ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

ဦးကျော်မိုးထွန်းကို ကုလမှာ ဆက်ထားဖို့ အမေရိကန်အမတ် ၆ ဦး တိုက်တွန်း

မြန်မာကိုယ်စားပြု သံအမတ်ကြီးအဖြစ် ဦးကျော်မိုးထွန်းကို ကုလမှာ ဆက်ထားဖို့ အမေရိကန်လွှတ်တော်အမတ် ၆ ဦး တိုက်တွန်းတဲ့သတင်းအပါအဝင် အောက်တိုဘာ ၁၅ ရက် ကမ္ဘာနဲ့ နိုင်ငံတဝန်းထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်ပေးနေပါတယ်။

အနှစ်ချုပ်

  • မလေးရှားရဲအရာရှိတစ်ဦးကို ထိုးကြိတ်ရိုက်နှက်ခဲ့တဲ့ အသက် ၂၆ နှစ်နဲ့ ၃၀ နှစ်အရွယ်မြန်မာနိုင်ငံသား ၂ ဦး ထောင်ဒဏ် ၄ နှစ်စီ ချမှတ်ခံရ
  • Ve Ve စတော်ဘယ်ရီအရသာနို့ အပါအဝင် အစားအသောက်နဲ့ အချိုရည် ၅ မျိုးမှာ ဓာတုပစ္စည်းတွေ သတ်မှတ်ချက်ထက်ကျော်လွန်နေလို့ ဈေးကွက်ကနေ ပြန်လည်သိမ်းဆည်းမယ်လို့ FDA က ထုတ်ပြန်
  • ဘယ်လာရုစ်နိုင်ငံရဲ့ ဘဏ်နှစ်ခုကနေ ပို့ကုန်ချေးငွေယူဖို့နဲ့ မြန်မာဗဟိုဘဏ်ဆီက ကျပ် ၂.၁ ထရီလီယံအထိ ချေးယူမယ့်အစီအစဉ်တွေကို နေပြည်တော်လွှတ်တော်မှာ အတည်ပြု
  • မြန်မာမှာ နေအိမ်တွေနဲ့ စားသောက်ဆိုင်တွေ အားထားအသုံးပြုနေတဲ့ အိမ်သုံး LPG ဓာတ်ငွေ့စျေးနှုန်းနဲ့ ဂက်စ်ဖြည့်ခတွေ အောက်တိုဘာလအတွင်း အဆမတန်စျေးမြင့်တက်လာ။
  • ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ လူကယ်ပြန်ဝန်ကြီး ဒေါက်တာ ကိုကိုလွင် နဲ့ အရပ်ဖက်ပြောင်းလာတဲ့ ကာကွယ်ရေးဝန်ကြီးဟောင်း ဦးထွန်းအောင်က ဒစ်ဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဖြစ်လာ။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. အောက်တိုဘာ ၁၅ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။

    ဒီနေ့ တစ်နေ့တာ တင်ဆက်ခဲ့တဲ့သတင်းတွေကို အခုစာမျက်နှာမှာ တစုတစည်းတည်း ပြန်လည် ဖတ်ရှုနိုင်ပါတယ်။

    ဘီဘီစီသတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

  2. တရုတ်လာစိုက်တဲ့မယ်ရီဂိုးပန်းခင်းတွေနဲ့ ဈေးနှိမ်ခံရတဲ့ရှမ်းတောင်သူတွေ

    ကမ္ဘာ့ဈေးကွက်မှာ အမေရိကန်ဒေါ်လာသန်း ၄၀၀ ကျော်ဈေးကွက်တန်ဖိုးရှိနေတဲ့ မယ်ရီဂိုးပန်းတွေကို ရှမ်းပြည်နယ်တောင်ပိုင်းမှာ ဧကအများအပြားစိုက်ပျိုးလာကြပါတယ်။

    "ဒီနှစ်စိုက်တဲ့ဧက အများဆုံးပဲ။ တောင်သူက တစ်ထောင်လောက်ရှိမယ်" လို့ ပင်းတယမြို့နယ်က တောင်သူဦးကောင်း(အမည်လွှဲ)က ပြောပါတယ်။

    ဒီပန်းတွေကို တရုတ်ကုမ္ပဏီတွေအတွက် မြေစိုက်၊ လုပ်အားစိုက်ပြီး ကန်ထရိုက်လယ်ယာစနစ်နဲ့ စိုက်ပေးကြရတာ ဖြစ်ပါတယ်။

    ဈေးကွက်မသေချာတဲ့ပြောင်းစိုက်ပျိုးရေးအစား မယ်ရီဂိုးတွေက ကယ်ပေါက်တစ်ခုဖြစ်လာမလားဆိုတဲ့မျှော်လင့်ချက်နဲ့ စိုက်ပျိုးကြတာပါ။

    အပြည့်အစုံကို ဒီလင့်ခ် မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

  3. The Central နဲ့ The Park က တာဝန်ရှိသူတွေကို ဆက်သွယ်မရတော့လို့ တိုက်ခန်းဝယ်သူအချို့စိုးရိမ်

    ရန်ကုန်မှာ ဝယ်ယူသူအချို့ကို ကွန်ဒိုတိုက်ခန်း မအပ်နိုင်တဲ့စင်ထရယ်ကွန်ဒိုရဲ့ကုမ္ပဏီတာဝန်ရှိသူတွေကို ဆက်သွယ်လို့မရတော့လို့ စိုးရိမ်ချက်တွေ ရှိလာတယ်လို့ တိုက်ခန်းဝယ်ယူထားသူ ၂ ဦးက ပြောပါတယ်။

    The Central နဲ့ The Park ကွန်ဒိုတွေကို ဆောက်လုပ်တဲ့ Marga Landmark အိမ်ရာဖွံ့ဖြိုးရေးကုမ္ပဏီရဲ့နိုင်ငံခြားသားဒါရိုက်တာတွေနဲ့ အကြီးတန်းတာဝန်ရှိသူအချို့ဟာ ရုံးခန်းချိပ်ပိတ်ခံရတဲ့အောက်တိုဘာ ဒုတိယပတ်လောက်ကစပြီး အဆက်အသွယ်လုပ်လို့ မရတော့တာလို့ ဆိုပါတယ်။

    တိုက်ခန်းဝယ်ယူထားသူတချို့က ကုမ္ပဏီဝန်ထမ်းတချို့ကို ကုမ္ပဏီတာဝန်ရှိသူတွေအကြောင်း မေးမြန်းချိန်မှာလည်း သူတို့လည်း အဆက်အသွယ်မရတော့ကြောင်းသာ တုံ့ပြန်တယ်လို့ဆိုပါတယ်။

    ဘီဘီစီအနေနဲ့ Marga Landmark အိမ်ရာဖွံ့ဖြိုးရေးကုမ္ပဏီရဲ့တာဝန်ရှိသူတွေကို ဆက်သွယ်မရတော့တဲ့အခြေအနေကို သီးခြားအတည်ပြုနိုင်တာမရှိလို့ ဒီကနေ့ ညနေပိုင်းမှာ Marga Landmark အိမ်ရာဖွံ့ဖြိုးရေးကုမ္ပဏီရဲ့ရုံးဖုန်းနံပါတ်အချို့ကို ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းခေါ် ဆိုလို့မရခဲ့ပါဘူး။

    ပြီးခဲ့တဲ့အောက်တိုဘာ ပထမပတ်ကစပြီး အခန်း၀ယ်ထားသူတွေနဲ့ စီမံကိန်းဆောက်လုပ်သူကြားက ရုန်းရင်ဆန်ခတ်ဖြစ်ခဲ့တဲ့ ဒီအရေးကို အထူးစုံစမ်းစစ်ဆေးရေး(စ.စ.စ)က ၀င်ရောက် ကိုင်တွယ်နေပြီလို့ အခန်း၀ယ်ထားသူတွေ အသိုင်းအ၀ိုင်းကနေ သိရှိရပါတယ်။

