သမ္မတဖြစ်လာမယ့်စစ်ခေါင်းဆောင် အာဆီယံထိပ်သီးဆွေးနွေးပွဲ တက်ခွင့်ရဖို့ မရှိ

ဖတ်ရန်အချိန်: မိနစ် ၉

စစ်ဗိုလ်ချုပ်တွေ လွှမ်းမိုးတဲ့လွှတ်တော်ကနေ စစ်ခေါင်းဆောင်ကို သမ္မတတင်ပြီး အရပ်ဘက်အသွင်ပြောင်းအုပ်ချုပ်မှာဖြစ်လို့ သမ္မတ ဦးမင်းအောင်လှိုင်ဖြစ်လာပေမဲ့ အာဆီယံထိပ်သီး ဆွေးနွေးပွဲတွေ တက်ရောက်ခွင့် မရနိုင်သေးဘူးလို့ အလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်က ထုတ်ပြောလိုက်ပါတယ်။

မြန်မာအာဏာသိမ်းစစ်တပ်ရဲ့အုပ်ချုပ်ရေးအဖွဲ့က နိုင်ငံရေးရာထူးတွေကို အာဆီယံထိပ်သီး ဆွေးနွေးပွဲတွေ တက်ရောက်ခွင့် မပြုတာ ၅ နှစ်ရှိပြီဖြစ်ပါတယ်။

မြန်မာအနေနဲ့ မေလထဲမှာ ကျင်းပမယ့်အာဆီယံထိပ်သီးညီလာခံမှာ နိုင်ငံရေးအရ ကိုယ်စားပြုခွင့်ရမှာ မဟုတ်တဲ့အကြောင်း အလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်၊ မြန်မာအရေးအာဆီယံအထူးသံလည်းဖြစ်တဲ့ မစ္စ ထရီဇာလာဇာရိုက ဘီဘီစီနဲ့ သီးသန့်မေးမြန်းခန်းမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

"နိုင်ငံရေးကိုယ်စားပြုမှုနဲ့ စေလွှတ်မယ်ဆိုရင် ကျွန်မတို့ လက်ခံမှာ မဟုတ်ပါဘူး။ အရပ်ဘက် နိုင်ငံဝန်ထမ်းထဲက အဆင့်မြင့်ဆုံးအရာရှိကို စေလွှတ်ရမှာ ဖြစ်ပါတယ်။ ဒီအတိုင်းဆက်ရပ်တည်ကြဖို့ အာဆီယံခေါင်းဆောင်တွေနဲ့ နိုင်ငံခြားရေးဝန်ကြီးတွေ ဆုံးဖြတ်ထားကြပါတယ်။အာဆီယံရဲ့ရပ်တည်မှု ပြောင်းမှာ မဟုတ်ဘူး" လို့ ဝန်ကြီးလာဇာရိုက ပြောပါတယ်။

ဒါ့အပြင်တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရာထူးကို ဖယ်ပေးပြီး၊ စစ်တပ် ကျောထောက် နောက်ခံပြု လွှတ်တော်က တဆင့် သမ္မတရာထူးကို ရယူခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုလည်း အာဆီယံအနေနဲ့ ဂုဏ်ပြုသဝဏ်လွှာ မပေးသေးဘူးလို့လည်း ဝန်ကြီးလာဇာရိုက ပြောပါတယ်။

ဂုဏ်ပြုသဝဏ်လွှာမပေးခြင်းရဲ့နောက်ခံအကြောင်းတရားက ပြီးခဲ့တဲ့ဇန်နဝါရီလက ဖိလစ်ပိုင်နိုင်ငံ၊ ဆီဘူးမြို့မှာ ပြုလုပ်ခဲ့တဲ့အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနဲ့ ဆက်စပ်ပါတယ်။

