ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ယူကရိန်းမြို့တွေမှာ လူနေလို့မရအောင်လုပ်ဖို့ ပူတင်ရဲ့ "စည်းမဲ့" မဟာဗျူဟာသစ်
- ရေးသားသူ, အီလ်ယာ အဘီရှက်ဖ်
- ရာထူးတာဝန်, ဘီဘီစီ သတင်း ရုရှားစစ်ရေးသတင်းထောက် Russian military correspondent
- ရေးသားသူ, အိုလက်ဆာ ဇီဂါလက်
- ရာထူးတာဝန်, ဘီဘီစီ ရုရှားဘာသာစကားဌာန
- ရေးသားသူ, ကတ်သရင်း ဟတ်၀ုဒ်
- ရာထူးတာဝန်, ဘီဘီစီ ကမ္ဘာတလွှား
- ရေးသားခဲ့သည်။
- ဖတ်ရန်အချိန်: မိနစ် ၈
ရုရှားနဲ့စစ်ဖြစ်နေတဲ့ယူကရိန်းမှာတော့ အခြေအနေတွေ ပြောင်းပြန်ဖြစ်နေပါတယ်။ အခုဆို ရှေ့တန်းရောက် ယူကရိန်းစစ်သားတွေက မြို့တော် ကိယက်ဗ်မှာရှိတဲ့ မိသားစုတွေ ဘေးကင်းရဲ့လားလို့ အိမ်ကို ပြန်ပြီး ဖုန်းဆက်မေးနေကြပါတယ်။ အရင်က မိသားစုတွေက ရှေ့တန်းက စစ်သားတွေကို ဖုန်းဆက်မေးကြတာ ဖြစ်ပါတယ်။
"အခုဆိုရင် လူတွေက ကိယက်ဗ်ကို ရှေ့တန်းမြို့တစ်မြို့လို ပြောဆိုနေကြပါတယ်" လို့ ကိယက်ဗ်မြို့မှာ နေထိုင်တဲ့ ပီတာ ဒစ်ကင်ဆန်က ဘီဘီစီကို ပြောပါတယ်။
"တကယ်တမ်း ရှေ့တန်းနဲ့ နီးတဲ့မြို့တွေထက် အန္တရာယ်ပိုမများဘူးဆိုရင်တောင် အဲဒီမြို့တွေ ကြုံနေရတဲ့ အန္တရာယ်နဲ့ မတိမ်းမယိမ်း ဖြစ်နေပါပြီ" လို့ သူက ဆိုပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ရုရှားဟာ ယူကရိန်းမြို့တော် ကိယက်ဗ်နဲ့ တခြားမြို့ကြီးတွေကို ဒုံးကျည်တွေနဲ့ ဒရုန်းတွေ အသုံးပြုပြီး တိုက်ခိုက်မှုတွေ တိုးမြှင့်လုပ်ဆောင်ခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုတွေကြောင့် စာသင်ကျောင်းတွေ၊ ဆေးရုံတွေ၊ ဟိုတယ်တွေ၊ ဒေတာစင်တာတွေ၊ ရထားတွေနဲ့ တံတားတွေအပါအဝင် အရပ်သားဆိုင်ရာ အဆောက်အအုံနဲ့ အခြေခံအဆောက်အအုံတွေ ထိခိုက်ပျက်စီးခဲ့ပါတယ်။
ဥပမာအားဖြင့် စက်တင်ဘာ ၃၀ ရက်မှာ ကိယက်ဗ်မြို့အနီးက ဆိုင်နှစ်ဆိုင် ဒရုန်းတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့ပါတယ်။ နောက်တစ်နေ့မှာ မြို့တော်ရဲ့ ဆိုလိုမြန်းစကီးခရိုင်ရှိ စာသင်ကျောင်းအဆောက်အအုံတစ်ခု ဒရုန်းထိမှန်ခဲ့သလို အိုဒက်ဆာဒေသက စီးပွားရေးစင်တာတစ်ခုလည်း တိုက်ခိုက်ခံခဲ့ရပါတယ်။
အောက်တိုဘာ ၈ ရက်မှာလည်း ကိယက်ဗ်ဒေသ ဘူချာခရိုင်ရှိ စာသင်ကျောင်းနဲ့ မူကြိုကျောင်းဝင်းအတွင်း ရုရှားဒရုန်းတစ်စင်း ထိမှန်ခဲ့ပါတယ်။
