးကြီးစောရန်နိုင် ကတော့ တပ်မဟာ ၆ ရဲ့ ဗျူဟာမှူးအဖြစ် ၂၀၂၃ ခုနှစ်မှာခန့်အပ်ခံရပြီး ကော်ဘရာစစ်ကြောင်း စစ်ဆင်ရေးမှူးအဖြစ် ဗိုလ်မှူးစောဒါဘောကလည်း ၂၀၂၅ ခုနှစ်မှာ KNLA ကပေးတဲ့ သူရဘွဲ့ရခဲ့ပါတယ်။
ဒါအပြင် ရှမ်းမြောက်ရဲ့ ၁၀၂၇ စစ်ဆင်ရေးမှာ ကိုးကန့်တပ် (MNDAA) နဲ့အတူ တိုက်ပွဲဝင်ခဲ့တဲ့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) ရဲ့ မူလဘူမိကလည်း တောင်ပိုင်းမြေ ကရင်ပြည်နယ်မှာပါ။
"အဖူးဘောက ကျနော်တို့ ယုံကြည်လေးစားရတဲ့ စံပြခေါင်းဆောင်တဦးဖြစ်ပါတယ်။ ကျနော်တို့ကို ကရင်မြေမှာ ခြေချခွင့်ပေးပြီး BPLA ဆိုပြီး ဖြစ်ထွန်းစေခဲ့ပါတယ်" လို့ BPLA ကွပ်ကဲရေးမှူး ကိုဆောင်းခက ဘီဘီစီကို ပြောပါတယ်။
အဖူးဘော တယောက် ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကို ရွေးချယ်တဲ့ လူငယ်တွေကို ကူညီသူအဖြစ် လူသိများရတဲ့ အကြောင်းအရင်းကို မီးမောင်းထိုးပြတဲ့ ပြောပြချက်တွေပါ။
ဒါအပြင် တပ်မဟာ ၅ ဖာပွန်ခရိုင်နဲ့ တပ်မဟာ ၆ ထဲက လေးကေ့ကော်ဒေသတို့ဟာ အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်နဲ့တိုက်ပွဲအပြင်းထန်ဆုံးဒေသတွေဖြစ်ခဲ့ကြောင်း စောင့်ကြည့် လေ့လာရေးအဖွဲ့တဖွဲ့ဖြစ်တဲ့ ISP Myanmar ကလည်း သူတို့ရဲ့ KNU စစ်တမ်းမှာဖော်ပြပါတယ်။
KNU/ KNLA ဖွဲ့စည်းပုံ

ဓာတ်ပုံ ရင်းမြစ်, KNU
KNU ဖွဲ့စည်းချိန်မှာ ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO) ပေါ်ပေါက်ခဲ့ပါတယ်။ ၁၉၄၈ ခုနှစ် နှစ်ကုန်ပိုင်းမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပေါ်လာပြီး KNU ရဲ့ လက်နက်ကိုင်တပ်ဖြစ်လာပါတယ်။
KNU ရဲ့ နိုင်ငံရေးဦးဆောင်မှုကိုလက်ခံတဲ့တပ်မတော်ဆိုတဲ့အချက်အပါအဝင် စည်းကမ်းရှိ၊ ဒီမိုကရေစီ ဗဟိုကြိုးကိုင်မှုရှိ၊ မျိုးချစ်ပြည်ချစ်စတဲ့ အင်္ဂါလက္ခဏာရပ် ၆ ရပ်နဲ့ KNLA ကို ဖွဲ့စည်းထားပါတယ်။
ကရင်ပြည်ကိုလက်တွေ့အကောင်အထည်ဖော်ဖို့၊ ကရင်ပြည်သူတွေရဲ့အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ဖို့နဲ့ မိမိကိုယ်ကာယကို ရင်မြေကတုတ်လုပ်ပြီး အသက်ပေးဖို့ဆိုတဲ့ တာဝန်ကြီး ၃ ရပ်လည်း KNLA မှာရှိပါတယ်။
