မလေးရှားရဲကို ရိုက်နှက်မှုနဲ့ မြန်မာ ၂ ဦး ထောင် ၄ နှစ်စီ ချမှတ်ခံရ

ဓာတ်ပုံ ရင်းမြစ်, ပေးပို့
မလေးရှားနိုင်ငံ၊ ပါဟန်းပြည်နယ်၊ ရော့ဘ်မြို့မှာ မလေးရှားရဲအရာရှိတစ်ဦးကို ထိုးကြိတ်ရိုက်နှက်ခဲ့တဲ့ မြန်မာနိုင်ငံသား ၂ ဦး ထောင်ဒဏ် ၄ နှစ်စီ ချမှတ်ခံရတယ်လို့ မလေးရှား-မြန်မာလူမှုရေးအသင်း (MMA) တာဝန်ရှိသူက ပြောပါတယ်။
အသက် ၂၆ နှစ်နဲ့ ၃၀ နှစ်အရွယ်ရှိတဲ့ သူတို့ ၂ ဦးကိုရော့ဘ်မြို့ တရားရုံးက အောက်တိုဘာ ၁၄ ရက်မှာ အမိန့်ချခဲ့တာဖြစ်ပါတယ်။
အဲဒီမြန်မာ၂ ဦးဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၅ ရက်က ရော့ဘ်မြို့ ၊ ကမ်ပုန်း ပါမား ကူလတ်လမ်းဘေးမှာ အသံချဲ့စက်ကို အသံကျယ်ကျယ်ဖွင့်ကာ ဆူညံနေကြလို့ ဒေသခံတွေက တိုင်ကြားတာကြောင့် လာရောက်သတိပေးတဲ့ ရဲအရာရှိ တစ်ဦးကို ထိုးကြိတ်ရိုက်ခဲ့တာဖြစ်ပါတယ်။
ရဲအရာရှိရောက်လာချိန်မှာ အရပ်ဝတ်နဲ့ ဖြစ်နေတာကြောင့် ရဲမှန်းမသိဘဲ ထိုးကြိတ်မိခဲ့တာဖြစ်တယ်လို့ MMA တာဝန်ရှိသူက ပြောပါတယ်။
အဲဒီ ရဲအရာရှိဟာ ဒဏ်ရာတွေရရှိပြီး ဆေးရုံမှာ ဆေးကုသမှု ခံယူခဲ့ရတယ်လို့ မလေးရှားဒေသတွင်းတချို့ က ဆိုပါတယ်။
မလေးရှားဥပဒေမှာ ပြည်သူ့ဝန်ထမ်းကို ထိခိုက်နာကျင်စေမှုပုဒ်မ ၃၃၃ အရ ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်ခံရနိုင်တာဖြစ်လို့ အသနားခံစာနဲ့ တရားရုံးကို လျှောက်ထားခဲ့တာဖြစ်လို့ ၄ နှစ်စီချမှတ်ခံရတာလို့ MMA တာဝန်ရှိသူက ပြောပါတယ်။
ဒါအပြင်သူတို့ ၂ ဦးဟာ အထောက်အထားမဲ့ တရားမဝင် နေထိုင်သူတွေဖြစ်တာကြောင့် လူဝင်မှုကြီးကြပ်ရေး ဥပဒေနဲ့လည်း အရေးယူခံရတယ်လို့ သိရှိရပါတယ်။
“ရဲအရာရှိကို ရိုက်တာက ထောင်ဒဏ် ၄ နှစ်၊ လဝက ဥပဒေနဲ့က ထောင်ဒဏ် ၄ လ ဆို တော့ အဲဒါကို တပေါင်းတည်း ကျခံရမှာဖြစ်ပေမယ့် စုစုပေါင်း ၄ နှစ်ပဲ ကျခံဖို့ တရားရုံးက အမိန့်ချတယ်။ သူတို့ကို ချုပ်ထားတဲ့ ရက်ကိုလည်း ထုတ်နုတ်ခံစားခွင့်ရပါတယ်”လို့ MMA တာဝန်ရှိသူက ပြောပါတယ်။
မလေးရှားနိုင်ငံသားတွေက နိုင်ငံခြားသားအလုပ်သမားတွေ ရှိတဲ့နေရာတွေကို တိုင်ကြားတာကြောင့် မြန်မာနိုင်ငံသားတွေဖမ်းဆီးခံရတာတွေများနေသလို နေ့စဉ်နီးပါးလည်း ဆက်တိုက်ဖမ်းဆီးတာတွေ ရှိနေပါတယ်။
မြန်မာနိုင်ငံသားတွေအနေနဲ့ အသံဆူညံတာ၊ အနံ့ပြင်းတဲ့ အစားအသောက်တွေ ချက်ပြုတ်တာတွေအပါအဝင် မလေးနိုင်ငံသားတွေ မကြိုက်နှစ်သက်တဲ့ အပြုအမူတွေ မလုပ်မိဖို့ကိုလည်း အလုပ်သမား ကူညီရေးအဖွဲ့တွေ သတိပေးထားပါတယ်။







