တရုတ်လာစိုက်တဲ့မယ်ရီဂိုးပန်းခင်းတွေနဲ့ ဈေးနှိမ်ခံရတဲ့ရှမ်းတောင်သူတွေ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ကမ္ဘာ့ဈေးကွက်မှာ အမေရိကန်ဒေါ်လာသန်း ၄၀၀ ကျော်ဈေးကွက်တန်ဖိုးရှိနေတဲ့ မယ်ရီဂိုးပန်းတွေကို ရှမ်းပြည်နယ်တောင်ပိုင်းမှာ ဧကအများအပြားစိုက်ပျိုးလာကြပါတယ်။
"ဒီနှစ်စိုက်တဲ့ဧက အများဆုံးပဲ။ တောင်သူက တစ်ထောင်လောက်ရှိမယ်" လို့ ပင်းတယမြို့နယ်က တောင်သူဦးကောင်း(အမည်လွှဲ)က ပြောပါတယ်။
ဒီပန်းတွေကို တရုတ်ကုမ္ပဏီတွေအတွက် မြေစိုက်၊ လုပ်အားစိုက်ပြီး ကန်ထရိုက်လယ်ယာစနစ်နဲ့ စိုက်ပေးကြရတာ ဖြစ်ပါတယ်။
ဈေးကွက်မသေချာတဲ့ပြောင်းစိုက်ပျိုးရေးအစား မယ်ရီဂိုးတွေက ကယ်ပေါက်တစ်ခုဖြစ်လာမလားဆိုတဲ့မျှော်လင့်ချက်နဲ့ စိုက်ပျိုးကြတာပါ။
"မရှုံးရုံလေးပဲ ကျန်တယ်"

ဓာတ်ပုံ ရင်းမြစ်, Screen Grab
ဦးကောင်းက ဒီနှစ်ထဲမှာမှ မယ်ရီဂိုးတွေ စတင်စိုက်ပျိုးတာဖြစ်ပါတယ်။ စိုက်ဧက ၃ ဧကလောက် စိုက်ခဲ့တာပါ။ ဒီအတွက် ပန်းမျိုးစေ့နဲ့ စိုက်ပျိုးရေးဆေးတွေကို တရုတ်ကုမ္ပဏီက ထုတ်ပေးတယ်လို့ သူက ပြောပါတယ်။
"မျိုးစေ့ထုတ်ပေးချိန်မှာ စာချုပ်ချုပ်ရတယ်။ တစ်ဧကစာဖိုးကို မျိုးစေ့ဖိုးတစ်သိန်းကျတယ်။ ပြီးတော့ အပင်ရောဂါအတွက် ဖျန်းမယ့်ဆေးလည်း ပေးတယ်။ ပန်းသွားပို့ချိန်မှာ ဒီအတွက်ပိုက်ဆံကို ပြန်ဖြတ်တယ်" လို့ ဦးကောင်းက ပြောပါတယ်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့နဲ့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန(DICA) အချက်အလက်အရ Myanmar Pure Plan Extracts ဆိုတဲ့ကုမ္ပဏီက ရှမ်းပြည်တောင်ပိုင်းမှာ မယ်ရီဂိုးပန်းတွေ စိုက်ခွင့်ရထားပါတယ်။
၂၀၂၄ ခုနှစ်ကနေ ၂၀၂၇ ခုနှစ်အထိစိုက်ခွင့်ရထားတဲ့ဒီကုမ္ပဏီဟာ တိရစ္ဆာန်အစာအတွက် ပန်းအမှုန့်လုပ်ပြီး တရုတ်ကို ပြန်ပို့ဖို့ လုပ်ခွင့်ရတာဖြစ်ပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ရှမ်းပြည်နယ်ထဲက ကလော၊ ဟဲဟိုးနဲ့ ပင်းတယနယ်ထဲက ပြောင်းခင်းနဲ့ နေကြာပင်ပေါက်တွေနေရာမှာ မယ်ရီဂိုးပန်းခင်းတွေက အစားထိုးနေရာယူလာကြပါတယ်။