    ဒီဖြစ်စဥ်ကို စသုံးလုံးက ကိုင်တွယ်စစ်ဆေးနေပြီဆိုတဲ့နောက်မှာတော့ ကုမ္ပဏီဘက်က အာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့သာ ကြေညာချက်ထုတ်ခဲ့ပြီး Marga Landmark Development Co., Ltd ရဲ့ အင်တာနက်စာမျက်နှာမှာ ထုတ်ပြန်ထားတဲ့ တာဝန်ရှိသူတွေရဲ့ဓာတ်ပုံတွေနဲ့ အချက်အလက်တွေကိုလည်း မတွေ့ရတော့ပါဘူး။

    အိမ်ခန်းဝယ်ယူမှုနဲ့ပတ်သက်ပြီး အခန်းလက်ဝယ်မရလို့ တိုင်ကြားထားသူတွေကို စုံစမ်းစစ်ဆေးရေးဌာန (စ.စ.စ)က စက်တင်ဘာ ၃၀ နောက်ပိုင်းကစပြီး တစ်ပတ်တစ်ကြိမ်နီးပါး စစ်ဆေးနေတာရှိတယ်လို့ ဆိုပါတယ်။

    တိုင်ကြားသူတွေဆီက ငွေလွှဲ မှတ်တမ်းတွေ၊ ဘဏ်အကောင့်အချက်အလက်တွေ၊ အရောင်းဝန်ထမ်းတွေနဲ့သက်ဆိုင်တဲ့အချက်အလက်တွေကို စုဆောင်းနေသလို စစ်ဆေးတွေ့ရှိချက်တွေကို သက်ဆိုင်ရာဝန်ကြီးဌာနဆီ တင်ပြသွားမယ်လို့ တိုင်ကြားသူတွေကို စ.စ.စ က ပြောထားတယ်လို့ သိရပါတယ်။

    “သူတို့ပြောတာက စုံစမ်းစစ်ဆေးမှုပြီးရင် ဝန်ကြီးဆီ တင်ပြမယ်။ ဥပဒေနဲ့ ငြိတာတွေ တွေ့ရင် အရေးယူတာတွေ လုပ်သွားမယ်လို့ ပြောတယ်၊ တစ်လလောက် စောင့်ပါလို့တော့ပြောတယ်။ ထွက်ပြေးသွားတဲ့သူတွေကို ဘယ်လိုဖမ်းပေးမလဲဆိုတာတော့ မဖြေကြဘူး” လို့ ဝယ်ယူသူတစ်ဦးက ဆိုပါတယ်။

    စစ်ဆေးမှုတွေ ဆောင်ရွက်နေချိန်မှာပဲ The Central ရဲ့ ရုံးခန်းတွေထဲက ကွန်ပျူတာတွေ၊ စာရွက်စာတမ်းတွေနဲ့ ဝန်ထမ်းအချို့ကို စ.စ.စ က ခေါ်ယူစစ်ဆေးသလို ရုံးခန်းကိုလည်း အောက်တိုဘာလဆန်းကတည်းက ချိပ်ပိတ်ထားပါတယ်။

    ပြဿနာတွေဖြစ်ပွားပြီးနောက် အောက်တိုဘာ ပထမပတ်အတွင်းမှာ Marga Landmark ဘက်က The Central Yangon နဲ့ The Park စီမံကိန်းတွေကို ၂၀၂၈ ခုနှစ်ကနေ ၂၀၃၂ ခုနှစ်အတွင်း အပြီးသတ်အပ်နှံသွားမယ်လို့ ထုတ်ပြန်ခဲ့ပေမဲ့ ဝယ်ယူသူတွေကတော့ ယုံကြည်မှုမရှိတော့ဘူးလို့ ဆိုပါတယ်။

    ဝယ်ယူသူတွေဘက်ကလည်း အောက်တိုဘာ ၂၁ ရက်မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ဖို့ စီစဉ်ထားပြီး စီမံကိန်းရဲ့ လက်ရှိအခြေအနေနဲ့ နစ်နာမှုတွေကို ထုတ်ပြန်သွားမယ်လို့ သိရပါတယ်။

    တဖက်မှာတော့ The Park စီမံကိန်းအတွင်းက ဆောက်လုပ်ရေးပစ္စည်းအချို့ သယ်ယူတဲ့ ရုပ်သံတွေလူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့ပြီး ငွေပြန်မရနိုင်တော့ဘူးလို့ စိုးရိမ်တဲ့ လက်ခွဲဆောက်လုပ်ရေးကုမ္ပဏီတွေက သူတို့ပိုင်ဆောက်လုပ်ရေး ပစ္စည်းတွေကို ပြန်လည်သိမ်းယူသွားတာဖြစ်တယ်လို့ ဝယ်ယူသူတချို့က သူတို့သိထားတဲ့အချက်အလက်ကို ပြောပါတယ်။

  4. သတင်းထူး, ပါကစ္စတန်မှာ ကျောင်းခေါင်မိုး ပြိုကျလို့ ကလေး ၃၀ ကျော်သေဆုံး

    ပါကစ္စတန်နိုင်ငံ၊ ပက်ရှဝါမြို့မှာ စာသင်ကျောင်းတစ်ကျောင်းရဲ့ ခေါင်မိုးပြိုကျမှုကြောင့် ကျောင်းသား အနည်းဆုံး လူ ၃၀ ကျော် သေဆုံးတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

    ကယ်ဆယ်ရေးအဖွဲ့တွေဟာ အပျက်အစီးတွေအောက်မှာ ပိတ်မိနေသူတွေကို ရှာဖွေကယ်ဆယ်နေပြီး ကလေးငယ်တွေ ထပ်မံပိတ်မိနေနိုင်တယ်လို့ စိုးရိမ်နေကြပါတယ်။

    ပက်ရှဝါမြို့ရှိ လေဒီ ရီဒင်ဆေးရုံရဲ့ပြောရေးဆိုခွင့်ရှိသူ မိုဟာမက် အာဆင်ရဲ့ ပြောကြားချက်အရ ဒီဖြစ်စဉ်ကြောင့် နောက်ထပ် ၁၉ ဦး ဒဏ်ရာရခဲ့ပြီး အဲဒီအထဲက ငါးဦးဟာ စိုးရိမ်ရတဲ့အခြေအနေမှာ ရှိနေပါတယ်။

    သေဆုံးသူနဲ့ ဒဏ်ရာရသူတွေထဲက ကလေးတွေဟာ အသက် ၆ နှစ်ကနေ ၁၂ နှစ်အရွယ်တွေ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

    ထုတ်ပြန်ချက်တစ်ခုမှာ ပါကစ္စတန်သမ္မတ အာဆစ် အလီ ဇာဒါရီရဲ့ရုံးက ဒီဖြစ်ရပ်ဟာ “ရင်ကွဲစရာ ကြေကွဲဖွယ်ဖြစ်ရပ်ဖြစ်ပြီး တစ်နိုင်ငံလုံးကို တုန်လှုပ်ခြောက်ခြားစေခဲ့တယ်” လို့ ဖော်ပြထားပါတယ်။

  5. နိုမီနီ - ထိုင်းမှာအိမ်ခြံမြေဝယ်ထားတဲ့မြန်မာတွေ အမည်ခံကုမ္ပဏီတွေကြောင့် စစ်ဆေးခံရလာ

    ရှုပ်ထွေးပွေလီတဲ့ဘန်ကောက်မြို့ထက် ချင်းမိုင်လို သဘာဝနဲ့ နီးစပ်တဲ့နေရာမှာ အိမ်ခြံမြေဝယ်ယူပြီး အေးအေးချမ်းချမ်းနေထိုင်လိုတဲ့ မြန်မာနိုင်ငံသားတွေ မဝယ်ခင် နှစ်ခေါက်ပြန်စဉ်းစားဖို့ လိုလာပါပြီ။

    အကြောင်းကတော့ ဘန်ကောက်နဲ့ ချင်းမိုင်အပါအဝင် ထိုင်းနိုင်ငံတစ်ဝန်းက ခရိုင် ၁၆ ခုမှာ ထိုင်းနိုင်ငံသားအမည်ခံ ကုမ္ပဏီတွေထောင်ပြီး အိမ်ခြံမြေဝယ်ယူတာတွေကို ထိုင်းအစိုးရက စီမံချက်နဲ့ စစ်ဆေးအရေးယူနေလို့ပါ။