KNU/ KNLA ရဲ့ တပ်မဟာ ၇ ခုကတော့
- တပ်မဟာ ၁ – သထုံခရိုင် (မွန်ပြည်နယ်)
- တပ်မဟာ ၂ – တောင်ငူခရိုင် (ပဲခူးတိုင်း)
- တပ်မဟာ ၃ – ညောင်လေးပင်ခရိုင် (ပဲခူးတိုင်း)
- တပ်မဟာ ၄ – ထားဝယ်ခရိုင် (တနင်္သာရီတိုင်း)
- တပ်မဟာ ၅ – မူတြော်(ဖာပွန်)ခရိုင် (ကရင်ပြည်နယ်)
- တပ်မဟာ ၆ – ဒူးပလာယာခရိုင် (ကရင်ပြည်နယ်) နဲ့
- တပ်မဟာ ၇ – ဘားအံခရိုင် (ကရင်ပြည်နယ်) တို့ဖြစ်ပါတယ်။
သူ့ရဲ့တပ်မဟာနဲ့ ခရိုင်သတ်မှတ်ပုံတွေဟာ မြန်မာအစိုးရရဲ့ ခရိုင်သတ်မှတ်ချက်တွေနဲ့ မတူညီပါဘူး။ အခု ပြည်နယ်နဲ့ တိုင်းဖော်ပြချက်ဟာ ဒေသကိုမြင်သာအောင်ရေးသားချက်ပါ။ KNU ရဲ့ ခရိုင် ၇ ခုမှာ တပ်မဟာ ၇ ခုရှိပြီး ဖက်ဒရယ်စနစ်အရ ခရိုင်၊ တပ်မဟာအလိုက် အကြီးအကဲတွေက စီမံကွပ်ကဲတဲ့လုပ်ပိုင်ခွင့်အာဏာ ရှိပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
KNU ဌာနချုပ်တည်ရှိရာ တပ်မဟာ ၇ ဘားအံခရိုင်က အပစ်အခတ်ရပ်စဲရေး NCA ကိုအခြေခံပြီး နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းနဲ့သာအဖြေရှာမယ်လို့ ၂၀၂၃ ခုနှစ်မှာထုတ်ပြန်ခဲ့တာက တပ်မဟာအလိုက်ကွဲပြားမှုကို ထင်ရှားစေပါတယ်။ အဲဒီအချိန် တပ်မဟာ ၆ နဲ့ ၅ တို့မှာ တိုက်ပွဲတွေရှိနေတဲ့ကာလပါ။
၂၀၂၁ အာဏာသိမ်းပြီး ၆ နှစ်နီးပါးအကြာအခင်းအကျင်းမှာ ထိုင်း - မြန်မာနယ်စပ်မှာရှိတဲ့ နှစ်ပေါင်း ၃၀ နီးပါး လက်လွှတ်ခဲ့ရတဲ့စခန်းဟောင်းနေရာတွေကို KNU က ပြန်လည်သိမ်းပိုက်ခဲ့ပါတယ်။ မြန်မာစစ်တပ်ကတော့ ကရင်ပြည်နယ်ထဲက ပင်မကုန်သွယ်ရေးလမ်းကြောင်းအများစုကို ပြန်ရယူထားပါပြီ။
တပ်မဟာ ၆ နယ်မြေ၊ မြဝတီမြို့နယ်ထဲက မင်းလက်ပံ၊ ဖလူး-ဝေါလေတို့မှာ စစ်တပ်နဲ့ တိုက်ပွဲ ဆက်ဖြစ်နေပါတယ်။ တပ်မဟာ ၆ နယ်မြေမှာ ကျုံဒိုး-ကော့ကရိတ်- မြဝတီ အာရှလမ်းကနေ တောင်ဘက် တနင်္သာရီတိုင်း ရေဖြူမြို့နယ်တွေ ပါဝင်ပါတယ်။
တပ်မဟာ ၃ ညောင်လေးပင်ခရိုင်မှာတော့ စစ်တောင်းမြစ်ဝှမ်းဒေသတကြောမှာ နှစ်ဖက်စစ်ဆိုင်ထားပြီး တပ်မဟာ ၅ ဖာပွန်ခရိုင်ကို မြန်မာစစ်တပ်မရှိတော့တဲ့မြို့လို့တောင် တင်စားပြောကြတဲ့အထိပါ။
