SCEF - အင်အားကြီးအဖွဲ့တွေစုဖွဲ့လာတဲ့ ဖက်ဒရယ်ဦးဆောင်ကောင်စီ

ဓာတ်ပုံ ရင်းမြစ်, NUG MOD
နေပြည်တော်ကလွှတ်တော် ပြန်အသက်ဝင်နေချိန်မှာပဲ တော်လှန်ရေးအင်အားစုတွေရဲ့ အချိန်ကိုက်အရွေ့ တစ်ခုအဖြစ် "ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ" ဆိုပြီး ပေါ်လာပါတယ်။
ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF) ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) တို့ပူးပေါင်းပြီး SCEF လို့အတိုကောက်ခေါ်ဝေါ်တဲ့ ဒီဦးဆောင်ကောင်စီ ဖြစ်လာပါတယ်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် နွေဦးတော်လှန်ရေးမှာပါဝင်နေတဲ့အစုအဖွဲ့တွေထဲ အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေလို့ဆိုနိုင်တဲ့ K3C နဲ့ NUG၊ CRPH တို့ပူးပေါင်းလိုက်တဲ့ အရွေ့ပါ။
"တဖက်ကလွှတ်တော်ခေါ်သမ္မတတင်မြှောက်အစိုးရဖွဲ့ဖို့လုပ်ချိန်မှာ SCEF အနေနဲ့က ဗျူဟာကျကျ ထွက်လာတာမျိုးဖြစ်တယ်" လို့ Forum of Federations ရဲ့ မြန်မာနိုင်ငံဆိုင်ရာညွှန်ကြားရေးမှူး ဦးဝင်းမင်းက ပြောပါတယ်။
ဒါပေမဲ့ နိုင်ငံရေးဦးတည်ချက် ၆ ရပ်နဲ့အတူပေါ်ထွက်လာတဲ့ SCEF အကြောင်း ဆက်စပ်မေးခွန်းတွေ အများကြီးရှိနေဆဲလို့ နိုင်ငံရေးစောင့်ကြည့်သူတွေကထောက်ပြကြပါတယ်။
SCEF ဘာကြောင့်ပေါ်လာတာလဲ

ဓာတ်ပုံ ရင်းမြစ်, NUG
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က သူ့ကိုဦးဆောင်မယ့်ကောင်စီဖွဲ့ဖို့အတွက်ဆိုပြီး ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလကစလို့ စတင်ချိတ်ဆက်မှုတွေလုပ်ခဲ့ကြောင်း တော်လှန်ရေးအင်အားစုတွေဆီကနေ ဘီဘီစီကစုံစမ်းသိရှိခဲ့ရပါတယ်။ ဖက်ဒရယ်ဦးဆောင်ကောင်စီ (FSC) အဖြစ်ဖွဲ့စည်းဖို့ပြင်ဆင်နေကြောင်း ကနဦးသိခဲ့ရတာပါ။
နေပြည်တော်မှာ လွှတ်တော်မခေါ်ခင် ဒီကောင်စီပေါ်လာနိုင်ချေရှိတယ်လို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ခဲ့ကြပေမဲ့ လက်တွေ့မှာတော့ မတ် ၃၀ ရက်မှသာ မဏ္ဍိုင် သုံးခုနဲ့ တရားဝင်ချပြခဲ့ပါတယ်။
- ပြည်နယ်/ ဖက်ဒရယ်ယူနစ်/ EROs ကိုယ်စားပြုမဏ္ဍိုင်
- ပြည်သူ့ကိုယ်စားပြုမဏ္ဍိုင်
- အမျိုးသမီးကိုယ်စားပြု/ ကိုယ်စားလှယ်တွေမဏ္ဍိုင်
ဒီမဏ္ဍိုင်သုံးရပ်ကိုအခြေခံပြီး "ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ" အမည်နဲ့ စုဖွဲ့မှုအသစ်တစ်ခုကို ဖွဲ့စည်းလိုက်ကြောင်း သတင်းစာရှင်းလင်းပွဲကတဆင့်ကြေညာခဲ့တာပါ။ သက်တမ်းရင့်တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့ ၄ ဖွဲ့ရဲ့ ခေါင်းဆောင်တွေပါ သတင်းစာရှင်းလင်းပွဲကို တက်ရောက်ခဲ့ကြတာက ထူးခြားချက်ဖြစ်ပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ခေါင်းဆောင်တွေကိုကြည့်မယ်ဆိုရင် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) က ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဂွမ်ထန်ဂမ်ရှောင်၊ KIO ရဲ့မူဝါဒတွေကိုလက်တွေ့အကောင်အထည်ဖော်တဲ့ ကချင်လွတ်လပ်ရေးကောင်စီ (KIC) ရဲ့ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်နဲ့ ဗဟိုကော်မတီဝင်တွေတက်ပါတယ်။
