ရုရှားဓာတ်ခွဲခန်းဝန်ထမ်း သေဆုံးမှု - ပလိပ် ရောဂါလား၊ဘာတွေဖြစ်ခဲ့လဲ

ဓာတ်ပုံ ရင်းမြစ်, Roger Harris/Science Photo Library via Getty Images
- ရေးသားသူ, ဂရစ်ဂေါ အန်တန်နီဆန်
- ရာထူးတာဝန်, ဘီဘီစီသတင်း ရုရှားဘာသာစကားဌာန
- ရေးသားသူ, မာရီယာ ယက်စတက်ဖာယာ
- ရာထူးတာဝန်, BBC Global Disinformation Unit
- ရေးသားခဲ့သည်။
- ဖတ်ရန်အချိန်: မိနစ် ၇
ဆိုက်ဘေးရီးယား က ပလိပ်ရောဂါတိုက်ဖျက်ရေး သုတေသနစင်တာတစ်ခုမှာ အလုပ်လုပ်ခဲ့တဲ့ရုရှားဓာတ်ခွဲခန်း၊ နည်းပညာဝန်ထမ်းတစ်ဦး သေဆုံးမှုက နိုင်ငံတကာရဲ့ စိုးရိမ်ပူပန်မှုတွေကို မြင့်တက်လာစေပါတယ်။
ပြီးတော့ ရှားပါးကူးစက်ရောဂါတစ်မျိုး ဓာတ်ခွဲခန်းကနေ ယိုစိမ့်ထွက်လာပြီလားဆိုတဲ့မှန်းဆ ပြောဆိုတာတွေလည်း ဖြစ်လာစေပါတယ်။
အဲဒီဓာတ်ခွဲခန်း၀န်ထမ်းသေဆုံးမှုဟာ ပလိပ်ရောဂါကြောင့်လို့ဆိုပြီး ရုရှားအာဏာပိုင်တွေက အစောပိုင်းမှာ ပြောခဲ့ပါတယ်။ ဒေသတွင်း လွတ်လပ်တဲ့သတင်းမီဒီယာတွေကလည်း အလားတူ သတင်းဖော်ပြနေပေမဲ့ အခုတော့ ဓာတ်ခွဲ၀န်ထမ်းသေဆုံးမှုနဲ့ ပလိပ်ရောဂါ ဆက်နွှယ်မှုမရှိဘူးလို့ ရုရှားအာဏာပိုင်တွေက ပြောပါတယ်။
ဆိုတော့ အဲဒီဓာတ်ခွဲခန်း၀န်ထမ်း အမျိုးသမီး ဘာဖြစ်ခဲ့တာလဲ၊ လူတွေ စိုးရိမ်သင့်လား။
ဒီဖြစ်ရပ်အကြောင်း သိထားရသမျှ

ဓာတ်ပုံ ရင်းမြစ်, Reuters
ဆိုက်ဘေးရီးယားနဲ့ အရှေ့ဖျားဒေသ ပလိပ်ရောဂါတိုက်ဖျက်ရေးအင်စတီကျူမှာ အလုပ်လုပ်ခဲ့တဲ့ အသက် ၂၈ နှစ်အရွယ် ဒါရီယာ ရှီပီလိုဗာဟာ စက်တင်ဘာလနှောင်းပိုင်းမှာ ဆေးရုံတက်ရပါတယ်။
သုံးရက်အကြာမှာတော့ ဒေသမြို့တော် အီယယ်ခုစ်ခ်မြို့အပြင်ဘက်က ရှဲလက်ခ်လော့ဗ်မြို့မှာ သူ သေဆုံးခဲ့ပါတယ်။ သတင်းတွေအရ ဒီသေဆုံးမှုဟာ အောက်တိုဘာ ၂ ရက်မှာ ဖြစ်ခဲ့တာလို့ဆိုပေမဲ့ ဒီအချက်ကို ဘီဘီစီ အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
ဆေးရုံကို သီးခြားကန့်သတ်စောင့်ကြည့်မှု ပြုလုပ်ခဲ့ပြီး ဒေသခံ အလူမီနီယံစက်ရုံတစ်ရုံဟာ နှာခေါင်းစည်းမျက်နှာဖုံးတပ်ဖို့ ကျင့်သုံးခဲ့ပြီး အီယယ်ခုစ်ခ်မြို့မှာလည်း လူစုလူ၀ေး အခမ်းအနားတွေကို ဖျက်သိမ်းခိုင်းထားပါတယ်။