ရုရှားကာကွယ်ရေးဝန်ကြီးဌာနကတော့ အဲဒီအဆောက်အအုံတွေကို လက်နက်ထုတ်လုပ်ရေးနဲ့ လက်နက်သိုလှောင်ရေးအတွက် အသုံးပြုနေကြတာဖြစ်ပြီး ရုရှားတပ်ဖွဲ့တွေဟာ စစ်ဘက်ဆိုင်ရာနဲ့ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးဆိုင်ရာ နေရာတွေကိုသာ ပစ်မှတ်ထားခဲ့တာလို့ ပြောပါတယ်။
ဒါပေမဲ့ ဇန်နဝါရီလကနေ ဩဂုတ်လအထိ ရုရှားရဲ့တိုက်ခိုက်မှုတွေကြောင့် ယူကရိန်းအရပ်သား ၁၅,၂၈၀ သေဆုံးခဲ့တာ ဒါမှမဟုတ် ဒဏ်ရာရခဲ့တာဖြစ်ပါတယ်။
အဲဒီအရေအတွက်ဟာ မနှစ်က အလားတူကာလထက် ၅၅ ရာခိုင်နှုန်း ပိုများတယ်လို့ ယူကရိန်းပါလီမန်ရဲ့ လူ့အခွင့်အရေးဆိုင်ရာ ကော်မရှင်နာ ဒီမီထရို လူဘိနက်က ပြောပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်က ရုရှားရဲ့ "အရက်စက်ဆုံး တိုက်ခိုက်မှုတွေထဲက တစ်ခု" ကြောင့် ကလေးတွေအပါအဝင် အနည်းဆုံး လူ ၂၅ ဦး သေဆုံးခဲ့တယ်လို့ ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇလန်းစကီးက ပြောပါတယ်။
ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ၂၀၂၂ ခုနှစ်မှာ ယူကရိန်းကို အပြည့်အဝ ကျူးကျော်စစ် စတင်ခဲ့ချိန်ကတည်းက ယူကရိန်းမြို့တွေကို ဗုံးကြဲတိုက်ခိုက်တာဟာ ဒီစစ်ပွဲရဲ့ ထင်ရှားတဲ့ လက္ခဏာတစ်ခု ဖြစ်လာခဲ့ပါတယ်။
"ဒါကို မဟာဗျူဟာပြောင်းလဲမှုလို့ ကျွန်တော် မခေါ်ပါဘူး။ တိုက်ခိုက်မှုတွေ အရှိန်မြှင့်လာတာလို့ပဲ ခေါ်မှာပါ" လို့ စိန့်အင်ဒရူးတက္ကသိုလ် ပါမောက္ခ ဖိလစ် အိုဘရိုင်ယန်က ဘီဘီစီကို ပြောပါတယ်။
ဒါပေမဲ့ Atlantic Council ရဲ့ Ukraine Alert ဘလော့ဂ်ကို တည်းဖြတ်သူ ပီတာ ဒစ်ကင်ဆန်ကတော့ အခုနောက်ပိုင်း တိုက်ခိုက်မှုတွေရဲ့ သဘောသဘာဝ ပြောင်းလဲလာပြီး ကိယက်ဗ်မြို့ကို နေ့ရောညပါ ပစ်မှတ်ထားလာတယ်လို့ ပြောပါတယ်။
"ဒါဟာ လူတွေရဲ့ အသက်အန္တရာယ်ကို ကြီးမားစွာ ခြိမ်းခြောက်နေတာပါ။ ဒါ့အပြင် စာသင်ကျောင်းတွေ ဖွင့်လို့မရ၊ စီးပွားရေးလုပ်ငန်းတွေ ပုံမှန်လည်ပတ်လို့မရအောင်လည်း အကြီးအကျယ် အနှောင့်အယှက်ဖြစ်စေပါတယ်။ နောက်ဘာဖြစ်လာမလဲဆိုတဲ့ စိုးရိမ်ပူပန်မှုကိုလည်း ဖြစ်စေပါတယ်" လို့ သူက ပြောပါတယ်။