မြိတ်-ထားဝယ်ခရိုင် တပ်မဟာ ၄ ကတော့ ထီးခီးဒေသကိုသိမ်းပိုက်ပြီး ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးကို ချုပ်ကိုင်နိုင်ခဲ့ပေမဲ့ တပ်မဟာ ၁ သထုံခရိုင်နဲ့ တပ်မဟာ ၂ တောင်ငူခရိုင်တို့မှာတော့ မြို့သိမ်းတိုက်ပွဲတွေ မတွေ့ထားရသေးပါဘူး။
ဒါကြောင့် စစ်ဦးစီးချုပ်အသစ်တက်လာပေမဲ့ တပ်မဟာအလိုက်လှုပ်ရှားတဲ့သဘောအရ စစ်ရေးအပြောင်းအလဲ မသိသာနိုင်ဘူးဆိုတဲ့အမြင်တွေထွက်လာပါတယ်။
"စစ်ဦးစီးချုပ်အသစ်တွေအနေနဲ့ စစ်ဆင်ရေးကိစ္စရပ်တွေမှာ KNU ရဲ့ နိုင်ငံရေးလမ်းညွှန်ချက်တွေအပြင် သက်ဆိုင်ရာတပ်မဟာအလိုက် ဒေသန္တရနိုင်ငံရေး၊ စီးပွားရေးအကျိုးစီးပွားတွေကို ညှိနှိုင်းဖို့လည်း လိုပါတယ်။ စစ်ရေးပုံစံချက်ချင်းကြီးပြောင်းဖို့ခက်ပါတယ်" လို့ ISP Myanmar ရဲ့ ကရင်စစ်ရေးအထူးပြု လေ့လာတဲ့ သုတေသီတဦးက ပြောပါတယ်။
"ဒါပေမဲ့ တိုက်ပွဲဖော်ဆောင်မှုနဲ့ စစ်ရေးဗျူဟာအပိုင်းတွေမှာတော့ သက်ရောက်မှုနဲ့ ပုံစံအပြောင်းအလဲ ရှိလာနိုင်တယ်" လို့ သုတေသီက ဆက်ပြောပါတယ်။

နောက်ထပ်တချက်က စစ်ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး စောဂျော်နီလက်ထက်ကတည်းက စစ်ရေးကွပ်ကဲမှုအများစုကို ဗိုလ်ချုပ် ဘောကျော်ဟဲက တာဝန်ယူနေခဲ့ပါပြီ။
တပ်မဟာ ၄ စစ်ဆင်ရေး၊ ခီးတာဆွေ (ခ) ဧရာဝတီစစ်ဆင်ရေး၊ တပ်မဟာ ၃ စစ်တောင်းမြစ်ဝှမ်းစစ်ဆင်ရေး တွေကိုလည်း အကောင်အထည်ဖော်ခဲ့တယ်လို့ PDF စစ်ရေးရင်းမြစ်တဦးက ပြောပါတယ်။
"ရှမ်းမြောက်ငြိမ်တော့ တောင်ပိုင်းကလှုပ်နေမှဖြစ်မယ်။ ဒါပေမဲ့ နဂိုစစ်ဆင်ရေးတွေကလည်း သိပ်ပြီး အောင်မြင်မှုမရှိဘူး။ တပ်မဟာ ၄ ကစစ်ဆင်ရေးတွေ၊ နယ်စပ်ကစစ်ဆင်ရေးတွေက ရုပ်သိမ်းတာ မဟုတ်ပေမဲ့ ကြားကာလလိုအခြေအနေဖြစ်တော့ ပြောကွက်မရှိဘူး" လို့ သူက ဆက်ပြောပါတယ်။
ဒါပေမဲ့ မတူညီတဲ့အမြင်တွေလည်းရှိပါတယ်။ ဖလူး - ဝေါလေတိုက်ပွဲနဲ့ မင်းလက်ပံတိုက်ပွဲတွေမှာ ရှမ်းမြောက်က ထုတ်နုတ်ပြီးပို့လိုက်တဲ့ထောင်နဲ့ချီတဲ့လူအင်အား၊ လေကြောင်းနဲ့ ဒရုန်းအသုံးပြု တိုက်ခိုက်မှုတွေကို KNLA ရင်ဆိုင်တိုက်ခိုက်နေတာက မြင်သာတဲ့စစ်ရေးဆောင်ရွက်မှုလို့ သုံးသပ်သူတချို့ က ပြောပါတယ်။