သောကြာနေ့တုန်းကတော့ ဒေန္တရအုပ်ချုပ်ရေးမှူး အစ်ဂေါ ဘီဇော့က ရုရှားရဲ့ သန့်ရှင်းရေးဆိုင်ရာဆရာဝန်ဟာ "သံသယဖြစ်စရာအလွန်အန္တရာယ်ရှိတဲ့ကူးစက်မှုတစ်ခု" ကို စုံစမ်းစစ်ဆေးဖို့ အီယယ်ခုစ်ခ်မြို့ကို ရောက်လာပြီး ရှီပီလိုဗာနဲ့ ထိတွေ့မှုရှိခဲ့သူတွေကို အာဏာပိုင်တွေက စောင့်ကြည့်နေတယ်လို့ ပြောပါတယ်။
လူ ၁၉၇ ဦးကို ဆေးဘက်ဆိုင်ရာစောင့်ကြည့်မှုအောက်မှာ ထားရှိနေတယ်လို့ Izvestia သတင်းစာက ရေးပါတယ်။
အဲဒီတစ်နေ့တည်းမှာပဲ အိမ်နီးချင်း ဘူရာတီယာ ဒေသအုပ်ချုပ်ရေးမှူးက အဲဒီဓာတ်ခွဲခန်းဝန်ထမ်းဟာ ပလိပ်ရောဂါကြောင့် သေဆုံးခဲ့တာလို့ ပြောပါတယ်။
ဒါကြောင့်ပဲ ပလိပ်ရောဂါတိုက်ဖျက်ရေးအင်စတီကျူက ရောဂါပိုး ယိုစိမ့်လွတ်ထွက်မှု ဖြစ်နိုင်ခြေနဲ့ပတ်သက်တဲ့မှန်းဆချက်တွေ ထွက်ပေါ်လာခဲ့ပါတယ်။ သေဆုံးသူ သုတေသီဟာ စမ်းသပ်ပြွန်တစ်ခု ကျိုးပဲ့မှုဖြစ်ပြီးတဲ့နောက်မှာ ဖျားနာခဲ့တယ်လို့ ဒေသခံသတင်းထောက်တစ်ဦးရဲ့ အတည်မပြုနိုင်သေးသောဖော်ပြချက်လည်းရှိနေပါတယ်။
ဇာတ်လမ်းဘယ်လိုပြောင်းလဲ

ဓာတ်ပုံ ရင်းမြစ်, AFP via Getty Images
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ရုရှားနိုင်ငံရဲ့ စားသုံးသူအခွင့်အရေးကာကွယ်ရေးနဲ့ ပြည်သူ့ကျန်းမာရေး စောင့်ကြည့်ရေးအေဂျင်စီ Rospotrebnadzor (ရော့စ်ပိုထရက်ဘ်နာ့ဇော) က အရင်က သတင်းထွက်ထားတဲ့ "ပလိပ်ရောဂါ ဖြစ်နိုင်တယ်" ဆိုတဲ့ ပြောဆိုချက်တွေကို ပြန်လည်ပြင်ဆင်ဖို့ ကြိုးစားခဲ့ပါတယ်။
ဒီတစ်ပတ်မှာတော့ အဲဒီဓာတ်ခွဲခန်းဝန်ထမ်းဟာ အမည်မဖော်ပြထားတဲ့သူ ဖြစ်ပြီး၊ အကြောင်းရင်းမသိရသေးတဲ့ အဆုတ်ရောင်ရောဂါ နဲ့ သေဆုံးခဲ့တာလို့ Rospotrebnadzor က ပြောပါတယ်။ ထို့အပြင် စမ်းသပ်စစ်ဆေးမှုတွေအရ သူ့ရဲ့အလုပ်နဲ့ ဆက်စပ်တဲ့ ဘယ်လို microorganisms (ရောဂါပိုးမွှား) မှ မတွေ့ရှိခဲ့ဘူးလို့ ဆိုပါတယ်။
အဲဒီကြေညာချက်ထွက်ပြီးနောက်မှာ အစိုးရယိမ်းဖက်ဒရယ်သတင်းဌာနတစ်ခုက ပလိပ်ရောဂါဖြစ်နိုင်တယ်လို့ ဖော်ပြထားတဲ့ post ၅ ခုကို ဖျက်လိုက်ပါတယ်။
Baikalsk (ဘိုင်ကယ်လ်စခ်) မြို့အာဏာပိုင်တွေကလည်း ပလိပ်ရောဂါ ကူးစက်မှု ဖြစ်နိုင်တာကြောင့် Shelekhov (ရှဲလက်ခ်လော့ဗ် ) မြို့ကို ခရီးမသွားဖို့ အကြံပြုထားတဲ့ သတိပေးစာကို ဖျက်လိုက်ပါတယ်။
