စင်ကာပူမှာ အစိုးရဝန်ထမ်းတွေကို ဖူးစာဖက် ရှာပေး

    • ရေးသားသူ, ကယ်လီ အင်ဂ်
    • ရေးသားပေးပို့သည့်နေရာ, စင်ကာပူ
  • ရေးသားခဲ့သည်။
  • ဖတ်ရန်အချိန်: မိနစ် ၄

စင်ကာပူမှာ မွေးဖွားနှုန်း စံချိန်တင်နိမ့်ကျမှုနဲ့ ရင်ဆိုင်နေရချိန်မှာ အစိုးရဝန်ထမ်းတွေ အတွက် ဖူးစားဖက် ရှာဖွေရေး ဝန်ဆောင်မှုတစ်ရပ် အစိုးရက စီစဥ်ပေးလာပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း စတင်မိတ်ဆက်ခဲ့တဲ့ FirstDate App ဟာ အသက် ၂၁ နှစ် ကနေ ၃၅ နှစ်အတွင်းရှိသူတွေ အတွက် "ချိန်းတွေ့ဖို့ ထူးခြားတဲ့နည်းလမ်းတစ်ခု" ကို ပေးစွမ်းနိုင်တယ်လို့ ဆိုထားပါတယ်။ ဒါ့အပြင် ဒီအစီအစဥ်မှာ ပါဝင်သူတွေကို တစ်ကြိမ်မှာ လူတစ်ဦးနဲ့သာ ချိတ်ဆက်ပေးဖို့ နိုဘယ်ဆုတောင်ရထားတဲ့ အယ်လဂိုရီသမ်တစ်ခုကို အသုံးပြုထားတယ်လို့ ဖော်ပြထားပါတယ်။

"အဆက်မပြတ် ဖုန်းပွတ်ရလို့ နွမ်းနယ်မှုတွေ ဒီမှာတင် အဆုံးသတ်သွားလိမ့်မယ်" လို့ သူတို့ရဲ့ အင်တာနက်စာမျက်နှာမှာ ရေးသားထားပါတယ်။

အခု အစီအစဥ်မှာ ပါဝင်သူတွေဟာ မှတ်ပုံတင်လို အမျိုးသားဒစ်ဂျစ်တယ်အထောက်အထားစနစ်ကို အသုံးပြု အကောင့်ဝင်ရပြီး သူတို့ ဘာတွေစိတ်၀င်စားလဲ၊ ဘာတွေလုပ်လေ့ရှိလဲဆိုတာနဲ့ လူ့ဘ၀ လူ့တန်ဖိုးကို သူတို့ ဘယ်လို အဓိပ္ပါယ်ဖွင့်ကြလဲဆိုတဲ့အချက်မျိုးလို စစ်တမ်းတစ်ခုကို ဖြေဆိုရပါတယ်။

FirstDate ကို စတင်မိတ်ဆက်ခဲ့တဲ့အပေါ် စင်ကာပူနိုင်ငံသားတွေကြား တုံ့ပြန်မှုတွေက မျိုးစုံရှိနေပါတယ်။ တချို့က စိတ်ကူးယဉ်အိမ်မက်ကမ္ဘာလို့ ပြောကြသလို တချို့ကလည်း စမ်းသုံးကြည့်ဦးမယ်လို့ဆိုတဲ့အမြင်တွေလည်း ရှိနေပါတယ်။

FirstDate ရဲ့ဝက်ဘ်ဆိုက်မှာ ပရိုဂရမ်ကို လည်ပတ်စေတဲ့ Gale-Shapley Stable Marriage algorithm ကို ဇောင်းပေးပြောထားတာတွေ့ရပါတယ်။

သင်္ချာနည်းအခြေခံ ဒီလုပ်ဆောင်ချက်ဟာ အရည်အတွက်တူတဲ့လူအုပ်စု နှစ်စုကို သူတို့ ကြိုက်နှစ်သက်မှုတွေကို အခြေခံပြီး တွဲဖက်ပေးပါတယ်။

ကွယ်လွန်သူ သင်္ချာပညာရှင် လွိုက်ဒ် ရှာပလေ ဟာ အဲဒီ algorithm ကို ရှာဖွေတွေ့ရှိခဲ့တာကြောင့် ၂၀၁၂ ခုနှစ် စီးပွားရေးသိပ္ပံဆိုင်ရာ Nobel Memorial Prize ကို ချီးမြှင့်ခံခဲ့ရပါတယ်။ အဲဒီ algorithm ကို အစိုးရစာသင်ကျောင်း ဝင်ခွင့်ရွေးချယ်မှုတွေ၊ ဆေးဘက်ဆိုင်ရာ နေထိုင်သင်ကြားရေး အစီအစဉ်တွေအတွက် ကိုက်ညီမှုရှာဖွေပေးတာတွေနဲ့ ချိန်းတွေ့ အက်ပ်တွေအပါအဝင် နယ်ပယ်အမျိုးမျိုးမှာ အသုံးပြုနေကြပါတယ်။