    ချင်းမိုင်မှာလည်း မြန်မာနိုင်ငံသား ၃ ဦးကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးထားပြီး မြေယာဥပဒေပုဒ်မ ၁၁၁ အပါအဝင် တရားမဝင်လုပ်ငန်းလုပ်ကိုင်မှုနဲ့ တရားမဝင်နေထိုင်မှုတို့အတွက် တရားစွဲဆိုထားပါတယ်။နောက်ထပ် မြန်မာနိုင်ငံသား ခုနစ်ဦးကိုလည်း ဖမ်းဝရမ်းထုတ်ထားတယ်လို့ ထိုင်းရဲတပ်ဖွဲ့က ကြေညာထားပါတယ်။

    ဖမ်းဆီးအရေးယူမှုတွေကြောင့် ထိုင်းနိုင်ငံမှာ အိမ်ခြံမြေဝယ်ယူပြီး အခြေချနေထိုင်တာ ဒါမှမဟုတ် စီးပွားရေးလုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားတွေအကြား စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။

    အပြည့်အစုံကို ဒီလင့်ခ်မှာ ၀င်ဖတ်နိုင်ပါတယ်။

  6. မလေးရှားရဲကို ရိုက်နှက်မှုနဲ့ မြန်မာ ၂ ဦး ထောင် ၄ နှစ်စီ ချမှတ်ခံရ

    မလေးရှားနိုင်ငံ၊ ပါဟန်းပြည်နယ်၊ ရော့ဘ်မြို့မှာ မလေးရှားရဲအရာရှိတစ်ဦးကို ထိုးကြိတ်ရိုက်နှက်ခဲ့တဲ့ မြန်မာနိုင်ငံသား ၂ ဦး ထောင်ဒဏ် ၄ နှစ်စီ ချမှတ်ခံရတယ်လို့ မလေးရှား-မြန်မာလူမှုရေးအသင်း (MMA) တာဝန်ရှိသူက ပြောပါတယ်။

    အသက် ၂၆ နှစ်နဲ့ ၃၀ နှစ်အရွယ်ရှိတဲ့ သူတို့ ၂ ဦးကိုရော့ဘ်မြို့ တရားရုံးက အောက်တိုဘာ ၁၄ ရက်မှာ အမိန့်ချခဲ့တာဖြစ်ပါတယ်။

    အဲဒီမြန်မာ၂ ဦးဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၅ ရက်က ရော့ဘ်မြို့ ၊ ကမ်ပုန်း ပါမား ကူလတ်လမ်းဘေးမှာ အသံချဲ့စက်ကို အသံကျယ်ကျယ်ဖွင့်ကာ ဆူညံနေကြလို့ ဒေသခံတွေက တိုင်ကြားတာကြောင့် လာရောက်သတိပေးတဲ့ ရဲအရာရှိ တစ်ဦးကို ထိုးကြိတ်ရိုက်ခဲ့တာဖြစ်ပါတယ်။

    ရဲအရာရှိရောက်လာချိန်မှာ အရပ်ဝတ်နဲ့ ဖြစ်နေတာကြောင့် ရဲမှန်းမသိဘဲ ထိုးကြိတ်မိခဲ့တာဖြစ်တယ်လို့ MMA တာဝန်ရှိသူက ပြောပါတယ်။

    အဲဒီ ရဲအရာရှိဟာ ဒဏ်ရာတွေရရှိပြီး ဆေးရုံမှာ ဆေးကုသမှု ခံယူခဲ့ရတယ်လို့ မလေးရှား‌‌ဒေသတွင်းတချို့ က ဆိုပါတယ်။

    မလေးရှားဥပဒေမှာ ပြည်သူ့ဝန်ထမ်းကို ထိခိုက်နာကျင်စေမှုပုဒ်မ ၃၃၃ အရ ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်ခံရနိုင်တာဖြစ်လို့ အသနားခံစာနဲ့ တရားရုံးကို လျှောက်ထားခဲ့တာဖြစ်လို့ ၄ နှစ်စီချမှတ်ခံရတာလို့ MMA တာဝန်ရှိသူက ပြောပါတယ်။

    ဒါအပြင်သူတို့ ၂ ဦးဟာ အထောက်အထားမဲ့ တရားမဝင် နေထိုင်သူတွေဖြစ်တာကြောင့် လူဝင်မှုကြီးကြပ်ရေး ဥပဒေနဲ့လည်း အရေးယူခံရတယ်လို့ သိရှိရပါတယ်။

    “ရဲအရာရှိကို ရိုက်တာက ထောင်ဒဏ် ၄ နှစ်၊ လဝက ဥပဒေနဲ့က ထောင်ဒဏ် ၄ လ ဆို ‌တော့ အဲဒါကို တပေါင်းတည်း ကျခံရမှာဖြစ်ပေမယ့် စုစုပေါင်း ၄ နှစ်ပဲ ကျခံဖို့ တရားရုံးက အမိန့်ချတယ်။ သူတို့ကို ချုပ်ထားတဲ့ ရက်ကိုလည်း ထုတ်နုတ်ခံစားခွင့်ရပါတယ်”လို့ MMA တာဝန်ရှိသူက ပြောပါတယ်။

    မလေးရှားနိုင်ငံသားတွေက နိုင်ငံခြားသားအလုပ်သမားတွေ ရှိတဲ့နေရာတွေကို တိုင်ကြားတာကြောင့် မြန်မာနိုင်ငံသား‌တွေဖမ်းဆီးခံရတာတွေများနေသလို နေ့စဉ်နီးပါးလည်း ဆက်တိုက်ဖမ်းဆီးတာတွေ ရှိ‌နေပါတယ်။

    မြန်မာနိုင်ငံသားတွေအနေနဲ့ အသံဆူညံတာ၊ အနံ့ပြင်းတဲ့ အစားအသောက်တွေ ချက်ပြုတ်တာတွေအပါအဝင် မလေးနိုင်ငံသားတွေ မကြိုက်နှစ်သက်တဲ့ အပြုအမူတွေ မလုပ်မိဖို့ကိုလည်း အလုပ်သမား ကူညီရေးအဖွဲ့တွေ သတိပေးထားပါတယ်။

  7. ဦးကျော်မိုးထွန်းကို ကုလမှာ ဆက်ထားဖို့ အမေရိကန်လွှတ်တော်အမတ် ၆ ဦး တိုက်တွန်း

    နေပြည်တော်က ခန့်အပ်လာမယ့် ကိုယ်စားလှယ်ကို အသိအမှတ်မပြုဘဲ လက်ရှိမြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂမှာ ဆက်လက်ထားရှိဖို့ အမေရိကန်လွှတ်တော်အမတ် ၆ ဦးက အမေရိကန်အစိုးရကို စာပေးပို့တိုက်တွန်းလိုက်ပါတယ်။

    အောက်တိုဘာ ၁၄ ရက်စွဲနဲ့ အဲဒီစာကို ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး မိုက် ဝေါ့ဇ် (Mike Waltz )ထံ စာပေးပို့ခဲ့တာပါ။

    အဲဒီစာမှာ နေပြည်တော်က ခန့်အပ်လာမယ့်သူကို ကုလသမဂ္ဂမှာ ကိုယ်စားလှယ်အဖြစ် အသိအမှတ်ပြုတာ၊ ကိုယ်စားလှယ်နေရာပေးတာတွေကို ကန့်ကွက်ဖို့ တောင်းဆိုထားပါတယ်။

    စာကို လက်မှတ်ရေးထိုးသူတွေထဲမှာ အမေရိကန်ကွန်ဂရက်ရဲ့ မြန်မာရေးရာအဖွဲ့ ပူးတွဲဥက္ကဋ္ဌတွေဖြစ်တဲ့ ဘီလ် ဟွိုင်ဇင်ဂါ (Bill Huizenga) နဲ့ ဘက်တီ မက်ကောလမ် (Betty McCollum)၊ ကွန်ဂရက်အမတ်ဂျက်ဖာဆန် ရှရိဗ် (Jefferson Shreve)၊ အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီ ဒီမိုကရက်တစ်အဆင့်မြင့်အဖွဲ့ဝင် ဂရီဂေါရီ ဒဗလျူ မိခ်စ် (Gregory W. Meeks)၊ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာဆပ်ကော်မတီ ဥက္ကဋ္ဌ ယန်း ကင် (Young Kim) နဲ့ အဲဒီဆပ်ကော်မတီရဲ့ ဒီမိုကရက်တစ်အဆင့်မြင့်အဖွဲ့ဝင်အေမီ ဘီရာ (Ami Bera)တို့ ပါဝင်ပါတယ်။

    ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကုလသမဂ္ဂ အထောက်အထားစိစစ်ရေးကော်မတီက မြန်မာနိုင်ငံကို ဘယ်သူကိုယ်စားပြုခွင့်ရမလဲဆိုတဲ့ ဆုံးဖြတ်ချက်ကို ရွှေ့ဆိုင်းထားတာကြောင့် ကုလသမဂ္ဂမှာ မြန်မာကိုယ်စားပြုသူ မပြောင်းဘဲ ရှိနေခဲ့တယ်လို့ အမေရိကန်အမတ်တွေက ပြောပါတယ်။

    အဲဒီလို ဆုံးဖြတ်ချက်ရွှေ့ဆိုင်းထားတဲ့အတွက် မြန်မာရဲ့ ဒီမိုကရေစီကိုယ်စားလှယ်တွေဟာ လူသားချင်းစာနာမှုအကူအညီ ရရှိရေး၊ အရပ်သားတွေကို ကာကွယ်ရေးနဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေကို တားဆီးရေးတို့အတွက် ကုလသမဂ္ဂနဲ့ ဆက်လက်ထိတွေ့ဆောင်ရွက်နိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။

    မြန်မာစစ်တပ်နဲ့ သူ့ရဲ့ အစိုးရကို ကုလသမဂ္ဂမှာ ကိုယ်စားပြုခွင့်ပေးလိုက်ရင် အမေရိကန်ရဲ့ အကျိုးစီးပွားနဲ့ ကုလသမဂ္ဂရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်တယ်လို့ အမေရိကန်အမတ်တွေက သတိပေးထားပါတယ်။

    လက်ရှိမှာ နေပြည်တော်ဟာ သံတမန်ရေးအကာအကွယ်၊ စစ်ဘက်ပူးပေါင်းဆောင်ရွက်မှု၊ စီးပွားရေးအထောက်အပံ့နဲ့ လေကြောင်းတိုက်ခိုက်မှုတွေအတွက် လိုအပ်တဲ့ လောင်စာရရှိရေးတို့မှာ တရုတ်နဲ့ အီရန်လို မိတ်ဖက်နိုင်ငံတွေအပေါ် မှီခိုနေရတယ်လို့ ဖော်ပြထားပါတယ်။

    အဲဒီနိုင်ငံတွေနဲ့ စစ်အုပ်စုရဲ့ ဆက်ဆံရေး ပိုမိုနီးကပ်လာစေနိုင်တဲ့ အခြေအနေကို ကုလသမဂ္ဂမှာ ခွင့်ပြုတာဟာ နိုင်ငံတကာကို မှားယွင်းတဲ့ သတင်းစကားပေးရာရောက်မယ်လို့လည်း ဆိုပါတယ်။

    မြန်မာက စစ်တပ်ဦးဆောင်ခဲ့တဲ့ ရွေးကောက်ပွဲဟာ လက်နက်ကိုင်ပဋိပက္ခတွေ၊ လူအများအပြား နေရပ်စွန့်ခွာရမှုတွေ၊ နိုင်ငံရေးဖိနှိပ်မှုတွေ၊ နိုင်ငံရေးပြိုင်ဘက်တွေ ဖမ်းဆီးခံရမှုတွေနဲ့ အဓိက ဒီမိုကရေစီပါတီတွေကို ဖယ်ထုတ်ထားမှုတွေကြားမှာ ဖြစ်ပေါ်ခဲ့တာလို့ အမေရိကန်အမတ်တွေက ဝေဖန်ထားပါတယ်။

    စစ်အုပ်ချုပ်ရေးကို အရပ်သားအုပ်ချုပ်ရေးအသွင် ပြောင်းလဲဖော်ပြရုံနဲ့ ဒီမိုကရေစီတရားဝင်မှု၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အာဏာပိုင်ခွင့်နဲ့ ပြည်သူတွေရဲ့ သဘောတူညီမှု မရှိတာတွေကို ဖြေရှင်းနိုင်မှာ မဟုတ်ဘူးလို့လည်း ထောက်ပြထားပါတယ်။

    နေပြည်တော်ရဲ့ ကိုယ်စားလှယ်ကို ကုလသမဂ္ဂမှာ အသိအမှတ်ပြုတာဟာ အာဏာသိမ်းမှု၊ ပြည်သူတွေအပေါ် ဖိနှိပ်မှုနဲ့ ယုံကြည်လက်ခံနိုင်စရာမရှိတဲ့ ရွေးကောက်ပွဲအတွက် မြန်မာစစ်တပ်ကို ဆုချီးမြှင့်သလို ဖြစ်သွားမယ်လို့ ဆိုပါတယ်။

    ဒါကြောင့် အမေရိကန်အစိုးရအနေနဲ့ ကုလသမဂ္ဂ အထောက်အထားစိစစ်ရေးကော်မတီဝင်တွေ၊ အထွေထွေညီလာခံဥက္ကဋ္ဌရုံးနဲ့ သဘောထားတူညီတဲ့ အဖွဲ့ဝင်နိုင်ငံတွေကို ကြိုတင်ဆက်သွယ်ညှိနှိုင်းပြီး မြန်မာကိုယ်စားပြုခွင့်နဲ့ ပတ်သက်တဲ့ ပြိုင်ဆိုင်နေတဲ့ တင်သွင်းချက်တွေအပေါ် ဆုံးဖြတ်ချက်ကို ဆက်လက်ရွှေ့ဆိုင်းထားဖို့ ထောက်ခံပေးရန် အမတ် ၆ ဦးက တောင်းဆိုထားပါတယ်။

    အဲဒီတောင်းဆိုချက်ကို အကောင်အထည်ဖော်ဖို့ ဘယ်လိုမဟာဗျူဟာနဲ့ ဆောင်ရွက်သွားမလဲဆိုတာကိုလည်း မိုက် ဝေါ့ဇ် ထံက ပြန်လည်သိရှိလိုကြောင်း အမေရိကန်အမတ်တွေက စာထဲမှာ ဖော်ပြထားပါတယ်။

  8. ဂျပန်မှာ နိုင်ငံခြားသားတွေအမြဲတမ်းနေထိုင်ခွင့်ကြေးအဆ ၂၀ မြှင့်

    ဂျပန်မှာ နိုင်ငံထဲ အမြဲတမ်းနေထိုင်ခွင့်လျှောက်ထားတဲ့ နိုင်ငံခြားသားတွေကို ကောက်ယူတဲ့ အခကြေးငွေကို အဆ ၂၀ တိုးမြှင့်လိုက်ပါတယ်။ အမေရိကန်ဒေါ်လာ ၁,၂၇၀ နဲ့ ညီမျှတဲ့ ယန်း ၂ သိန်းအထိ သတ်မှတ်လိုက်တာဖြစ်ပါတယ်။

    အမြဲတမ်းနေထိုင်ခွင့်လျှောက်ထားသူတွေဟာ ဝင်ငွေ၊ ပင်စင်နဲ့ ဂျပန်ဘာသာစကား ကျွမ်းကျင်မှုဆိုင်ရာသတ်မှတ်ချက်အသစ်တွေကိုလည်း ပြည့်မီရတော့မှာဖြစ်ပါတယ်။

    အခုလိုအခကြေးငွေတိုးမြှင့်မှု မစတင်မီခင် ကြိုလျှောက်နိုင်အောင် ကြိုးပမ်းကြလို့ လူဝင်မှု ကြီးကြပ်ရေးရုံးတွေရဲ့အပြင်ဘက်မှာ လူတန်းရှည်ကြီးကိုတောင် မြင်တွေ့ခဲ့ရပါတယ်။

