နိုမီနီ - ထိုင်းမှာအိမ်ခြံမြေဝယ်ထားတဲ့မြန်မာတွေ အမည်ခံကုမ္ပဏီတွေကြောင့် စစ်ဆေးခံရလာ

ဇူလိုင် ၁၃ ရက်က ထိုင်းနိုင်ငံ၊ ဆူရတ်ဌာနီခရိုင်ထဲက နိုင်ငံခြားသားပိုင် တရားမဝင် အမည်ခံလုပ်ငန်းတွေကို သွားရောက် စစ်ဆေးနေတဲ့ ထိုင်းအာဏာပိုင်တွေ (ပုံဟောင်း)
ဓာတ်ပုံ ပုံစာ, ဇူလိုင် ၁၃ ရက်က ထိုင်းနိုင်ငံ၊ ဆူရတ်ဌာနီခရိုင်ထဲက နိုင်ငံခြားသားပိုင် တရားမဝင် အမည်ခံလုပ်ငန်းတွေကို သွားရောက် စစ်ဆေးနေတဲ့ ထိုင်းအာဏာပိုင်တွေ (ပုံဟောင်း)
ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၇

ရှုပ်ထွေးပွေလီတဲ့ဘန်ကောက်မြို့ထက် ချင်းမိုင်လို သဘာဝနဲ့ နီးစပ်တဲ့နေရာမှာ အိမ်ခြံမြေဝယ်ယူပြီး အေးအေးချမ်းချမ်းနေထိုင်လိုတဲ့ မြန်မာနိုင်ငံသားတွေ မဝယ်ခင် နှစ်ခေါက်ပြန်စဉ်းစားဖို့ လိုလာပါပြီ။

အကြောင်းကတော့ ဘန်ကောက်နဲ့ ချင်းမိုင်အပါအဝင် ထိုင်းနိုင်ငံတစ်ဝန်းက ခရိုင် ၁၆ ခုမှာ ထိုင်းနိုင်ငံသားအမည်ခံ ကုမ္ပဏီတွေထောင်ပြီး အိမ်ခြံမြေဝယ်ယူတာတွေကို ထိုင်းအစိုးရက စီမံချက်နဲ့ စစ်ဆေးအရေးယူနေလို့ပါ။

ချင်းမိုင်မှာလည်း မြန်မာနိုင်ငံသား ၃ ဦးကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးထားပြီး မြေယာဥပဒေပုဒ်မ ၁၁၁ အပါအဝင် တရားမဝင်လုပ်ငန်းလုပ်ကိုင်မှုနဲ့ တရားမဝင်နေထိုင်မှုတို့အတွက် တရားစွဲဆိုထားပါတယ်။နောက်ထပ် မြန်မာနိုင်ငံသား ခုနစ်ဦးကိုလည်း ဖမ်းဝရမ်းထုတ်ထားတယ်လို့ ထိုင်းရဲတပ်ဖွဲ့က ကြေညာထားပါတယ်။

ဖမ်းဆီးအရေးယူမှုတွေကြောင့် ထိုင်းနိုင်ငံမှာ အိမ်ခြံမြေဝယ်ယူပြီး အခြေချနေထိုင်တာ ဒါမှမဟုတ် စီးပွားရေးလုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားတွေအကြား စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။

ကြိုးတန်းပေါ်လမ်းလျှောက်နေရတဲ့မြန်မာတွေ

ဇူလိုင် ၁၃ ရက်က ထိုင်းနိုင်ငံ၊ ဆူရတ်ဌာနီခရိုင်ထဲက နိုင်ငံခြားသားပိုင် တရားမဝင် အမည်ခံလုပ်ငန်းတွေကို သွားရောက် စစ်ဆေးနေတဲ့ ထိုင်းအာဏာပိုင်တွေ (ပုံဟောင်း)
ဓာတ်ပုံ ပုံစာ, ဇူလိုင် ၁၃ ရက်က ထိုင်းနိုင်ငံ၊ ဆူရတ်ဌာနီခရိုင်ထဲက နိုင်ငံခြားသားပိုင် တရားမဝင် အမည်ခံလုပ်ငန်းတွေကို သွားရောက် စစ်ဆေးနေတဲ့ ထိုင်းအာဏာပိုင်တွေ (ပုံဟောင်း)

ထိုင်းနိုင်ငံသားတွေ အမည်ခံပြီးကုမ္ပဏီထောင်ကာ အိမ်ခြံမြေဝယ်ယူထားတဲ့ နိုင်ငံခြားသားတွေကို ဖမ်းဆီးအရေးယူမှုဟာ ၂၀၂၆ နှစ်လယ်ပိုင်းကစလို့ ချင်းမိုင်မြို့ကနေ စတင်ခဲ့ပါတယ်။