''မြန်မာနိုင်ငံမှာ လုပ်ခဲ့တဲ့ ရွေးကောက်ပွဲရဲ့ ရလဒ်အပေါ် တူညီတဲ့ဘုံသဘောထားမျိုး မရရှိခဲ့တဲ့ အတွက် ဖြစ်ပါတယ်'' လို့ ဝန်ကြီး လာဇာရိုက ဆိုပါတယ်။

အာဆီယံဘုံသဘောတူညီချက် ၅ ချက်အပေါ် မြန်မာအာဏာသိမ်းစစ်တပ်ခေါင်းဆောင်တွေရဲ့ အကောင်အထည်ဖော်မှုအပေါ်မှာလည်း အကဲဖြတ်ချက်တွေ ဆက်ရှိနေမယ်လို့ သိရှိရပါတယ်။

"မြန်မာနိုင်ငံထဲက အခြေအနေတွေဟာ အာဆီယံခေါင်းဆောင်တွေအားလုံးသဘောတူထားကြတဲ့ တူညီဆန္ဒ ၅ ချက်နဲ့ ဘယ်လောက်ကိုက်ညီပြီး တိုးတက်မှုရှိ မရှိဆိုတာ ... ဆက်လက်စောင့်ကြည့်ဖို့ လိုနေသေးတယ်ဆိုတဲ့အချက်အပေါ် အာဆီယံ အနေနဲ့ရော ကျွန်မတို့ ဖိလစ်ပိုင်နိုင်ငံ အနေနဲ့ပါ မျက်မှောက်ပြု သိမြင်ထားကြပါတယ်" လို့ ဝန်ကြီးလာဇာရိုဟာ ဘီဘီစီနဲ့ မေးမြန်းခန်းမှာပြောပါတယ်။

ပုံမှန်ဆိုရင်တော့ အာဆီယံဥက္ကဋ္ဌနေရာကို ၂၀၂၆ ခုနှစ်မှာ မြန်မာက အလှည့်ကျတာဝန်ယူရမှာဖြစ်ပါတယ်။ ဒါပေမဲ့ တကျော့ပြန် စစ်အာဏာသိမ်းခံထားရပြီး ပြည်တွင်းအကျပ်အတည်းတွေကိုမဖြေ လျှော့နိုင်သေးတဲ့ မြန်မာကို အာဆီယံက ဥက္ကဋ္ဌနေရာ မပေးပါဘူး။ ဒါကြောင့် ဖိလစ်ပိုင်က တစ်နှစ်စောပြီး ဥက္ကဋ္ဌ တာဝန်ယူထားတာ ဖြစ်ပါတယ်။

မြန်မာအရေး အာဆီယံအထူးသံဖိလစ်ပိုင်ရဲ့ နိုင်ငံခြားရေးဝန်ကြီး မစ္စထရီဇာလာဇာရိုဟာ သူစတင်တာဝန်ယူတာနဲ့ နေပြည်တော်ခရီးစဥ်ကို စတင်ခဲ့ပြီး မြန်မာ့အရေး ခြေလှမ်းသွက်သွက်ဆောင်ရွက်ပါတယ်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာပါ မြန်မာ့အရေးအတွက်အာဆီယံက ဘာတွေကြိုးပမ်းနေသလဲဆိုတာကိုလည်း မစ္စ လာဇာရိုက ရှင်းလင်းခဲ့ပြီးဖြစ်ပါတယ်။

နေပြည်တော်က သမ္မတတင်မြှောက်ပွဲမတိုင်ခင် အစောပိုင်းတုန်းကတော့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆတ် ဖုန်ကတ်ကရောင်းဟာ စစ်ကော်မရှင်နိုင်ငံခြားရေး ဝန်ကြီးဦးသန်းဆွေနဲ့ ထိုင်းနိုင်ငံတောင်ပိုင်း အပန်းဖြေကမ်းခြေမြို့ ဖူးခက်မှာ တွေ့ခဲ့ပါတယ်။ အဲဒီတွေ့ဆုံမှုနောက်မှာ ဝန်ကြီးဆီဟာဆတ်ရဲ့ထိုင်းနိုင်ငံအနေနဲ့ မြန်မာနဲ့အာဆီယံကြား ကြားခံတံတားသဖွယ်ကူညီသွားလိုတယ်ဆိုတာမျိုးပါဝင်ပါတယ်။