ကရင်အမျိုးသားအစည်းအရုံး (KNU) ကတော့ ဥက္ကဋ္ဌဖြစ်သူ ပဒိုစောကွယ်ထူးဝင်း၊ ဒုတိယဥက္ကဋ္ဌ အပါအဝင် အဖွဲ့ဝင်တွေတက်တာပါ။ ချင်းအမျိုးသားတပ်ဦး (CNF) ရဲ့ ဥက္ကဋ္ဌ ပူးဇင်ကျုံးနဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီအဖွဲ့ဝင်တွေပါဝင်ပါတယ်။
ကရင်နီမှာတော့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ဥက္ကဋ္ဌလည်းဖြစ်တဲ့ ခူဦးရယ်က ကရင်နီ ဥက္ကဋ္ဌ ကိုယ်စားပြုအဖြစ်တက်ရောက်ပြီး ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC)၊ ကရင်နီကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)နဲ့ KNPP က ခေါင်းဆောင်တွေလည်းတက်ပါတယ်။
NUG အစိုးရကတော့ ယာယီသမ္မတ ဒူဝါလရှီးလနဲ့ CRPHအနေနဲ့ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်တို့ ပါဝင်ပြီး သတင်းစာရှင်းလင်းပွဲလုပ်ခဲ့ကြတာပါ။
KIO ကလွဲပြီး ကျန်တဲ့အစုအဖွဲ့အသီးသီးက မိန့်ခွန့်ပြောကြားခဲ့ကာ "နွေဦးတော်လှန်ရေးသမိုင်းရဲ့ ထူးခြားတဲ့ စည်းလုံးညီညွတ်မှုအရွေ့တစ်ခု" လို့ ထည့်သွင်းပြောခဲ့ကြပါတယ်။

၂၀၂၆ ခုနှစ်အခင်းအကျင်းမှာ အာဏာသိမ်းစစ်တပ်က ရွေးကောက်ခံအစိုးရတစ်ရပ်အသွင်ပြောင်းကာ နိုင်ငံရေးအရွေ့တစ်ခုဖြစ်လာချိန် တော်လှန်ရေးအင်အားစုတွေဘက်ကလည်း အာဏာဗဟိုချက်တစ်ခုကို စုဖွဲ့ပြလိုက်တဲ့သဘောလို့ နားလည်နိုင်ပါတယ်။
တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ စစ်ရေးနဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေကို တရားဝင်မှုနဲ့ ညီညွတ်တဲ့ တာဝန်ခံ ခေါင်းဆောင်နိုင်ဖို့အတွက် ညှိနှိုင်းပြီး SCEF ပေါ်ပေါက်လာတာလို့ သတင်းစာရှင်းလင်းပွဲအပြီးမှာ ထုတ်ပြန်လာတဲ့ ကြေညာချက်မှာဖော်ပြပါတယ်။
နိုင်ငံရေးဦးတည်ချက် ၆ ရပ်ကိုခိုင်မာအောင် ချထားနိုင်ပြီလို့ ဆိုပါတယ်။ ဦးတည်ချက် ၆ ရပ်ကတော့
- စစ်အာဏာသိမ်းတာကိုဖယ်ရှားပြီး မြန်မာစစ်တပ်ရဲ့ နိုင်ငံရေးမှာပါဝင်နေတာကို အပြီးတိုင် အဆုံးသတ်ဖို့
- လက်နက်ကိုင်တပ်ဖွဲ့တွေအားလုံးကို ဒီမိုကရေစီနည်းကျတင်မြှောက်ထားတဲ့ အရပ်သား အစိုးရရဲ့ စီမံအုပ်ချုပ်မှုအောက်မှာ အပြည့်အဝထားဖို့
- ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အပြီးတိုင်ဖျက်သိမ်းဖို့နဲ့ ဒါကိုပြန်လည်အသက်သွင်းဖို့ ကြိုးပမ်းတာမှန်သမျှကို တိုက်ဖျက်ဖို့
- သက်ဆိုင်သူတွေအားလုံးလက်ခံနိုင်တဲ့ ဖက်ဒရယ်နဲ့ ဒီမိုကရေစီစနစ်ကိုအခြေခံတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ရေးဆွဲပြဋ္ဌာန်းဖို့
- ထွက်ပေါ်လာမယ့် ဖက်ဒရယ်ဒီမိုကရေစီဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုအသစ်ကိုတည်ဆောက်ဖို့
- ပဋိပက္ခအတွင်း မတရားကျူးလွန်ခံရသူတွေအတွက် တရားမျှတမှုရရှိဖို့နဲ့ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုရရှိရေး လုပ်ငန်းစဉ်တွေကို ဖော်ဆောင်ဖို့
ဒီ ၆ ချက်အပြင် ဖက်ဒရယ်နဲ့ ပြည်နယ်/ ဖက်ဒရယ်ယူနစ်တွေကြား အချုပ်အခြာအာဏာကို မျှဝေသုံးစွဲမယ် ဆိုတဲ့ မူဝါဒလည်းပါဝင်လာပါတယ်။
