မလေးရှားမှာ သောင်တင်ခဲ့သူတွေ မြန်မာခရီးဆုံးပြီလား

ဗီဒီယို ပုံစာ, မလေးရှားပြန် ဒုက္ခသည်တွေနဲ့ ဘီဘီစီ တွေ့ဆုံ
ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၅

မလေးရှားက ထိန်းသိမ်းရေးစခန်းတွေထဲ လနဲ့ချီ နေခဲ့ရတဲ့ မြန်မာဒုက္ခသည်တွေထဲက ပထမဆုံး တစ်သုတ် အောက်တိုဘာ ၄ ရက်မှာ ပြန်ရောက်လာခဲ့ကြပါတယ်။ အဲဒီ ပထမသုတ်ထဲမှာ မြန်မာဒုက္ခသည် ၁၄၇၆ ဦး ပါဝင်ပြီး အားလုံးဟာ မလေးရှားနိုင်ငံတဝန်းက လူဝင်မှုထိန်းသိမ်းရေးစခန်းတွေကနေ ပြန်လာရသူတွေ ဖြစ်ပါတယ်။

အနေအစားဆင်းရဲပြီး ချို့တဲ့ကျပ်တည်းစွာ နေခဲ့ရတဲ့ထိန်းသိမ်းရေးစခန်းတွေကို စွန့်ခွာပြီး ပြန်ရောက်လာခဲ့ပေမဲ့ သူတို့အိမ်ပြန်ခရီးက မပြီးဆုံးသေးပါဘူး။

အဲဒီထဲမှာ ဒေါ်ခင်ဝင်း တစ်ယောက်လည်းပါဝင်ပါတယ်။ ဒေါ်ခင်ဝင်းဟာ အခုနှစ် နှစ်ဆန်းပိုင်းမှာ မလေးရှား နိုင်ငံကို တရားမဝင် အောက်လမ်းကနေ သွားရောက်ခဲ့ပါတယ်။

ရခိုင်ပြည်နယ်ကနေ ကော့သောင်း၊ ကော့သောင်းကနေ ထိုင်းနိုင်ငံကို ကုန်းလမ်းကနေ အဆင့်ဆင့် သွားရောက်ခဲ့ပြီး မလေးရှားနိုင်ငံကို ဝင်ရောက်ဖို့ ကြိုးစားချိန် လမ်းမှာ အဖမ်းခံခဲ့ရပါတယ်။

"လမ်းမှာ ထိုင်းက ပို့လာပြီး ကော့သောင်းနားမှာ မလေးက လာကြိုမှာလို့ ပြောပါတယ်။ အဲဒီမှာ လူတွေကို ဒီလို လမ်းဘေးတစ်ခုမှာ ထားပါတယ်။ မလေးက ကားသမား လာကြိုတာ ထင်ပါတယ်။ သူက 'ဒီကိုလာ၊ ဒီကိုလာ' ဆိုတာနဲ့ အကုန်လုံး လိုက်သွားတာ။ အဲဒါ ရဲမှန်းလည်း မသိပါဘူး။ ကားပေါ် ရောက်မှ သိပါတယ်။ လက်ထိပ်တွေ ခတ်လို့။ မြန်မာလူမျိုးတွေ အများကြီးပဲ"လို့ ဒေါ်ခင်ဝင်းက ပြောပါတယ်။

ဒေါ်ခင်ဝင်းဟာ မလေးရှားနိုင်ငံက စစ်ဆေးရေးစခန်းတစ်ခုမှာ ၁၇ ရက်ကြာနေခဲ့ရပြီးနောက် အချုပ်ခန်း တစ်ခုဆီ ပို့ခံလိုက်ရပါတယ်။ အချုပ်ခန်းကနေ ထောင်ထဲကို ပို့လိုက်ပြီး ထောင်ထဲမှာ ၃ လနဲ့ ၁၀ ရက် နေခဲ့ရပါတယ်။

မလေးရှားကနေ ရန်ကုန်ကို ပြန်ရောက်လာတဲ့ သူတွေကို ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်မှာ သန်လျင်ရေတပ်စခန်းကနေ ဘတ်စ်ကားတွေနဲ့ ခေါ်လာတဲ့မြင်ကွင်း၊ ဘတ်စ်ကားဘေးမှာ မြန်မာရေတပ်သားတစ်ဦး မတ်တပ်ရပ်နေတာလည်းမြင်ရ

ထောင်ဒဏ် ရက်စေ့ပြီးတဲ့နောက်လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်းဆီ ပို့ခံခဲ့ရပါတယ်။ အဲဒီစခန်းတွေမှာ သူ့လို မြန်မာလူမျိုးတွေ အများကြီးနဲ့တွေ့ခဲ့ရပါတယ်။