တိုက်ခိုက်မှုတွေ အရှိန်မြှင့်လာတာကို အထင်ရှားဆုံး ပြသနေတဲ့ အချက်တွေထဲက တစ်ခုကတော့ ယူကရိန်းမြို့တော်ကို နှစ်ပိုင်းခွဲထားတဲ့ ဒနီပရိုမြစ်ကို ဖြတ်သန်းထားတဲ့ တံတားတွေ ပစ်မှတ်ထားခံလာရတာ ဖြစ်ပါတယ်။ ဒစ်ကင်ဆန်က အဲဒီတံတားတွေကို "မြို့ရဲ့ မရှိမဖြစ် သွေးကြောတွေ" လို့ တင်စားပြောဆိုပါတယ်။
မြစ်ရဲ့ ညာဘက်ကမ်းမှာ အစိုးရရုံးတွေ၊ စီးပွားရေးလုပ်ငန်းတွေနဲ့ မြို့တော်ရဲ့ စီးပွားရေးလှုပ်ရှားမှု အများစုရှိပါတယ်။ ဘယ်ဘက်ကမ်းမှာတော့ လူနေရပ်ကွက်တွေ အများဆုံး တည်ရှိပါတယ်။
မြစ်ကို ဖြတ်ကူးဖို့ ဥမင်လိုဏ်ခေါင်းတွေ မရှိဘဲ တံတားတွေကိုသာ အဓိက အသုံးပြုနေရပါတယ်။ အဲဒီတံတားတွေပေါ်မှာ မက်ထရိုရထားလမ်းတွေနဲ့ ကားလမ်းတွေကိုလည်း တည်ဆောက်ထားပါတယ်။ နေ့စဉ် လူသန်းနဲ့ချီဟာ မြစ်ရဲ့ ကမ်းနှစ်ဖက်ကြား သွားလာနေကြပါတယ်။
ဆောင်းရာသီ နီးလာပြီ
ရုရှားဒရုန်းတွေဟာ တံတားလို ကြီးမားတဲ့ အဆောက်အအုံတွေကို ဖျက်ဆီးနိုင်လောက်တဲ့ အင်အားမရှိဘူးလို့ ဒစ်ကင်ဆန်က ပြောပါတယ်။ ဒါကြောင့် တံတားတွေကို အပြီးတိုင် ဖျက်ဆီးဖို့ထက် အသုံးပြုလို့မရအောင် ပိတ်ထားရစေဖို့ ရည်ရွယ်တာ ဖြစ်နိုင်တယ်လို့ သူက ဆိုပါတယ်။
တိုက်ခိုက်မှုတွေ လုပ်ဆောင်တဲ့အချိန်ကလည်း ရည်ရွယ်ချက်ကို ဖော်ပြနေတယ်လို့ သူက ပြောပါတယ်။
"အခြေခံအဆောက်အအုံတွေကို ဖျက်ဆီးဖို့ပဲ ရည်ရွယ်တာဆိုရင် ညဉ့်နက်ချိန် ဒါမှမဟုတ် မနက်အစောပိုင်းမှာ အလွယ်တကူ တိုက်ခိုက်နိုင်ပါတယ်။ အဲဒီလိုဆိုရင်လည်း အကျိုးသက်ရောက်မှုက အတူတူပဲ ဖြစ်မှာဖြစ်ပြီး လူတွေရဲ့ အသက်ကို အန္တရာယ်ဖြစ်စေတာမျိုး နည်းပါးနိုင်ပါတယ်။ ဒါပေမဲ့ သူတို့က အဲဒီလိုမလုပ်ဘဲ လူသွားလူလာ အများဆုံးအချိန်တွေမှာ တိုက်ခိုက်နေတာပါ" လို့ သူက ပြောပါတယ်။
"ဒါဟာ တမင်ရည်ရွယ်ထားတဲ့ မူဝါဒတစ်ရပ်လို့ တကယ့်ကို ခံစားရပါတယ်။ ဒီတိုက်ခိုက်မှုတွေဟာ မတော်တဆ ထိခိုက်ပျက်စီးမှုတွေ မဟုတ်သလို တရားဝင် စစ်ရေးပစ်မှတ်တွေကို တိုက်ခိုက်တာမျိုးလည်း မဟုတ်ပါဘူး" လို့ သူက ဆိုပါတယ်။
ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးကတော့ ရုရှားဟာ ယူကရိန်းကို သိမ်းပိုက်နိုင်ခြင်း မရှိခဲ့တဲ့အတွက် အခုအခါ အကြီးအကျယ် တိုက်ခိုက်ပြီး လူအများအပြားကို သတ်ဖြတ်နေတယ်လို့ ပြောပါတယ်။