ဒါအပြင် နိုင်ငံရေးဆုံးဖြတ်ချက်တွေချရင်လည်း EROs၊ ဒီမိုကရေစီတော်လှန်ရေးအင်အားစုတွေ၊ အမျိုးသမီး အစုအဖွဲ့တွေနဲ့ ပြည်သူ့ကိုယ်စားလှယ်တွေရဲ့ သဘောထားပါပြီး စုပေါင်းခေါင်းဆောင်မှုနဲ့ ဖော်ဆောင်မယ်လို့ ဆိုပါတယ်။
ပိုပြီးထူးခြားတာက တော်လှန်ရေးအင်အားစုတွေအပေါ် အမြဲထောက်ပြဝေဖန်ခံရတဲ့ မူဝါဒ၊ မဟာဗျူဟာ ကွဲပြားနေတယ်ဆိုတဲ့အချက်နဲ့ပတ်သက်ပြီး SCEF မှာ မူဝါဒတစ်ခုအနေနဲ့ပါလာပါတယ်။ "မူဝါဒတရပ်တည်း၊ မဟာဗျူဟာတရပ်တည်း" ဆိုတဲ့ One Policy, One Strategy မူဝါဒကို ကျင့်သုံးပြီး စစ်ရေး၊ နိုင်ငံရေး၊ အုပ်ချုပ်ရေးကဏ္ဍတွေကို ဟန်ချက်ညီပူးတွဲဖော်ဆောင်မယ်လို့ ဖော်ပြပါတယ်။
အဲဒီမူဝါဒတွေကပဲ SCEF အနေနဲ့ လက်တွေ့အကောင်အထည်ဖော်နိုင်မှု ဘယ်လောက်အလုပ်ဖြစ်မလဲဆိုတာ ကို စောင့်ကြည့်မယ့်အကြောင်း နိုင်ငံရေးအကဲခတ်တွေက ဘီဘီစီကိုပြောကြပါတယ်။
SCEF အပေါ် မေးခွန်းထုတ်မှုတွေ

ဓာတ်ပုံ ရင်းမြစ်, NUG
နွေဦးတော်လှန်ရေးရဲ့ နိုင်ငံရေးဖြစ်စဉ်ကိုပြန်ကြည့်မယ်ဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုဖျက်သိမ်းပြီး နိုင်ငံရေးအင်အားစုတွေစုဖွဲ့ကာ "ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်" FDC ကို ၂၀၂၁ ခုနှစ်၊ မတ် ၃၁ ရက်မှာ ပြဋ္ဌာန်းခဲ့ပါတယ်။
ပဋိညာဉ်အရ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ပေါ်လာပြီး ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) ဖွဲ့စည်းမှုကို အတည်ပြုချက်ပေးခဲ့ပါတယ်။ NUCC နဲ့ CRPH ညှိနှိုင်းသဘောတူညီချက်နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ဖွဲ့စည်းပေါ်ပေါက်လာပါတယ်။
၂၀၂၃ ခုနှစ်မှာတော့ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်(FDC) ရဲ့ အစိတ်အပိုင်း ၂ ထွက်လာပါတယ်။ NUCC ကနေ အသွင်ကူးပြောင်းရေးကာလဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးအလုပ်အဖွဲ့ (TCWG) ကိုဖွဲ့စည်းကာ အသွင်ကူးပြောင်းရေးကာလအစီအမံတွေဆိုင်ရာအခြေခံပြဋ္ဌာန်းချက် (AFTA) ရေးဆွဲမှုစတင်ခဲ့ပါတယ်။
ဒီလိုအရွေ့ရှိလာတဲ့ ၅ နှစ်တာကာလကို နွေဦးတော်လှန်ရေးရဲ့ "အဆင့် ၁" လို့ သုံးနှုန်းကြပါတယ်။
အခု SCEF ပေါ်ပေါက်လာတာကတော့ "အဆင့် ၂" ကို ရွေ့သွားပြီလို့ဆိုကြပြီး တော်လှန်ရေးအောင်မြင်ဖို့ အဓိကဖြစ်ပါတယ်။ အာဏာရှင်စနစ်ကိုဖြုတ်ချနိုင်ခဲ့ရင် အသွင်ကူးပြောင်းရေးကာလ "အဆင့် ၃" အဖြစ် AFTA ရဲ့ အစီအမံနဲ့ ဆက်သွားမှာဖြစ်ပါတယ်။
"AFTA တရားဝင်သက်ရောက်မှုရှိလာမယ့်အချိန်အထိ ကျွန်တော်တို့ရဲ့ ဖက်ဒရယ်ဒီမိုကရေစီ တော်လှန်ရေးကြီးရဲ့ တရားဝင်မှုကို ထိန်းသိမ်းထားနိုင်ဖို့အတွက် ဒီဖက်ဒရယ်ပေါ်ထွန်းရေးဦးဆောင်ကောင်စီ ဟာ ပေါင်းကူးတံတားတစ်စင်း ဖြစ်ဖို့ရည်ရွယ်ပါတယ်" ကရင်နီဥက္ကဋ္ဌ ခူဦးရယ်က သတင်းစာရှင်းလင်းပွဲမှာ ထည့်ပြောခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဒါပေမဲ့ SCEF ဟာ ဘယ်ဖွဲ့စည်းပုံအပေါ်တာဝန်ခံပြီးပေါ်ပေါက်လာတာလဲဆိုတဲ့ မေးခွန်းရှိနေကြောင်း နိုင်ငံရေးစောင့်ကြည့်သူတချို့က ထောက်ပြပါတယ်။