ဒါက အစောပိုင်းတုန်းက "ပလိပ်ရောဂါ ဖြစ်နိုင်တယ်" ဆိုတဲ့ အချက်တွေ ထွက်လာခဲ့ပေမယ့် နောက်ပိုင်း အာဏာပိုင်တွေက "အဆုတ်ရောင်ရောဂါပဲ၊ ပလိပ်နဲ့ဆက်စပ်တဲ့ ရောဂါပိုး မတွေ့ဘူး" လို့ ပြန်ပြောင်းပြောလာတာဖြစ်ပါတယ်။

အာဏာပိုင်တွေက အခြေအနေကို လျော့ပါးပြီး မပြင်းထန်သလို ထင်ရအောင် သတင်းစကားတွေကို ညှိနှိုင်းပြောဆိုနေကြပုံရတဲ့အချိန်မှာ၊ လွတ်လပ်တဲ့ ဒေသတွင်းသတင်းဝက်ဘ်ဆိုက် People of Baikal (ပီပယ်လ် အော့ဖ် ဘိုင်ကယ်လ်) က သူတို့ရဲ့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး Irkutsk (အာကူ့တ်စ်ခ်) မြို့မှာရှိတဲ့ ဆေးရုံ အနည်းဆုံး ၄ ခုကို သုံးပတ်ကြာ ကွာရန်တင်း ချထားပြီး ပိတ်ထားတယ် လို့ ဖော်ပြခဲ့ပါတယ်။
ဒါပေမဲ့ ဒီအချက်ကိုတော့ အာဏာပိုင်တွေက တရားဝင် အတည်ပြုထားခြင်း မရှိသေးပါဘူး။
တစ်ချိန်တည်းမှာပဲ ဘီဘီစီရုရှားဌာန က သိရှိရတာက အာကူ့တ်စ်ခ် ပလိပ်ရောဂါတိုက်ဖျက်ရေးဌာန ဟာ အခုလ အောက်တိုဘာလနှောင်းပိုင်းမှာ နိုင်ငံတကာ ပလိပ်ရောဂါထိန်းချုပ်ရေး ညီလာခံ တစ်ခု ကျင်းပဖို့ စီစဉ်ထားပါတယ်။
အဲဒီညီလာခံမှာ တရုတ်၊ မွန်ဂိုလီးယားနဲ့ ဆိုဗီယက်ပြည်ထောင်စုဟောင်းက နိုင်ငံအချို့က သိပ္ပံပညာရှင်တွေ တက်ရောက်ဖို့ ရှိပါတယ်။ ဘီဘီစီ ကလည်း ဒီညီလာခံကို စီစဉ်ထားတဲ့အတိုင်း ကျင်းပမှာ ဟုတ်၊ မဟုတ် အတည်ပြုဖို့ အဲဒီဌာနကို ဆက်သွယ်ထားပါတယ်။
ပလိပ်ရောဂါဆိုတာ

ဓာတ်ပုံ ရင်းမြစ်, Centers for Disease Control and Prevention/Getty Images
ပလိပ်ရောဂါပိုး ဟာ ၁၄ ရာစုအတွင်း ဥရောပလူဦးရေရဲ့ ထက်ဝက်အထိ သေဆုံးစေခဲ့ပြီး အဲဒီအချိန်က Black Death ကပ်ဘေးလို့ လူသိများခဲ့ပါတယ်။ ဒီပိုးဟာ တိရစ္ဆာန်တွေမှာ ဖြစ်ပွားတဲ့ ရောဂါဖြစ်ပြီး Oceania ဒေသကလွဲလို့ ကမ္ဘာ့တိုက်ကြီးအားလုံးမှာ တွေ့ရပါတယ်။
ရုရှားနိုင်ငံ ဗူရီယာတီးယား ဒေသမှာရှိတဲ့ မြေခွေးကြွက်မျိုးတွေလို ကြွက်မျိုးနွယ်ဝင် တိရစ္ဆာန်တွေမှာလည်း တွေ့ရပါတယ်။