"သူတို့က ကျွန်တော်တို့ရဲ့ တံတားတွေကို ပစ်မှတ်ထားချင်နေပါတယ်။ ကျွန်တော်တို့ နားလည်ထားသလောက်ဆိုရင် ဒေတာစင်တာတွေ၊ အင်တာနက်၊ မိုဘိုင်းဖုန်းကွန်ရက်တွေ၊ ဆေးရုံတွေ၊ မူကြိုကျောင်းတွေ၊ စာသင်ကျောင်းတွေနဲ့ တက္ကသိုလ်တွေကိုပါ ပစ်မှတ်ထားချင်နေပါတယ်။ လူတွေကို သူတို့ရဲ့ မြို့တွေကနေ ထွက်ပြေးသွားအောင် လုပ်ချင်နေတာပါ" လို့ သူက Financial Times ကို ပြောပါတယ်။
ဒါ့အပြင် ထောက်လှမ်းရေးသတင်းတွေနဲ့ ပူတင်နဲ့ နီးစပ်သူတချို့ဆီက သိရှိရတာတွေအရ စက်တင်ဘာလအစောပိုင်းမှာ ပူတင်က "စည်းမထားတော့ဘူး" လို့ ပြောခဲ့ကြောင်းလည်း ဇယ်လန်းစကီးက ဆိုပါတယ်။
ဆောင်းရာသီ နီးလာချိန်မှာ ပူတင်ဟာ ယူကရိန်းနိုင်ငံအတွင်း အရပ်သားတွေ နေထိုင်ဖို့ အတတ်နိုင်ဆုံး ခက်ခဲအောင် လုပ်ဆောင်လိုတယ်လို့ ဇယ်လန်းစကီးက ယူဆထားကြောင်း အိုဘရိုင်ယန်က ပြောပါတယ်။
ဆောင်းရာသီမှာ အပူချိန် အနုတ် ၂၀ ဒီဂရီဆဲလ်စီးယပ်အထိ ကျဆင်းနိုင်တဲ့ ယူကရိန်းလို နိုင်ငံမျိုးမှာ နျူကလီးယားဓာတ်အားပေးစက်ရုံတွေကို မဟာဓာတ်အားလိုင်းကနေ ဖြတ်တောက်ပြီး မြို့တွေမှာ အပူပေးစနစ်နဲ့ ရေပေးဝေမှုတွေ ပြတ်တောက်အောင် လုပ်တာဟာ လူတွေရဲ့ နေ့စဉ်ဘဝကို အလွန်ခက်ခဲစေနိုင်ပါတယ်။
'အကြောက်တရားဖြန့်ခြင်း'
"ဒီအချက်တွေအားလုံးကို ခြုံကြည့်လိုက်ရင် ယူကရိန်းအစိုးရကို နိုင်ငံရေးအရ အကြီးအကျယ် ဖိအားပေးပြီး ရုရှားလိုချင်တဲ့ ပုံစံအတိုင်း သဘောတူညီချက်တစ်ခုကို လက်ခံလာအောင် ကြိုးပမ်းနေတာကို တွေ့ရပါတယ်" လို့ အိုဘရိုင်ယန်က ပြောပါတယ်။
ကိယက်ဗ်မြို့ဟာ အဓိကပစ်မှတ်ဖြစ်ပုံရပေမဲ့ အရပ်သားတွေကို တတ်နိုင်သမျှ ပစ်မှတ်ထားတိုက်ခိုက်နိုင်တာကြောင့် အိုဒက်ဆာ၊ လဗစ်ဗ်၊ ဒနီပရိုနဲ့ ခါကိဗ်မြို့တွေဟာလည်း တိုက်ခိုက်ခံရနိုင်ခြေ ရှိတယ်လို့ သူက ဆိုပါတယ်။
အရပ်သားတွေကို သူတို့ရဲ့မြို့တွေကနေ ထွက်ပြေးသွားစေဖို့ ကြိုးပမ်းတာဟာ ယူကရိန်းပြည်သူတွေရဲ့ စိတ်ဓာတ်ကို ချိုးဖျက်ဖို့ ရည်ရွယ်ချက်တွေထဲက တစ်ခုဖြစ်တယ်လို့ ဒစ်ကင်ဆန်က ပြောပါတယ်။
"ဒါဟာ အစိုးရအနေနဲ့ ဘာမှမတတ်နိုင်ဘူး၊ ပြည်သူတွေကို မကာကွယ်ပေးနိုင်ဘူးဆိုတဲ့ ပုံရိပ်မျိုး ဖြစ်ပေါ်စေပါတယ်" လို့ သူက ဆိုပါတယ်။ ဒီလိုနဲ့ ယူကရိန်းဘက်က လက်နက်ချဖို့ တောင်းဆိုသံတွေ ပိုများလာမယ်လို့ ရုရှားက မျှော်လင့်နေတာဖြစ်ကြောင်း သူက ပြောပါတယ်။
