အောက်တိုဘာ ၁၇ ရက် သတင်းအနှစ်ချုပ် - ကျပ် ၅ သောင်းတန်ထုတ်မယ်ဆိုတာ သတင်းအမှားလို့ ဒေါ်ခိုင်ခိုင်စိုးပြော

ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၅

ကျပ် ၅ သောင်းတန် ငွေစက္ကူအသစ်ထုတ်ဝေမယ်ဆိုတဲ့သတင်းဟာ သတင်းအမှားဖြစ်တယ်လို့ နေပြည်တော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဒေါ်ခိုင်ခိုင်စိုးက သူ့ရဲ့ လူမှုကွန်ရက်အကောင့်ကနေ ထုတ်ပြန်လာပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ကျပ် ၅ သောင်းတန်ငွေစက္ကူအသစ်ထုတ်ဝေမယ်ဆိုတဲ့သတင်းတွေ လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့ပြီးနောက် သူက အခုလို အသိပေးထုတ်ပြန်လာတာဖြစ်ပါတယ်။

လူထုအနေနဲ့ ငွေစက္ကူသတင်းနဲ့ပတ်သက်လို့ နေပြည်တော် ဗဟိုဘဏ်နဲ့ သက်ဆိုင်ရာ တရားဝင်ဌာနတွေရဲ့ ထုတ်ပြန်ချက်ကိုသာ စိစစ်အတည်ပြုဖို့ သူကဆိုပါတယ်။

နေပြည်တော်အစိုးရက ဗဟိုဘဏ်ဆီကနေ ကျပ်ဘီလျံ ၂၁၀၀ ချေးမယ့်ကိစ္စကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးခဲ့ပြီးတဲ့နောက် ငွေစက္ကူသစ်ရိုက်နှိပ်မယ့်သတင်းတွေထွက်ပေါ်လာတာပါ။

လက်ရှိဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စုအစိုးရအပ်ငွေစာရင်းရဲ့ လိုငွေဖြည့်ဆည်းဖို့အတွက် ဗဟိုဘဏ်ဆီကချေးဖို့ စီစဥ်ရတာဖြစ်ပြီး လိုငွေက ကျပ်ဘီလျံ ၈၉၈၅ ကျော်အထိ ရှိနေတာပါ။

ဖမ်းဆီးခံထားရတဲ့ NUG မန်းတိုင်းပကဖ တာဝန်ခံ သေဒဏ်ချမှတ်ခံရ

မိုင်းလားနယ်ထဲမှာ ဖမ်းဆီးခံခဲ့ရတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ရဲ့မန္တလေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)တာဝန်ခံ ကိုဝဏ္ဏအောင် ခေါ် ကိုဏကြီးကို မန္တလေးအိုးဘိုအကျဉ်းထောင် ထောင်တွင်းတရားရုံးကနေ သေဒဏ်ချမှတ်လိုက်တယ်လို့ မန်းတိုင်းပကဖနဲ့ နီးစပ်သူတချို့က ဘီဘီစီကို ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၄ ရက်မှာ သေဒဏ်ချမှတ်လိုက်တာဖြစ်တယ်လို့ NUG ရဲ့ ပြင်ဦးလွင်ခရိုင်ပကဖအဖွဲ့နဲ့ နီးစပ်တဲ့သတင်းရင်းမြစ်က ထပ်ပြောပါတယ်။

ကိုဝဏ္ဏအောင်ကို မိုင်းလားအဖွဲ့ (NDAA) တပ်ဖွဲ့ဝင်တချို့က ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက ရှမ်းပြည်နယ်အရှေ့ပိုင်းက မိုင်းလားနယ်ထဲမှာ ဖမ်းဆီးပြီးနောက် စစ်တပ်ကို လွှဲပြောင်းပေးခဲ့တာလို့ မန္တလေးတိုင်းပကဖ အဖွဲ့ဝင်တချို့က အစောပိုင်းကတည်းက ထုတ်ပြောထားပါတယ်။

NDAA က စစ်တပ်ကို လွှဲပြောင်းပေးခဲ့တယ်ဆိုတဲ့အခြေအနေကို အတည်ပြုနိုင်ဖို့ အဲဒီအချိန်ကတည်းက မိုင်းလားအဖွဲ့(NDAA) ပြန်ကြားရေး တာဝန်ခံ ဦးကြည်မြင့်ကို ဘီဘီစီက ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖြေကြားခြင်းမရှိခဲ့ပါဘူး။