ပင်းတယထဲမှာတော့ စိုက်ဧကအများဆုံးဖြစ်တယ်လို့ တောင်သူတွေက ဆိုပါတယ်။ ပန်းတွေကို မျိုးစေ့ချပြီး နှစ်လဝန်းကျင်မှာ စတင်ခူးဆွတ်နိုင်ပြီဖြစ်ပါတယ်။
ပထမဆုံးအသုတ်မှာ ပန်းပွင့်တွေက ကြီးတာကြောင့် ပိဿာချိန်ပိုထွက်ပေမဲ့ အချိန်ကြာလာတာနဲ့အမျှ အပွင့်က သေးလာပြီး အလုပ်သမားခတွေ ပိုကုန်ကျလာပါတယ်။
ဦးကောင်းရဲ့စိုက်ခင်းတွေက ပထမတစ်သုတ်မှာ ပိဿာချိန် ၄,၀၀၀ လောက်ထွက်ပြီး နောက်ဆုံးခေါက်မှာ ပိဿာ ၃,၅၀၀ ထွက်ပါတယ်။
ပိဿာချိန်လျော့သွားပေမဲ့ အလုပ်သမားခကတော့ ပိုတိုးလာပါတယ်။
"ပန်းခူးခက ပထမနှစ်ခေါက်လောက်မှာ တစ်ပိဿာ ၂၀၀ ကနေ နောက်ဆုံးခေါက်မှာ တစ်ပိဿာ ၃၀၀ ဖြစ်လာတယ်။ စက်ရုံကို ပို့တာက တစ်ပိဿာကို ၁၀၀ ကျော်လောက်ကျတယ်။ ရတာက တစ်ပိဿာ ၇၀၀ ဆိုတော့ အရင်းတွေဘာတွေ ပြန်နုတ်လိုက်ရင် မကိုက်ဘူးပေါ့ဗျာ" လို့ ဦးကောင်းက ပြောပါတယ်။
တောင်သူဦးကောင်းရဲ့စိုက်ခင်းက ပန်းတစ်ကြိမ်ခူးရင် ပိဿာ ၄,၀၀၀ ရတဲ့အခါ တစ်ပိဿာ ၇၀၀ ရတာကြောင့် ငွေကျပ် ၂၈ သိန်းရမှာ ဖြစ်ပါတယ်။
ဒီထဲက တစ်ဝက်က အလုပ်သမားခနဲ့ ပို့ဆောင်စရိတ်ဖြစ်သွားပါတယ်။ တစ်ဧကစိုက်စရိတ်အရင်းက ကျပ် ၁၅ သိန်း ကနေ သိန်း ၂၀ ဝန်းကျင်ရှိတာဖြစ်ပါတယ်။
"မရှုံးရုံလေးပဲ ကျန်တယ်" လို့ ဦးကောင်းက ပြောပါတယ်။
တရုတ်အစိုးရပိုင်သတင်းတစ်ခုရဲ့ ၂၀၂၅ ခုနှစ်ဖော်ပြချက်အရ ယူနန်ခရိုင်ထဲက မယ်ရီဂိုးပန်းခင်း ဟက်တာ ၁၀,၀၀၀ ရှိတဲ့ရွာကနေ ထုတ်လုပ်မှုခန့်မှန်းဝင်ငွေက ယွမ်သန်း ၅၄၀ ရှိမယ်လို့ ဆိုပါတယ်။
၂ ဧကခွဲဝန်းကျင်နဲ့ညီမျှတဲ့စိုက်ခင်း တစ်ဟက်တာအတွက် ယွမ် ၅၄,၀၀၀ ရနိုင်ပါတယ်။
တစ်ယွမ်ကို ၇၀၀ ကျပ်နဲ့အခြေခံတွက်ချက်ရင် တစ်ဧကကို သိန်း ၁၅၀ ဝန်းကျင်ရနိုင်တာပါ။
ဧကအလိုက်ထွက်ရှိတဲ့ပန်းအချိန်အတွယ်ပေါ်တော့ တရုတ်တောင်သူတစ်ဦးချင်းရဲ့ဝင်ငွေကွာခြားနိုင်တယ်ဆိုပေမဲ့ မြန်မာတောင်သူတွေရဲ့ဝင်ငွေနဲ့ ကွာခြားချက်မြင့်မားနေတာတွေ့ရပါတယ်။
ဒီလိုဈေးနှိမ်ခံရပေမဲ့ ဈေးကွက်အတွင်း မတည်ငြိမ်တဲ့တခြားသီးနှံအစား မယ်ရီဂိုးကို ရှမ်းပြည်တောင်ပိုင်းမှာ ပိုပြီးစိုက်ပျိုးလာနိုင်တယ်ဆိုလို့ ဦးကောင်းက ဆိုပါတယ်။
"တကယ်တော့ မကိုက်ပါဘူး။ ရှုံးတဲ့သူ ရှိတယ်၊ မရှုံးတဲ့သူက အမြတ်နည်းတယ်။ ပြောင်းထက်များတာပဲ ရှိပါတယ်" လို့ ပြောပါတယ်။