    အပြည့်အစုံကို ဒီလင့်ခ် မှာ ဖတ်ရှုရန်နိုင်ပါတယ်။

  9. ချင်းမိုင်မှာကရင်အမျိုးသမီးတစ်ဦးက သဘာဝအတိုင်း ကိုယ်ဝန်ဆောင်ပြီးအမွှာလေးဦးကို အောင်မြင်စွာမီးဖွား

    ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်မြို့မှာ ကရင်လူမျိုး အသက် ၃၃ နှစ်အရွယ် အမျိုးသမီးတစ်ဦးဟာ မျိုးဥတစ်လုံးတည်းကနေ ဖြစ်ပေါ်လာပြီး အချင်းတစ်ခုတည်းကို မျှဝေထားတဲ့ အမွှာကလေးငယ် လေးဦးကို သဘာဝအတိုင်း ကိုယ်ဝန်ဆောင် မွေးဖွားခဲ့ပါတယ်။

    ချင်းမိုင်တက္ကသိုလ် ဆေးပညာဌာနက အောက်တိုဘာ ၁၄ ရက်မှာ “ကိုယ်ဝန်တစ်ခု၊ နှလုံးသားလေးခု” လို့ အမည်ပေးထားတဲ့သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပြီး ဒီဖြစ်စဉ်ဟာ အလွန်ရှားပါးတဲ့အခြေအနေတစ်ခုဖြစ်တယ်လို့ ပြောပါတယ်။

    ဒီလိုအမွှာ လေးဦး တစ်ပြိုင်နက်တည်း ဖြစ်ပေါ် ဖို့ဟာ ကိုယ်ဝန်ဆောင်မှု ၇ သိန်းမှာ တစ်ကြိမ်ခန့်သာ တွေ့ရတယ်လို့ ဆိုပါတယ်။

    မိခင်ဟာ မယ်ဟောင်ဆောင်ခရိုင်၊ မယ်စရီးယန်းမြို့နယ်က ပကာကညောတိုင်းရင်းသူဖြစ်ပြီး ကိုယ်ဝန် ၂၃ ပတ်အရွယ်မှာ မယ်စရီးယန်းဆေးရုံကနေ ချင်းမိုင်မြို့ရှိ မဟာရတ်နခွန်ချင်းမိုင်ဆေးရုံကို လွှဲပြောင်းပို့ဆောင်ခဲ့တာပါ။

    မီးမဖွားခင်ဆေးရုံမှာ စစ်ဆေးချိန်တုန်းက အမွှာသုံးဦး ကိုယ်ဝန်ဆောင်ထားတယ်လို့ ယူဆခဲ့ပေမဲ့ အထူးကုဆရာဝန်တွေက အာထရာဆောင်းနဲ့ အသေးစိတ်စစ်ဆေးရာမှာ အမွှာလေးဦးဖြစ်ကြောင်း တွေ့ရှိခဲ့ပါတယ်။

    ကလေးလေးဦးဟာ ရေမြွှာအိတ်တစ်ခုစီ သီးခြားရှိပေမဲ့ အချင်းတစ်ခုတည်းကို မျှဝေထားကြတာ ဖြစ်ပါတယ်။

    အမွှာလေးဦး ကိုယ်ဝန်ဆောင်မှုဟာ လမစေ့ဘဲ မွေးဖွားနိုင်ခြင်း၊ အချင်းတစ်ခုတည်းကို မျှဝေရာကနေ ကလေးတွေအကြား သွေးစီးဆင်းမှု မညီမျှခြင်းနဲ့ သန္ဓေသားဖွံ့ဖြိုးမှု ပုံမှန်မဟုတ်ခြင်း စတဲ့ အန္တရာယ်တွေရှိတာကြောင့် ဆရာဝန်တွေက တစ်ပတ်ကနေ နှစ်ပတ်တစ်ကြိမ်အထိ လိုအပ်သလို အာထရာဆောင်းစစ်ဆေးပြီး အနီးကပ်စောင့်ကြည့်ခဲ့ကြပါတယ်။

    ဒီလို အမွှာလေးဦး ကိုယ်ဝန်ဆောင်မှုတွေမှာ ပုံမှန်အားဖြင့် ကိုယ်ဝန် ၂၉ ပတ်ကနေ ၃၀ ပတ်ဝန်းကျင်မှာ မွေးဖွားလေ့ရှိတယ်လို့ ဆရာဝန်တွေက ရှင်းပြထားပါတယ်။

  10. VeVe စတော်ဘယ်ရီနို့အပါအဝင် အစားအသောက် ၅ မျိုးမှာ ဓာတုပစ္စည်း သတ်မှတ်ချက်ကျော်လွန်လို့ FDA ပြန်သိမ်းခိုင်း

    ကလေးငယ်တွေသောက်သုံးမှုများတဲ့ VeVe စတော်ဘယ်ရီအရသာနို့ အမှတ်တံဆိပ်၊ လူသိများတဲ့ နဂါးနီပုန်းရည်ကြီးအပါအဝင် အစားအသောက်နဲ့ အချိုရည် ၅ မျိုးမှာ ခွင့်ပြုထားတဲ့ ဓာတုပစ္စည်းတွေ သတ်မှတ်ချက်ထက်ကျော်လွန်နေလို့ ဈေးကွက်ကနေ ပြန်လည်သိမ်းဆည်းမယ်လို့ FDA က ထုတ်ပြန်ပါတယ်။

    အောက်တိုဘာ ၁၄ ရက် ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဌာန (FDA) ရဲ့ ‌ကြေညာချက်အရ ဒီဒီ နို့ဒိန်ချဉ်၊ နန်းတွင်းသူ ငရုတ်သီးအစိမ်းမှုန့်၊ အော်ရိုရာသစ်သီးယိုစုံလုပ်ငန်း၊ Ve Ve စတော်ဘယ်ရီအရသာနို့နဲ့ နဂါးနီပုန်းရည်ကြီးတို့မှာ Sodium Cyclamate၊ Sodium Benzoate၊ Benzoic Acid နဲ့ Aflatoxin B1 တို့ကို သတ်မှတ်ခွင့်ပြုပမာဏထက် ကျော်လွန်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

    လက်ရှိမှာ အဲဒီထုတ်ကုန်တွေကို ဈေးကွက်အတွင်း ဆက်လက်ရောင်းချတာ မပြုလုပ်ဖို့နဲ့ သက်ဆိုင်ရာ ထုတ်လုပ်သူ၊ တင်သွင်းသူနဲ့ ဖြန့်ချိရောင်းချသူတွေက ဈေးကွက်ကနေ အမြန်ဆုံး ပြန်လည်သိမ်းဆည်းဖို့ FDA က ညွှန်ကြားထားပါတယ်။

    “ပစ္စည်းထုတ်လုပ်ချိန်မှာ ပုဂ္ဂိုလ်တစ်စုံတစ်ယောက်ရဲ့ မှားယွင်းမှုကြောင့်လည်း ဒါမျိုးတွေ ဖြစ်တတ်ပါတယ်။ အခုကတော့ ကိုယ်ရောင်းတဲ့ ဈေးဆိုင်မှာ ဒီပစ္စည်းတွေရှိရင် မရောင်းဘဲ ပြန်အပ်တာ၊ ဝယ်ထားမိတဲ့သူတွေလည်း မစားတော့တာက ပိုကောင်းပါတယ်” လို့ မြန်မာစားသုံးသူများသမဂ္ဂ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

    FDA က အဲဒီထုတ်ကုန်တွေကို ဈေးကွက်ကနေ ပြန်လည်သိမ်းဆည်းဖို့ ထုတ်ပြန်ထားပေမဲ့ စားသုံးသူတွေ ဝယ်ယူထားပြီးသား ကုန်ပစ္စည်းတွေကို ပြန်အပ်နိုင်မယ့်အစီအစဉ်၊ ငွေပြန်အမ်းပေးမယ့်အစီအစဉ် ဒါမှမဟုတ် ပစ္စည်းပြန်လဲပေးမယ့်အစီအစဉ်တွေ အပါအဝင် ထုတ်လုပ်သူတွေကို သတ်မှတ်ချက်အတိုင်းလိုက်နာမှုမရှိလို့ အရေးယူဖို့ ရှိ မရှိကိုလည်း တိတိကျကျသိရတာမရှိပါဘူး။