ထိုင်းရဲတပ်ဖွဲ့၊ နယ်မြေခံအုပ်ချုပ်ရေးဌာန၊ မြေစာရင်းဌာနနဲ့ ခရီးသွားရဲတပ်ဖွဲ့တို့ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ ဘတ်သန်း ၆၃၃ တန်ဖိုးရှိတဲ့ အိမ်ရာတွေကို ဇူလိုင်လတုန်းက ဝင်ရောက်စီးနင်းခဲ့ပါတယ်။

အဲဒီအိမ်ရာတွေကို တရုတ်နိုင်ငံသား ဇနီးမောင်နှံက ထိုင်းနိုင်ငံသားတစ်ဦးတည်းရဲ့ အမည်နဲ့ ဝယ်ယူထားတာလို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

ထိုင်းမှာ Nominee (နိုမနီ)လို့ခေါ်တဲ့ အမည်ခံကုမ္ပဏီတွေကို စစ်ဆေးတဲ့အခါကုမ္ပဏီရဲ့ ရှယ်ယာအများစုပိုင်ဆိုင်ထားတဲ့ထိုင်းနိုင်ငံသားတွေရဲ့ ငွေကြေးနဲ့ အလုပ်အကိုင်တွေကိုလည်း စစ်ဆေးတတ်ပါတယ်။

  • လူမွဲစာရင်းခံယူထားတာ
  • အခွန်ဆောင်ထားတဲ့ မှတ်တမ်းမရှိတာ
  • လစဉ်ဝင်ငွေ ဘတ်တစ်သောင်းကနေ နှစ်သောင်းကြားသာရှိတာ
  • ကျန်းမာရေးချို့တဲ့တာ ဒါမှမဟုတ် ကာလကြာရှည် အလုပ်လက်မဲ့ဖြစ်နေတာ
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

စတဲ့အမည်ခံထားသူ ဟုတ်၊ မဟုတ် စစ်ဆေးရာမှာ ထည့်သွင်းစဉ်းစားတဲ့အချက်တွေဖြစ်တယ်လို့ မနွဲ့ဒါလီဇော်နဲ့ အိမ်ခြံမြေအကျိုးဆောင်တချို့က ပြောပါတယ်။

စီးနင်းမှုအတွင်း မြန်မာနိုင်ငံသား သုံးဦး၊ အိန္ဒိယနိုင်ငံသား နှစ်ဦး၊ တရုတ်နိုင်ငံသား နှစ်ဦးနဲ့ ထိုင်းနိုင်ငံသားတစ်ဦး စုစုပေါင်း ရှစ်ဦးကို ဖမ်းဆီးခဲ့ပါတယ်။

"တရုတ်လင်မယားနှစ်ယောက်က ထိုင်းနိုင်ငံသား အမည်ခံတစ်ယောက်တည်းနဲ့ အိမ်ရာပေါင်း ဘယ်လောက်လဲ မသိဘူး ဝယ်ထားတာ။ ကွင်းဆက်က အကြီးအကြီးပဲ။ အဲဒါကို မြန်မာတွေလည်း ဝယ်မိသွားတာ" လို့ မြန်မာနိုင်ငံသားတွေကို ဥပဒေရေးရာ ကူညီပေးနေတဲ့ မနွဲ့ဒါလီဇော်က ပြောပါတယ်။

ထိုင်းနိုင်ငံမှာ Nominee လို့ခေါ်တဲ့ အမည်ခံကုမ္ပဏီဆိုတာဟာ နိုင်ငံခြားသားတွေရဲ့ လုပ်ငန်းပိုင်ဆိုင်မှုကို ထိုင်းနိုင်ငံသားတစ်ဦးရဲ့အမည်ခံပြီး ဖွဲ့စည်းထားတဲ့ကုမ္ပဏီမျိုးကို ဆိုလိုပါတယ်။

အမည်ခံထားသူရဲ့ငွေကြေးပိုင်ဆိုင်မှုနဲ့ ဝင်ငွေအခြေအနေတွေဟာ ကုမ္ပဏီမှာ ရှယ်ယာထည့်ဝင်ထားမှုနဲ့ မကိုက်ညီတာမျိုး ရှိ၊ မရှိကိုလည်း အာဏာပိုင်တွေက စစ်ဆေးနိုင်ပါတယ်။

မနွဲ့ဒါလီဇော်ရဲ့ပြောကြားချက်အရ အဲဒီစီးနင်းမှုနဲ့ဆက်စပ်ပြီး မြန်မာနိုင်ငံသားတွေကို နေအိမ်အထိ ဖမ်းဝရမ်းနဲ့ လာရောက်ဖမ်းဆီးခဲ့ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံသား ခုနစ်ဦး၊ ထိုင်းနိုင်ငံသား နှစ်ဦး၊ အိန္ဒိယနိုင်ငံသား သုံးဦး၊ ဗြိတိန်နိုင်ငံသားတစ်ဦးနဲ့ တရုတ်နိုင်ငံသား ကိုးဦး စုစုပေါင်း ၂၂ ဦးကိုလည်း ဖမ်းဝရမ်းထုတ်ထားတယ်လို့ သိရပါတယ်။