"နောက်ဆုံးတော့ အက်ပလီကေးရှင်းတစ်ခုကနေတစ်ဆင့် လူတစ်ယောက်နဲ့ တွေ့ဆုံရတဲ့ အတွေ့အကြုံဟာ အက်ပလီကေးရှင်းအမျိုးအစား ကွာခြားသွားရုံနဲ့ အများကြီး မပြောင်းလဲဘူးလို့ ထင်ပါတယ်" လို့ စင်ကာပူ ကာကွယ်ရေးဝန်ကြီးဌာနမှာ အလုပ်လုပ်ပြီး FirstDate ကို စမ်းသုံးကြည့်ဖို့ စိတ်ဝင်စားနေတဲ့ အသက် ၂၉ နှစ်အရွယ် အဲလိဇဘတ်က ဘီဘီစီကို ပြောပါတယ်။

"ဒါပေမဲ့ လိမ်လည်လှည့်ဖြားခံရနိုင်ခြေနည်းတယ်ဆိုတာ သိရတာတော့ ကောင်းပါတယ်။ ကျွန်မတို့အားလုံးဟာ ဘဝလက်တွဲဖော် ရှာဖွေနေတဲ့ ပြည်သူ့ဝန်ထမ်းတွေ မဟုတ်လား" လို့ သူက ပြောပါတယ်။

တကယ်မှာ လက်ရှိ စမ်းသပ်အဆင့်တွင် ရှိနေတဲ့ ဖူးစာရှင် ရှာပေးရေး အစီအစဉ်ဟာ အစိုးရ အနေနဲ့ အလုပ် မလုပ်သူတွေအပေါ် ခွဲခြားဆက်ဆံရာရောက်တယ်လို့ လူမှုကွန်ရက် အသုံးပြုသူတချို့က ပြောပါတယ်။

တချို့ကလည်း အသက်ကန့်သတ်ချက်ကို ဝေဖန်ခဲ့ကြပါတယ်။

"သူတို့ ဒီလိုလုပ်တာက စုစုပေါင်း မွေးဖွားနှုန်းကို မြှင့်တင်ဖို့ပဲ ဖြစ်တယ်။ တခြားကိစ္စတွေမှာ ကျွန်တော်တို့ လက်တွဲဖော် ရှာတွေ့ မတွေ့ကို တကယ်ဂရုစိုက်တာ မဟုတ်ဘူး လို့ ဆိုပါတယ်။

'အသက် ၃၅ နှစ်နဲ့အထက်မှာ ကလေးမွေးဖွားတာနဲ့ပတ်သက်တဲ့အန္တရာယ်တွေ ပိုမြင့်လာတာကြောင့် အစိုးရက [အသက်ပိုကြီးတဲ့ တစ်ကိုယ်ရေသမားတွေကို] လုံးဝ ပစ်ပယ်ထားလိုက်တာပါ'" လို့ ရက်ဒစ် လူမှုကွန်ရက် အသုံးပြုသူတစ်ဦးက ရေးသားခဲ့ပါတယ်။

ဒီ ဖူးစာရှင် ရှာပေးရေး စမ်းသပ်အစီအစဉ်ကို အနာဂတ်မှာ အများပြည်သူအတွက် ဖွင့်လှစ်ပေးမလား မပေးဘူးလားဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

အခုလုပ်မယ့် စမ်းသပ်အစီအစဉ်ရဲ့နောက်ကွယ်မှာရှိတဲ့ ဥပဒေအရ ဖွဲ့စည်းထားတဲ့ ဘုတ်အဖွဲ့ဖြစ်တဲ့ GovTech ဆီမှာ ဘီဘီစီက မှတ်ချက်တောင်းခံထားပါတယ်။

ဒီစမ်းသပ်အစီအစဉ်ကို စတင်ခဲ့ရတာက စင်ကာပူနိုင်ငံရဲ့ မွေးဖွားနှုန်း သမိုင်းတစ်လျှောက် အနိမ့်ဆုံးကို ကျဆင်းလာနေချိန်နဲ့ လည်း တိုက်ဆိုင်နေပါတယ်။

ပြီးခဲ့တဲ့ နှစ် ၆၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် ၂၀၂၅ မှာ မွေးဖွားတဲ့ ကလေးအရေအတွက်ဟာ အယောက် ၃၀,၀၀၀ အောက်သို့ ကျဆင်းခဲ့ပါတယ်။