ထိုင်းအမျိုးသမီးသုတေသနပညာရှင်၊ လက်ထောက် ပါမောက္ခ ဒေါက်တာ ဆူရာချာဏီဟမ္မလီဆီးယိုင်ကတော့ အာဆီယံရဲ့တူညီဆန္ဒ ၅ ချက်ဆိုတာက အာဆီယံအဖွဲ့ တစ်ခုလုံးရဲ့ ဘုံသဘောထားဆိုတာထက် လိုက်လျောမှု concession ပုံစံတစ်မျိုးပဲလို့ သုံးသပ်ပါတယ်။

''အကျပ်အတည်း အခြေအနေတစ်ခုကနေ ရှေ့ဆက်တက်နိုင်ဖို့ရာ သဘောတူညီမှုရလာဖို့လိုက်လျောပေးလိုက်တဲ့ပုံစံပဲ ဖြစ်ပါတယ်။ တကယ်တော့ မြန်မာမှာ စစ်တပ်က အာဏာသိမ်းတဲ့အခါ အာဆီယံထဲမှာ တပြေးညီတဲ့တူညီဆန္ဒတွေ တကယ်တမ်းရှိမနေပါဘူး'' လို့ ဒေါက်တာ ဆူရာချာဏီဟမ္မလီဆီးယိုင်က ပြောပါတယ်။

''ဒီ ၅ ချက်ကိုပဲ မြန်မာ့အရေးဖြေရှင်းရာဖို့ရာ အဓိကရည်ညွှန်းစရာအဖြစ် ကိုးကားနေကြရပါတယ်။ အဲဒီကနေလည်း အရှေ့ဆက် မတက်နိုင်ပဲ ဘုံသဘောထား ၅ ချက်ဆိုတာမှာပဲ ကျွန်မတို့ သောင်တင် နေကြရတာ မဟုတ်လား။'' လို့ သူက ဝေဖန်ပါတယ်။

ဒေါက်တာ ဆူရာချာဏီဟမ္မလီဆီးယိုင်ကတော့ မြန်မာက စစ်ခေါင်းဆောင်တွေကို အာဆီယံ ထိပ်သီးဆွေးနွေးပွဲတွေမှာ ပြန်ဖိတ်ဖို့ဆိုရင် စစ်ခေါင်းဆောင်တွေက ဘာတွေ ဆောင်ရွက်ပြီးပြီလဲဆိုတဲ့အချက်နဲ့ပဲ စတင် ဆန်းစစ်ကြည်ဖို့ လိုတယ်လို့ ယူဆသူ ဖြစ်ပါတယ်။

ဒေါက်တာ ဆီးယိုင်ဟာ အစိုးရပိုင်းဆိုင်ရာကိစ္စတွေနဲ့ ဗျူဟာမြောက် ဆက်သွယ်ရေးကဏ္ဍတွေမှာ အထူးပြုအကြံဥာဏ်တွေ ပေးနေတဲ့ S&I Strategic Advisory အဖွဲ့ကို ပူးတွဲ ထူထောင်သူ တစ်ဦး ဖြစ်ပါတယ်။ ဒါ့အပြင် နေရပ်စွန့်ခွာ ထွက်ပြေးကြရတဲ့ လူနည်းစုတွေကို စာနာမှု အကူအညီတွေ ပေးနေတဲ့ SHADE အဖွဲ့ကိုလည်း ယာယီညွှန်ကြားရေးမှူးအဖြစ် ဦးဆောင်ခဲ့သူ ဖြစ်ပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပဲ သမ္မတအဖြစ်ဦးဆောင်မယ့် အရပ်ဘက်အသွင်ပြောင်းအစိုးရအဖွဲ့ရဲ့ဝန်ကြီးစာရင်း ထွက်ပေါ် ခဲ့ပြီဖြစ်ပါတယ်။ ဧပြီ ၁၀ ရက် ပြည်ထောင်စုလွှတ်တော်မှာ စစ်ခေါင်းဆောင်ဟောင်းဟာ သမ္မတအဖြစ် တင်မြှောက်ခံမှာ ဖြစ်ပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်အဖြစ်ကနေ အရပ်ဘက်သမ္မတအဖြစ်ပြောင်းလဲခဲ့တဲ့နောက်မှာ ထိုင်းနဲ့ ကမ္ဘာဒီးယားတို့လို အာဆီယံထဲက နိုင်ငံတချို့နဲ့ တရုတ်၊ ရုရှားနဲ့ ဘယ်လာရုစ်တို့လို စစ်ခေါင်းဆောင်ကို ကျောထောက်နောက်ခံပြုတဲ့နိုင်ငံတွေကပဲ ဝမ်းမြောက်ကြောင်း သဝဏ်လွှာတွေ ပေးပို့ထားတာ တွေ့ရပါတယ်။