    သက်ဆိုင်ရာစား‌သောက်ကုန်လုပ်ငန်း‌တွေကတော့ FDA ရဲ့ ထုတ်ပြန်ချက် အပေါ် တစုံတရာထုတ်ပြန်လာတာမရှိသေးပါဘူး။

    Sodium Cyclamate (ဆိုဒီယမ် ဆိုင်ကလမိတ်)ကို မြန်မာမှာ အစားအသောက်အမျိုးအစားအလိုက် သတ်မှတ်ထားတဲ့ အများဆုံးပမာဏအတွင်းသာ အသုံးပြုခွင့်ရှိပါတယ်။ သူက သကြားအစားထိုး အချိုဓာတ်ပေးပစ္စည်းတစ်မျိုးဖြစ်ပြီး နိုင်ငံအလိုက် အသုံးပြုခွင့်ဆိုင်ရာ စည်းမျဉ်းတွေ ကွာခြားပါတယ်။

    Benzoic Acid (ဘန်ဇိုအစ်အက်စစ်)နဲ့ Sodium Benzoate(ဆိုဒီယမ် ဘန်ဇိုအိတ်) ကိုတော့ အစားအသောက်တာရှည်ခံပစ္စည်းအဖြစ် အသုံးပြုနိုင်ပေမဲ့ သတ်မှတ်ခွင့်ပြုပမာဏအတွင်းသာ အသုံးပြုရမှာဖြစ်တယ်လို့ ဆိုပါတယ်။

    Aflatoxin B1( အက်ဖလာတော့ဆင် ဘီဝမ်း) ကတော့ မှိုက ထုတ်လုပ်တဲ့ အဆိပ်ဓာတ်တစ်မျိုးဖြစ်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က အသည်းကင်ဆာဖြစ်စေနိုင်တဲ့ အဆိပ်ဓာတ်အဖြစ် သတ်မှတ်ထားပါတယ်။

    ဒါပေမဲ့ ဒီပစ္စည်းတွေပါတဲ့ အစားအသောက်ကို စားသုံးမိတိုင်း ချက်ချင်းကျန်းမာရေးထိခိုက်မယ်လို့ မဆိုနိုင်ဘဲ ပါဝင်တဲ့ပမာဏ၊ စားသုံးမိတဲ့ပမာဏနဲ့ ထိတွေ့မှုကြာချိန်တို့အပေါ် မူတည်တယ်လို့ ကျန်းမာရေးသတင်းဝက်ဘ်ဆိုက်တွေမှာဖော်ပြချက် အရ နားလည်ရပါတယ်။

  11. အတိုးနှုန်းများတယ်လို့ ဝေဖန်ခံရတဲ့ဘယ်လာရုစ်ဆီက ပို့ကုန်ချေးငွေယူရေး လွှတ်တော်အတည်ပြု, လွှတ်တော်က ချေးငွေသတင်းကြောင့် ပြင်ပငွေလဲစျေးကွက်မှာ မြန်မာကျပ်ငွေတန်ဖိုး ဆက်တိုက်ကျ

    နေပြည်တော်အစိုးရနဲ့ ဆက်ဆံရေး‌ကောင်း‌‌နေတဲ့ ဘယ်လာရုစ်နိုင်ငံရဲ့ ဘဏ်နှစ်ခုကနေ ပို့ကုန်ချေးငွေယူဖို့နဲ့ မြန်မာဗဟိုဘဏ်ဆီက ကျပ် ၂.၁ ထရီလီယံအထိ ချေးယူမယ့်အစီအစဉ်တွေကို ‌ အောက်တိုဘာ ၁၄ ရက် နေပြည်တော်လွှတ်တော်မှာ အတည်ပြုလိုက်ပါတယ်။

    ဘယ်လာရုစ်ရဲ့ Development Bank of the Republic of Belarus (DBRB) နဲ့ Belinvestbank JSC တို့ဆီကနေ ပို့ကုန်ချေးငွေရယူမှာဖြစ်ပြီး ဘယ်လိုပစ္စည်းတွေ ဝယ်ယူဖို့ အသုံးပြုမယ်ဆိုတာ အသေးစိတ် မသိရသေးပါဘူး။

    အဲဒီချေးငွေကို ဘယ်လာရုစ်ရူဘယ်၊ ရုရှားရူဘယ်၊ တရုတ်ယွမ်၊ အမေရိကန်ဒေါ်လာနဲ့ ယူရိုတို့ထဲက သက်ဆိုင်ရာငွေကြေးတွေနဲ့ ရယူနိုင်မယ်လို့ ဆိုပြီး ဘယ်လာရုစ်ထုတ် ကုန်ပစ္စည်းတွေ၊ စက်ယန္တရားနဲ့ နည်းပညာပစ္စည်းတွေ၊ ဝန်ဆောင်မှုတွေအတွက် အသုံးပြုနိုင်ပြီး ချေးငွေသက်တမ်းဟာ တစ်နှစ်ကနေ ငါးနှစ်အထိ ရှိနိုင်တယ်လို့ နားလည်ရပါတယ်။

    ဒီချေးငွေသုံးစွဲမယ့် ငွေကြေးအမျိုးအစားနဲ့ ကုန်ပစ္စည်းအမျိုးအစားပေါ်မူတည်ပြီး အတိုးနှုန်းကွာခြားနိုင်သလို အနည်းဆုံး ၂.၂၅ ရာခိုင်နှုန်းကနေ အများဆုံး ၉.၃၃ ရာခိုင်နှုန်းအထိ ရှိနိုင်တယ်လို့ ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာန ဒုဝန်ကြီး ဒေါ်သန်းသန်းလင်းက အောက်တိုဘာ ၆ ရက် လွှတ်တော်မှာ ရှင်းလင်းခဲ့ပါတယ်။

    ဒါက အတိုးအပြင် အာမခံကြေးလည်း ပေးဆောင်ရနိုင်တယ်လို့ဆိုပါတယ်။

    ဘဏ္ဍာရေးဆိုင်ရာ ကျွမ်းကျင်သူအချို့ကတော့ ပို့ကုန်ချေးငွေရဲ့ စည်းကမ်းချက်တွေ၊ အတိုးနှုန်းနဲ့ ပြန်ဆပ်ရမယ့်ကာလတွေကို တိတိကျကျ သိထားဖို့လိုတယ်လို့ သတိပေးထားကြပါတယ်။ ဒီလိုချေးငွေမျိုးမှာ အတိုးနှုန်းနဲ့ ပြန်ဆပ်ရမယ့်ကာလအပြင် နိုင်ငံခြားငွေတန်ဖိုး ပြောင်းလဲမှုကိုပါ ထည့်တွက်ဖို့လိုတယ်လို့ဆိုပါတယ်။

    ဒီလိုချေးငွေမျိုးဟာ ကျပ်ငွေတန်ဖိုးကျဆင်းနေချိန်မှာ နိုင်ငံခြားငွေနဲ့ ပြန်ဆပ်ရမယ်ဆိုရင် ကြွေးမြီဝန်ထုပ်ဝန်ပိုး ပိုများလာနိုင်တဲ့ ဖိအားရှိနိုင်တယ်လို့လည်း အစောပိုင်းက တွက်ချက်ပြထားကြပါတယ်။

    ဒီအစီအစဉ်တွေကို လွှတ်တော်က အတည်ပြုချိန်မှာ ပြည်တွင်းပြင်ပငွေလဲဈေးကွက်မှာ အမေရိကန်ဒေါ်လာနဲ့ ထိုင်းဘတ်ငွေဈေးတွေ မြင့်တက်နေပြီး ကျပ်ငွေတန်ဖိုးလည်း ဆက်တိုက်ကျဆင်းနေပါတယ်။