စိုက်ဧကများလာနိုင်တဲ့မယ်ရီဂိုးနဲ့ပတ်သက်လို့ ဒေသတွင်းမှာတော့ အသံတွေ ထွက်နေကြပါပြီ။
ဘာကြောင့်ပါလဲ။
"ဒီလောက်နံပြီး ဒီလောက်ညှော်တဲ့စက်ရုံ"

ဓာတ်ပုံ ရင်းမြစ်, Screen Grab
"ဆိုင်ရာပိုင်ရာတွေလည်း မလုပ်ပေးကြတော့ဘူးလား။ တောထဲအလုပ်လာလုပ်တဲ့ အလုပ်သမားတွေလည်း ခေါင်းမူး ခေါင်းကိုက်နဲ့ အော့အန်ကုန်ပြီ။ ဒီလောက်နံပြီး ဒီလောက်ညှော်တဲ့ စက်ရုံကြီးကို"
ဒါက မယ်ရီဂိုး ပန်းစက်ရုံဘက်ကို ရုပ်သံလှမ်းရိုက်ပြီး တောင်သူအမျိုးသမီးကြီးတစ်ဦးက ပြောထားတဲ့အသံပါ။ ဒီစက်ရုံဟာ တောင်ကြီးမြို့နယ်ထဲက တောင်လေးလုံးရေပူစမ်းနားမှာရှိတာဖြစ်ပါတယ်။
စက်ရုံကိုရောက်လာတဲ့ပန်း တန်ချိန်အများအပြားကို အပုပ်ခံပြီးမှ အမှုန့်ပြန်ထုတ်ကာ တရုတ်ကို တင်ပို့တာ ဖြစ်ပါတယ်။ ဟဲဟိုးမြို့နယ်ထဲက ဝါးတရာရွာမှာလည်း မယ်ရီဂိုးပန်း တန်ချိန်ထောင်ကျော်ကို သိုလှောင်နိုင်တဲ့အုတ်ကန်ကြီး ရှိပါတယ်။
ဦးကောင်းကတော့ သူ့ပန်းတွေကို ဝါးတရာရွာက ကန်ကို ပို့တာပါ။
"ဒီကန်ထဲမှာ ပန်းတွေ စုတယ်။ ဒီကပြည့်ရင် စက်ရုံကို ပို့တယ်။ အဲဒီတောက်လျှောက် နံတာပေါ့။ ပန်းသယ်တဲ့ ကားပေါ်ကကျတဲ့အရည်ဆိုရင်လည်း လေးငါးခြောက်ရက်လောက် လမ်းဘေးဝဲယာက အိမ်တွေအနံ့ဒဏ်ခံရတယ်" လို့ သူက ပြောပြပါတယ်။
ဟဲဟိုးထဲက ရှမ်းရွာ၊ ရပ်စောက်ထဲက ပင်ဖြစ်ရွာအပါအဝင် ပန်းကန်နဲ့စက်ရုံရဲ့လေးမိုင်ဝန်းကျင်အကွာက ဒေသခံတွေကလည်း ပန်းပုပ်တဲ့အနံ့ကို နေ့စဥ်ခံစားနေရတာကြောင့် မူးဝေ၊ အော့အန်နေရပြီလို့ လူမှုကွန်ရက်မှာ ပြောထားကြတာ တွေ့ရပါတယ်။
ဒေသခံတွေ ကြုံတွေ့နေရတဲ့ ပန်းပုပ်နံ့ပြဿနာကို စစ်ဆေးဖြေရှင်းပေးဖို့ ရှိ မရှိ ဘီဘီစီက ရှမ်းပြည်နယ်အစိုးရအဖွဲ့တာဝန်ရှိသူ၊ ရှမ်းပြည်ရင်းနှီးမြှုပ်နှံမှုကော်မတီကို ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရပါဘူး။
"ရေရှည်ဆိုရင်တော့ မလွယ်ဘူး။ ကုမ္ပဏီနဲ့ သက်ဆိုင်ရာက ညှိပြီး တခုခုတော့ လုပ်ပေးသင့်တယ်" လို့ ဦးကောင်းက ပြောပါတယ်။
ပန်းစိုက်ခင်းမှာလုပ်ကိုင်တဲ့အလုပ်သမားတချို့လည်း ပန်းနဲ့ဓာတ်မတည့်တာကြောင့် မူးဝေလဲကျတာရှိဖူးတယ်လို့ ပြောပါတယ်။ ဒီလိုကျန်းမာရေးပြဿနာအပြင် ဒေသရဲ့သဘာဝပတ်ဝန်းကျင်အပေါ် ရော ဘယ်လိုသက်ရောက်နိုင်ပါသလဲ။