"ရုရှားဟာ လူတွေ နေ့စဉ်ဘဝ ဖြတ်သန်းနေကြတဲ့ နေရာတွေကို စနစ်တကျ ပစ်မှတ်ထားတိုက်ခိုက်နေပါတယ်။ လူသေဆုံး၊ ဒဏ်ရာရမှု အများဆုံးဖြစ်စေဖို့၊ ကြောက်ရွံ့မှုတွေ ပျံ့နှံ့စေဖို့နဲ့ ယူကရိန်းလူ့အဖွဲ့အစည်းအပေါ် ဖိအားပေးဖို့ ကြိုးစားနေတာပါ" လို့ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး အန်ဒရီ ဆီဘီဟာက လူမှုကွန်ရက် X မှာ ရေးသားထားပါတယ်။
ဒါပေမဲ့ ဒီတိုက်ခိုက်မှုတွေရဲ့ နောက်ထပ်ရည်ရွယ်ချက်တစ်ခုလည်း ရှိတယ်လို့ ဒစ်ကင်ဆန်က ပြောပါတယ်။
"လူတွေမရှိတော့ရင် စက်ရုံတွေမှာ အလုပ်လုပ်နိုင်တော့မှာ မဟုတ်ပါဘူး။ နိုင်ငံကို ကာကွယ်ဖို့ လိုအပ်တဲ့ လက်နက်တွေကိုလည်း ထုတ်လုပ်နိုင်တော့မှာ မဟုတ်ပါဘူး" လို့ သူက ပြောပါတယ်။
စီးပွားရေးလုပ်ငန်းတွေ မလည်ပတ်နိုင်တော့ဘဲ အဲဒီလုပ်ငန်းတွေက ရရှိတဲ့ အခွန်ဝင်ငွေတွေလည်း လျော့နည်းလာမယ်ဆိုရင် အစိုးရအနေနဲ့ နိုင်ငံ့လုပ်ငန်းဆောင်တာတွေကို ငွေကြေးထောက်ပံ့ဖို့ အခက်အခဲတွေ ပိုကြုံလာနိုင်ပါတယ်။
လေကြောင်းတိုက်ခိုက်မှု သတိပေးချက်တွေကြောင့် စီးပွားရေးလုပ်ငန်းတွေ တစ်နာရီကြာ ရပ်နားထားရတိုင်း ယူကရိန်းနိုင်ငံအတွက် ဒေါ်လာ ၄၅ သန်းခန့် ဆုံးရှုံးမှုရှိတယ်လို့ စီးပွားရေးနဲ့ ပတ်ဝန်းကျင်ဝန်ကြီး အိုလက်ဇန်းဒါ ခါချန်ကိုက ပြောပါတယ်။
"လူတွေ ဗုံးခိုကျင်းတွေထဲမှာ ရှိနေတဲ့အခါ စီးပွားရေးလုပ်ငန်းတွေ ရပ်တန့်သွားပါတယ်" လို့ သူက The Guardian သတင်းစာကို ပြောပါတယ်။
ယူကရိန်းဟာ သူ့ရဲ့ မဟာမိတ်နိုင်ငံတွေဆီကနေ ငွေကြေးအကူအညီတွေ ပိုမိုတောင်းခံနေရတဲ့ အခြေအနေလည်း ရှိနေပါတယ်။
ရုရှားက အခုလို တိုက်ခိုက်မှုတွေ တိုးမြှင့်လာရတဲ့ နောက်ထပ်အကြောင်းရင်းတစ်ခုကတော့ "သူတို့ လုပ်နိုင်လို့ပါပဲ" လို့ ဒစ်ကင်ဆန်က ပြောပါတယ်။
ယူကရိန်းမှာ Patriot လေကြောင်းရန်ကာကွယ်ရေးစနစ်အတွက် အသုံးပြုရတဲ့ ခဲယမ်းတွေ အလွန်နည်းပါးလာနေပါတယ်။ အဲဒီစနစ်ဟာ "ပဲ့ထိန်းဒုံးကျည်တွေရဲ့ ခြိမ်းခြောက်မှုကို ထိရောက်စွာ ကာကွယ်နိုင်တဲ့ တစ်ခုတည်းသော စနစ်" လည်း ဖြစ်တယ်လို့ ဆိုပါတယ်။
အမေရိကန်ဟာ အဲဒီခဲယမ်းတွေကို အရေအတွက်အများအပြား ထုတ်လုပ်နိုင်တဲ့ တစ်ခုတည်းသော နိုင်ငံဖြစ်ပါတယ်။ ဒါပေမဲ့ "အမေရိကန်နဲ့ အရှေ့အလယ်ပိုင်းက သူ့ရဲ့မဟာမိတ်တွေဟာ အီရန်နဲ့ ဖြစ်ပွားနေတဲ့ ဒီစစ်ပွဲမှာ ခဲယမ်းလက်ကျန် အများအပြားကို အသုံးပြုခဲ့ပြီးပါပြီ" လို့ ဆိုပါတယ်။