    ပြင်ပငွေလဲဈေးကွက်မှာ အမေရိကန်တစ်ဒေါ်လာ ရောင်းဈေးဟာ ကျပ် ၄,၅၃၀ ဝန်းကျင်ကနေ အောက်တိုဘာ ၁၅ ရက် မနက်ပိုင်းမှာ ကျပ် ၄,၆၇၀ ဝန်းကျင်အထိ မြင့်တက်ခဲ့တယ်လို့ ဈေးကွက်အချက်အလက်တွေအရ သိရပါတယ်။

    ထိုင်းဘတ်တစ်ဘတ်ဈေးလည်း ကျပ် ၁၃၅ ဝန်းကျင်ကနေ ကျပ် ၁၃၉ ဝန်းကျင်အထိ မြင့်တက်ခဲ့ပါတယ်။

    တစ်ဖက်မှာတော့ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွင်း အစိုးရအသုံးစရိတ်လိုငွေကို ဖြည့်ဆည်းဖို့ ဗဟိုဘဏ်ထံမှ ကျပ် ၂,၁၀၀ ဘီလျံ၊ တစ်နည်းအားဖြင့် ကျပ် ၂.၁ ထရီလီယံအထိ ချေးယူနိုင်ရေးကိုလည်း လွှတ်တော်က အတည်ပြုခဲ့ပါတယ်။

    ဒီငွေပမာဏဟာ လိုအပ်လာပါက ချေးယူနိုင်ဖို့ လျာထားတဲ့ အများဆုံးပမာဏဖြစ်ပြီး အားလုံးကို မဖြစ်မနေ ချေးယူမယ်လို့ ဆိုလိုတာတော့ မဟုတ်ပါဘူး။ အစိုးရငွေတိုက်စာချုပ်နဲ့ ငွေတိုက်လက်မှတ်တွေ ရောင်းချပြီးနောက် လိုငွေကျန်နေမယ်ဆိုရင် ဗဟိုဘဏ်ဆီကနေ ချေးယူသွားမယ့်အစီအစဉ်လို့ သိရှိရပါတယ်။

    နေပြည်တော်အစိုးရရဲ့ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်ထင်က လွှတ်တော်မှာ ရှင်းလင်းရာမှာတော့ ပြည်ပအကူအညီနဲ့ အကောင်အထည်ဖော်မယ့် စီမံကိန်းတချို့ မလုပ်ဆောင်နိုင်ခဲ့တာ၊ ပြည်ပအကူအညီရငွေ လျော့နည်းခဲ့တာနဲ့ ချေးငွေအရင်းပြန်ဆပ်ဖို့ ငွေလွှဲပြောင်းနိုင်မှု အခက်အခဲတွေကြောင့် ဘဏ္ဍာရေးဆိုင်ရာ အခက်အခဲတွေ ကြုံခဲ့ရတယ်လို့ ပြောပါတယ်။

    ပြည်ပချေးငွေအပေါ် အခြေခံထားတဲ့ စီမံကိန်းတချို့ကိုလည်း ဆိုင်းငံ့ထားရတယ်လို့ ဆိုပါတယ်။

    တဖက်မှာတော့ ဘတ်ဂျက်လိုငွေကို ဗဟိုဘဏ်က ငွေကြေးဖန်တီးထောက်ပံ့ခြင်းဟာ ငွေကြေးလည်ပတ်မှု ပမာဏကို တိုးစေပြီး ငွေကြေးဖောင်းပွမှုအပေါ် ဖိအားဖြစ်စေနိုင်တဲ့ အန္တရာယ်ရှိတယ်ဆိုတဲ့ တွက်ချက်မှုတွေလည်း ရှိနေပါတယ်။

    ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာအရလည်း မြန်မာနိုင်ငံမှာ ၂၀၂၆ ခုနှစ် ဧပြီလအတွင်း နှစ်အလိုက် ငွေကြေးဖောင်းပွမှုနှုန်းဟာ ၂၄.၆ ရာခိုင်နှုန်းအထိ ရှိခဲ့ပါတယ်။

  12. ဘန်ကောက်မှာ IMF၊ ကမ္ဘာ့ဘဏ် အစည်းအဝေးကို ချီတက်ဆန္ဒပြ

    ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ IMF၊ ကမ္ဘာ့ဘဏ် နှစ်ပတ်လည်အစည်းအဝေးကို ဆန့်ကျင်တဲ့ ဆန္ဒပြသူ ၆၀၀ ခန့်ဟာ အောက်တိုဘာ ၁၅ ရက် ဒီနေ့ မနက်ပိုင်းမှာ အစည်းအဝေးကျင်းပရာ Queen Sirikit အမျိုးသားကွန်ဗင်းရှင်းစင်တာဘက်ကို ချီတက်ခဲ့ကြောင်း ထိုင်းသတင်းဌာန တချို့က ဖော်ပြပါတယ်။

    ဆန္ဒပြသူတွေကတော့ ကမ္ဘာ့ဘဏ်လို နိုင်ငံတကာငွေကြေးအဖွဲ့ဟာတွေဟာ နိုင်ငံတွေကို အကြွေးဝန်ပိစေတဲ့အဖွဲ့အစည်းဖြစ်ပြီး ဒီအကြွေးတွေကို နောက်ဆုံးမှာ ပြည်သူတွေကပဲ အခွန်တိုးပေးရတာမျိုးပဲ အဖတ်တင်တယ်လို့ ၀ေဖန်ပါတယ်။

    နောက်ပြီး နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေကို ၀င်ရောက်ခွင့်ပေးတဲ့အခါ တာ၀န်သိတဲ့ လုပ်ငန်းမျိုးမဟုတ်ရင် ဒေသခံ ပြည်သူရဲ့ဘ၀တွေပဲ ထိခိုက်စေတာကြောင့် ကန့်ကွက်ရတာလို့လည်း ဆန္ဒဖော်ထုတ်သူတွေက စွပ်စွဲပြောဆိုပါတယ်။

    ဒေသစံတော်ချိန် မနက် ၈ နာရီ ၄၂ မိနစ်မှာ ဆန္ဒပြသူတွေဟာ Na Ranong ၅ လမ်းဆုံကနေ Sunthon Kosa လမ်းအတိုင်း Rama 4 လမ်းအထွက်ဘက်ကို ချီတက်ခဲ့ကြပြီး အဲဒီကတစ်ဆင့် ကွန်ဗင်းရှင်းစင်တာကို ဆက်လက်သွားရောက်ဖို့ ရှိတယ်လို့ ဆိုပါတယ်။

    ဆန္ဒပြသူတွေ ချီတက်နေတဲ့ လမ်းကြောင်းတွေမှာ ယာဉ်ကြောပိတ်ဆို့မှု ဖြစ်ပေါ်နိုင်တဲ့အတွက် ခရီးသွားလာသူတွေအနေနဲ့ လမ်းကြောင်းကို ကြိုတင်စီစဉ်ထားကြဖို့ သတိပေးထားပါတယ်။

    ထိုင်းအစိုးရရဲ့ ထုတ်ပြန်ချက်အရ IMF-ကမ္ဘာ့ဘဏ် ၂၀၂၆ ခုနှစ် နှစ်ပတ်လည်အစည်းအဝေးကို အောက်တိုဘာ ၁၂ ရက်ကနေ ၁၈ ရက်အထိ ဘန်ကောက်မြို့ရှိ Queen Sirikit အမျိုးသားကွန်ဗင်းရှင်းစင်တာမှာ ကျင်းပနေတာဖြစ်ပါတယ်။

    အ‌စောပိုင်းကတည်းက ‌တော့ထိုင်းအစိုးရက IMF-ကမ္ဘာ့ဘဏ် ၂၀၂၆ ခုနှစ် နှစ်ပတ်လည်အစည်းအဝေး အဆောက်အဦဝန်းကျင်မှာ ဆန္ဒပြတာ‌တွေ မလုပ်ဖို့ ‌‌ပြောထားသလို ရဲကလည်း လုံခြုံရေးတင်းကျပ်ထားပါတယ်။

    အစည်းအဝေးလုံခြုံရေးအတွက် အောက်တိုဘာ ၁၅ ရက်မှာ Ratchadaphisek လမ်းကို Asok Montri လမ်းဆုံနဲ့ Rama IV လမ်းဆုံကြား နှစ်ဘက်စလုံး ယာဉ်သွားလာမှု ပိတ်ထားမယ်လို့ အစိုးရက ကြေညာထားပါတယ်။