အာဆီယံအဖွဲ့အနေနဲ့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာမပို့ပေမဲ့ ဖိလစ်ပိုင်တစ်နိုင်ငံတည်းရဲ့ သီးခြားရပ်တည်မှုအကြောင်း ဘီဘီစီက မေးတဲ့အခါမှာတော့ ဝန်ကြီးလာဇာရိုက ဒီအပေါ် အလေးအနက်စဥ်းစားသုံးသပ်နေဆဲ ဖြစ်တယ်လို့ အဖြေပေးပါတယ်။

"တစ်ခု ရှိတာက ... အခု အစိုးရသစ်ရဲ့သမ္မတ ကျမ်းကျိန်ပွဲလို့ပဲ ပြောရမလား။ သူတို့ စီစဥ်ထားတဲ့ အခမ်းအနားကို ဖိလစ်ပိုင်နိုင်ငံကို ကိုယ်စားပြုတက်ရောက်ဖို့ ရန်ကုန်မှာရှိတဲ့ဖိလစ်ပိုင်သံရုံးရဲ့တာဝန်ခံကို ဖိတ်ကြား ခံထားရပါတယ်။ တကယ်လို့ ဝမ်းမြောက်ကြောင်းသဝဏ်လွှာပေးမယ်ဆိုရင်လည်း ဝန်ကြီးအဆင့်က လက်မှတ် ထိုးရမှာဖြစ်တဲ့အတွက် ကျွန်မက ဆုံးဖြတ်သွားရမှာပါ။ ကျွန်မပြောခဲ့သလို ဒီကိစ္စအပေါ် အလေးအနေထား သုံးသပ်နေဆဲဖြစ်ပါတယ်" လို့ ဝန်ကြီးက ဆက်ပြီးပြောပါတယ်။

လက်ရှိအချိန်အထိ အာဆီယံအထူးသံအဖြစ် နေပြည်တော်ကို နောက်တကြိမ်သွားဖို့ အစီအစဥ်မရှိသေးဘူးလို့လည်း ဝန်ကြီးက ပြောပါတယ်။

ဒါပေမယ့် ပြောသင့်ဆိုသင့်တဲ့အခြေအနေအနေအထားကို ရောက်လာပြီ ဆိုရင်တော့သူ့ အနေနဲ့ အခု သမ္မတနေရာယူလာသူ စစ်ခေါင်းဆောင်ဟောင်းကို အာဆီယံရဲ့မြန်မာ့အရေးတူညီဆန္ဒ ၅ ချက်အပေါ် အခြေခံပြီး၊ တိုက်ခိုက်မှုတွေ ရပ်တန့်ရေးကို ပထမဆုံးအချက်အနေနဲ့ တိုက်တွန်းသွားမယ်လို့ဆိုပါတယ်။