"အဖူးဘောကျော်ဟဲရဲ့ အာဏာစက်က ကရင်နီဘက်အထိလက်တံရှည်တဲ့အနေအထားမျိုးအထိ သိရတယ်" လို့ CDM ဗိုလ်ကြီးဇင်ယော်က ပြောပါတယ်။
တပ်မဟာ ၅ ဖာပွန်ကနေ တပ်မဟာ ၃ ညောင်လေးပင်၊ တပ်မဟာ ၂ တောင်ငူခရိုင်တို့ကို ဆက်စပ်ပြီး ကယား (ကရင်နီ) အထိ မဟာမိတ်တပ်တွေပူးပေါင်းလှုပ်ရှားတာကို သူကဆိုလိုတာပါ။
"၂၀၂၄ ဧပြီကနေ ဇွန်လ KNU ထိုးစစ်မြှင့်ချိန် ကရင်နီမှာ တိုက်ပွဲတွေရှိနေချိန်မှာ ညွှန်ကြားမှုပေးတာမျိုးကို တွေ့ရခဲ့ရပါတယ်" လို့ CDM ဗိုလ်ကြီးဇင်ယော်က ဆက်ပြောပါတယ်။
အခုလို KNLA စစ်ဦးစီးချုပ်အသစ်မှာ မဟာမိတ်ဆက်ဆံရေးကောင်းရှိတာကြောင့် တောင်ပိုင်းစစ်တဂွင်လုံး ကိုပါ အရွေ့ဖန်တီးနိုင်တယ်လို့ ဘီဘီစီစကားပြောခွင့်ရသူတချို့က သုံးသပ်နေကြပါတယ်။
မဟာမိတ်စည်းရုံးရေးအားကောင်းတဲ့တွဲဖက်

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဇူလိုင် ၁၇ ရက်ကလုပ်တဲ့ KNU ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးမှာ ဗိုလ်ချုပ်ကနေ ဗိုလ်ချုပ်ကြီး ဘောကျော်ဟဲဖြစ်လာပြီး စစ်ဦးစီးချုပ်အဖြစ်တရားဝင်ခန့်အပ်ခံရပါတယ်။ တပ်မဟာ ၃ ရဲ့ တပ်မဟာမှူး ဗိုလ်ချုပ် စောလေးတြော်က ဒုတိယစစ်ဦးစီးချုပ်ဖြစ်လာပါတယ်။
"အဲဒီသတင်းကြားတော့ တော်တော်ပျော်တယ်၊ ပိုပြီးတော့အရှေ့ကိုသွားဖို့ အားဖြစ်တယ်" လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၊ ပဲခူးတိုင်းစစ်ဆင်ရေးမှူး ရဲဘော်ဘီဘီက ပြောပါတယ်။
PDF ပဲခူးတိုင်းစစ်ဌာနဟာ KNLA တပ်မဟာ ၃ နဲ့ ပူးပေါင်းပြီး တိုက်ပွဲတွေဖော်ဆောင်နေပါတယ်။ KNLA ဒုတိယစစ်ဦးစီးချုပ်ကို "အဖူးလေးစိုး" လို့လည်း ခေါ်ကြပါတယ်။
"မုန်းမြို့သိမ်းတိုက်ပွဲ၊ နတ်သံကွင်းတိုက်ပွဲတို့ဆို အဖူးဘောက အဓိကညွှန်ကြားခဲ့တာပါ။ စစ်တောင်းမြစ်ဝှမ်း၊ ပဲခူးရိုးမ၊ ရန်ကုန်-ပြည်လမ်းစစ်ဆင်ရေး မစခင် ပူးပေါင်းလုပ်ဆောင်ချိန်မှာ အဖူးလေးစိုးကလည်း တော်တော်ကိုကူညီခဲ့ပါတယ်" လို့ ရဲဘော်ဘီဘီက ဆက်ပြောပါတယ်။
ဒီစစ်ဦးစီးချုပ်တွေဟာ တိုက်ခိုက်ရေးရော စည်းရုံးရေးပါ အားသာပြီး မဟာမိတ်ဆက်ဆံရေးကောင်းတွေ မြေပြင်မှာတည်ဆောက်ထားနိုင်သူတွေလို့ စစ်ရေးအရင်းအမြစ်တွေက ပြောကြပါတယ်။