တစ်ဖက်မှာလည်း ကိုဝဏ္ဏအောင်ကို သေဒဏ်ချမှတ်တာနဲ့ အရေးယူခံရတဲ့ ပုဒ်မတွေကို အတည်ပြုနိုင်ဖို့နေပြည်တော်သတင်းထုတ်ပြန်ရေးအဖွဲ့ကိုဆက်သွယ်မေးမြန်းထားဆဲဖြစ်ပါတယ်။

အလားတူ ကိုဝဏ္ဏအောင် သေဒဏ်ချမှတ်ခံရတယ်ဆိုတဲ့ အခြေအနေနဲ့ပတ်သက်လို့ NUG ရဲ့ ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူကိုလည်း ဘီဘီစီက ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဒီနေ့ညနေအထိ ပြန်လည်ဖြေကြားတာမရှိသေးပါဘူး။

ကိုဝဏ္ဏအောင်ရဲ့ ဇနီးနဲ့ သမီးငယ်ဖြစ်သူတို့ဟာလည်း ကျိုင်းတုံမြို့အနီးက စစ်တပ်လုံခြုံရေးဂိတ်တစ်ခုမှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး ဒီဖမ်းဆီးမှုနောက်ဆက်တွဲကိုလည်း မသိရသေးဘူးလို့ မန်းတိုင်းပကဖ အဖွဲ့ဝင်တချို့နဲ့ နီးစပ်တဲ့သတင်းရင်းမြစ်က ပြောပါတယ်။ ကိုဝဏ္ဏအောင်ဟာ မိုင်းလားနယ်ထဲရောက်နေချိန် NDAA ရဲ့ တပ်ဖွဲ့ဝင်တချို့က သူယာယီတည်းခိုနေတဲ့နေရာအထိ လာရောက်ဖမ်းဆီးခဲ့တာလို့ သတင်းရင်းမြစ်တစ်ဦးက ပြောခဲ့ပါတယ်။

မကွေးမှာ စတားလင့်သုံးနေတဲ့နေရာ ဗုံးကြဲခံရလို့ လူဒါဇင်သေဆုံး

မကွေး၊ ရေစကြိုမြို့နယ်ထဲက သစ်ကြီးတောကျေးရွာ လေကြောင်းဗုံးကြဲခံရမှုမှာ စတားလင့်အင်တာနက်ဆိုင် အနီးကို ဗုံးကျရောက်ပေါက်ကွဲခဲ့တာလို့ မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။

"အင်တာနက်ဆိုင်နားဆိုတော့ လူများနေကျမို့ အထိအခိုက်လည်းများတာပေါ့" လို့ သူက ဆိုပါတယ်။

မနေ့ အောက်တိုဘာ ၁၆ ရက်ကဖြစ်ခဲ့တဲ့ ဗုံးကြဲမှုအတွင်း အသက် ၁ နှစ်ဝန်းကျင်ကလေးငယ်အပါ လူ ၁၀ ဦးထက်မနည်းသေဆုံးတယ်လို့ ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

ဗုံးကြဲမှုက ပြင်းထန်တာကြောင့် တချို့ ရုပ်ပျက်ဆင်းပျက်သေဆုံးသူတွေကို ဘယ်သူဘယ်ဝါအတည်ပြုလို့မရသေးလို့ သူက ဖြည့်ပြောပါတယ်။

ဗုံးကြဲရာမှာ "အသေခံဒရုန်း ၄ စင်းပါတယ် Mi-35 ရဟတ်ယာဉ်က ၂ ခေါက်လာတယ်၊ တိုက်လေယာဉ် ၂ စင်းနဲ့ စတားလင့်ဆိုင်ဘက်ကိုဦးတည်ပြီးကြဲတာ"လို့ သူက ရှင်းပြပါတယ်။

သစ်ကြီးတောရွာဟာ ရေစကြိုမြို့မြောက်ဘက် ၁၄ မိုင်ဝန်းကျင်အကွာ ချင်းတွင်းမြစ်ကမ်းအနီးမှာ ရှိတာဖြစ်ပါတယ်။

မနေ့က စစ်တပ် လေကြောင်းကနေ ဗုံးကြဲပြီးနောက် သစ်ကြီးတောရွာအပြင် အနီးနားရွာတချို့က ဒေသခံတွေကလည်း ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ မြေပြင်အခြေအနေသိသူတစ်ဦးက ပြောပါတယ်။

