ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ပန်းသီးထဲ ဝှက်ခိုးခံရတဲ့ ရှားပါးပန်းရောင်စိန် နှစ် ၁၀၀ နီးပါးအကြာ ပြန်လည်ပြသ
- ရေးသားသူ, အလက်စ် ဖိလစ်ပ်စ်
- ရေးသားခဲ့သည်။
- ဖတ်ရန်အချိန်: မိနစ် ၃
ရှားပါးတဲ့ ပန်းရောင်စိန်တလုံးကို လွန်ခဲ့တဲ့ နှစ် ၁၀၀ နီးပါးက ခိုးယူခံခဲ့ရပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပြင်သစ်နိုင်ငံမှာ အများပြည်သူကို ပြသခဲ့ပါတယ်။
မဟာကွန်ဒေးလို့ ခေါ်တဲ့ ကိုးကာရက် အလေးချိန်ရှိ သစ်တော်သီးပုံစံ စိန်ကို ၁၉၂၆၊ အောက်တိုဘာမှာ ရှန်တီလီ အိမ်တော်ပြတိုက်ကနေ ညအချိန် ဝင်ခိုးသွားခဲ့ပြီး အခေါင်းဖောက်ထားတဲ့ ပန်းသီးတလုံးထဲမှာ ဝှက်ထားခဲ့ပါတယ်။
ပြင်သစ်တော်လှန်ရေးကို ကျော်ဖြတ် ကျန်ရစ်ခဲ့တဲ့ တော်ဝင်ရတနာအနည်းစုထဲက တလုံးဖြစ်တဲ့ အဲဒီစိန်ကို နောက်သီတင်းပတ်အနည်းငယ်အကြာမှာ ပြန်တွေ့ခဲ့ပါတယ်။ စိန်ခိုးသူတွေ တည်းတဲ့ ဟိုတယ်မှာ အလုပ်လုပ်တဲ့ အိမ်ဖော်တယောက်က ဆာလောင်နေချိန်မှာ ပန်းသီးကို ကိုက်စားရာက စိန်ကို တွေ့ခဲ့တာပါ။
အဲဒီစိန်ကို အခု ရှန်တီလီအိမ်တော်က ကွန်ဒေးပြတိုက် မှာ ၂၀၂၇ ဇန်နဝါရီ ၃ ရက်ထိ ပြသွားမှာ ဖြစ်ပါတယ်။
ပန်းသီးထဲ ဝှက်ထားတဲ့ ဇာတ်လမ်းဟာ မယုံနိုင်စရာ ထင်ရပေမယ့် အဲဒီအချိန်က သတင်းစာတွေမှာ ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြခဲ့ကြောင်း ပြတိုက်ညွှန်ကြားရေးမှူး မတ်သယူး ဒယ်လ်ဒစ်ခ်က ပြောပါတယ်။
လွန်ခဲ့တဲ့ တနှစ်အတွင်း ဥရောပယဉ်ကျေးမှု ပြတိုက်တွေမှာ ဆက်တိုက် အခိုးခံရပြီး ပါရီမြို့ လုဗ်ပြတိုက်က လက်ဝတ်ရတနာတွေကို နေ့ခင်းကြောင်တောင် လုသွားတာ အပါအဝင် ဖြစ်စဉ်တွေကြောင့် ဒီပြပွဲက အန္တရာယ်ကို ဖိတ်ခေါ်သလို ဖြစ်မနေဘူးလား ဆိုတဲ့ မေးခွန်းတွေကိုလည်း ရင်ဆိုင်ရပါတယ်။
စိန်အတွက် အာမခံထားတဲ့ တန်ဖိုးကို စီအန်အန် သတင်းဌာနကို ထုတ်ပြောဖို့ ငြင်းပေမယ့် စိန်ရဲ့ ဂုဏ်သတ္တိကို အသေးစိတ် သုတေသနပြုထားတဲ့အတွက် အလွယ်တကူ ခွဲခြားသိရှိနိုင်ကြောင်း မစ္စတာဒယ်လ်ဒစ်ခ်က ဆိုပါတယ်။
အဲဒီသုတေသနရလဒ်တွေနဲ့အတူ စိန် သမိုင်းကြောင်းနဲ့ အခိုးခံရမှုမှာ အရင်က မပြဖူးတဲ့ မှတ်တမ်းတွေကိုလည်း ပြသထားတယ်လို့ ပြတိုက်ဘက်က ပြောပါတယ်။
သဘာဝအတိုင်း ဖြစ်လာတဲ့ ပန်းရောင်စိန်က အင်မတန် ရှားပါးပြီး အများအားဖြင့် ဒေါ်လာ သန်းဆယ်နဲ့ချီပြီး ရောင်းရလေ့ရှိပါတယ်။ ၂၀၁၇ မှာ ပန်းရောင်စိန်တလုံးကို ရောင်းရာမှာ အမေရိကန်ဒေါ်လာ ၇၁.၂ သန်းထိ စံချိန်တင်ဈေးရခဲ့တယ်လို့ ဆောက်သဘီ လေလံဌာနက ဖော်ပြပါတယ်။
မဟာကွန်ဒေး စိန်ရဲ့ မူလဇာစ်မြစ်ကိုတော့ အခုထိ အတိအကျ မသိရသေးပါဘူး။
၁၇၄၀ မှာ ကွန်ဒေးမင်းသား လူဝီ အွန်ရီ ဒီ ဗူးဗွန် ကွယ်လွန်ပြီးနောက် ပြုစုခဲ့တဲ့ ပိုင်ဆိုင်မှုစာရင်းမှာ အဲဒီစိန်ကို ပထမဆုံး မှတ်တမ်းတင်ထားတာကို တွေ့ရပါတယ်။
နောက်ပိုင်းမှာတော့ ပြင်သစ်ဘုရင် ပထမမြောက် လူဝီ ဖိလစ် ရဲ့ မိဘုရား မာရီ အာမေလီနဲ့ သူတို့ရဲ့ သားတော် အိုးမားလ်မြို့စား အွန်ရီ ဒီ အော်လီယန်တို့ရဲ့ စုဆောင်းမှုထဲကို ရောက်ရှိခဲ့ပါတယ်။
အဲဒီစိန်အပါအဝင် အနုပညာလက်ရာနဲ့ ရှေးဟောင်းစာမူ ထောင်ပေါင်းများစွာကို အိုးမားလ်မြို့စားက ပြင်သစ်သိပ္ပံအဖွဲ့ ဆီ အမွေပေးခဲ့ပြီး ပဲရစ်မြောက်ဘက် ၃၇ မိုင်အကွာက ရှန်တီလီအိမ်တော်နဲ့ ကွန်ဒေးပြတိုက် စုဆောင်းမှုတွေကို အဲဒီအဖွဲ့က ပိုင်ဆိုင်ပါတယ်။