"ကချင်က တရုတ်တစ်သျှူးငှက်ပျောဥပမာ"

ဓာတ်ပုံ ရင်းမြစ်, Hkun Li
စိုက်ပျိုးရေးဌာနရဲ့အငြိမ်းစားအရာရှိကြီးတစ်ဦးကတော့ အပွင့်တွေ မြန်မြန်များများပွင့်လာဖို့ လိုတဲ့ ရှမ်းပြည်က မယ်ရီဂိုးပန်းခင်းတွေကို ကချင်က တစ်သျှူးငှက်ပျောစိုက်ပျိုးရေးနဲ့ ယှဥ်ပြီး ချိန်ဆပြပါတယ်။
"မြေသြဇာနဲ့ ဆေးတွေ မတရားထည့် စိုက်ပျိုးတယ်။ ရုတ်တရတ် မဝယ်ဘဲရပ်လိုက်တော့ တောင်သူတွေ မြေပျက်ကျန်ခဲ့သလို ကျန်းမာရေးလည်း တော်တော်ဆိုးဆိုးရွားရွားဖြစ်ကျန်ခဲ့တယ်" လို့ စိုက်ပျိုးရေးပညာရှင်လည်းဖြစ်တဲ့အရာရှိဟောင်းက ထောက်ပြပါတယ်။
ဒီငှက်ပျောစိုက်ခင်းတွေကြောင့် ကျေးရွာတွေက စားကျက်မြေတွေ ပျောက်ဆုံးခဲ့သလို တနိုင်တပိုင် ထင်းခွေနိုင်တဲ့သစ်တောတွေပါ ပျောက်ဆုံးသွားတဲ့အပြင် ကျေးရွာအတွင်း မြေလုတဲ့ပြသနာတွေကို ဒေသခံတွေ ကြုံတွေ့ခဲ့ရပါတယ်။
ဒါအပြင် မြေဆီလွှာနဲ့ ရေညစ်ညမ်းပျက်စီးတာတွေလည်းကြုံခဲ့ရတာပါ။
လက်ရှိ မယ်ရီဂိုးစိုက်ပျိုးနေတဲ့ကုမ္ပဏီကနေ မှိုသတ်ဆေးထုတ်ပေးပေမဲ့ ဒီဆေးရဲ့ဆိုးကျိုးကို တောင်သူကို ပြောပြတာမရှိဘူးလို့ ဦးကောင်းက ပြောပါတယ်။
"အပွင့်အများကြီးပွင့်တဲ့အပင်ဆိုတော့ မြေဆီလွှာတော့ စုပ်တယ်။ သဘာဝမြေသြဇာထည့်ရင်ရပေမဲ့ မထည့်ရင်တော့ ကုန်တာပေါ့" လို့ ပြောပါတယ်။
စနစ်တကျ လုပ်ဆောင်မှု မရှိတဲ့စိုက်ပျိုးရေးမှာ မြေဆီလွှာအပေါ်သက်ရောက်မှုအပြင် ပတ်ဝန်းကျင်က ရေနဲ့ ပန်းစိုက်ပျိုးသူ တောင်သူတွေအပေါ်လည်း သက်ရောက်နိုင်တာပါ။
လူမှုကွန်ရက်မှာတင်ထားတဲ့ရုပ်သံတွေအရ တောင်သူတွေဟာ ပန်းတွေကို ဆေးဖြန်းရာမှာ အကာအကွယ်လုံလုံ လောက်လောက် ဝတ်ဆင်ထားကြတာ မတွေ့ရပါဘူး။
စိုက်ပျိုးရေးပညာရှင်ကတော့ ကန်ထရိုက်စနစ်နဲ့လာရောက်စိုက်ပျိုးတဲ့ကုမ္ပဏီဘက်က တောင်သူတွေနဲ့ စာချုပ်ချုပ်ဆိုရာမှာ တောင်သူ မနစ်နာအောင် တိကျခိုင်မာတွေအချက်တွေပါဝင်ဖို့လိုတယ်လို့ ပြောပါတယ်။
"အဓိကအနေနဲ့ ပန်းရဲ့ပေါက်ဈေး အာမခံချက်ပေါ့။ နောက်တော့ ရာသီဥတုအရ ပျက်စီးရင် တောင်သူမနစ်နာအောင်ကာကွယ်နိုင်တဲ့အချက်၊ တောင်သူကျန်းမာရေးအတွက် ကုမ္ပဏီဘက်က လုပ်ပေးရမယ့်အချက်တွေ ထည့်သွင်းဖို့လိုတယ်" လို့ ပြောပါတယ်။