တစ်ချိန်တည်းမှာပဲ ယူကရိန်းစစ်ရေးလေ့လာသုံးသပ်သူ အိုလက်ဆန်ဒါ ကိုဗာလန်ကိုက "ရန်သူဟာ ဒုံးကျည်အမျိုးအစားတစ်ခုချင်းစီရဲ့ ထုတ်လုပ်မှုကို လျှော့ချထားတာ မရှိသလို၊ လက်ကျန်သိုလှောင်ထားတဲ့ ဒုံးကျည်တွေလည်း ကုန်ခမ်းသွားတာ မရှိပါဘူး။ အဲဒီအစား လက်နက်လက်ကျန်တွေကို ပိုမိုစုဆောင်းလာနေပါတယ်" လို့ ပြောပါတယ်။
ဒါ့အပြင် ၂၀၂၆ ဩဂုတ်လလယ်ပိုင်းကစပြီး ရုရှားဟာ ဂျက်အင်ဂျင်သုံး ဒရုန်းအမျိုးအစားသစ်တွေကို အသုံးပြုလာခဲ့ပြီး အဲဒီဒရုန်းတွေကို လက်ရှိအချိန်မှာ ယူကရိန်းအနေနဲ့ ထိထိရောက်ရောက် တုံ့ပြန်နိုင်တဲ့ နည်းလမ်း မရှိသေးဘူးလို့ ဆိုပါတယ်။
ဒီဒရုန်းတွေဟာ အရင်က အသုံးပြုခဲ့တဲ့ ပန်ကာတပ်ဒရုန်းတွေထက် အမြန်နှုန်း နှစ်ဆခန့် ပိုမြန်ပြီး ပိုမြင့်တဲ့ အမြင့်ကနေ ပျံသန်းနိုင်သလို ပိုမိုခေတ်မီတဲ့ ပစ်မှတ်ချိန်ရွယ်မှုနဲ့ လမ်းကြောင်းရှာဖွေမှုစနစ်တွေ ပါဝင်ပါတယ်။ ဒါကြောင့် ကြားဖြတ်ပစ်ချဖို့ ပိုမိုခက်ခဲလာပါတယ်။
ယူကရိန်းလေတပ် ပြောရေးဆိုခွင့်ရှိသူ ယူရီ အီဟ်နတ်ရဲ့ ပြောကြားချက်အရ ရုရှားဟာ ဩဂုတ်လအတွင်း အဲဒီဒရုန်းအမျိုးအစား ၂,၈၅၀ စင်းနဲ့ ယူကရိန်းကို တိုက်ခိုက်ခဲ့ပါတယ်။ စက်တင်ဘာ ၂၉ ရက်နေ့အထိ နောက်ထပ် ၃,၁၇၇ စင်း ပေးပို့တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ယူကရိန်းကာကွယ်ရေးကဏ္ဍမှာ အကြီးဆုံး နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေထဲက တစ်ဦးဖြစ်တဲ့ Google ကုမ္ပဏီရဲ့ အကြီးအကဲဟောင်း အဲရစ် ရှမစ်ကလည်း ရုရှားဟာ ဒီဒရုန်းအသစ်တွေကို အလျင်အမြန် အရေအတွက်တိုးမြှင့်အသုံးပြုလာနိုင်တဲ့ အတိုင်းအတာကို သူတို့ လျှော့တွက်ခဲ့မိကြောင်း ဝန်ခံထားပါတယ်။
"ရုရှားဟာ ဒရုန်းတစ်စင်းကို ယူကရိန်းလုံခြုံရေးဌာန (SBU) ရုံးချုပ်ရဲ့ အလယ်ပိုင်းပြတင်းပေါက်တည့်တည့်ကို ပျံသန်းဝင်ရောက်အောင် ထိန်းချုပ်နိုင်ခဲ့ပါတယ်။ ဒီစနစ်တွေ ဘယ်လောက်အထိ လုပ်ဆောင်နိုင်တယ်ဆိုတာကို သတိပေးလိုက်တာပါ" လို့ သူက The Economist မဂ္ဂဇင်းကို ပြောပါတယ်။
ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးကတော့ ဂျက်အင်ဂျင်သုံး ဒရုန်းတွေကို ကြားဖြတ်ဟန့်တားနိုင်မှုနှုန်းဟာ လက်ရှိမှာ ၅၀ ရာခိုင်နှုန်းကနေ ၅၅ ရာခိုင်နှုန်းအထိ ရှိပြီး ယူကရိန်းလေတပ်ရဲ့ အကူအညီကြောင့် တချို့အချိန်တွေမှာ ၆၀ ရာခိုင်နှုန်းအထိ ရောက်ရှိတယ်လို့ ပြောပါတယ်။