မဲဆောက်မှာ မြန်မာ ၂၀၀ ကျော် ဖမ်းဆီးခံရ

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်၊ မဲဆောက်မြို့မှာ တရားမဝင်နေထိုင်နေကြတဲ့ မြန်မာအပါအဝင် နိုင်ငံခြားသားတွေကို စစ်ဆေးတဲ့စီမံချက်မှာ အထောက်အထားမဲ့ မြန်မာ ၂၀၀ ကျော်ဖမ်းဆီးထိန်းသိမ်းခံလိုက်ရတယ်လို့ ထိုင်းအာဏာပိုင်တွေနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

စီမံချက်အရ ထိုင်းစံတော်ချိန် ဒီမနက်အစောပိုင်း ၅ နာရီကစပြီး မဲဆောက်မြို့က မြန်မာတွေအနေများတဲ့ ရပ်ကွက်တွေထဲ ပိုက်စိပ်တိုက်စစ်ဆေးဖမ်းဆီးမှုတွေလုပ်နေတာလို့ မဲဆောက်မှာနေထိုင်နေတဲ့ မြန်မာတစ်ဦးက ပြောပါတယ်။

"မဲဆောက်ဆေးရုံကြီးနားက ထုံထောင်းရပ်ကွက်၊ ကေကေလေးရပ်ကွက်နဲ့ မာလွေအိမ်ယာ၊ မယ်ပဘက်တွေကို စစ်နေတာ၊ ဈေးနေရာမှာလည်း ဖမ်းဆီးခံရတာများတယ်" လို့ သူကဆိုပါတယ်။

မြန်မာဘက်ခြမ်းက အွန်လိုင်းငွေလိမ်(ကျားဖြန့်)လုပ်ငန်းတွေရှိတဲ့ ရွှေကုက္ကိုနဲ့ မြဝတီ KK Park က အဆောက်အအုံတွေကို ရှင်းလင်းရေးတွေစတင်ပြီးနောက်ပိုင်း ထိုင်းဘက်ကို တရားမဝင်ရွှေ့ပြောင်းလာတဲ့ မြန်မာတွေများလာတာကြောင့် ထိုင်းအာဏာပိုင်တွေက ဒီစီမံချက်ကို စတင်ရတာဖြစ်တယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။

နောက်ထပ်မဲဆောက်မြို့ခံတစ်ဦးကတော့ မနေ့ အောက်တိုဘာ ၁၆ ရက်ကတည်းက ထိုင်းရဲတွေက အဖွဲ့လိုက် မြို့ကိုကင်းလှည့်ပြီး စောင့်ကြည့်နေခဲ့တာလို့ သူကရှင်းပြပါတယ်။

တစ်ဖက်မှာလည်း ဖမ်းဆီးမှုတွေလုပ်တဲ့ ဒီနေ့ နေ့လယ် ၁ နာရီခွဲမှာပဲ တာ့ခရိုင်၊ ရဲမှူးကြီးဦးဆောင်ပြီး သတင်းစာရှင်းလင်းပွဲတစ်ရပ်ကျင်းပဖို့ရှိတယ်လို့လည်း သတင်းရင်းမြစ်ရဲ့ ပြောပြချက်အရ သိရပါတယ်။

လက်ရှိမှာ ဖမ်းဆီးခံထားတဲ့ မြန်မာတွေကို အမှုဖွင့် ရုံးတင်ပြီး ထိုင်းလူဝင်မှုကြီးကြပ်ရေး ဌာနကတဆင့် မြန်မာအာဏာပိုင်တွေနဲ့ချိတ်ဆက်ပြီး မြန်မာဘက် လွှဲပြောင်းနိုင်ခြေများတယ်လို့ သူက ထပ်ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး အသံမြှင့်တောင်းဆိုခဲ့ကြတယ်လို့ ဒေါ်ဇင်မာအောင်ပြော

ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ လွတ်မြောက်ရေးအတွက် အသံမြှင့်တောင်းဆိုခဲ့တယ် လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က သူ့ရဲ့ နိုင်ငံတကာခရီးစဥ်လှုပ်ရှားဆောင်ရွက်မှုတွေမှာ ထည့်သွင်းပြောကြားပါတယ်။

အကျိုးစီးပွားပြိုင်ဆိုင်မှုနဲ့ စိန်ခေါ်မှုတွေပြင်းထန်လာတဲ့ ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းထဲမှာ မြန်မာ့အရေးက ကျားကန်နေရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကပြောပါတယ်။