"Legal Framework ဘယ်ဥပဒေကိုအခြေခံပြီးသွားမလဲဆိုတာကစဉ်းစားချက်ဖြစ်တယ်။ ဖက်ဒရယ်ပဋိညာဉ်က constitutional arrangement ဖွဲ့စည်းပုံအခြေခံဥပဒေသဘောသက်ရောက်တာ ဖြစ်လို့ ဒါကိုမလိုက်နာလို့မရဘူးလေနော်"
"အကယ်လို့ ဒီဖက်ဒရယ်ပဋိညာဉ်က အလုပ်မဖြစ်တော့ဘူးဆိုရင်လည်း ပြင်ပေါ့နော်။ ဒီမိုကရေစီရဲ့ အသက်က constitutional (ဖွဲ့စည်းပုံအခြေခံဥပဒေ) အတိုင်းပဲဖြစ်သင့်တယ်" လို့ တော်လှန်ရေး အင်အားစုတွေရဲ့ နိုင်ငံရေးအရွေ့ကို စောင့်ကြည့်နေသူတစ်ဦးက ထောက်ပြပါတယ်။
ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် (FDC) အရ အလွှာအသီးသီးကနိုင်ငံရေးအစုအဖွဲ့တွေနဲ့ဖွဲ့စည်းထားတဲ့ NUCC ရှိနေရက်နဲ့ SCEF ဖွဲ့စည်းလို့ရနိုင်လားဆိုပြီးလည်း ထပ်မံမေးခွန်းထုတ်သူတွေလည်းရှိပါတယ်။
"FDC မှာက စုဖွဲ့မှုထပ်မလုပ်ရဘူးဆိုတဲ့တားမြစ်ချက်မရှိဘူး။ မူပိုင်းဆိုင်ရာလမ်းညွှန်မှုပေးတာပဲဖြစ်တယ်။ NUCC မှာ ပိုပြီးစုံလင်ကွဲပြားတဲ့အဖွဲ့တွေပါပြီး မူပိုင်းဆိုင်ရာထိန်းကျောင်းတာဖြစ်တယ်။ SCEF ကတော့ အလုပ်ဖြစ်မြောက်ရေးအတွက်လို့နားလည်တယ်"
"SCEF က NUCC ကိုအစားထိုးတာမဟုတ်ဘူး" လို့ တော်လှန်ရေးဆိုင်ရာနိုင်ငံရေးအရွေ့တွေအကြောင်း စုစည်းဖော်ပြလေ့ရှိတဲ့ Spring Sprouts တည်ထောင်သူ ကိုထင်ကျော်အေးက ပြောပါတယ်။
SCEF နဲ့ NUCC ရဲ့ကွာခြားချက်ကို ရှင်းလင်းအောင်ထုတ်ဖော်ပြောဖို့လိုတယ်လို့ သူက ဆက်ပြောပါတယ်။
SCEF ဖွဲ့စည်းကြောင်းကြေညာပြီးနောက်တစ်ရက် မတ် ၃၁ ရက်မှာပဲ FDC အတည်ပြုပြဋ္ဌာန်းတာ ၅ နှစ်ပြည့်ဆိုပြီး သဘောထားထုတ်ပြန်ချက်ထွက်လာခဲ့ပါတယ်။ FDC က ပြဋ္ဌာန်းချက်တွေနဲ့ ပေးထားတဲ့ တာဝန်တွေကို တာဝန်ယူမှုအပြည့်နဲ့ လိုက်နာကျင့်သုံးဖို့ဆိုပြီး NUCC က တိုက်တွန်းခဲ့ပါတယ်။
ဒါအပြင် AFTA ကိုလည်းမကြာခင်မှာအပြီးသတ်ရေးဆွဲအတည်ပြုနိုင်တော့မယ်လို့ NUCC ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။
SCEF ပေါ်ပေါက်မှုနဲ့ NUG အခန်းကဏ္ဍ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဘီဘီစီရဲ့ စုံစမ်းသိရှိချက်အရ SCEF မှာ မဟာဗျူဟာနဲ့ မူဝါဒရေးရာဦးဆောင်အဖွဲ့၊ အတွင်းရေးမှူးဘုတ်အဖွဲ့ နဲ့ ကဏ္ဍအလိုက်အတွင်းရေးမှူးတွေဆိုပြီးပါဝင်မှာဖြစ်သလို မူဝါဒရေးရာအကြံပေးအဖွဲ့လည်း ရှိနေမှာပါ။ မဟာဗျူဟာနဲ့ မူဝါဒရေးရာဦးဆောင်အဖွဲ့က SCEF မှာ စုပေါင်းနိုင်ငံရေးဦးဆောင်မှုပေးမယ့် အမြင့်ဆုံးအဖွဲ့ ဖြစ်ပြီး စစ်အောင်နိုင်ရေးမဟာဗျူဟာအတွက် လက်နက်ကိုင်တပ်တွေကိုလည်း စုဖွဲ့မှာဖြစ်ပါတယ်။
SCEF သတင်းစာရှင်းလင်းပွဲမှာ NUG ယာယီသမ္မတ ဒူဝါလရှီးလပြောခဲ့တဲ့ "စစ်ရေးအရ ကျစ်လစ်တဲ့ မဟာမိတ်အင်အားစုကို အခြေခံပြီး၊ စနစ်ကျနတဲ့ ဖက်ဒရယ် တပ်မတော်ဆီကို ဦးတည်နေကြောင်း" ဆိုတဲ့ အချက်က စုဖွဲ့မှုကို ပိုမြင်သာစေပါတယ်။
ဒါကြောင့် အဆုံးအဖြတ်ပေးမယ့် EROs တွေရဲ့ အခန်းကဏ္ဍနဲ့ တော်လှန်ရေးတပ်ဦးက ပြည်ထောင်စုအစိုးရလို့ ရည်ညွှန်းခဲ့ကြတဲ့ NUG အစိုးရရဲ့တည်ရှိမှုအပေါ် မေးခွန်းတွေထပ်ရှိလာပါတယ်။
"လက်ရှိနိုင်ငံရေးဖြစ်စဉ်မှာဆိုရင် လက်နက်ကိုင်စကတည်းက EROs တွေကကူညီတာရှိတယ်။ တော်လှန်ရေးသက်တမ်းအရလည်း ဒီအဖွဲ့တွေက စစ်တပ်အကြောင်းကိုပိုသိတယ်"