ယူကရိန်းဟာ အဲဒီဒရုန်းတွေကို တားဆီးဖို့ နည်းလမ်းသစ်တွေ ရှာဖွေနေပြီး တိုးတက်မှုတွေလည်း ရှိလာပုံရတယ်လို့ အိုဘရိုင်ယန်က ပြောပါတယ်။
ဒါပေမဲ့ ရုရှားက ဒရုန်းအမြောက်အမြား လွှတ်တင်နေတာကြောင့် ၈၀ ရာခိုင်နှုန်းကို ပစ်ချနိုင်ခဲ့ရင်တောင် "ညတိုင်း ဒရုန်းအများအပြား ထိုးဖောက်ဝင်ရောက်လာမှာပါ" လို့ ဆိုပါတယ်။
ဒစ်ကင်ဆန်ကလည်း အဲဒီအမြင်ကို သဘောတူပါတယ်။ "လက်တွေ့ကျကျ ပြောရရင် အကောင်းဆုံးအခြေအနေမှာတောင် ဒီခြိမ်းခြောက်မှုကို ယူကရိန်းက ထိထိရောက်ရောက် တန်ပြန်နိုင်တဲ့ အနေအထားရောက်ဖို့ တစ်လ၊ နှစ်လလောက် အချိန်ယူရပါလိမ့်မယ်" လို့ သူက ပြောပါတယ်။
ဒါပေမဲ့ ရှမစ်ကတော့ "ယူကရိန်းကုမ္ပဏီ အနည်းဆုံး ငါးခုဟာ ဖြေရှင်းနည်းတွေ တီထွင်ထားပြီး စမ်းသပ်နေကြပါပြီ" လို့ ထပ်လောင်းပြောပါတယ်။
ဒီစစ်ပွဲဟာ အစကတည်းက နည်းပညာဆိုင်ရာ လက်နက်ပြိုင်ဆိုင်မှုတစ်ခု ဖြစ်ခဲ့ပြီး ဘယ်ဘက်ကမှ အဆုံးအဖြတ်ပေးနိုင်တဲ့ အသာစီးရမှုကို ရယူနိုင်ပုံ မရသေးဘူးလို့ ဒစ်ကင်ဆန်က ဆိုပါတယ်။
စိန်ခေါ်မှုက နည်းပညာတီထွင်ဖို့တင် မဟုတ်ဘဲ အဲဒီနည်းပညာကို အရေအတွက်အများအပြား ထုတ်လုပ်နိုင်ဖို့နဲ့ အသုံးပြုမယ့်သူတွေကို လေ့ကျင့်ပေးနိုင်ဖို့လည်း ဖြစ်ပါတယ်။
ဒါပေမဲ့ ရုရှားက အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတာဟာ မြေပြင်စစ်ဆင်ရေးမှာ တိုးတက်မှုမရရှိတာနဲ့လည်း "တိုက်ရိုက်ဆက်စပ်နေတယ်" လို့ ဆိုပါတယ်။
ရုရှားဟာ စစ်ပွဲကို အချိန်တိုအတွင်း အနိုင်ရမယ်လို့ မော်စကိုက မျှော်လင့်ခဲ့ပေမဲ့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလက ကျူးကျော်စစ်စတင်ခဲ့တဲ့ နေရာနဲ့ လမ်းလျှောက်သွားနိုင်တဲ့ အကွာအဝေးအတွင်းရှိ ကျေးရွာတွေအတွက်တောင် လေးနှစ်ခွဲကြာပြီးနောက်မှာ ဆက်လက်တိုက်ခိုက်နေရဆဲ ဖြစ်တယ်လို့ ဒစ်ကင်ဆန်က ပြောပါတယ်။
ရုရှားစစ်တပ်ကို ထောက်ခံတဲ့ စစ်ရေးဘလော့ဂါတွေကလည်း စစ်ပွဲဟာ နစ်မြုပ်နေတဲ့ ရွှံ့နွံထဲ ပိတ်မိနေသလို ဖြစ်နေပြီး ရုရှားတပ်တွေ ထွက်မရတဲ့ အခြေအနေကို ရောက်နေကြောင်း ရေးသားပြောဆိုနေကြပါတယ်။
"နေ့စဉ်နဲ့အမျှ လူအမြောက်အမြား သေဆုံးနေပါတယ်" လို့ ဒစ်ကင်ဆန်က ပြောပါတယ်။