"KNU အတွက် အရမ်းညီတဲ့အတွဲလို့ပြောချင်တယ်" ဆိုပြီး CDM ဗိုလ်မှူး တင်လင်းအောင်ကလည်း သုံးသပ်ပါတယ်။
ဗိုလ်ချုပ်ကြီး ဘောကျော်ဟဲရဲ့ ဘူမိနက်သန် တပ်မဟာ ၅ ဟာ တပ်မဟာ ၃ နဲ့လည်း နယ်နိမိတ်ထိစပ် ပါတယ်။ တပ်မဟာ ၃ ကတဆင့် တပ်မဟာ ၂ တောင်ငူခရိုင်ကိုဖြတ်ပြီး မြန်မာစစ်တပ်ရဲ့ ဌာနချုပ် နေပြည်တော်ကို စစ်ရေးခြိမ်းခြောက်နိုင်ပါတယ်။
တပ်မဟာ ၃ ၊ ၁ တို့ကတဆင့် စီးပွားရေးမြို့တော် ရန်ကုန်ကိုပါ စစ်ရေးခြေလှမ်းနိုင်တယ်လို့ သုံးသပ် နေကြတာပါ။ ဒါကြောင့် ဒုတိယစစ်ဦးစီးချုပ်ရဲ့ အမာခံမြေ တပ်မဟာ ၃ က အခရာကျလာပါတယ်။
"ဒီတပ်မဟာတွေမှာ PDF ရဲ့ ပဲခူးတိုင်းစစ်ဌာနနဲ့ အထူးတိုင်းစစ်ဌာနတွေရှိတယ်။ command (စစ်ရေး ညွှန်ကြားချက်) တွေကို မျှော်ကြတယ်" လို့ ထိုင်း-မြန်မာနယ်စပ်မှာအခြေစိုက်ပြီး KNU နယ်မြေတွေမှာ မြေပြင်သတင်းရယူလေ့ရှိတဲ့ သတင်းထောက်တဦးက ပြောပါတယ်။
KNLA စစ်ဦးစီးအပြောင်းအလဲမှာ လူပုဂ္ဂိုလ်တခုတည်းမဟုတ်ဘဲ မြန်မာ့တော်လှန်ရေးရဲ့ ကျယ်ပြန့်တဲ့ စစ်ရေးနဲ့ နိုင်ငံရေးအခြေအနေကိုပါ ထည့်သွင်းတွက်ချက်ဖို့လိုတယ်လို့ ISP Myanmar က ထောက်ပြပါတယ်။
တောင်ပိုင်းစစ်ရေးတကယ်ရွေ့မလား

ဓာတ်ပုံ ရင်းမြစ်, Getty Images
မြန်မာစစ်တပ်ဘက်ကလည်း ကရင်ကိုအဓိကကိုင်တွယ်တဲ့ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးအဖြစ် ကရင်သွေးပါတဲ့ ဗိုလ်မှူးချုပ် သူရဇော်လွင်စိုးကို ခန့်အပ်ထားသလို နေပြည်တော်အစိုးရရဲ့ ဒုတိယသမ္မတ ကလည်း ကရင်လူမျိုးဖြစ်ပါတယ်။
ဒါအပြင် ကရင်ပြည်နယ်ထဲက အပစ်ရပ်လက်နက်ကိုင်တပ်တွေဖြစ်တဲ့ ဗုဒ္ဓဘာသာ ကရင်အမျိုးသားအစည်းအရုံး (DKBA)၊ နယ်ခြားစောင့်တပ် (BGF)၊ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် - ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) တို့နဲ့ဆွေးနွေးနေတာက မြင်သာတဲ့အရွေ့တွေ့ပါ။
၁၀၂၇ စစ်ဆင်ရေးကိုဦးဆောင်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်တပ်ကိုထိုးနှက်နိုင်ခဲ့တဲ့ မြောက်ပိုင်းညီနောင်သုံးဖွဲ့ထဲက တအာင်းတပ် (TNLA) က နေပြည်တော်ကိုသွားပြီး ငြိမ်းချမ်းရေး ဆွေးနွေးနေပါပြီ။ ကိုးကန့်တပ် (MNDAA) လည်း နေပြည်တော်ကိုသွားမယ်ဆိုတဲ့ သတင်းထွက်နေပြီး ရှမ်းမြောက်စစ်မျက်နှာပြင်တခန်းရပ်သွားပါပြီ။