"ထမင်း၊ ဟင်းတွေ ကျွေးတော့လည်း ဟင်းတွေက မကျက်ဘူး။ သွေးတရဲရဲနဲ့... ငါးတွေကလည်း...။ ရေလုံပြုတ်ပဲ စားရတယ်။ ကျန်းမာရေးကတော့ နေမကောင်းလည်း ဆေးလည်း မထိုးရဘူး" လို့ ဒေါ်ခင်ဝင်းက ဘီဘီစီကို ပြောပါတယ်။

သူနေခဲ့ရတဲ့ထိန်းသိမ်းရေးစခန်းမှာဆို မိန်းကလေး ၅၀ ကျော်ရှိပြီး အများစုက ရိုဟင်ဂျာတွေလို့ ပြောပါတယ်။

"ကိုယ့်အခန်းမှာ မိန်းကလေးက ၅၀ ကျော် ထားပါတယ်။ ရိုဟင်ဂျာက ၃၀ ကျော် ရှိတယ်။ မြန်မာက ၁၀ ကျော်ပဲ။ ယောက်ျားလေးတွေကတော့အများကြီးပဲ။" လို့ ဆိုပါတယ်။

၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်တုန်းက နေရာပြန်ချဖို့ ဓမ္မာရုံလို့ ယူဆရတဲ့အဆောက်အဦတစ်ခုအောက် ပုဆိုးနဲ့ တီရှပ်အင်္ကျီ၀တ် အမျိုးသားတွေ အတန်း ၂ တန်းနဲ့ တန်းစီ ထိုင်နေကြ။ အယောက် ၂၀ ခန့်ရှိတဲ့အမျိုးသားတွေ ကင်မရာ တစ်ဖက်တစ်ချပ်စီကို ကြည့်နေကြပီး သူတို့နောက်မှာ ရဲ ၁၀ ယောက်ခန့် မတ်တပ်ရပ်ပြီးအချင်းချင်းစကားပြောနေကြ။ အစိမ်းရောင်ကြမ်းခင်းပေါ်မှာ သူတို့ ထိုင်နေကြ

မြန်မာနိုင်ငံကို ပြန်ရပြီလို့ သိရတဲ့အခိုက် အရမ်းဝမ်းသာခဲ့ရပြီး ပြန်မယ့်လူစာရင်းထဲ မပါဝင်သူတွေကတော့ ငိုကြတယ်လို့ ဒေါ်ခင်ဝင်းက ပြောပါတယ်။

"မပါတဲ့လူက ငိုတယ်လေ။ စောင့်ရတာလည်း ကြာပြီ။ စားရတာကလည်း ရေလုံပြုတ်။ စားဖို့ ဒီလို ဖွင့်ကြည့်လိုက်ရင် သွေးတရဲရဲနဲ့ မကျက်ဘူး။ မနက်ကြက်ပြုတ်ဆိုရင် ညနေ ငါးပြုတ်။ ကျန်းမာရေး မကောင်းလည်း ဆေးလည်း ထိုးလို့ မရဘူး"လို့ ဆိုပါတယ်။

ခုတော့ ဒေါ်ခင်ဝင်း မြန်မာပြည်ပြန်ရောက်လာပေမဲ့ သူ့ဇာတိ မင်းပြားမှာ ပဋိပက္ခတွေနဲ့ စစ်ပွဲတွေ ဆက်ပြီး ပြင်းထန်နေပါတယ်။ ဒါကြောင့် လောလောဆယ်တော့ ချွေးမနဲ့ ရန်ကုန်မှာ ဆက်နေဖို့ စီစဥ်ထားပါတယ်။

မလေးရှားကနေ မြန်မာကို အခုနှစ် ဇန်နဝါရီကစပြီး ရေကြောင်းလေကြောင်းတွေနဲ့ ပြန်ပို့တဲ့မြန်မာနိုင်ငံသားဟာ တစ်သောင်း ကျော်ရှိတယ်လို့ မလေးရှားဝန်ကြီးချုပ် အန်နဝါ အီဗရာဟင်က ပြောပါတယ်။

မြန်မာစစ်တပ်က ရေတပ်သင်္ဘော ၂ စင်းနဲ့ မြန်မာတွေကို သွားခေါ်ခဲ့
ဓာတ်ပုံ ပုံစာ, မြန်မာစစ်တပ်က ရေတပ်သင်္ဘော ၂ စင်းနဲ့ မြန်မာတွေကို သွားခေါ်ခဲ့
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဒီတစ်သောင်းကျော်ထဲမှာ ရိုဟင်ဂျာတစ်ယောက်မှ မပါဘူးလို့ ဝန်ကြီးချုပ်က ပြောသလို ဘီဘီစီက ပြန်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေနဲ့ စကားပြောကြည့်တဲ့အခါ အခု တစ်ခေါက်ပြန်လာသူတွေထဲ ရိုဟင်ဂျာမပါဝင်ဘူးလို့ ပြောကြပါတယ်။