"မြေပြင်စစ်ရေး၊ နိုင်ငံရေးအခြေအနေတွေမှာ NUG ကိုတွဲခေါ်တဲ့အလားအလာမျိုးဖြစ်တယ်။ အဓိက K3C ကပဲ ဦးဆောင်လုပ်မယ့်သဘောမြင်တယ်" လို့ လူငယ်နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးဖြစ်တဲ့ ကိုသစ်လွင်က ဘီဘီစီကိုပြောပါတယ်။
Spring Sprouts ကိုတည်ထောင်သူ ကိုထင်ကျော်အေးကတော့ "လုပ်ငန်းတာဝန်ခွဲဝေမှု" တွေအပေါ် မူတည်လိမ့်မယ်လို့ သုံးသပ်ပါတယ်။
SCEF မှာ နိုင်ငံခြားရေး၊ လုံခြုံရေးနဲ့ ကာကွယ်ရေး၊ ဖက်ဒရယ်ရေးရာ၊ ဘဏ္ဍာရေးဆိုတဲ့ ကဏ္ဍ ၄ ခုရှိပြီး သက်ဆိုင်ရာအလိုက်အတွင်းရေးမှူးတွေရှိနေမှာဖြစ်ပါတယ်။ မဏ္ဍိုင်သုံးရပ်လို့ညွှန်းဆိုခဲ့တဲ့ ပြည်နယ်/ ဖက်ဒရယ်ယူနစ်/ EROs ကိုယ်စားပြု၊ ပြည်သူ့ကိုယ်စားပြု၊ အမျိုးသမီးကိုယ်စားပြု/ ကိုယ်စားလှယ် တွေက မူဝါဒရေးရာအကြံပေးအဖွဲ့မှာ ပါဝင်လာမှာပါ။
"NUG ရဲ့ ပြုပြင်ပြောင်းလဲရေးကို အပိုင်း ၃ ပိုင်းနဲ့လုပ်မယ်လို့ပြောခဲ့ကြတယ်။ ဒါက NUG ပြောင်းလဲရေးရဲ့ နောက်ထပ်တစ်ဆင့်လို့မြင်တယ်။ NUG အခန်းကဏ္ဍလျော့ကျသွားနိုင်လားဆိုတာထက် NUG ကို အသွင်ပြောင်းသွားနိုင်မလားဆိုတာကို ကျွန်တော်ပိုပြီးစောင့်ကြည့်ချင်တယ်" လို့ ကိုထင်ကျော်အေးက ပြောပါတယ်။
Forum of Federations ရဲ့ မြန်မာနိုင်ငံဆိုင်ရာညွှန်ကြားရေးမှူး ဦးဝင်းမင်းကလည်း လာမယ့်တော်လှန်ရေး အခင်းအကျင်းမှာ NUG ရဲ့ အခန်းကဏ္ဍဘယ်လိုဆက်ရှိမလဲဆိုတာက စိတ်ဝင်စားဆုံးအပိုင်းဖြစ်တယ်လို့ မှတ်ချက်ပြုပါတယ်။
"NUG ပြုပြင်ပြောင်းလဲဖို့ဆိုပြီး အများကြီးစဉ်းစားခဲ့ကြတယ်။ SCEF ရဲ့ အလုပ်ကိုကြည့်လိုက်မယ်ဆိုရင် NUG ရဲ့ အလုပ်ကိုချိတ်ဆက်ဆွဲလိုက်ပြီလို့နားလည်တယ်။ SCEF ကိုကြေညာလိုက်တာဟာ တော်လှန်ရေး ဦးဆောင်မှုကို ပြုပြင်ပြောင်းလဲလိုက်တာပဲ" လို့ ဦးဝင်းမင်းက သုံးသပ်ပါတယ်။
ဒါပေမဲ့ ပြည်ထောင်စုအစိုးရဖြစ်တဲ့ NUG နဲ့ ဖက်ဒရယ်ယူနစ်ကြား လုပ်ပိုင်ခွင့်ခွဲဝေသတ်မှတ်မှုတွေ လုပ်ဆောင်နေဆဲလုပ်ငန်းစဉ်တွေကိုရော SCEF က ဆက်လက်ကိုင်တွယ်မှာလားဆိုတဲ့ စဉ်းစားချက်တွေ လည်း ရှိနေပြန်ပါတယ်။
ဖက်ဒရယ်ယူနစ်တွေနဲ့ နိုင်ငံတော်

ဓာတ်ပုံ ရင်းမြစ်, MIGC
ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် (FDC) အပိုင်း ၂ မှာ တော်လှန်ရေးမအောင်မြင်ခင်ကာလ တနည်းအားဖြင့် ကြားကာလအတွက် တိုင်းဒေသကြီးအပိုင်းအခြားတွေကို ပြည်နယ်/ ဖက်ဒရယ်ယူနစ်လို့ ခေါ်ဆိုရမယ်ဆိုတဲ့ အချက်ပါဝင်လာကာ ယူနစ်အစိုးရတွေပေါ်လာပါတယ်။
လက်ရှိမှာတော့ ကြားကာလနိုင်ငံရေးအစီအမံတွေနဲ့အတူ စစ်ကိုင်း၊ မကွေး၊ မန္တလေးတို့မှာ ယူနစ်အစိုးရတွေ ရှိနေပြီဖြစ်ပါတယ်။
မွန်ပြည် ကြားကာလပူးပေါင်းဆောင်ရွက်ရေးကော်မတီ (MSICC) ကနေလည်း မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) အဖြစ်ပြောင်းလဲထားပြီဖြစ်ပါတယ်။ တနင်္သာရီဖက်ဒရယ်ယူနစ်ဖော်ဆောင်ရေးကောင်စီလည်း ရှိပါတယ်။
လက်ရှိ SCEF ရဲ့ ဖက်ဒရယ်ယူနစ်ကိုယ်စားပြုအဖွဲ့အစည်းတွေဖိတ်ခေါ်ဖို့အတွက် ကနဦးပြောဆိုချက်မှာ စစ်ကိုင်း၊ မကွေးနဲ့ မန္တလေးယူနစ်အစိုးရတွေသာပါဝင်နေတယ်လို့ တော်လှန်ရေးအင်အားစုတွေဆီက သိရပါတယ်။
