အမေရိကန်နဲ့ အပစ်ရပ်သဘောတူမှုမှာ အီရန် တောင်းဆိုတဲ့ အချက်တွေက ဘာတွေလဲ

ဖတ်ရန်အချိန်: မိနစ် ၅

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က အီရန်အနေနဲ့ ဟော်မုဇ် ရေလက်ကြားကို အမေရိကန် အရှေ့ဘက်ကမ်း အချိန် အင်္ဂါနေ့ ည ၈း၀၀ နောက်ဆုံးထားပြီး ပြန်ဖွင့်ပေးဖို့ ရာဇသံပေးခဲ့ပြီး တကယ်လို့ အီရန်က ဖွင့်မပေးရင် အီရန်ကို တညတည်းနဲ့ ရှင်းပစ်မယ်၊ အခြေခံအဆောက်အအုံတွေ ဖျက်ဆီးပစ်မယ်လို့ ဆက်လက်ခြိမ်းခြောက်ခဲ့ပါတယ်။

အီရန်ဘက်ကလည်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် အစ္စလ်မေး ဘက်ကာအီက အီရန်ရဲ့ "ဆင်ခြင်နိုင်စွမ်း" က "ကြမ်းကြုတ်တဲ့ အင်အားစု" ကို အောင်နိုင်စေရမယ်လို့ ပြောခဲ့ပါတယ်။

ဒါပေမဲ့ ပါကစ္စတန်ရဲ့ ကြားဝင်ညှိနှိုင်းမှုနဲ့အတူ ရာဇသံပေးထားတဲ့ နောက်ဆုံးသတ်မှတ်ချိန်မတိုင်ခင် အချိန်ပိုင်းအလိုမှာပဲ အမေရိကန်နဲ့ အီရန်တို့ ဟာ နှစ်ပတ်တာ အပစ်အခတ်ရပ်စဲရေးကို သဘောတူခဲ့ကြပါတယ်။

အီရန်က သူတို့နိုင်ငံကို တိုက်ခိုက်တာတွေ ရပ်တန့်ရင် သူတို့အနေနဲ့ နှစ်ပတ်တာ အပစ်အခတ်ရပ်စဲထားမှာ ဖြစ်ပြီး ဟော်မုဇ်ရေလက်ကြားကို လုံခြုံစိတ်ချစွာ ဖြတ်သန်းခွင့်ပြုမယ်လို့ ကြေညာပါတယ်။

သမ္မတထရမ့်ကလည်း သူ အီရန်ဆီက လက်ခံရရှိထားတဲ့ ၁၀ ချက်ပါ အဆိုပြုချက်က "အလုပ်ဖြစ်နိုင်ဖွယ်" ရှိပြီး နှစ်ပတ်အတွင်း သဘောတူညီမှုတွေကို အပြီးသတ်လုပ်ကြမယ်လို့လည်း ဆိုပါတယ်။

အီရန်တို့ တောင်းဆိုထားတဲ့ အချက်တွေက ဘာတွေလဲ

အီရန်တို့ဘက်က ထွက်ပေါ်လာတဲ့ သူတို့ရဲ့ အဆိုပြုချက် ၁၀ ချက်ထဲမှာ အီရန်ကို စစ်ပြုနေတာကို အချိန်အကန့်အသတ်မထားဘဲ အလုံးစုံ ရပ်ဆိုင်းရမှာပါဝင်သလို အီရတ်၊ လက်ဘနွန်၊ ယီမင်တို့မှာ စစ်ပြုတာတွေကိုလည်း လုံးဝ ရပ်စဲဖို့ ထည့်သွင်းထားပါတယ်။

အီရန်ဘက်က ဟော်မုဇ်ရေလက်ကြားကို ပြန်ဖွင့်ပေးမယ်၊ ဒီ ရေလက်ကြားမှာ လွတ်လပ်စွာနဲ့ ဘေးကင်းတဲ့ လမ်းကြောင်းကနေ သွားလာနိုင်ရေးတို့အတွက်လည်း လုပ်ထုံးလုပ်နည်း ရေးဆွဲပြီး သဘောတူညီချက်တွေနဲ့အညီ လုပ်ဆောင်သွားမယ် စသဖြင့် အချက်တွေကို အာမခံထားပါတယ်။

အီရန်အပေါ် ဆန်ရှင်ချ အရေးယူ ပိတ်ဆို့ထားတာတွေကို ပြန်ရုတ်သိမ်းဖို့ လုပ်ဆောင်ရမယ်၊ အမေရိကန်က ထိန်းချုပ်ထားတဲ့ အီရန်ရဲ့ဘဏ္ဍာငွေကြေးဆိုင်ရာ၊ ပိုင်ဆိုင်မှု ဆိုင်ရာတွေကို ပြန်ဖွင့်ပေးရမယ်၊ အီရန်မှာ ပြန်လည်တည်ဆောက်ရေး အတွက် ကုန်ကျစရိတ်တွေကို ပြန်လျော်ပေးရမယ် စတဲ့ အချက်တွေကိုလည်း ဒီအဆိုပြုချက်မှာ တွေ့ရပါတယ်။

အီရန်အနေနဲ့ နျူကလီးယား လက်နက်ပိုင်ဆိုင်ဖို့ မလုပ်ဆောင်ဘူးလို့လည်း ကတိပြုတာ တွေ့ရပါတယ်။