လူတွေဟာ ခွေးလှေးလို(အင်းစက်ပိုးမွှား) ကိုက်ခံရတာ၊ ရောဂါရှိသူ ဒါမှမဟုတ် တိရစ္ဆာန်တွေရဲ့ ခန္ဓာကိုယ်အရည်တွေနဲ့ ထိတွေ့တာ၊ ရောဂါပိုးကပ်ငြိနေတဲ့ ပစ္စည်းတွေနဲ့ ထိတွေ့တာနဲ့ အသက်ရှူလမ်းကြောင်းက ထွက်လာတဲ့ အမှုန်အမွှားတွေကို ရှူရှိုက်မိတာတွေကနေ ပလိပ်ရောဂါ ကူးစက်နိုင်ပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)ရဲ့ အဆိုအရ အဆုတ်ပလိပ်ရောဂါ ရဲ့ ရောဂါပိုးဝင်ပြီး ရောဂါလက္ခဏာပေါ်လာတဲ့အထိ ကြာချိန်ဟာ အလွန်တိုတောင်းပြီး တစ်ခါတလေ ၂၄ နာရီလောက်ပဲ ကြာနိုင်ပါတယ်။ စောစောစီးစီး ရောဂါရှာဖွေပြီး ကုသမှုမခံယူရင် အသက်ဆုံးရှုံးနိုင်ပါတယ်။
လက္ခဏာတွေထဲမှာ အသက်ရှူမဝတာ၊ ချောင်းဆိုးတာတွေပါဝင်ပြီး တစ်ခါတလေ သွေးစွန်းနေတဲ့ သလိပ်ထွက်နိုင်ပါတယ်။
ဒါပေမဲ့ အဲဒီဓာတ်ခွဲခန်းဝန်ထမ်း ဘာကြောင့်သေဆုံးခဲ့တာပဲဖြစ်ဖြစ် ပလိပ်ရောဂါ အကြီးအကျယ်ကူးစက်ပျံ့နှံ့မယ့် အန္တရာယ်က နည်းပါတယ်လို့ ရုရှားသိပ္ပံသတင်းထောက် အီရီနာ ယာကူတင်ကို က ပြောပါတယ်။ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ ပလိပ်ရောဂါ အကြီးအကျယ်ဖြစ်ပွားမှုကို ဆက်လက်ဖြစ်ပေါ်စေနိုင်တဲ့ လိုအပ်တဲ့ အခြေအနေတွေ မရှိတော့တာကြောင့်လို့ ဆိုပါတယ်။
သူက ဘီဘီစီရုရှား podcast ကို ပြောရာမှာ"အခြေခံပဋိဇီဝဆေးတွေက ပလိပ်ရောဂါကို ထိရောက်စွာ ကုသနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီရောဂါဟာ အခုအချိန်မှာ အလွန်ရှားပါးပြီး ဆေးယဉ်ပါးမှု ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်လာဖို့ အခွင့်အရေး မရခဲ့တာကြောင့်ပါ" လို့ ဆိုပါတယ်။
နိုင်ငံတကာက ဘယ်လိုတုံ့ပြန်နေကြသလဲ

ဓာတ်ပုံ ရင်းမြစ်, AFP/Getty Images
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဒီအခြေအနေကို အကဲဖြတ်ပြီး နိုင်ငံတကာ ပြည်သူ့ကျန်းမာရေးအပေါ် သက်ရောက်မှုတွေကို သိရှိနိုင်ဖို့ ရုရှားအာဏာပိုင်တွေနဲ့ ဆက်သွယ်ထားတယ်လို့ WHO ပြောခွင့်ရပုဂ္ဂိုလ်က Politico သတင်းဌာနကို ပြောပါတယ်။
ဥရောပကူးစက်ရောဂါ စောင့်ကြည့်ရေးအဖွဲ့ ECDC ရဲ့ ကျွမ်းကျင်သူတွေလည်း အခြေအနေကို စောင့်ကြည့်နေတယ်လို့ ဥရောပကော်မရှင် ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။
