ထရမ့်ရဲ့ ငြိမ်းချမ်းရေးကိုယ်စားလှယ်တွေ မော်စကိုနဲ့ ကိယက်ဗ်ကို သွားမယ်

    • ရေးသားသူ, ယာရိုစလပ် လုကစ်ဗ်
  • ရေးသားခဲ့သည်။
  • ဖတ်ရန်အချိန်: မိနစ် ၄

ရုရှား-ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေးအတွက် အမေရိကန်ရဲ့ ငြိမ်းချမ်းရေးအကျိုးဆောင်တွေဖြစ်တဲ့ စတိဗ် ဝစ်ကော့ဖ် နဲ့ ဂျဲရက်ဒ်ကွတ်ရှ်နာ တို့ဟာ ဒီသီတင်းပတ်အတွင်း ရုရှားနဲ့ ယူကရိန်းနိုင်ငံတွေကို သွားရောက်မှာ ဖြစ်ပါတယ်။

ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇလန်းစကီး က အမေရိကန်ကိုယ်စားလှယ်နှစ်ဦးနဲ့ တနင်္ဂနွေနေ့မှာ တွေ့ဆုံမယ်လို့ အတည်ပြုထားပါတယ်။ အဲဒီမတိုင်ခင် စနေနေ့မှာတော့ သူတို့ဟာ မော်စကိုကို သွားရောက်ပြီး ရုရှားသမ္မတ ဗလာဒီမာပူတင် နဲ့ တွေ့ဆုံဆွေးနွေးမှာ ဖြစ်ပါတယ်။

ဝစ်ကော့ဖ်နဲ့ ကွတ်ရှ်နာတို့ဟာ အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့် ရဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်ရရှိရေး ကြားဝင်ညှိနှိုင်းမှုတွေကို ဦးဆောင်လုပ်ဆောင်နေသူတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ စစ်ပွဲမှာ ပါဝင်နေတဲ့ ရုရှားနဲ့ ယူကရိန်း နှစ်ဖက်ကြား သဘောထားကွာဟချက်ကတော့ ဆက်ပြီးကြီးမားနေဆဲပါ။

ဒီခရီးစဉ်တွေနဲ့ ပတ်သက်ပြီး သတင်းထောက်တွေက ထရမ့်ကို မေးမြန်းချိန်မှာ "စစ်ပွဲအဆုံးသတ်ဖို့ အဆိုပြုချက်တစ်ရပ်ကို သူတို့နဲ့အတူ ယူဆောင်သွားမှာပါ" လို့ သူက ပြောပါတယ်။

သောကြာနေ့အစောပိုင်းမှာ ရုရှားဒရုန်းတစ်စင်းဟာ ကိယက်ဗ်မြို့မှာရှိတဲ့ ယူကရိန်းလုံခြုံရေးဌာန (SBU) အကြီးအကဲ အိုလက်ဆန်ဒရ် ပိုကလက်ဒ် ရဲ့ ရုံးကို ထိမှန်ခဲ့တယ်လို့ ယူကရိန်းသမ္မတ ဇလန်းစကီးက ပြောပါတယ်။ ပိုကလက်ဒ်ကတော့ ထိခိုက်ဒဏ်ရာရပုံ မရှိပါဘူး။

ဆိုရှယ်မီဒီယာမှာ ရေးသားထားတဲ့ ပို့စ်တစ်ခုမှာ ဇလန်းစကီးက SBU လုံခြုံရေးဌာနကို ဦးဆောင်နေတဲ့ ပိုကလက်ဒ်ကို အဲဒီတိုက်ခိုက်မှုအပေါ် "သင့်လျော်စွာ" တုံ့ပြန်ဖို့ ညွှန်ကြားထားတယ်လို့ ပြောပါတယ်။

ထရမ့်ရဲ့ သားမက်ဖြစ်သူ ကွတ်ရှ်နာနဲ့ ဝစ်ကော့ဖ်တို့ဟာ ရုရှားနိုင်ငံကို အကြိမ်ကြိမ် သွားရောက်ခဲ့ဖူးပေမဲ့ ယူကရိန်းနိုင်ငံကိုတော့ သူတို့နှစ်ဦး ပထမဆုံးသွားရောက်မှာ ဖြစ်ပါတယ်။

အမေရိကန်ကိုယ်စားလှယ်တွေရဲ့ ခရီးစဉ်အတွင်း ရုရှားဘက်က လေပိုင်နက်ကို လုံခြုံစွာ အသုံးပြုနိုင်ရေး ယူကရိန်းဘက်က အာမခံပေးမယ်လို့ ဇလန်းစကီးက ပြောပြီး၊ ရုရှားဘက်ကလည်း ယူကရိန်းလေပိုင်နက်အတွက် အလားတူ အာမခံပေးဖို့ တောင်းဆိုခဲ့ပါတယ်။