ဒေသတွင်းမှာ ပဋိပက္ခတွေ အလုံးစုံ ရပ်ဆိုင်းကြဖို့ကိုလည်း အဆိုပြုချက်မှာ ထည့်ထားပါတယ်။

ဒီ အချက်တွေသဘောတူပြီဆိုရင် အပစ်အခတ်ရပ်စဲရေးကို ချက်ချင်း လုပ်ဆောင်မယ်လို့လည်း ရေးသားထားပါတယ်။

ဒီအချက်တွေကို အခု သီတင်းပတ် နှစ်ပတ်တာ ကာလမှာ ဆက်ပြီးဆွေးနွေးကြမယ်လို့ နားလည်ရပါတယ်။

ဘာတွေ ဆက်ဖြစ် လာနိုင်လဲ

"နိဂုံးချုပ် သဘောတူညီချက် တခုရအောင် အငြင်းပွားနေကြတဲ့ အချက်တွေကို ထပ်မံဆွေးနွေးကြဖို့အတွက်" ကိုယ်စားလှယ်တွေ အစ္စလာမ်မာဘတ်မြို့မှာ သောကြာနေ့မှာ ဆွေးနွေးနိုင်ဖို့ ဖိတ်ခေါ်ထားတဲ့ အကြောင်း နှစ်ဖက်အကြား ဆွေးနွေးမှုတွေကို ကြားဝင်စေ့စပ်ဆောင်ရွက်ပေးနေတဲ့ ပါကစ္စတန်က ပြောပါတယ်။

အိမ်ဖြူတော် သတင်းပြန်ကြားရေး အတွင်းရေးမှူး ကယ်ရိုလင်း လက်ဗစ်ကလည်း ဆွေးနွေးမှုတွေက ဆက်ရှိနေတယ်လို့ ဆိုပေမဲ့ "သမ္မတက ဖြစ်စေ၊ အိမ်ဖြူတော်က ဖြစ်စေ မကြေညာမချင်း ဘာမှ နောက်ဆုံး အတည်ပြုချက် မဟုတ်ဘူး" လို့ ပြောပါတယ်။

နှစ်ဖက်လုံးက အခုအချိန်မှာ အောင်ပွဲကို သူတို့ရလိုက်ပြီလို့ အသီးသီးပြောနေကြတာနဲ့အတူ လက်တွေ့မှာ ရှေ့ဆက် ဆွေးနွေးမှုတွေ သိပ်ကို ခက်ခဲလိမ့်မယ်လို့ သုံးသပ်ကြပါတယ်။

ကမ္ဘာ့ရေနံကုန်သွယ်ရေးရဲ့ ၂၀ ရာခိုင်နှုန်း ဖြတ်သန်းသွားနေတဲ့ ဟော်မုဇ်ရေလက်ကြားမှာ ကုန်သွယ်သင်္ဘောတွေ လွတ်လပ်စွာ ဘေးကင်းစွာ သွားလာနိုင်စေရမယ်၊ ဒီလိုမှပဲ အပစ်အခတ်ရပ်စဲမှာလို့ အမေရိကန်က ဆိုထားပါတယ်၊ တဖက်မှာ အီရန်က သူတို့အနေနဲ့ ပထဝီ ဆိုင်ရာအချက်အရ ဟော်မုဇ်ရေလက်ကြားအတွင်း ရေကြောင်းသွားလာမှုက သူတို့ရဲ့ ထိန်းချုပ်မှု စည်းမျဉ်းနဲ့ အညီ ရှိစေချင်တာပါ။ ဒါတွေက ခက်ခက်ခဲခဲ ညှိကြရဖို့ ရှိပါတယ်။

အီရန်က သူတို့ရဲ့ ယူရေနီယံ သန့်စင်မှုလုပ်ငန်းတွေကို အီရန်နိုင်ငံထဲမှာ လုပ်တာကို အမေရိကန်က သဘောတူလိုက်ပြီလို့ နိုင်ငံပိုင် မီဒီယာတွေမှာ ဆိုနေပေမဲ့ အီရန်နိုင်ငံထဲမှာ ယူရေနီယံ သန့်စင်တဲ့ လုပ်ငန်းလုပ်တဲ့အပေါ် မလိုလားတဲ့အကြောင်း အမေရိကန်က ပြောထားပါတယ်။

ဒီ အဆိုပြု အချက်တွေထဲမှာ ဒေသတွင်းက အမေရိကန်တပ်တွေ ဆုတ်ခွာဖို့၊ အီရန်အပေါ် ဆန်ရှင်ချ ပိတ်ဆို့အရေးယူထားတာတွေကို ရုတ်သိမ်းဖို့၊ စစ်ကြောင့် အီရန်မှာ ပျက်ဆီးသွားခဲ့တဲ့ အရာတွေအတွက် လျော်ကြေးပေးဖို့ စတာတွေလည်း ပါဝင်တာကြောင့် ဒီ သီတင်းပတ် နှစ် ပတ်တာ ဆွေးနွေးမှုတွေက လွယ်လွယ်ကူကူ အဆင်ချောမယ့် အခြေအနေမှာ မရှိနိုင်ဘူးလို့ သုံးသပ်နေကြပါတယ်။