လက်ရှိ ဖမ်းဆီးခံထားရတဲ့မြန်မာနိုင်ငံသား သုံးဦးဟာ ထိုင်းတရားရုံးမှာ ရုံးချိန်းတွေ တက်နေရတယ်လို့ မနွဲ့ဒါလီဇော်က အဲဒီအချိန်ကတည်းက ပြောထားပါတယ်။

ဖမ်းဆီးခံထားရသူတွေထဲက မြန်မာနိုင်ငံသားတစ်ဦးဟာ သက်ကြီးပိုင်းမိသားစုနဲ့အတူ ချင်းမိုင်ကို ပြောင်းရွှေ့လာပြီး အိမ်ဝယ်ယူခဲ့သူဖြစ်တယ်လို့ သူက ပြောပါတယ်။

"သူက သက်ကြီးပိုင်းမိသားစုနဲ့ ချင်းမိုင်ကို လာတာ။ ဝယ်လို့ရတယ်လို့ မြန်မာအိမ်ခြံမြေပွဲစားက ပြောတယ်။ အဲဒီတော့ သူဝယ်လိုက်တယ်။ ကုမ္ပဏီထောင်ပေးတဲ့ရှေ့နေရုံးနဲ့တွေ့တယ်။ ဘယ်သူမှန်းမသိတဲ့ထိုင်းတစ်ယောက်နဲ့တွေ့တယ်။ အဲဒီလိုနဲ့ ဝယ်လိုက်တယ်" လို့ မနွဲ့ဒါလီဇော်က ပြောပါတယ်။

အဲဒီမြန်မာနိုင်ငံသားဟာ ဖမ်းဆီးခံရတဲ့အိမ်မှာ လေးနှစ်လောက် နေထိုင်ခဲ့ပြီးနောက် မြေယာဥပဒေပုဒ်မ ၁၁၁၊ တရားမဝင်လုပ်ငန်းလုပ်ကိုင်မှုနဲ့ တရားမဝင်နေထိုင်မှု စုစုပေါင်း အမှုသုံးခုနဲ့ တရားစွဲဆိုခံထားရတယ်လို့ သူက ပြောပါတယ်။

"ပြဿနာက ရှေ့နေရုံးက ထိုင်းနဲ့ သူနဲ့ မသိပါဘူး၊ Customer ကိုပဲ ကုမ္ပဏီထောင်ပေးတာပါလို့ ထွက်ဆိုတယ်။ Customer ကလည်း ထိုင်းလူမျိုးကိုသိရင် အန္တရာယ်များမှာစိုးလို့ ရဲစခန်းမှာ လိမ်လည်ထွက်ဆိုမိထားတယ်။ အခုက အကုန်ကွင်းလုံးကျွတ်သွားတယ်။ မြန်မာလူမျိုးမှာပဲ အကုန်အပြစ်ပုံသွားတယ်" လို့ မနွဲ့ဒါလီဇော်က ပြောပါတယ်။

ထိုင်းမှာ မြေယာဥပဒေပုဒ်မ ၁၁၁ နဲ့ ပြစ်မှုထင်ရှားကြောင်း ဆုံးဖြတ်ခံရရင် အများဆုံး ထောင်ဒဏ် ၂ နှစ်နဲ့ ငွေဒဏ် ဘတ်နှစ်သောင်း ချမှတ်နိုင်တယ်လို့ သူက ပြောပါတယ်။

အဲဒီမြန်မာနိုင်ငံသားဟာ လက်ရှိမှာ အာမခံနဲ့ လွတ်မြောက်နေပြီး ဆိုင်းငံ့ထောင်ဒဏ် ချမှတ်ခံထားရကာ နောက်ထပ် တရားရုံးဆင့်ခေါ်မှုတွေကို စောင့်ဆိုင်းနေရတယ်လို့ မနွဲ့ဒါလီဇော်က ဆိုပါတယ်။

တရားရုံးက အမှုကို အပြီးသတ်ဆုံးဖြတ်ပြီးနောက် အမည်ခံကုမ္ပဏီကို ဖျက်သိမ်းဖို့ အမိန့်ချမှတ်ခဲ့ရင် ဝယ်ယူထားတဲ့အိမ်ကို ရက် ၁၈၀ အတွင်း ပြန်ရောင်းချရနိုင်တယ်လို့လည်း သူက ပြောပါတယ်။