"SCEF ဖွဲ့ကြောင်းမကြေညာခင် မတ် ၂၇ ရက်တုန်းက ဒီစုဖွဲ့မှုနဲ့ပတ်သက်ပြီး ရှင်းပြပါတယ်။ ရှင်းရှင်းလင်းလင်းတော့ မသိရသေးဘူး။ ပါဝင်ဖို့ဖိတ်ခေါ်မယ်ပဲသိထားရပြီး တရားဝင်ဖိတ်ခေါ်ချက် မရသေးဘူး" လို့ မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီ (MIGC) ရဲ့ အတွင်းရေးမှူး ဦးဋ္ဌေးက ဧပြီ ၁ ရက်မှာ ဘီဘီစီကို ပြောပါတယ်။
SCEF မတိုင်ခင်ကတည်းက NUG နဲ့ MIGC ကြား လုပ်ပိုင်ခွင့်အာဏာခွဲဝေခွင့်နဲ့ပတ်သက်ပြီး ဆွေးနွေးနေဆဲ ဖြစ်ပါတယ်။ NUG အစိုးရမှာ လက်နက်ကိုင်အဖွဲ့တွေအဖြစ် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) ဆိုပြီး ယေဘုယျနားလည်နိုင်ပါတယ်။
"PDF ကို ပြည်ထောင်စုအစိုးရအောက်မှာအမြဲတမ်းစစ်တပ်အဖြစ်ထားဖို့ပါ။ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နဲ့ ပြည်သူ့လုံခြုံရေးကို ဖက်ဒရယ်ယူနစ်အစိုးရအောက်မှာထားဖို့ဆိုပြီး လုပ်ပိုင်ခွင့်အာဏာခွဲဝေခွင့် အတွက် ဆွေးနွေးနေဆဲဖြစ်ပါတယ်" လို့ MIGC ရဲ့ အတွင်းရေးမှူး ဦးဋ္ဌေးကရှင်းပြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, NUG MOD
အာဏာခွဲဝေခွင့်ဆွေးနွေးရေးတွေဟာ NUG အစား SCEF ကပဲ ဦးဆောင်တော့မှာလားဆိုတာကိုတော့ တိတိကျကျ မသိနိုင်သေးတဲ့အခြေအနေပါ။ ဒီလိုအရွေ့တွေရှိနေချိန်မှာပဲ မကွေးတိုင်းမှာတော့ ယူနစ်အစိုးရနဲ့ ပြည်ထောင်စုအစိုးရကြား ဆွေးနွေးမှုတွေဆက်တိုက်လုပ်ရမယ့်အခင်းအကျင်းတစ်ခုပေါ်လာပါတယ်။
အဲဒါကတော့ မကွေးတိုင်း၊ ပခုက္ကူခရိုင်ထဲက ပေါက်မြို့နယ်မြောက်ပိုင်းနဲ့ မြိုင်မြို့နယ်တောင်ပိုင်းအစပ်မှာ ရှိတဲ့ ရေနံမြေတွေကို စီမံခန့်ခွဲဖို့ဆွေးနွေးမှုအဆင်မပြေရာကနေ NUG ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ PDF တပ်ရင်းတွေက ဝင်ရောက်နေရာယူလို့ ပသုံးလုံးယန္တရားနဲ့ တင်းမာမှုတွေ ဖြစ်နေပါတယ်။
ရေနံမြေတွေကနေကောက်ခံရရှိတဲ့အခွန်ငွေတွေကို မြို့နယ်ပသုံးလုံးယန္တရားကစီမံခန့်ခွဲနေတာကို ပြည်ထောင်စုအစိုးရဖြစ်တဲ့ NUG ကနေတိုက်ရိုက်ကိုင်တွယ်မယ်ဆိုပြီးဖြစ်လာတာကနေ အခုလိုတင်းမာ လာတာလို့ ပေါက်မြို့နယ် ပသုံးလုံးအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
ပသုံးလုံးယန္တရားဆိုတာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) နဲ့ ပြည်သူ့ လုံခြုံရေးအဖွဲ့ (ပလဖ) တို့ကိုစုစည်းခေါ်ဝေါ်တာဖြစ်ပါတယ်။
ဒီကိစ္စကိုဖြေရှင်းဖို့အတွက် မကွေးဖက်ဒရယ်ယူနစ်အစိုးရနဲ့ ပြည်ထောင်စုအစိုးရဖြစ်တဲ့ NUG ကြား ကျေလည်အောင်ဆွေးနွေးသင့်ပြီလို့ ဒေသအခြေစိုက်တော်လှန်ရေးအဖွဲ့တွေက တိုက်တွန်းထားပါတယ်။
နိုင်ငံရေး၊ စစ်ရေးညှိနှိုင်းမှုဦးဆောင်အခန်းကဏ္ဍမှာရှိမယ်ဆိုတဲ့ SCEF ပေါ်လာချိန်မှာတော့ မကွေးဖြစ်စဉ်လို ကိစ္စရပ်တွေကိုပါ ကိုင်တွယ်ဖြေရှင်းမှာလားဆိုတဲ့ မေးခွန်းရှိလာပါတယ်။
"သူတို့အချင်းချင်းကြားမှာဘယ်လိုပုံစံမျိုးနဲ့စုဖွဲ့မယ်၊ ဘယ်လိုအလုပ်တာဝန်ကိုခွဲဝေမလဲဆိုတာအသေးစိတ် ရှိနေပုံမရဘူး။ သို့မဟုတ် ထုတ်မပြောတာလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ မူဝါဒနဲ့ မဟာဗျူဟာကို အကြံပေးမယ့်အဖွဲ့က ဘယ်လောက်ထိလုပ်ကိုင်ခွင့်ရှိမလဲ၊ တာဝန်ရှိနိုင်မလဲဆိုတာက အသေးစိတ် ဆက်စောင့်ကြည့်ရမှာဖြစ်တယ်" လို့ Spring Sprouts တည်ထောင်သူ ကိုထင်ကျော်အေးက မှတ်ချက်ပြု ပါတယ်။
မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီ (MIGC) ရဲ့ အတွင်းရေးမှူး ဦးဋ္ဌေးကလည်း SCEF အနေနဲ့ "ပြည်ထောင်စုအဆင့်မှာနိုင်ငံရေးအရ စည်းလုံးညီညွတ်မှုတွေလုပ်ဖို့လိုအပ်သေးတယ်" လို့ ထည့်သွင်း ပြောထားပါတယ်။
SCEF ကျော်လွှားရမယ့် စိန်ခေါ်ချက်တွေ

ဓာတ်ပုံ ရင်းမြစ်, SRA
နွေဦးတော်လှန်ရေးမှာအားကောင်းတဲ့အစုအဖွဲ့ ၆ ခုစုဖွဲ့လာတဲ့ SCEF ရင်ဆိုင်ရမယ့်စိန်ခေါ်ချက်တွေလည်း ရှိနေတယ်လို့ ဘီဘီစီစကားပြောခွင့်ရသူ ၄ ဦးထက်မနည်းက ပြောပါတယ်။
စစ်ရေးအရနယ်မြေထိန်းချုပ်နိုင်မှုမရှိတဲ့အစုအဖွဲ့တွေ၊ နိုင်ငံရေးအရ လားရာမတူတဲ့အဖွဲ့တွေကို ချန်လှပ်ထားခဲ့တယ်ဆိုတဲ့ ရှုမြင်ချက်ရှိနေကြတာပါ။ ၁၀၂၇ စစ်ဆင်ရေးဦးဆောင်ခဲ့တဲ့ မြောက်ပိုင်းညီနောင် သုံးဖွဲ့အပြင် ပအိုဝ်းတပ် PNLO/ PNLA၊ ကျောင်းသားတပ် ABSDF နဲ့ နွေဦးတော်လှန်ရေးတပ်ပေါင်းစုဖြစ်တဲ့ SRA တို့ ပါဝင်လာတာမတွေ့ရသေးပါဘူး။
"K3C ပါဝင်တဲ့အတွက် စုဖွဲ့မှုကအားကောင်းပါတယ်။ အင်အားအကြီးဆုံးစုဖွဲ့တာဖြစ်လို့ အားနည်းတဲ့အဖွဲ့ တွေကို အဖက်မလုပ်ဘူးဆိုတဲ့အခြေအနေမဖြစ်ဖို့လိုအပ်တယ်။ Elite pact လို့ခေါ်တဲ့ လူကြီးများကြည့် စီစဉ်တဲ့အတိုင်းကောင်းမွန်ပါတယ်ဆိုတဲ့အတိုင်း မဖြစ်ဖို့မျှော်လင့်တယ်။ ဒါမျိုးတွေကို စိတ်ပူရတယ်" လို့ တော်လှန်ရေးအင်အားစုတွေရဲ့ နိုင်ငံရေးအရွေ့ကို စောင့်ကြည့်နေသူတစ်ဦးက ပြောပါတယ်။
နွေဦးတော်လှန်ရေးမတိုင်ခင် စစ်အာဏာရှင်အမြစ်ဖြတ်ရေးတော်လှန်ရေးသမိုင်းမှာ ပေါ်ပေါက်ခဲ့တဲ့ တပ်ပေါင်းစုတွေမှာဖြစ်ခဲ့တာတွေကို သင်ခန်းစာယူဖို့လိုတယ်လို့ အကဲခတ်တွေက နမူနာပြုကာ ပြောကြပါတယ်။ အရပ်ဖက်အဖွဲ့အစည်းတွေ၊ သပိတ်အင်အားစုတွေထက် ပါဝင်သင့်ပါဝင်ထိုက်တဲ့ တိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းတွေကို တန်းတူရည်တူလမ်းဖွင့်ပေးတဲ့ "နိုင်ငံရေးရင့်ကျက်မှု" ရှိဖို့ ဆိုလာတာပါ။
"ဘယ်လိုပဲအစုအဖွဲ့တွေအများကြီးပေါ်ပါစေ၊ ဒီအဖွဲ့ကိုမလိုတော့ဘူးလို့ ပြည်သူကိုယ်တိုင်ဆုံးဖြတ်တဲ့အချိန် အစုအဖွဲ့တွေကိုယ်တိုင်သူတို့ရဲ့လုပ်နိုင်စွမ်းကို သတ်မှတ်ထားတဲ့ကာလမှာမပြသနိုင်ဘူးဆိုရင်တော့ နိုင်ငံရေး အစုအဖွဲ့အချင်းချင်းကချန်ခဲ့တဲ့ဖြစ်စဉ်တွေ မြန်မာနိုင်ငံရေးအခင်းအကျင်းမှာအများကြီးဖြစ်ခဲ့တယ်" လို့ လူငယ်နိုင်ငံရေးသုံးသပ်သူတစ်ဦးဖြစ်တဲ့ ကိုသစ်လွင်က သုံးသပ်ပါတယ်။
SCEF မှာ ပါဝင်တဲ့ K3C စုဖွဲ့မှုဟာလည်း ပြီးခဲ့တဲ့နှစ်တွေအတွင်း ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ရဲ့ နုတ်ထွက်မှုနဲ့အတူ K2C အဖြစ် ရပ်တည်ခဲ့ရတဲ့ နီးနီစပ်စပ်ဖြစ်စဉ်လည်းရှိပါတယ်။ ဒါကြောင့် SCEF အနေနဲ့ အလုပ်နဲ့သက်သေပြဖို့လိုအပ်တယ်လို့ ဘီဘီစီမေးမြန်းခွင့်ရသူတွေက တပြေးညီတည်းဖြေကြပါတယ်။
သူတို့တွေရဲ့ ဖြေကြားချက်အရ SCEF ကျော်လွှားရမယ့်စိန်ခေါ်ချက်သုံးခုကို တွေ့ရှိရပါတယ်။