ရုရှားဟာ စစ်မြေပြင်မှာ တိုးတက်မှုတွေ ရရှိနေတယ်ဆိုတဲ့ အထင်အမြင်ကို ဖန်တီးလိုတာဖြစ်တယ်လို့ သြစတြေးလျ အငြိမ်းစားဗိုလ်ချုပ်ကြီး မစ်ခ် ရိုင်ယန်က ပြောပါတယ်။
သူဟာ မဟာဗျူဟာနဲ့ နိုင်ငံတကာလေ့လာရေးစင်တာ (CSIS)၊ လိုဝီအင်စတီကျုနဲ့ အမေရိကန်စစ်တက္ကသိုလ်ရဲ့ ခေတ်သစ်စစ်ပွဲလေ့လာရေးဌာနတို့နဲ့ ဆက်နွှယ်သူ ဖြစ်ပါတယ်။
အကြောက်တရားဖြစ်စေတဲ့ နည်းဗျူဟာများ
အိုဘရိုင်ယန်ကလည်း ဒီအမြင်ကို သဘောတူပါတယ်။ ရုရှားဟာ မြေပြင်စစ်ဆင်ရေးမှာ တိုးတက်မှုမရှိသလို ကိုယ်ပိုင်စီးပွားရေးလည်း အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာကြောင့် လေကြောင်းတိုက်ခိုက်မှုတွေဟာ ဖိအားပေးနိုင်မယ်လို့ ယုံကြည်တဲ့ နယ်ပယ်ဖြစ်တယ်လို့ သူက ပြောပါတယ်။
ဒါပေမဲ့ "စစ်ပွဲဟာ ကိုယ့်ဘက်က အသာစီးရနေတယ်လို့ ယုံကြည်ချက်ရှိတဲ့ နိုင်ငံတစ်နိုင်ငံရဲ့ မဟာဗျူဟာမျိုးတော့ မဟုတ်ပါဘူး" လို့ ဆိုပါတယ်။
ရုရှားသမ္မတ ဗလာဒီမာ ပူတင်ဟာ စစ်ပွဲကို အနိုင်ရဖို့ လိုအပ်သမျှ လုပ်ဆောင်သွားမယ်လို့ အိုဘရိုင်ယန်က ပြောပါတယ်။ ဒါပေမဲ့ ခြွင်းချက်နှစ်ခု ရှိတယ်လို့ သူက ယူဆပါတယ်။
ပထမတစ်ခုက နျူကလီးယားလက်နက် အသုံးပြုတာဖြစ်ပြီး ရုရှားရဲ့ နီးကပ်တဲ့ မဟာမိတ်တရုတ်နိုင်ငံကလည်း အဲဒီလို အသုံးပြုတာကို မလိုလားတဲ့အတွက် ပူတင်အနေနဲ့ နျူကလီးယားလက်နက် အသုံးပြုမယ်လို့ သူ မမျှော်လင့်ပါဘူး။
ဒုတိယတစ်ခုကတော့ ဓာတုလက်နက် ဒါမှမဟုတ် ဇီဝလက်နက်တွေသုံးပြီး မြို့တစ်မြို့လုံးကို တိုက်ခိုက်တာ ဖြစ်ပါတယ်။
လက်ရှိအချိန်အထိ ကိယက်ဗ်မြို့ကနေ လူအများအပြား အစုလိုက်အပြုံလိုက် ထွက်ခွာတာမျိုး မရှိသေးပေမဲ့ ဆောင်းရာသီအတွင်း မြို့ကနေ ထွက်ခွာဖို့ မိသားစုတွေကြား ဆွေးနွေးနေကြတယ်လို့ ဒစ်ကင်ဆန်က ပြောပါတယ်။
"အကြမ်းဖက်ဝါဒ" ဆိုတဲ့ အသုံးအနှုန်းကို သုံးဖို့ ဒစ်ကင်ဆန်က ချင့်ချိန်လိုပေမဲ့ "ဒီဖြစ်ရပ်ကို ဒီထက်ပိုပြီး ဘယ်လိုဖော်ပြရမလဲဆိုတာ မသိတော့ပါဘူး။ ဒါဟာ လူတွေကို စိတ်မတည်မငြိမ်ဖြစ်စေဖို့၊ နေ့စဉ်ဘဝတွေကို အနှောင့်အယှက်ဖြစ်စေဖို့နဲ့ အမြဲတမ်း စိုးရိမ်ထိတ်လန့်နေစေဖို့ ရည်ရွယ်တဲ့ အကြောက်တရားနဲ့ ခြောက်လှန့်တဲ့ နည်းဗျူဟာသက်သက်ပါပဲ။ အဲဒီနည်းလမ်းကလည်း အလုပ်ဖြစ်နေပါတယ်" လို့ သူက ပြောပါတယ်။