ပြန်ဝယ်ယူခွင့်ရှိသူဟာ ထိုင်းနိုင်ငံသားဖြစ်ရမယ်လို့ ဆိုပါတယ်။ ဒီအမှုကြောင့် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် ချင်းမိုင်မှာ အိမ်ခြံမြေဝယ်ယူပြီး ပြောင်းရွှေ့နေထိုင်ကြတဲ့ မြန်မာနိုင်ငံသားတွေအကြား စိုးရိမ်မှုတွေ ပိုမိုမြင့်တက်လာနေတယ်လို့ အိမ်ဝယ်ထားသူတွေနဲ့ အိမ်ခြံမြေအကျိုးဆောင်တချို့က ပြောပါတယ်။

အဲဒီထဲမှာ ကလေးနှစ်ယောက်မိခင် မဝင်း (အမည်လွှဲ) လည်း ပါဝင်ပါတယ်။ သူဟာ သားသမီးတွေရဲ့ ပညာရေးနဲ့ မိဘတွေရဲ့ကျန်းမာရေးအခြေအနေကြောင့် လွန်ခဲ့တဲ့ ၂ နှစ်က မိသားစုလိုက် ချင်းမိုင်ကို ပြောင်းရွှေ့လာခဲ့တာပါ။

ကိုဗစ်ကပ်ရောဂါနဲ့ စစ်တပ်အာဏာသိမ်းမှုကြောင့် သမီးဖြစ်သူရဲ့ပညာရေး ဆက်လက်သင်ယူနိုင်ဖို့ ထိုင်းနိုင်ငံကို မိသားစုလိုက်ပြောင်းလာခဲ့တာလို့ မဝင်းက ဘီဘီစီကို ပြောပါတယ်။

သူတို့မိသားစုဟာ ချင်းမိုင်မှာ အိမ်ဝယ်ယူနေထိုင်ခဲ့ပေမဲ့ အခုတော့ ထိုင်းအာဏာပိုင်တွေရဲ့ စစ်ဆေးအရေးယူမှုတွေကြောင့် ပိုင်ဆိုင်မှုအတွက် စိုးရိမ်နေရတယ်လို့ ဆိုပါတယ်။

"အခုက သူသူ၊ ကိုယ်ကိုယ် ကြောက်ကြတယ်။ ကိုယ်ကိုယ်တိုင်လည်း တစ်သက်လုံး အလုပ်လုပ်လာတဲ့ ပိုက်ဆံလေးနဲ့ ဝယ်ရတာဆိုတော့ ကိုယ်ကိုယ်တိုင်လည်း ကြောက်တယ်" လို့ မဝင်းက ပြောပါတယ်။

အိမ်ပိုင်ရှင်တွေသာမက အိမ်ခြံမြေအကျိုးဆောင်တွေပါ စိုးရိမ်နေကြပါတယ်။ ချင်းမိုင်မြို့က အိမ်ခြံမြေအကျိုးဆောင်တချို့ဟာ ထိုင်းနိုင်ငံသားကို အမည်ခံပြီး ကုမ္ပဏီထောင်ကာ အိမ်ဝယ်ယူလိုတဲ့မြန်မာနိုင်ငံသားတွေကို ကူညီပေးဖို့ မရဲတော့ဘူးလို့ ဘီဘီစီကို ပြောပါတယ်။

"အခု လုံးချင်းအိမ်ကို နာမည်ခံပြီး ဝယ်ချင်တယ်၊ ငါနဲ့ အရမ်းရင်းနှီးတဲ့သူ ရှိတယ်၊ လုပ်ပေးပါဆိုရင် မလုပ်ပေးဘူး။ ကုမ္ပဏီထောင်ပြီး ဝယ်မယ်လို့ လာတိုင်ပင်ရင်လည်း မလုပ်ပေးဘူး။ နဂိုကတည်းက အမှန်မဟုတ်တော့ တစ်ချိန်မဟုတ် တစ်ချိန်ဖြစ်လာမှာပဲဆိုပြီး မလုပ်ပေးတော့တာ" လို့ ချင်းမိုင်မြို့က အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက ပြောပါတယ်။

ထိုင်းနိုင်ငံရဲ့စီးပွားရေးဝန်ကြီးဌာနကလည်း တရားမဝင် နိုင်ငံခြားသားလုပ်ငန်းတွေကို ဖြိုခွင်းတဲ့ စီမံချက်တွေ ဆက်လက်အရှိန်မြှင့်သွားမယ်လို့ ဇူလိုင်လ ပထမပတ်မှာ ပြောထားပါတယ်။

နိုင်ငံခြားသားတွေ ကုမ္ပဏီထောင်တဲ့အခါ ဝင်ငွေလမ်းကြောင်း၊ ရှယ်ယာရှင်နဲ့ ဒါရိုက်တာတွေရဲ့ အချက်အလက်တွေကိုလည်း ပိုမိုတင်းကျပ်စွာ စစ်ဆေးနေတယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောထားပါတယ်။