ရုရှားအစိုးရပိုင် သတင်းဌာန TASS ကတော့ သတင်းရင်းမြစ်တစ်ဦးကို ကိုးကားပြီး ဝစ်ကော့ဖ်နဲ့ ကွတ်ရှ်နာတို့ဟာ "စက်တင်ဘာ ၅ ရက်ကနေ ၆ ရက်အတွင်း မော်စကိုကို ရောက်ရှိပြီးနောက် ကိယက်ဗ်ကို ဆက်လက်သွားရောက်ဖို့ မျှော်လင့်ထားတယ်" လို့ ဖော်ပြပါတယ်။

နောက်ပိုင်းမှာတော့ ကရင်မလင်ပြောခွင့်ရပုဂ္ဂိုလ် ဒီမီထရီ ပက်စ်ကော့ဗ် က သတင်းထောက်တွေကို "ကျွန်တော် ဘာကိုမှ ကြိုတင်မကြေညာချင်ပါဘူး။ ဒါပေမဲ့ အဲဒီလို ဆက်သွယ်ဆွေးနွေးမှုတွေ ဖြစ်လာတဲ့အခါ သတင်းပေးသွားပါမယ်" လို့ ပြောပါတယ်။

တစ်ချိန်တည်းမှာပဲ ရုရှားသမ္မတ ပူတင်က ကြာသပတေးနေ့မှာ ကျင်းပတဲ့ နိုင်ငံတကာစီးပွားရေးဖိုရမ်မှာ ငြိမ်းချမ်းရေးသဘောတူညီချက် ရရှိနိုင်ဖို့ "အခွင့်အလမ်းတွေ ရှိနေတယ်" လို့ ပြောပါတယ်။

"ပထမဆုံးအနေနဲ့ မော်စကိုနဲ့ ကိယက်ဗ်ကြားမှာ သဘောတူညီမှုရဖို့ လိုအပ်ပါတယ်" လို့ သူက ပြောပါတယ်။

ဒါပေမဲ့ ယူကရိန်းဘက်က နယ်မြေပိုပြီး ပေးအပ်ရမယ်ဆိုတဲ့အချက် အပါအဝင် သူတောင်းဆိုထားတဲ့ အမြင့်ဆုံးအဆင့် တောင်းဆိုချက်တွေကို လျှော့ချမယ့် လက္ခဏာကိုတော့ ပူတင်ဘက်မှာ မတွေ့ရပါဘူး။

ကိယက်ဗ်နဲ့ သူ့ရဲ့ ဥရောပမဟာမိတ်တွေကတော့ ပူတင်ရဲ့ သတ်မှတ်ချက်တွေကို အကြိမ်ကြိမ် ပယ်ချထားပြီး အဲဒီတောင်းဆိုချက်တွေဟာ ယူကရိန်းအနေနဲ့ လက်နက်ချအရှုံးပေးရတာနဲ့ မခြားဘူး လို့ ပြောထားပါတယ်။

ရုရှားဟာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ ယူကရိန်းကို အပြည့်အဝ ကျူးကျော်စစ်ဆင်ခဲ့တာဖြစ်ပြီး လက်ရှိမှာ ယူကရိန်းပိုင်နက်ရဲ့ ၂၀ ရာခိုင်နှုန်းခန့်ကို ထိန်းချုပ်ထားပါတယ်။

အမေရိကန်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ဆက်လက်တက်တက်ကြွကြွ ပါဝင်နေတာက အရေးကြီးတယ် လို့ ဇလန်းစကီး က မကြာသေးခင်က ပြောထားပါတယ်။ ယူကရိန်းဘက်က အမေရိကန်ကိုယ်စားလှယ်တွေနဲ့ "အဓိပ္ပာယ်ရှိတဲ့ ဆွေးနွေးမှု" လုပ်ဖို့ အသင့်ရှိတယ်လို့လည်း ပြောပါတယ်။

ဒါပေမဲ့ ရုရှားဘက်က အလျှော့ပေးမယ့် လက္ခဏာ မတွေ့ရသေးဘူး ဆိုတဲ့ သဘောထားလည်း ဆက်ရှိနေပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၂၄ ရက်ကလည်း ယူကရိန်းဟာ ငြိမ်းချမ်းရေးကို လိုချင်ပေမဲ့ ရုရှားတောင်းဆိုချက်တွေကို လက်ခံပြီး အရှုံးပေးမှာ မဟုတ်ဘူး လို့ ဇလန်းစကီးက ထပ်ပြောထားပါတယ်။ ရုရှားက နယ်မြေပိုပေးရင်တောင် ကျူးကျော်မှုကို ရပ်မယ်လို့ အာမခံနိုင်မှာမဟုတ်ဘူးလို့လည်း ဆိုပါတယ်။

အမေရိကန်ဦးဆောင်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် ယူကရိန်းက အဆင်သင့်ရှိသလို ယာယီလေကြောင်းအပစ်အခတ်ရပ်စဲမှုကိုတောင်လုပ်နိုင်ပေမဲ့ ရုရှားက တစ်ဖက်သတ် တိုက်ခိုက်နေတာကိုတော့ လက်ခံမှာမဟုတ်ဘဲ တုံ့ပြန်သွားမယ့် သဘောထားရှိနေပါတယ်။