ရုရှားမှာ ပလိပ်ရောဂါ ဖြစ်နိုင်တဲ့အခြေအနေကို အမေရိကန်က "အလေးအနက် စောင့်ကြည့်နေတယ်" လို့ သမ္မတ ဒေါ်နယ်ထရမ့်က တနင်္လာနေ့မှာ ပြောပါတယ်။ ရောဂါကူးစက်မှု ဖြစ်ပွားလာရင် ထိန်းချုပ်နိုင်ဖို့ အမေရိကန်က ကူညီပေးဖို့ အသင့်ရှိတယ်လို့လည်း သူက ပြောပေမယ့် ဒီကိစ္စနဲ့ပတ်သက်ပြီး ရုရှားအစိုးရနဲ့ ဆွေးနွေးထားခြင်း မရှိသေးဘူးလို့ ဆိုပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုကလည်း အလားတူ ပြောကြားခဲ့ပါတယ်။
"ရုရှားအနေနဲ့ ပွင့်လင်းမြင်သာမှုရှိရှိ ဆောင်ရွက်ပြီး ကမ္ဘာတစ်ဝန်းကို သတင်းအချက်အလက်တွေ ပိုမိုမျှဝေပေးဖို့ တိုက်တွန်းပါတယ်။ ဒါမှသာ ကျွန်တော်တို့အားလုံး အခြေအနေနဲ့အညီ သင့်တော်စွာ တုံ့ပြန်နိုင်မှာ ဖြစ်ပါတယ်" လို့ အိုက်စလန်နိုင်ငံ ရေယာဗစ်ခ်မြို့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ရူဘီယိုက ပြောပါတယ်။
အင်္ဂါနေ့မှာတော့ ရုရှားသမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ဒီမစ်ထရီ ပက်စ်ကော့ဗ်က ထရမ့်ရဲ့ ကူညီပေးမယ်ဆိုတဲ့ ကမ်းလှမ်းချက်ကို ကြိုဆိုခဲ့ပါတယ်။
"အကူအညီပေးမယ်လို့ ကမ်းလှမ်းတာက အမြဲတမ်း ကောင်းတဲ့အရာပါ" လို့ ပက်စ်ကော့ဗ်က ဘီဘီစီရုရှားဌာန အယ်ဒီတာ စတိဗ် ရိုဇန်ဘာ့ဂ်ကို ပြောပါတယ်။
ဒါပေမဲ့ အာကူ့တ်စ်ခ်ဒေသမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး တရားဝင်ထုတ်ပြန်ထားတဲ့ သတင်းအချက်အလက်တွေကိုသာ ယုံကြည်သင့်တယ်လို့လည်း သူက ပြောပါတယ်။
အွန်လိုင်းပေါ်မှာ ဘယ်လိုပြောဆိုချက်တွေ ထွက်ပေါ်နေသလဲ

ဓာတ်ပုံ ရင်းမြစ်, Smith Collection/Gado/Getty Images
ရုရှားနိုင်ငံအတွင်းနဲ့ နိုင်ငံတကာအွန်လိုင်းပေါ်မှာ တစ်ခုနဲ့တစ်ခု မတူညီတဲ့ သတင်းနဲ့ ပြောဆိုချက်တွေ ပျံ့နှံ့နေပါတယ်။
ဘီဘီစီက ဒုတိယမြောက် လူနာတစ်ဦး သေဆုံးခဲ့တယ်ဆိုတဲ့ အတည်မပြုနိုင်သေးတဲ့ သတင်းတွေကို မျှဝေနေတဲ့ Instagram အကောင့် အနည်းဆုံး ၅ ခုကို တွေ့ရှိခဲ့ပါတယ်။ အဲဒီအကောင့်တွေမှာ စုစုပေါင်း follower ၁၆၉,၀၀၀ နီးပါး ရှိပြီး ရုရှားဘာသာနဲ့ အလားတူစာသားတွေကို တင်ခဲ့ကြပါတယ်။ အဲဒီစာတွေမှာ ဒါရီးယာ ရှီပီလိုဗာ ရဲ့ လုပ်ဖော်ကိုင်ဖက်လို့ ဖော်ပြထားတဲ့ ဗစ်တာ နက်ကလိုနန်နီဆိုသူလည်း သေဆုံးခဲ့တယ် လို့ ဆိုထားပါတယ်။