အခုလိုအခြေအနေမှာ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတွေအတွက် တရားဝင်နဲ့ စိတ်ချရတဲ့ အိမ်ခြံမြေပိုင်ဆိုင်မှုနည်းလမ်းတစ်ခုက ကွန်ဒိုတိုက်ခန်းဝယ်ယူတာဖြစ်တယ်လို့ အိမ်ခြံမြေအကျိုးဆောင်တွေနဲ့ ဥပဒေရေးရာအကြံပေး မနွဲ့ဒါလီဇော်က ပြောပါတယ်။

ဆက်တိုက်ဖမ်းဆီးလာတဲ့ နိုမီနီ

ထိုင်းနိုင်ငံမှာ နိုင်ငံခြားသားတွေက ထိုင်းနိုင်ငံသားတွေကို အမည်ခံခိုင်းပြီး ကုမ္ပဏီထောင်ကာ အိမ်ခြံမြေဝယ်ယူတာတွေကို အာဏာပိုင်တွေက ဖြိုခွင်းနေရာ ကုမ္ပဏီ ၉၅ ခုနဲ့ ဆက်နွှယ်တဲ့ နိုင်ငံခြားသား ၁၁ ဦးကို ဖမ်းဆီးခဲ့တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ဝန်ကြီးချုပ် အနုတင်ရဲ့ လမ်းညွှန်ချက်အရ 'နိုမီနီ' ကုမ္ပဏီကွန်ရက်တွေကို နှိမ်နင်းတဲ့ စစ်ဆင်ရေးအဆင့် ၈ ကို ဘန်ကောက်မှာ ပြုလုပ်ခဲ့တာပါ။

အောက်တိုဘာ ၁၀ ရက် ထုတ်ပြန်ချက်အရ ဖမ်းဆီးခံရသူတွေထဲမှာ တရုတ်အာဏာပိုင်တွေက အလိုရှိနေသူ ၃ ဦးအပါအဝင် တရုတ်နိုင်ငံသား ၁၀ ဦးနဲ့ အမေရိကန်နိုင်ငံသား ၁ ဦး ပါဝင်ပါတယ်။

စုံစမ်းစစ်ဆေးမှုအရ အမည်ခံကုမ္ပဏီ ၉၅ ခုဟာ ထိုင်းဘတ်ငွေ သန်း ၆,၀၀၀ တန်ဖိုးရှိတဲ့ နေအိမ်နဲ့ မြေကွက် ၉၄ ခုကို ပိုင်ဆိုင်ထားတယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။ ဘန်ကောက်မြို့က အဆင့်မြင့်အိမ်ရာစီမံကိန်း ၄ ခုမှာ ဝင်ရောက်ရှာဖွေခဲ့ပြီး ကုမ္ပဏီမှတ်တမ်းတွေ၊ ကွန်ပျူတာနဲ့ လက်ကိုင်ဖုန်းတွေကို သိမ်းဆည်းခဲ့ပါတယ်။

ဒီအမှုနဲ့ပတ်သက်ပြီး အမှု ၉၅ ခု ဖွင့်ထားပြီး ထိုင်းနိုင်ငံသား ၁၅၆ ဦးနဲ့ နိုင်ငံခြားသား ၉၆ ဦး ပါဝင်ပတ်သက်နေတယ်လို့ ရဲက ပြောပါတယ်။ နိုင်ငံခြားသား ၉၆ ဦးထဲက ၉၄ ဦးဟာ တရုတ်နိုင်ငံ၊ ဖူကျန့်ပြည်နယ်မှာ မွေးဖွားသူတွေဖြစ်ပြီး တရုတ်၊ ကမ္ဘောဒီးယား၊ ဟောင်ကောင်၊ အမေရိကန်နဲ့ မြန်မာနိုင်ငံသားတွေ ပါဝင်တယ်လို့ ဆိုပါတယ်။

ထိုင်းရဲတပ်ဖွဲ့ဟာ ဘန်ကောက်၊ ချင်းမိုင်၊ ပတ္တရားအပါအဝင် နိုင်ငံတစ်ဝန်းမှာ အမည်ခံကုမ္ပဏီတွေနဲ့ အိမ်ခြံမြေပိုင်ဆိုင်မှုတွေကို စိစစ်နှိမ်နင်းနေပြီး ဆက်လက်လုပ်ဆောင်သွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