    ခရီးသွားလာသူတွေအနေနဲ့ သက်ဆိုင်ရာလမ်းကြောင်းတွေရဲ့ နောက်ဆုံးအခြေအနေကို စစ်ဆေးပြီး ခရီးချိန်ကို ကြိုတင်တွက်ချက်ထားဖို့၊ အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးကို အသုံးပြုဖို့လည်း အကြံပြုထားပါတယ်။

    မိဖုရားကြီး သီရိခေတ် အမျိုးသားကွန်ဗင်းရှင်းစင်တာနဲ့ အနီးဆုံးက မြေအောက်ရထား MRT ဘူတာကိုတော့ ပုံမှန်အတိုင်း ဖွင့်လှစ်ထားမယ်လို့ ထိုင်းအစိုးရရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

  13. အိမ်သုံးဂက်စ် စျေးတက်ပြီး ပစ္စည်းပြတ်၊ဝယ်ရခက်နေ

    လျှပ်စစ်မီး အလှည့်ကျစနစ်နဲ့သာ သုံးစွဲနေရတဲ့ မြန်မာမှာ အိမ်သုံးနဲ့ စားသောက်ဆိုင်တွေ အားထားသုံးနေရတဲ့ LPG ဂက်စ်ဈေးနှုန်းတွေ အောက်တိုဘာလအတွင်း မြင့်တက်လာပြီး ပစ္စည်းပြတ်လပ်မှုတွေလည်း ကြုံနေရတယ်လို့ သုံးစွဲသူတွေနဲ့ အရောင်းဆိုင်တွေက ဘီဘီစီကို ပြောပါတယ်။

    လက်ရှိ ရန်ကုန်မြို့မှာ မြို့နယ်အလိုက် ဂက်စ်တစ်ပိဿာကို ကျပ် ၁၇,၀၀၀ ကနေ ၁၈,၀၀၀ အထိ ဈေးပေါက်နေပြီး လိုသလောက် ဝယ်ယူမရတာတွေလည်း ရှိနေတယ်လို့ ရန်ကုန်မြို့ခံ အိမ်ရှင်မတချို့က ပြောပါတယ်။

    ဂက်စ်တစ်ပိဿာဈေးဟာ အရင် ကျပ် ၁၂,၀၀၀ ဝန်းကျင်ကနေ လက်ရှိ ကျပ် ၁၇,၀၀၀ - ၁၈,၀၀၀ အထိ ဖြစ်လာတာကြောင့် ကျပ် ၅,၀၀၀ ကနေ ၆,၀၀၀ အထိ မြင့်တက်လာတာ ဖြစ်ပါတယ်။

    '' ဂက်စ်က တပိဿ ၁၂,၀၀၀ လောက်ကနေ စျေးတက်လာတာပါ။ လျှပ်စစ်မီးကမလာဘူး။ လာရင်လည်း မီတာခက အရမ်းတက်လာတော့ ဂက်စ်ကို အားကိုးသုံးနေရပါတယ်ဆိုမှ ဂက်စ်စျေးက တက်လာတယ်။ တက်စျေးပေးလို့ ဝယ်လည်း ခွဲတမ်းနဲ့ပဲရောင်းတယ်။ တခါတလေလည်း ခွဲတမ်းကိုတောင် လုံးဝကို ဝယ်မရပြန်ဘူး'' လို့ ရန်ကုန်၊ တာမွေမြို့နယ်က အိမ်ရှင်မတစ်ဦးက ပြောပါတယ်။

    ဂက်စ်ဘူးသေးဖြည့်ခတွေလည်းစျေးတက်လာပြီး ဘူးသေးဖြည့်ခ ကျပ် ၁၆၀၀ ကနေ တဖြည်းဖြည်းစျေးတက်လာပြီးနောက် ကျပ် ၂,၀၀၀ ကနေ လက်ရှိမှာ တစ်ဘူးဖြည့်ခ ကျပ် ၂,၆၀၀ လောက်အထိဖြစ်လာပြီလို့ ပြောကြပါတယ်။

    ''ဂက်စ်ဘူးသေးဖြည့်ခက ဆိုင်ချစျေးတင် ကျပ် ၂၃၀၀ ရှိတယ်။ အဲဒါ ၁၆၀၀၊ ၁၇၀၀ ကနေ စျေးတက်လာတာ အခု ၂၅၀၀ ကျော်ဖြစ်လာတာ၊ ဒါလည်း ဂက်စ်ဆိုင်ပစ္စည်းပြတ်လို့ ခွဲတမ်းနဲ့ ပဲရတယ်။ ဘူးသေးဆို တခါဝယ် ၂ ဘူးပဲဖြည်ပေးတာ'' လို့ အင်းစိန်မြို့နယ်က ဂက်စ်ဆိုင်တစ်ဆိုင်က ဆိုင်ရှင်တစ်ဦးကပြောပြပါတယ်။

    ဒါကြောင့် ဂက်စ်ဘူးသေးတစ်ဘူး ဖြည့်ခဟာ အရင် ကျပ် ၁,၆၀၀ နဲ့ နှိုင်းယှဉ်ရင် ကျပ် ၂,၆၀၀ အထိ မြင့်တက်လာတဲ့အခါ ကျပ် ၁,၀၀၀ ပိုပေးရပြီး ဈေးတက်လာတာ ဖြစ်ပါတယ်။

    အိမ်သုံးဂက်စ်ဘူးသေး အသစ်တစ်လုံးကလည်း အမျိုးအစားပေါ်မူတည်ပြီး လက်ရှိမှာ ကျပ် ၆,၅၀၀ ကနေ ကျပ် ၇,၀၀၀ ဝန်းကျင်အထိ ရှိတယ်လို့ အိမ်သုံးဂက်စ်အရောင်းဆိုင်တချို့ကနေ သိရပါတယ်။

    အိမ်သုံးဂက်စ်(LPG)ကို ပြည်တွင်းကနေ ထုတ်လုပ်နိုင်တဲ့ ပမာဏနည်းပါးတာကြောင့် ပြည်တွင်းသုံးစွဲမှုရဲ့ ၉၀ ရာခိုင်နှုန်းကျော်ကို ပြည်ပနိုင်ငံတချို့ အထူးသဖြင့် ထိုင်းနိုင်ငံကနေ တင်သွင်းနေရတာ ဖြစ်ပါတယ်။

    ဂက်စ်အရောင်းကုမ္ပဏီတချို့မှာ လုပ်ကိုင်သူတချို့ကတော့ နေပြည်တော်အစိုးရရဲ့ ပြည်ပသွင်းကုန်တွေအတွက်ဒေါ်လာသုံးစွဲမှုကန့်သတ်ချက်နဲ့ သွင်းကုန်လိုင်စင်တွေ တင်းကျပ်ထားတာကြောင့် ဂက်စ်စျေးနှုန်းနဲ့ စျေးကွက်ကိုထိခိုက်လာတာလို့ ပြောကြပါတယ်။

    ပြည်ပကတင်ပို့တဲ့ LPG ဓာတ်ငွေ့တွေကို ရန်ကုန်ဆိပ်ကမ်းကတစ်ဆင့် တစ်လကို ဂက်စ်တန်ချိန် တစ်သောင်းခွဲနီးပါးတင်သွင်း နေပြီး တစ်နိုင်ငံလုံးကို ဖြန့်ဖြူးပေးတဲ့ ရန်ကုန်မြို့မှာတောင် LPG ဂက်စ် ပစ္စည်းပြတ်၊ စျေးတက်တဲ့အခြေစိုက်နေတာလို့ ဆိုကြပါတယ်။

  14. မင်္ဂလာပါ။

    အောက်တိုဘာလ ၁၅ ရက် နောက်ဆုံးရ မြန်မာနဲ့ ကမ္ဘာ့သတင်းတွေကို အခုစာမျက်နှာမှာ တိုက်ရိုက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

    ဆက်လက်ဖတ်ရှုကြဖို့လည်း ဖိတ်ခေါ်ပါတယ်။​