ဒရုန်းနဲ့တိုက်ခိုက်ခံရပြီးနောက် စစ်တပ်က ပြည်ကြီးမဏ္ဍိုင်မြို့မှာ အင်အားတိုးနေ
တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်မြို့မှာ အထိုင်ချထားတဲ့ စစ်တပ်ကို တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ပြီးနောက် ဧပြီ ၃ ရက်နောက်ပိုင်း စစ်တပ်ကအရပ်သားအိမ်တွေမှာ အထိုင်ချထားတယ်လို့ လုံခြုံရေးနဲ့အကြမ်းဖက်နှိမ်နှင်းရေးဌာန (SSTF Drone Force) တပ်ဖွဲ့မှူး ဗိုလ်မော်ကွန်းက ပြောပါတယ်။
လုံခြုံရေးနဲ့အကြမ်းဖက်နှိမ်နှင်းရေးဌာန (SSTF Drone Force) အဖွဲ့ဟာ အမျိုးသားညီညွတ်ရေးအစိုးရ-NUG လက်အောက်ကဖြစ်ပါတယ်။
ပြည်ကြီးမဏ္ဍိုင်မြို့နဲ့ လေညာရွာထဲက နေအိမ် ၅ လုံးမှာ နဲ့ ခရစ်ယာန်ဘာသာရေးကျောင်းတွေမှာ ဖြန့်ကြက်တပ်စွဲ ထားတာလို့ သူက ပြောပါတယ်။
ဒါ့အပြင် ဘုတ်ပြင်းမြို့နယ်လေညာရွာနဲ့ ရတနာပုံရွာကို ချိတ်ဆက်ထားတဲ့ လေညာ- ရတနာပုံလမ်း ပေါ် မိုင်တိုင် ၁ မိုင်ခွဲ နေရာက အိမ် ၁၀ လုံးကျော်၊ ၃ မိုင်က အိမ် ၁၀ ကျော်လောက်မှာ စစ်တပ်က ခံတပ်လုပ်ထားတာတွေလည်း ရှိတယ်လို့ ဗိုလ်မော်ကွန်းက ပြောပါတယ်။
ပြည်ကြီးမဏ္ဍိုင်မြို့ထဲက မီးသတ်စခန်း၊ ရဲစခန်း၊ တောင်ပေါ်ဘုန်းကြီးကျောင်း၊ ဆင်နှစ်ကောင်ဘုန်းကြီးကျောင်းနဲ့ ဘန်းဂလားတာဝါတိုင်တွေမှာ တပ်စွဲထားတဲ့ စစ်တပ်စခန်းနေရာတွေကို SSTF အပါအဝင် တော်လှန်ရေးပူးပေါင်းတပ်တွေက မတ် ၂၂ ရက်ကနေ ဧပြီ ၂ ရက်အထိ ဒရုန်းနဲ့ ဗုံးကြဲခဲ့တယ်လို့ ဘုတ်ပြင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က အစောပိုင်းမှာ သတင်းထုတ်ထားပါတယ်။ ဒီတိုက်ခိုက်မှုတွေအပြီးမှာပဲ စစ်တပ်က တပ်စွဲထားတဲ့အိမ်တွေမှာလည်း အရပ်သားတွေ မနေရဲကြသလို ဘုန်းကြီးကျောင်းတွေကလည်း သံဃာတော်တွေက တခြားနေရာကို ရှောင်ဖယ်လိုက်ရတာတွေလည်း ရှိတယ်လို့ သိရပါတယ်။
ဒ့ါအပြင် လေညာ-ရတနာပုံလမ်းပေါ် မိုင်တိုင် အမှတ် ၁ မှာ တပ်စွဲထားတဲ့ စစ်ကြောင်းက မိုင်တိုင် အမှတ် ၈ ဘက်ကို စစ်ကြောင်းထိုးလာချိန်မှာလည်း တော်လှန်ရေးပူးပေါင်းတပ်တွေ ဒရုန်းနဲ့ဗုံးကြဲခဲ့တာတွေ ရှိတယ်လို့ သိရပါတယ်။
ဒရုန်းနဲ့ဗုံးကြဲတာကြောင့် စစ်တပ်တပ်ဖွဲ့ဝင် အနည်းဆုံး ၁၀ ယောက်ထက်မနည်း သေဆုံးတယ်ဆိုတာကို ပြည်သူ့စစ်တွေ၊ စစ်တပ်နဲ့ နီးစပ်သူတွေကနေတဆင့် သိထားရတယ်လို့လည်း ဗိုလ်မော်ကွန်းက ပြောပါတယ်။
စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေ သေဆုံးမှုနဲ့ပတ်သက်ပြီး အရေအတွက်ကို ဘီဘီစီက သီးခြားအတည်မပြုနိုင်ပါဘူး။
ဘုတ်ပြင်းမြို့နယ် အခြေစိုက် အမှတ် ၁၃ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ရဲ့ လက်အောက်ခံတပ်ရင်းတွေက ပြည်ကြီးမဏ္ဍိုင်မြို့ပေါ်ကို ထိန်းချုပ်ထားတာပါ။
လေညာ-ရတနာပုံလမ်းပိုင်းကို ကရင်လွတ်မြောက်ရေးတပ်(KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ်၊ လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နှင်းရေးဌာန (SSTF Drone Force)နဲ့ ဘုတ်ပြင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ် စတဲ့ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက ထိန်းချုပ်ထားပြီး ပြည်ကြီးမဏ္ဍိုင်မြို့ပေါ်ကိုသာ စစ်တပ်က ထိန်းချုပ်ထားတယ်လို့လည်း သိရပါတယ်။