မှန်ကန်တဲ့ ဝယ်ယူမှု

ဇူလိုင် ၂၀ ရက်က ချင်းမိုင်မှာ ထိုင်းနိုင်ငံသားတစ်ဦးကို အမည်ခံပြီး အိမ်ရာတွေ ဝယ်ယူထားတဲ့ ကွန်ရက်ကို သွားရောက်စီးနင်းဖမ်းဆီးခဲ့တဲ့ ထိုင်းအာဏာပိုင်တွေ (ပုံဟောင်း)
ဓာတ်ပုံ ပုံစာ, ဇူလိုင် ၂၀ ရက်က ချင်းမိုင်မှာ ထိုင်းနိုင်ငံသားတစ်ဦးကို အမည်ခံပြီး အိမ်ရာတွေ ဝယ်ယူထားတဲ့ ကွန်ရက်ကို သွားရောက်စီးနင်းဖမ်းဆီးခဲ့တဲ့ ထိုင်းအာဏာပိုင်တွေ (ပုံဟောင်း)

လက်ရှိ ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသားတွေဟာ ချင်းမိုင်မှာ အခြေချနေထိုင်သူတွေဖြစ်တယ်လို့ ဒီအမှုမှာ လိုက်ပါဆောင်ရွက်ပေးနေသူက ပြောပါတယ်။ ဒါဟာ ချင်းမိုင်မှာ မြန်မာနိုင်ငံသားတွေရဲ့ အိမ်ခြံမြေဝယ်ယူမှုတွေ ပိုများလာတဲ့ အခြေအနေနဲ့လည်း ဆက်စပ်နေပါတယ်။

ထိုင်းအိမ်ခြံမြေသတင်းအချက်အလက်စင်တာ (REIC) ရဲ့အချက်အလက်တွေအရ ၂၀၂၅ ခုနှစ် ပထမနှစ်ဝက်မှာ ချင်းမိုင်က ကွန်ဒိုဝယ်ယူမှုတွေထဲ တရုတ်နိုင်ငံသားတွေရဲ့ဝယ်ယူမှုက လျော့ကျလာပေမဲ့ အများဆုံးအုပ်စုအဖြစ် ဆက်ရှိနေပါတယ်။

တစ်ချိန်တည်းမှာ မြန်မာနိုင်ငံသားတွေရဲ့ကွန်ဒိုဝယ်ယူမှုကတော့ ၂၀၂၄ ခုနှစ် အလားတူကာလနဲ့ နှိုင်းယှဉ်ရင် ၄၂ ဒသမ ၉ ရာခိုင်နှုန်း မြင့်တက်လာတယ်လို့ ၂၀၂၅ ခုနှစ် စက်တင်ဘာလမှာ ဖော်ပြတဲ့အချက်အလက်တွေအရ သိရပါတယ်။

ထိုင်းနိုင်ငံမှာ နိုင်ငံခြားသားတွေ ကွန်ဒိုတိုက်ခန်းကို တရားဝင် ဝယ်ယူပိုင်ဆိုင်နိုင်ပေမဲ့ ပိုင်ဆိုင်မှုအချိုးအတွက် ကန့်သတ်ချက်ရှိပါတယ်။ ကွန်ဒိုအဆောက်အအုံတစ်ခုမှာ နိုင်ငံခြားသားတွေရဲ့ ပိုင်ဆိုင်မှုဟာ သက်ဆိုင်ရာဥပဒေအရ သတ်မှတ်ထားတဲ့ တိုက်ခန်းဧရိယာစုစုပေါင်းရဲ့ ၄၉ ရာခိုင်နှုန်းထက် မပိုရပါဘူး။

ဒါကြောင့် နိုင်ငံခြားသားတွေ ဝယ်ယူနိုင်တဲ့ အခန်းအရေအတွက်ကို အခန်း ၁၀၀ ရှိရင် ၄၉ ခန်းလို့ တိုက်ရိုက်သတ်မှတ်ပြောဆိုတာထက် ပိုင်ဆိုင်မှုအချိုးကို ရှင်းပြတာက ပိုတိကျပါတယ်။

ဒီစည်းမျဉ်းနဲ့ ကိုက်ညီတဲ့ ကွန်ဒိုတိုက်ခန်းကို နိုင်ငံခြားသားတစ်ဦးက ဝယ်ယူရင် တိုက်ခန်းကို တရားဝင် ပိုင်ဆိုင်ခွင့်ရနိုင်ပါတယ်။ ဒါပေမဲ့ ကွန်ဒိုတိုက်ခန်းပိုင်ဆိုင်ခွင့်နဲ့ မြေယာပိုင်ဆိုင်ခွင့်ဟာ မတူပါဘူး။