အခုဆွေးနွေးပွဲတွေမဖြစ်လာခင် ဇန်နဝါရီလကတည်းက ယူကရိန်းသမ္မတက ရုရှားနဲ့ စစ်ပွဲကို အဆုံးသတ်နိုင်မယ့်ငြိမ်းချမ်းရေးသဘောတူညီချက်ဟာ "၉၀ ရာခိုင်နှုန်းအထိ ပြင်ဆင်ပြီးစီးနေပြီ" လို့ သူ့ရဲ့ နှစ်သစ်ကူး မိန့်ခွန်းမှာ ပြောခဲ့ဖူးပါတယ်။

လေးနှစ်ကြာရှိလာတဲ့ ကျူးကျော်စစ်ပဋိပက္ခကို အဆုံးသတ်နိုင်မယ့် ဒီသဘောတူညီချက်ဟာ ၁၀ ရာခိုင်နှုန်းခန့်သာ အပြီးသတ်ဖို့ကျန်တယ်လို့ သူက ပြောပါတယ်။ ဒါက ယူကရိန်းရဲ့ ငြိမ်းချမ်းရေးအတွက်သာမက ဥရောပရဲ့ အနာဂတ်ကို ဆုံးဖြတ်ပေးမယ့်အချက်တွေ ဖြစ်လာမယ်လို့ ဆိုပါတယ်။

အစောပိုင်းတွေက ဇလန်းစကီး ရဲ့ မိန့်ခွန်းတွေမှာတော့ ယူကရိန်းအနေနဲ့ " ဘယ်လိုနည်းနဲ့ ဖြစ်ဖြစ်ငြိမ်းချမ်းရေးရရင်ပြီးရောဆိုတာကို မလိုလားပါဘူး" လို့ ပြောကြားထားပြီး " ကျွန်တော်တို့လိုချင်တာက စစ်ပွဲအဆုံးသတ်မှုပါ၊ ယူကရိန်းနိုင်ငံရဲ့ အဆုံးသတ်မှု မဟုတ်ပါဘူး" လို့ ပြောခဲ့ပါတယ်။

လက်ရှိမှာ မော်စကိုက ဒွန်းညက်စ် ဒေသရဲ့ ခန်းမှန်းခြေ ၇၅ ရာခိုင်နှုန်းခန့်ကို ထိန်းချုပ်ထားပြီး အနီးအနားရှိ လူဟန်စ်ဒေသရဲ့ ၉၉ ရာခိုင်နှုန်းနီးပါးကိုလည်း ထိန်းချုပ်ထားပါတယ်။ အဲဒီ ဒေသနှစ်ခုကို ပေါင်းပြီး "ဒွန်ဘတ်စ်" လို့ ခေါ်ပါတယ်။

ဒွန်ဘတ်စ်ဒေသရဲ့ အနာဂတ်အရေးက ညှိနှိုင်းဆွေးနွေးမှုတွေ တစ်လျှောက် အဓိကအတားအဆီးအဖြစ် ဆက်ရှိနေပြီး၊ ရုရှားဘက်က ဒွန်ဘတ်စ်ဒေသကို အပြည့်အဝ သိမ်းပိုက်ထိန်းချုပ်လိုတဲ့ ရည်မှန်းချက်အပေါ် အလျှော့ပေးဖို့ မရှိကြောင်း အမြဲပြသနေပါတယ်။

"အားနည်းတဲ့ သဘောတူညီချက်တွေအောက်မှာ လက်မှတ်ထိုးလိုက်တာက စစ်ပွဲကို ပိုအရှိန်မြှင့်တင်တာပဲ" လို့ ဇလန်းစကီးက ဇန်နဝါရီတုန်းက ငြိမ်းချမ်းရေးသဘောတူညီချက်အကြောင်းပြောချိန်မှာထည့်ပြောထားပါတယ်။

ဒါတင်မက ကမ္ဘာကြီးက ရုရှားရဲ့ ကျုးကျော် စစ်ပွဲကို ရပ်တန့်စေမှာလား ဒါမှမဟုတ် ရုရှားက ကမ္ဘာကြီးကို သူတို့ရဲ့ စစ်ပွဲထဲကို ဆွဲခေါ် သွားမှာလား" လို့ဇလန်းစကီးကမေးခွန်းထုတ်ထားပါတယ်။

ဒါပေမဲ့ ဘယ်လို ငြိမ်းချမ်းရေးသဘောတူညီချက်မဆို အဆုံးမှာတော့ ရုရှားဘက်က လက်ခံမှု လိုအပ်မှာဖြစ်ပါတယ်။ လက်ရှိအခြေအနေမှာ ရုရှားဘက်က လက်ခံမှုကို မရရှိသေးတာကလည်း ငြိမ်းချမ်းရေးသဘောတူညီချက်ကို ပိုပြီးရှုပ်ထွေးလာစေနိုင်ပါတယ်။