တဖက်မှာလည်း စစ်ခေါင်းဆောင်ဟောင်းက သမ္မတနေရာယူလိုက်ပြီး အစိုးရအသစ်ဖွဲ့ပေမဲ့ ဝန်ကြီးအဖွဲ့မှာ စစ်ကော်မရှင်က လူဟောင်းတွေနဲ့ စစ်ခေါင်းဆောင်ရဲ့လူယုံ စစ်ဗိုလ်ချုပ်တွေသာဖြစ်နေတယ်လို့ ဝေဖန်ချက်တွေ ရှိနေပါတယ်။

အဲဒီအထဲ လက်ရှိ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ပြန်ကြားရေးဝန်ကြီး၊ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်က ကာကွယ်ရေးဝန်ကြီး၊ တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ဟောင်းဦးတင်မောင်ဆွေက နိုင်ငံခြားရေးဝန်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီးညွန့်ဝင်းဆွေက ပြည်ထဲရေးဝန်ကြီးဆိုပြီး ပါဝင်ပါတယ်။

လက်ရှိတိုင်းရင်းသားလူမျိုး‌ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေး‌မောင်ရဲ့အကို ဦးသန်းမောင် (စစ်တွေ)လည်း တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးအဖြစ် တင်သွင်းခံထားရပါတယ်။

ကြံ့ခိုင်ရေးအမာခံတွေဖြစ်တဲ့ ဦးမောင်မြင့်က ဟိုတယ်ခရီးဝန်ကြီး၊ ဒေါက်တာမောင်သင်းက လူငယ်ရေးရာဝန်ကြီး၊ ဦးခင်မောင်စိုးက အလုပ်သမားဝန်ကြီးအဖြစ် ပါဝင်နေပါတယ်။ ဒီလူစာရင်းတွေအရ စစ်ခေါင်းဆောင်ဟာ ပြီးခဲ့တဲ့ငါးနှစ်အတွင်း သူ သဘောကျသူတွေကို ပြန်ခေါ်ထားတာ တွေ့ရတယ်လို့ နိုင်ငံရေးအကဲခတ်တချို့က ပြောပါတယ်။

''မြင်ရတဲ့ ပုံစံက နဂိုရှိရင်းစွဲထက် ထူးခြားပြီးတော့ ပြောင်းလဲမယ့်အနေအထား မရှိသေးဘူး။လွှတ်တော်ထဲ‌ ရောက်သွားတဲ့ အင်မတန်နည်းတဲ့ အတိုက်အခံလွှတ်တော်ကိုယ်စားလှယ်တွေဘယ်လောက်များ လက်စွမ်းပြနိုင်မလဲ မျှော်လင့်ရတာပေါ့။ ကျန်တဲ့ဟာက ဒီတိုင်း ထူးခြားမယ့်ပုံမပေါ်ဘူး'' လို့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ(NDF) ဒုတိယဥက္ကဋ္ဌဟောင်း၊ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးထက်အောင်ကျော်က ပြောပါတယ်။

အစိုးရကို ထိန်းကျောင်းဖို့ လွှတ်တော်တွေက ဆောင်ရွက်ရမှာဖြစ်ပေမဲ့ လွှတ်တော်ထဲမှာ အတိုက် အခံလုပ်နိုင်တဲ့အင်အားမရှိဘူးလို့ ရှမ်းနဲ့တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ အထွေထွေ အတွင်းရေးမှူး ဦးစောသန်းမြင့်က သူ့အမြင်ကို ပြောပါတယ်။

စစ်ခေါင်းဆောင်ရဲ့ ဝန်ကြီးအသစ်စာရင်းထဲမှာ အပြည်ပြည်ဆိုင်ရာတရားရုံး(အိုင်စီဂျေ) တရားရုံးမှာ အမှုသွားရင်ဆိုင်ခဲ့တဲ့ သမ္မတရုံးဝန်ကြီး ဦးကိုကိုလှိုင်၊ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဒေါက်တာဝါဝါမောင်နဲ့ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းတို့ ပြန်ပါမလာတော့ပါဘူး။