ဘီဘီစီနဲ့စကားပြောဖြစ်ခဲ့တဲ့တောင်သူဦးကောင်းကတော့ A4 စာရွက်နဲ့ချုပ်ထားတဲ့စာချုပ်အရ တစ်ပိဿာ ၇၀၀ ကျပ် သဘောတူညီချက်ပါဝင်ပေမဲ့ စိုက်ပျိုးရေးပညာရှင်က ထည့်သွင်းဖို့ ထောက်ပြတဲ့အချက်တွေ မပါဘူးလို့ ပြောပါတယ်။
လက်ရှိ ရှမ်းပြည်တောင်ပိုင်းမှာ ပန်းစိုက်ပျိုးခွင့်ရတဲ့ Myanmar Pure Plant Extracts ကုမ္ပဏီဟာ မယ်ရီဂိုးဈေးကွက်မှာ ဦးဆောင်နေတဲ့တရုတ်ကုမ္ပဏီ Chenguang Biotech Group Co., Ltd. (CCGB) ရဲ့ လက် အောက်ခံဖြစ်တယ်လို့ တရုတ်ဘဏ္ဍာရေးဆိုင်ရာအချက်အလက်တွေကိုဖော်ပြနေတဲ့ easymoney ပလက်ဖောင်းရဲ့အချက်အလက်အရ သိရပါတယ်။
ဒီကုမ္ပဏီဟာ မယ်ရီဂိုးပန်းကနေ အပင်ထွက်ဓာတ်ပစ္စည်းဖြစ်တဲ့ လူတင်းကို ထုတ်ယူပြီး ဆေးဝါး၊ အလှကုန်၊ သဘာဝဆိုးဆေး၊ တိရစ္ဆာန်အစာလို ပစ္စည်းတွေကို ဈေးကွက်မှာဦးဆောင်ထုတ်လုပ်နေတာဖြစ်ပါတယ်။
မယ်ရီဂိုးနဲ့ လူတင်း ဈေးကွက်ဟာလည်း နောက် ၉ နှစ်ဝန်းကျင်မှာ အခုထက် ၂ ဆကြီးထွားလာမယ်လို့ Global Market Insight က ခန့်မှန်းထားတာပါ။
မြန်မာကကုမ္ပဏီဟာ CCGB လက်အောက်ခံ ဟုတ် မဟုတ်နဲ့ ဒီလိုဈေးကွက်ကြီးထဲကို အလျင်မီ ဖြန့်ဖြူးနိုင်ဖို့ ကုန်ကြမ်းစိုက်ပျိုးထုတ်လုပ်ပေးတဲ့တောင်သူတွေအတွက် ထည့်သွင်းစဥ်းစားတာ ရှိ မရှိကို ဆက်သွယ်မေးမြန်းထားပေမဲ့ အကြောင်းပြန်တာ မရှိသေးပါဘူး။
ရှမ်းပြည်နယ်အစိုးရက မယ်ရီဂိုးစိုက်ပျိုးခွင့်ပေးထားတဲ့ Myanmar Pure Plan Extracts ရဲ့ ကုမ္ပဏီလူမှုကွန်ရက်စာမျက်နှာ၊ ဖုန်းနံပါတ်တို့ကို ဘီဘီစီက ရှာဖွေခဲ့ပေမဲ့ မတွေ့ရပါဘူး။
DICA မှာလည်း ကုမ္ပဏီရဲ့အချက်အလက်အတိအကျကို မဖော်ပြထားပါဘူး။
ဦးကောင်းကတော့ "ပန်းလှောင်ကန်မှာတော့ တရုတ် တစ်ယောက် နှစ်ယောက်တွေ့တယ်။ စက်ရုံဘက်မှာလည်း နည်းနည်းရှိတယ်"လို့ ဆိုပါတယ်။
တာဝန်ယူ၊ တာဝန်ခံရမယ့်အဖွဲ့အစည်းတွေနဲ့ အလွယ်တကူဆက်သွယ်လို့မရပေမဲ့ မြေပြင်မှာတော့ ပန်းခင်းတွေက ဆက်စိုက်လာကြဦးမှာဖြစ်သလို ပန်းပုပ်နံ့ကိုလည်း ခံစားနေကြရတုန်းပဲဖြစ်ပါတယ်။
ကမ္ဘာ့ဈေးကွက်မှာ မယ်ရီဂိုးဈေးကွက်ကကြီးလာပေမဲ့ ရှမ်းတောင်သူတွေကတော့ မြေစိုက်၊ လုပ်အားစိုက်ပြီး တွက်ခြေမကိုက် ဖြစ်နေပါတယ်။