ရုရှားနိုင်ငံရဲ့ Rospotrebnadzor အဖွဲ့နဲ့ နီးစပ်သူတစ်ဦးကတော့ အဲဒီသတင်းကို အတည်မပြုခဲ့ပါဘူး။ ဘီဘီစီ ကလည်း အဲဒီ အဖွဲ့ကို တိုက်ရိုက် ဆက်သွယ်ပြီး မှတ်ချက်တောင်းထားပါတယ်။ ဆိုက်ဘေးရီးယားနဲ့ အရှေ့ဖျားဒေသ ပလိပ်ရောဂါတိုက်ဖျက်ရေးဌာန ကတော့ မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့ပါတယ်။
အတည်မပြုနိုင်သေးတဲ့ အဲဒီသတင်းတွေကို နောက်ပိုင်းမှာ ဗြိတိန်နိုင်ငံက Daily Mail အပါအဝင် နိုင်ငံတကာ မီဒီယာတချို့ကလည်း ဖော်ပြခဲ့ကြပါတယ်။ Daily Mail ကတော့ အချက်အလက်တွေကို ရုရှားနိုင်ငံက "ဒေသတွင်းမီဒီယာတွေ"ကို ကိုးကားပြီး ဖော်ပြခဲ့တာ ဖြစ်ပါတယ်။
အဲဒီပို့စ်တွေကြောင့် အွန်လိုင်းမှာ တုံ့ပြန်မှုတွေ ရောထွေးခဲ့ပါတယ်။ တချို့က ပြည်သူ့ကျန်းမာရေးဆိုင်ရာ အစီအမံတွေနဲ့ပတ်သက်ပြီး စိုးရိမ်ကြောင်း ပြောကြပေမယ့် တချို့ကတော့ အဲဒီအကောင့်တွေဟာသတင်းမှားတွေ ဖြန့်နေတယ် လို့ စွပ်စွဲကြပါတယ်။
X ပေါ်မှာလည်း အတည်မပြုနိုင်သေးတဲ့ ပြောဆိုချက် အမျိုးမျိုး ကို တွေ့ရှိခဲ့ပြီး တချို့ဟာ ကြည့်ရှုမှု သန်းနဲ့ချီ ရရှိထားပါတယ်။ ဘလော့ဂါ တစ်ဦးက သူ့သူငယ်ချင်းဆီက ရုရှားနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ စိန့်ပီတာစဘတ်ကို မကြာခင် lockdown ချတော့မယ်ဆိုတဲ့ သတင်းရထားတယ်လို့ ရေးသားခဲ့ပါတယ်။ အဲဒီပို့စ်ကို ကြည့်ရှုသူ ၆ သန်းကျော် ရှိခဲ့ပါတယ်။
ဒါပေမဲ့ စိန့်ပီတာစဘတ် အာဏာပိုင်တွေ ဒါမှမဟုတ် မီဒီယာတွေက မြို့ထဲမှာ ပလိပ်ရောဂါဖြစ်ပွားနေတဲ့ ဖြစ်စဉ် ဒါမှမဟုတ် lockdown ချနိုင်ခြေရှိတယ်ဆိုတာကို ဖော်ပြထားတာမရှိပါဘူး။
အခြားပို့စ်တစ်ခုမှာတော့ အသုံးပြုသူတစ်ဦးက "ရုရှားဓာတ်ခွဲခန်းကနေ မကြာသေးခင်က ထွက်ပေါ်လာတဲ့ အဆုတ်ပလိပ်ရောဂါဟာ ကိုဗစ်ထက် အဆ ၁၀၀ လောက် ပိုပြီး သေစေနိုင်တယ်"လို့ ရေးသားခဲ့ပါတယ်။ အဲဒီပို့စ်ကို ကြည့်ရှုသူ ၁၁.၃ သန်းရှိခဲ့ပါတယ်။
ဒါပေမဲ့ ပလိပ်ရောဂါဟာ ကုသမှုမခံယူဘဲထားရင် ပိုမိုအန္တရာယ်ရှိနိုင်ပေမယ့် ပဋိဇီဝဆေးတွေနဲ့ ထိန်းချုပ်ကုသနိုင်တာကြောင့် ကိုဗစ်-၁၉ လိုမျိုး လူအများအပြား သေဆုံးစေနိုင်ဖို့ မဖြစ်နိုင်ပါဘူး။
