တစ်ဖက်မှာလည်း အသက်အရွယ် ကြီးတဲ့ အိုမင်းမစွမ်း ရှိသူတွေနဲ့ နိုင်ငံမှာ သေဆုံးသူ အရေအတွက် တဖြည်းဖြည်း မြင့်တက်လာခဲ့ပြီး ၂၀၂၅ မှာ အယောက် ၂၆,၅၀၀ ခန့်အထိ ရှိလာခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လတုန်းက ဝန်ကြီးချုပ် လောရင့်စ်ဝေါင်း က အိမ်ထောင်စုတွေကို ပိုမိုထောက်ပံ့ပေးဖို့နဲ့ ကလေးယူတာကို အားပေးဖို့ အစီအမံသစ်ပေါင်းများစွာကို ကြေညာခဲ့ပြီး အဲဒီအထဲမှာ ကလေးတစ်ဦး အသက် ၁၇ နှစ်ပြည့်တဲ့ အချိန်အထိ စင်ကာပူဒေါ်လာ ၇၀,၀၀၀ နီးပါး (အမေရိကန်ဒေါ်လာ ၅၄,၀၀၀၊ ပေါင်စတာလင် ၄၁,၀၀၀) ငွေကြေးထောက်ပံ့မှု ပေးအပ်မယ့် အစီအစဉ်လည်း ပါဝင်ပါတယ်။

FirstDate ဟာ နိုင်ငံသားတွေအတွက် ချစ်သူ ဖူးစာဖက်ရှာဖွေရေး ကူညီပေးဖို့ ကြိုးပမ်းခဲ့ကြတဲ့အထဲ စင်ကာပူက ပထမဆုံး နိုင်ငံ မဟုတ်ပါဘူး။

၁၉၈၄ ခုနှစ်တုန်းက ဘွဲ့ရ တစ်ကိုယ်ရေသမားတွေအချင်းချင်း တွေ့ဆုံရင်းနှီးနိုင်ဖို့ လူမှုရေးပွဲတွေ စီစဉ်ပေးရေး တာဝန်ယူထားတဲ့ Social Development Unit (SDU) ကို တည်ထောင်ခဲ့ ကြပါတယ်။

တက္ကသိုလ်ဘွဲ့ရတွေကိုသာ အဓိက ရည်ရွယ်ထားတဲ့ သူ့ချဉ်းကပ်မှုမှာ အထက်တန်းလွှာဆန် တယ်လို့ ဝေဖန်ခံခဲ့ရသော်လည်း အာဏာပိုင်တွေက ဘွဲ့မရသူတွေဟာ လက်တွဲဖော် ရှာဖွေရာမှာ အခက်အခဲ ကြုံတွေ့နေရတာမျိုး မရှိဘူးလို့ ဆိုကာ ဒီနည်းလမ်းကို ကာကွယ်ပြောဆိုခဲ့တယ်။ နောက်ပိုင်းမှာ SDU ကို ဖျက်သိမ်းခဲ့ပါတယ်။

နောက်တစ်နှစ်မှာ စင်ကာပူအစိုးရဟာ ဘွဲ့မရသူတွေကြား လက်ထပ်ထိမ်းမြားမှုတွေတိုးမြှင့်စေဖို့ အခြားအဖွဲ့အစည်းတစ်ခုကို တည်ထောင်ခဲ့ပါတယ်။

ဖူးစာရှင် ရှာဖွေရေး ဝန်ဆောင်မှုကို အစိုးရက စီစဥ်ပေးတဲ့ အယူအဆဟာ စင်ကာပူ တစ်နိုင်ငံတည်းမှာသာ ရှိတာ မဟုတ်ပါဘူး။

၂၀၂၄ ခုနှစ် စက်တင်ဘာလတုန်းက တိုကျိုမြို့တော် အုပ်ချုပ်ရေးအဖွဲ့က နိုင်ငံရဲ့ မွေးဖွားနှုန်း ကျဆင်းနေမှုကို တိုက်ဖျက်ဖို့ ကြိုးပမ်းမှုရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် AI အစွမ်းနဲ့ ချိန်းတွေ့ရေး အက်ပ်တစ်ခုကို စတင်မိတ်ဆက်ခဲ့ပါတယ်။

အဲဒီအက်ပ်ဟာ မြို့တော်အတွင်းက တစ်ကိုယ်ရေသမား နေထိုင်သူတွေအတွက် ဖွင့်လှစ်ထားတာဖြစ်ပြီး ယခုနှစ် ဇူလိုင်လမှာ ထုတ်ပြန်တဲ့ အစိုးရ အချက်အလက်တွေအရ စုံတွဲ ၂၆၅ တွဲ လက်ထပ်ထိမ်းမြားနိုင်ခဲ့တယ်လို့ သိရပါတယ်။

Osmond Chia လည်း ပါ၀င်ရေးသားပါတယ်။