ထိုင်းနိုင်ငံရဲ့ မြေယာဥပဒေအရ နိုင်ငံခြားသားတွေဟာ ယေဘုယျအားဖြင့် မြေယာကို တိုက်ရိုက်ပိုင်ဆိုင်ခွင့် မရှိပါဘူး။ ဒါကြောင့် မြေပါဝင်တဲ့ လုံးချင်းအိမ်တစ်လုံး ဝယ်ယူတဲ့အခါ မြေယာကို ဘယ်လိုပုံစံနဲ့ တရားဝင်အသုံးပြုခွင့်၊ ပိုင်ဆိုင်ခွင့်ရမလဲဆိုတာ အရေးကြီးလာပါတယ်။

အိမ်ခြံမြေအကျိုးဆောင်တွေအဆိုအရ နိုင်ငံခြားသားတွေ လုံးချင်းအိမ်ဝယ်ယူတဲ့အခါ အသုံးပြုနိုင်တဲ့နည်းလမ်းတစ်ခုကတော့ နှစ်ရှည်မြေငှားရမ်းခွင့် (Leasehold) ဖြစ်ပါတယ်။

ထိုင်းနိုင်ငံရဲ့ ဥပဒေအရ မြေငှားစာချုပ်တစ်ခုရဲ့ သက်တမ်းဟာ ပုံမှန်အားဖြင့် တစ်ကြိမ်လျှင် အများဆုံး နှစ် ၃၀ ဖြစ်ပါတယ်။ သက်တမ်းကုန်ဆုံးပြီးနောက် ထပ်မံငှားရမ်းနိုင်ပေမဲ့ နောက်ထပ်သက်တမ်းကို အလိုအလျောက်ရရှိမယ်လို့ အာမခံလို့မရသလို စာချုပ်ပါ သတ်မှတ်ချက်တွေနဲ့ ဥပဒေအရအကျိုးသက်ရောက်မှုကိုလည်း ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါတယ်။

"တစ်ခါ စာချုပ်ချုပ်ရင် နှစ် ၃၀ သက်တမ်းရတယ်။ မြေယာဌာနက ထုတ်ပေးတဲ့အခါ နှစ် ၃၀ သာပေးပါတယ်။ ပြီးမှ နှစ် ၃၀ တစ်ခါ သက်တမ်း နှစ်ကြိမ်တိုးလို့ရတယ်" လို့ ချင်းမိုင်က အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက ပြောပါတယ်။

ဒါပေမဲ့ သက်တမ်းတိုးခွင့်အတွက် စာချုပ်ထဲမှာ သဘောတူညီချက် ပါဝင်နေတာနဲ့ နောက်ထပ် နှစ် ၃၀ စီ အလိုအလျောက် ရရှိမယ်ဆိုတာ မတူပါဘူး။

အိမ်ခြံမြေအကျိုးဆောင်တွေကတော့ မြေယာကို ကုမ္ပဏီအမည်နဲ့ ဝယ်ယူထားတာမျိုးလည်း ရှိတယ်လို့ ပြောပါတယ်။ ဒါပေမဲ့ ကုမ္ပဏီမှာ ထိုင်းနိုင်ငံသားတွေ အစုရှယ်ယာပါဝင်နေရုံနဲ့ နိုင်ငံခြားသားတစ်ဦးအတွက် မြေယာပိုင်ဆိုင်ခွင့်ဟာ အလိုအလျောက် တရားဝင်သွားတာ မဟုတ်ပါဘူး။

ကုမ္ပဏီရဲ့ ဖွဲ့စည်းပုံ၊ အမှန်တကယ် ပိုင်ဆိုင်မှုနဲ့လုပ်ငန်းလည်ပတ်ပုံတွေဟာ ထိုင်းဥပဒေနဲ့ ကိုက်ညီဖို့ လိုပါတယ်။ ထိုင်းနိုင်ငံသားတွေကို အမည်ခံအဖြစ် အသုံးပြုပြီး နိုင်ငံခြားသားတွေ မြေယာပိုင်ဆိုင်ခွင့်အပေါ် ကန့်သတ်ချက်ကို ရှောင်လွှဲတဲ့အစီအစဉ်တွေဟာ ဥပဒေချိုးဖောက်မှု ဖြစ်နိုင်ပါတယ်။

ထိုင်းအစိုးရကလည်း နိုင်ငံခြားသားတွေအတွက်အမည်ခံရှယ်ယာရှင်တွေ အသုံးပြုခြင်းကို တားမြစ်ထားပါတယ်။ ဒါပေမဲ့ ချင်းမိုင်မှာ အိမ်ခြံမြေဝယ်ယူထားတဲ့ မြန်မာနိုင်ငံသားအများစုဟာ ထိုင်းနိုင်ငံသားတွေကို အမည်ခံအဖြစ် အသုံးပြုထားတဲ့ကုမ္ပဏီတွေက တဆင့်ဝယ်ယူထားကြတာများတယ်လို့ အိမ်ခြံမြေအကျိုးဆောင်တွေက ဘီဘီစီကို ပြောပါတယ်။