- ရှေ့ဆက်မယ့်လုပ်ငန်းစဉ်ကို အများပြည်သူသိရှိအောင်ချပြဖို့လိုပြီး အဖွဲ့ဝင်တွေကြား ရှင်းလင်းတဲ့ တပြေးညီနားလည်မှုတည်ဆောက်ရန်
- စစ်ရေး၊ နိုင်ငံရေးအင်အားစုတွေတန်းတူပါဝင်နိုင်ဖို့လမ်းကြောင်းဖော်ဆောင်ပြီး နိုင်ငံရေး သဘောထားကြီးမှုတည်ဆောက်ရန်
- ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် မူဝါဒအတိုင်းသာ လုပ်ငန်းစဉ်တွေကို လက်တွေ့ အကောင်အထည်ဖော်နိုင်ဖို့ ယုံကြည်မှုတည်ဆောက်ရန်

ဓာတ်ပုံ ရင်းမြစ်, MOI
ဒီစိန်ခေါ်ချက်တွေဟာ ၂၀၂၆ ခုနှစ်လို နိုင်ငံရေးအကဲဆတ်တဲ့ကာလမှာ သတိကြီးကြီးထားပြီး ကိုင်တွယ်ရမယ့် အရာတွေလို့ Spring Sprouts တည်ထောင်သူ ကိုထင်ကျော်အေးက ပြောပါတယ်။
မြန်မာစစ်တပ်ရဲ့ နိုင်ငံရေးအရွေ့ကိုကြည့်မယ်ဆိုရင်လည်း ၂၀၂၅ - ၂၀၂၆ ရွေးကောက်ပွဲရလဒ်အရ လွှတ်တော် ခေါ်ယူနေပြီး အစိုးရဖွဲ့တော့မှာဖြစ်ပါတယ်။ ဒီလိုအသွင်ပြောင်းလဲတာနဲ့အတူ အပစ်ရပ်ရေးအတွက်တစ်ဖွဲ့ချင်းစီငြိမ်းချမ်းရေးဖိတ်ခေါ်မှုတွေ၊ နိုင်ငံတကာမျက်နှာစာမှာတရားဝင်မှုရရေး ကြိုးပမ်းမှုတွေကို မြင်တွေ့လာရဖွယ်ရှိနေတာပါ။
"ကျွန်တော့်အမြင်ကတော့ SCEF က စစ်အနိုင်တိုက်ရေးကို ဦးစားပေးနိုင်တယ်" လို့ လူငယ်နိုင်ငံရေး အကဲခတ်တစ်ဦးလည်းဖြစ်သလို နိုင်ငံရေးသုံးသပ်ချက်ဆောင်းပါးတွေလည်းရေးသားတဲ့ ကိုသစ်လွင်က ပြောပါတယ်။
နိုင်ငံရေးအခင်းအကျင်းအပေါ်မူတည်ပြီး ညှိနှိုင်းရေးမှာ စစ်ရေးအရဖိအားပေးနိုင်မှသာ "သူတပြန် ကိုယ်တပြန်" ဆွေးနွေးရေးဖြစ်နိုင်လိမ့်မယ်ဆိုတဲ့အချက်ပါ။ SCEF ပေါ်လာချိန် တပြိုင်နက်လိုလိုမှာပဲ ပြည်တွင်းနိုင်ငံရေးအင်အားစုဖြစ်တဲ့ နိုင်ငံရေးဆိုင်ရာညှိနှိုင်းဆောင်ရွက်ရေးအစုအဖွဲ့ (PCB) ကနေ နိုင်ငံရေး အကျပ်အတည်းဖြေရှင်းရေးဆိုင်ရာသဘောထားကို မတ် ၃၁ ရက် ရက်စွဲနဲ့ ထွက်လာပါတယ်။
SCEF ရော PCB သဘောထားမှာပါ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ပေါက်ရေးနဲ့ ဖက်ဒရယ် ဒီမိုကရေစီကိုအာမခံတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ပေါက်ရေးဆိုတဲ့ တူညီချက်တွေရှိနေတာကို ကိုင်စွဲပြီး ကိုသစ်လွင်က သူ့အမြင်ကို ပြောပါတယ်။
"အသွင်ပြောင်းစစ်တပ်ကို တဖက်မှာ SCEF က စစ်အနိုင်တိုက်မယ်၊ တဖက်မှာ ပြည်တွင်းအစုအဖွဲ့နဲ့ ဖွဲ့ထားတဲ့ PCB က နိုင်ငံရေးစကားပြောဖို့ဖိအားပေးမယ်လို့မြင်တယ်။ ညပ်ပြီးဖိအားပေးတာမျိုးပေါ့။ ဒီအစုအဖွဲ့နှစ်ခုစလုံးဟာ ဖြတ်သန်းမှုအရ ပြည်သူနာအောင်လုပ်မယ့်အဖွဲ့တွေမဟုတ်ဘူး" လို့ သူက ဆက်ပြောပါတယ်။
အခုလိုအချိန်ကိုက်အရွေ့တွေဖြစ်လာတာနဲ့အတူ စုဖွဲ့မှုအသေးစိတ်နဲ့ပတ်သက်လို့ SCEF ရဲ့ ပြောရေးဆိုခွင့်ရှိသူတွေဖြစ်တဲ့ NUG အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ရော ကရင်နီ KNPP အတွင်းရေးမှူး ဦးအောင်ဆန်းမြင့်ကိုပါ ဘီဘီစီကဆက်သွယ်မေးမြန်းခဲ့ပေမဲ့ မဖြေကြားခဲ့ပါဘူး။
ဘီဘီစီစကားပြောခွင့်ရခဲ့တဲ့ နိုင်ငံရေးအကဲခတ်တွေကတော့ အာဏာသိမ်း ၅ နှစ်ကျော်အတွင်းကြုံတွေ့ရတဲ့ ပြည်သူ့ အကျပ်အတည်းကြောင့် ၂၀၂၆ ခုနှစ်ဟာ အားပြိုင်မှုပိုပြင်းထန်လိမ့်မယ်ဆိုတဲ့ ရှုထောင့်ကနေ မီးမောင်းထိုးပြောခဲ့ကြပါတယ်။