ပြည်တွင်းထဲမှာ ရင်ဆိုင်နေရတဲ့ ပြည်သူတွေရဲ့ ရုန်းကန်မှုတွေအပေါ် လက်တွေ့ကျ ထိရောက်တဲ့ အထောက်အပံ့ဖြစ်ဖို့ နိုင်ငံတကာရဲ့ ညီညွတ်တဲ့ထောက်ခံမှုရဖို့ ဆက်ကြိုးပမ်းရဦးမယ်လို့ သူက သူ့ရဲ့ လူမှုကွန်ရက်အကောင့်ကနေ မနေ့ညပိုင်းတုန်းက ရေးသားထုတ်ပြန်လာတာဖြစ်ပါတယ်။ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တော်နီယို ဂူတားရက်စ်ကလည်း မြန်မာ့အရေးအကျပ်အတည်းဟာ ကမ္ဘာ့အာရုံစိုက်မှုကနေ လွတ်ထွက်သွားတော့မယ့်ကိန်းဆိုက်နေပြီလို့ ပြီးခဲ့တဲ့လတုန်းက ထုတ်ပြောထားပါတယ်။

မြန်မာမှာ မြင့်တက်နေတဲ့ အကြမ်းဖက်မှု၊ လူသန်းနဲ့ချီ နေရပ်စွန့်ခွာရမှုတွေနဲ့ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတွေ ကျယ်ပြန့်လာတာကြောင့် မြန်မာဟာ ကမ္ဘာ့အာရုံစိုက်မှု လျော့ကျနေပြီလို့ သူက ပြောခဲ့တာပါ။

ဝန်ကြီး ဒေါ်ဇင်မာအောင်ကတော့ တော်လှန်ရေးအဖွဲ့အစည်းတွေအတွက် အချက်အလက်အခြေပြု ဝေဖန်သုံးသပ်ချက်တွေဟာ အားနည်းချက်နဲ့ ပြုပြင်ဖို့နဲ့ ဆုံးဖြတ်ချက်တွေကောင်းမွန်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

အလားတူ မယုံကြည်မှု၊ ထိတ်လန့်မှုနဲ့ မျှော်လင့်ချင်ကင်းမဲ့မှုတွေဖြစ်အောင် နှိုးဆွတဲ့ စိတ်ဓာတ်စစ်ဆင်ရေးထောင်ချောက်ထဲ မကျသွားဖို့ကိုလည်း ထုတ်ပြန်ချက်ကနေဝန်ကြီးက သတိပေးပါတယ်။

ဒါ့အပြင် နွေဦးတော်လှန်ရေးအောင်မြင်ဖို့ စစ်ရေး၊ နိုင်ငံခြားရေး၊ ဘဏ္ဍာရေးနဲ့ မဟာမိတ်ဆက်ဆံရေးတွေကို ဟန်ချက်ညီညီ ချိတ်ဆက်လှုပ်ရှားဖို့ လိုတယ်လို့လည်း ဝန်ကြီးက ထည့်ပြောပါတယ်။

တစ်ဖက်မှာလည်း NUG လက်အောက်ခံတပ်တွေရဲ့ စစ်ရေးဖော်ဆောင်မှုအပေါ် မြေပြင်မှာ တပ်တွေရဲ့ ကွပ်ကဲမှု၊ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေနဲ့ ဟန်ချက်ညီပူးပေါင်းဆောင်ရွက်မှုနဲ့ လက်နက်ခဲယမ်းထောက်ပံ့မှု စတဲ့အပိုင်းတွေမှာ အားနည်းချက်တွေရှိနေတယ်ဆိုပြီး နိုင်ငံရေးအကဲခတ်တချို့က ထောက်ပြနေကြပါတယ်။

အလားတူ သံတမန်ရေးမှာလည်း အနောက်နိုင်ငံတွေနဲ့ နိုင်ငံတကာအသိုင်းဝိုင်းဘက်က လူသားစာနာထောက်ထားမှုနဲ့ နိုင်ငံရေးအရ အားပေးထောက်ခံမှုတွေရရှိထားတယ်လို့ အကဲခတ်တွေက ရှုမြင်ပါတယ်။ ဒါပေမဲ့ အာဆီယံဒေသတွင်း နိုင်ငံတွေနဲ့ လက်တွေ့ကျကျ ဆက်ဆံရေးထူထောင်နိုင်မှုမှာတော့ နှေးကွေးနေတယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက ထောက်ပြပါတယ်။

တစ်ဖက်မှာလည်း လူထုဆီက ထည့်ဝင်လှူဒါန်းမှုကို အဓိကမှီခိုနေရတဲ့ မြေပြင်က ရှေ့တန်း တပ်ဖွဲ့တွေနဲ့ စစ်ဘေးရှောင်လူထုထံ ရန်ပုံငွေစီးဆင်းမှုဟာ အုပ်ချုပ်ရေးယန္တရားထက် နည်းပါးနေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့က အစောပိုင်းကတည်းက ပြောထားပါတယ်။