အခု ထိုင်းအစိုးရက စိစစ်ကြပ်မတ်နေတဲ့အထဲမှာ ဘတ် ၂ သန်းကနေ ၅ သန်းအထက် တန်ဖိုးရှိတဲ့ အိမ်ရာတွေကို ထိုင်းနိုင်ငံသားတွေကို အမည်ခံထားတဲ့ ကုမ္ပဏီတွေကတစ်ဆင့် ဝယ်ယူထားသူတွေလည်း ပါဝင်တယ်လို့ ဥပဒေရေးရာ အကြံပေးဝန်ဆောင်မှုပေးနေတဲ့ မနွဲ့ဒါလီဇော်က ပြောပါတယ်။

"အရင်က ကုမ္ပဏီတွေက လုပ်ငန်းသဘောအရ ဝယ်ကြတယ်ဆိုပေမဲ့ အခုက တန်ဖိုးမြင့်အိမ်ရာတွေကို ဝယ်တယ်။ တန်ဖိုးမြင့်အိမ်ရာတွေက စီးပွားရေးလုပ်ခွင့်ရှိတဲ့ နယ်မြေတွေရှိသလို၊ လုပ်ခွင့်မရှိတဲ့နယ်မြေတွေလည်း ရှိတယ်။ အဲဒီလိုနေရာတွေမှာ တရားမဝင်တဲ့ကိစ္စက အရမ်းသိသာနေတာပေါ့။ အဲဒီတော့ ဒီကိစ္စမှာ ဖမ်းလာတာပေါ့" လို့ မနွဲ့ဒါလီဇော်က ပြောပါတယ်။

ခြုံငုံကြည့်ရင် ထိုင်းနိုင်ငံမှာ နိုင်ငံခြားသားတွေအနေနဲ့ အိမ်ခြံမြေကို တရားဝင် ဝယ်ယူပိုင်ဆိုင်နိုင်တဲ့နည်းလမ်းတွေဟာ အိမ်ခြံမြေအမျိုးအစားနဲ့ သက်ဆိုင်ရာဥပဒေတွေအပေါ် မူတည်ပါတယ်။

ကွန်ဒိုတိုက်ခန်းတွေကို သတ်မှတ်ထားတဲ့ နိုင်ငံခြားသားပိုင်ဆိုင်မှု ကန့်သတ်ချက်အတွင်း ဝယ်ယူနိုင်ပါတယ်။ မြေပါဝင်တဲ့ လုံးချင်းအိမ်တွေမှာတော့ နှစ်ရှည်မြေငှားရမ်းခွင့် (Leasehold) ရယူတာ၊ ဒါမှမဟုတ် မြေယာပိုင်ဆိုင်ခွင့်ရှိတဲ့ကုမ္ပဏီတစ်ခုကတစ်ဆင့် ဝယ်ယူတာမျိုး ရှိပါတယ်။ ဒါပေမဲ့ ကုမ္ပဏီကတစ်ဆင့် ဝယ်ယူတဲ့အခါ ကုမ္ပဏီရဲ့ဖွဲ့စည်းပုံနဲ့ ပိုင်ဆိုင်မှုအစီအစဉ်တွေဟာ ထိုင်းဥပဒေနဲ့ ကိုက်ညီဖို့ လိုအပ်ပါတယ်။

ထိုင်းနိုင်ငံသားတွေကို အမည်ခံရှယ်ယာရှင်အဖြစ် အသုံးပြုပြီး နိုင်ငံခြားသားတွေရဲ့မြေယာပိုင်ဆိုင်မှုဆိုင်ရာ ကန့်သတ်ချက်တွေကို ရှောင်လွှဲထားသူတွေအတွက်တော့ လက်ရှိ စိစစ်ကြပ်မတ်မှုတွေကြောင့် ဥပဒေရေးရာ အန္တရာယ်တွေ ရှိလာနိုင်ပါတယ်။

ဒါကြောင့် ထိုင်းနိုင်ငံသားတွေကို အမည်ခံထားတဲ့ကုမ္ပဏီတွေကတစ်ဆင့် လုံးချင်းအိမ်တွေ ဝယ်ယူထားတဲ့မြန်မာနိုင်ငံသားတွေအနေနဲ့ ကိုယ့်ရဲ့ပိုင်ဆိုင်မှုနဲ့ စာချုပ်စာတမ်းတွေကို ပြန်လည်စစ်ဆေးပြီး ဥပဒေနဲ့အညီ ဘယ်လိုဆက်လက်ဆောင်ရွက်သင့်တယ်ဆိုတာ ကြိုတင်စဉ်းစားထားသင့်တယ်လို့ အိမ်ခြံမြေအကျိုးဆောင်တွေက အကြံပြုပါတယ်။