မြန်မာပြည်အထက်ပိုင်းက ကချင်စစ်မျက်နှာပြင်မှာလည်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) မှာ တရုတ်ရဲ့ နယ်စပ်လုံခြုံရေးလိုလားချက်ဖိအားကိုရင်ဆိုင်နေရပါတယ်။
၂၀၂၆ နှစ်ဝက်တာအတွင်း တောင်ပိုင်းစစ်မျက်နှာပြင်မှာ အင်အားကြီးတိုင်းရင်းသားလက်နက်ကိုင်တပ် KNU/KNLA က စစ်ရေး ဖော်ဆောင်နိုင်မလားဆိုတာ စစ်ရေးအကဲခတ်က စောင့်ကြည့်ခဲ့ပါတယ်။ ဒါပေမဲ့ ကမ္ဘာကအာရုံစိုက်တဲ့ ကရင်ပြည်နယ်ထဲက အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) နှိမ်နင်းရေးနဲ့ ထိုင်းလိုလားတဲ့ နယ်စပ်ကုန်သွယ်ရေးပြန်စရေးတို့က ဒီအပေါ်မှာ လွှမ်းမိုးခဲ့တယ်လို့ သုံးသပ်ကြတာပါ။
ISP Myanmar ကတော့ ဒီလိုအခင်းအကျင်းကြားက KNLA စစ်ဦးစီးအသစ်တွေကြုံရနိုင်တဲ့ အခက်အခဲ ၃ ခုကို ထောက်ပြပါတယ်။
- KNLA တပ်မဟာတွေကြား တသမတ်တည်းရှိတဲ့ စစ်ဦးစီးမှုကိုတည်ဆောက်နိုင်ရေး။
- တပ်မဟာတွေမှာရှိနေတဲ့ PDF ၊ Local PDF နဲ့ မဟာမိတ်အင်အားစုတွေကြား စစ်ဆင်ရေးနဲ့ အုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်တွေကို ထိထိရောက်ရောက်ကိုင်တွယ်နိုင်ရေး။
- လက်နက်ခဲယမ်း၊ ရိက္ခာနဲ့ ထောက်ပို့ကွန်ရက်တွေကို စနစ်တကျတည်ဆောက်နိုင်ရေး။
အထူးသဖြင့် လက်နက်၊ ရိက္ခာနဲ့ ထောက်ပံ့ရေးလမ်းကြောင်းအတွက်က ရှမ်းမြောက်၊ ကသုံးလုံးဒေသတို့မှာ စစ်တပ်ရဲ့ဖြတ်တောက်မှုကိုခံထားရပါပြီ။ အိန္ဒိယထွက်ပေါက် ချင်းမှာလည်း နယ်မြေတချို့ပြန်လက်လွှတ် လိုက်ရတာကြောင့် ထိုင်းနယ်စပ် KNU/ KNLA ရဲ့ အခန်းကဏ္ဍက ပိုမြင်သာလာတာပါ။
မဟာမိတ်ဆက်ဆံရေးအားကောင်းတယ်လို့ ကျော်ကြားတဲ့ KNLA စစ်ဦးစီးအသစ်တွေရဲ့ မဟာမိတ်တွေနဲ့ လက်တွဲဆောင်ရွက်နိုင်ပုံကို အဓိကစောင့်ကြည့်ရမယ်လို့ ဘီဘီစီမေးမြန်းခွင့်ရသူတွေက တူညီစွာ ပြောကြပါတယ်။
အခုလို KNUရဲ့ လက်နက်ကိုင်တပ်ခေါင်းဆောင်အပြောင်းအလဲ ဖြစ်တာနဲ့ပတ်သက်လို့ ပြန်ကြားရေးဌာနဘက်ကို ဘီဘီစီက ဆက်သွယ်မေးမြန်းထားပေမဲ့ ဇူလိုင် ၂၃ ရက် ညနေပိုင်းအထိ ပြန်လည်ဖြေကြားတာမရှိသေးပါဘူး။
