ပြန်ပို့ခံရသူ အများစုဟာ တရားမဝင်နေထိုင်တာ၊ မလေးရှားကို တရားမဝင် ဝင်ရောက်တာနဲ့ နေထိုင်ခွင့် သက်တမ်းလွန်တာ စတဲ့ လူဝင်မှု ကြီးကြပ်ရေးဥပဒေချိုးဖောက်မှုတွေကြောင့် မလေးရှားမှာ ထောင်ဒဏ် ကျခံခဲ့ရပြီး ပြစ်ဒဏ်စေ့တဲ့နောက် ထိန်းသိမ်းရေးစခန်းတွေ ဆီပို့ဆောင်ခံထားရသူ တွေဖြစ်ပါတယ်။ အဲဒီစခန်းမျိုးက မလေးရှားနိုင်ငံတဝန်း ၁၄ ခုရှိပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ်က ကိုကျော်ကျော်နိုင်ကတော့ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့က တရုတ်စားသောက်ဆိုင်တစ်ဆိုင်မှာ အလုပ်လုပ်နေတုန်း ဒီနှစ်ဆန်းပိုင်းမှာ အော်ပရာစီ (မလေးရှားအာဏာပိုင်တွေမကြာခဏ ပြုလုပ်တဲ့ တရားမဝင်နေထိုင်သူတွေဖမ်းဆီးမှု စစ်ဆင်ရေး) နဲ့ အဖမ်းခံခဲ့ရပါတယ်။ ထိန်းသိမ်းရေး စခန်းထဲမှာ ၇ လ နေခဲ့ရပါတယ်။ သူက မလေးရှားကိုတရားဝင် လာရောက်ခဲ့ပေမဲ့ သက်တမ်းကျော်လွန်နေတာကြောင့်ဖမ်းဆီးခံခဲ့ရတာပါ။ ထိန်းသိမ်းရေးစခန်းမှာ နေထိုင်ရချိန်တုန်းက မလေးရှားရဲတွေရိုက်တာခံခဲ့ရတယ်လို့ပြောပါတယ်။

ကျန်းမာရေးမကောင်းလို့ ဆေးကုသပေးဖို့ ပြောရင်လည်း မစီစဥ်ပေးဘူးလို့ သူက ပြောပါတယ်။

''နေမကောင်းလို့ ဆေးပေးရရင် ငါတို့မှာ ပိုက်ဆံဘယ်လောက်ကုန်လဲ သိလားဆိုပြီး မကြည်ဖြူကြဘူး''လို့ ကိုကျော်ကျော်နိုင်က ပြောပါတယ်။ ဆပ်ပြာတစ်တုံးကို နှစ်လ သုံးခိုင်း ကြောင်းလည်း သူက ပြောပါတယ်။

အဲဒီထိန်းသိမ်းရေးစခန်းတွေမှာ မြန်မာနဲ့ ဘဂ်လားဒေ့ရှ်ကနေ တရားမဝင် ဝင်ရောက်လာတဲ့ ရိုဟင်ဂျာတွေရော မြန်မာကလာတဲ့ တိုင်းရင်းသားပေါင်းစုံ ရှိနေတယ်လို့ ထိန်းသိမ်းရေးစခန်းက ပြန်လာခဲ့သူတွေကပြောပါတယ်။ မြန်မာတိုင်းရင်းသားတွေနဲ့ ရိုဟင်ဂျာတွေကြားမှာ ရန်ပွဲတွေ မကြာခဏ ဖြစ်ပွားလေ့ရှိပြီး အင်အားနည်းတဲ့သူက ပိုပြီး ခံကြရတယ်လို့ ကိုကျော်ကျော်နိုင်က ပြောပါတယ်။

မကြာခင် ဦးမင်းအောင်လှိုင် မလေးရှားကို လာဖို့ရှိတယ်လို့ မလေးရှား ၀န်ကြီးချုပ် အန်၀ါ အေဘရာဟင်က ပြောပါတယ်။ ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၆ ရက်မှာ
ဓာတ်ပုံ ပုံစာ, ရိုဟင်ဂျာတွေကို ပြန်ခေါ်ရေး ဦးမင်းအောင်လှိုင်နဲ့ ဆွေးနွေးမယ်လို့ မလေးရှား၀န်ကြီးချုပ်ပြော

"တစ်ခါတလေလည်း ရန်ဖြစ်တယ်ဆိုရင် မြန်မာတွေကပဲ သည်းခံပြီး နေနေရတာ။ စကားများပြီဆိုရင် ရိုဟင်ဂျာများရင် ကျွန်တော်တို့ သည်းခံပြီးတော့ နေနေရတယ်။ တခုခု ရန်ဖြစ်ရင်လည်း အင်အားနည်းတဲ့ သူက ခံရတာ။ ရှိတဲ့ မလေးရှားရဲတွေက ဒီတိုင်းပဲ ကြည့်နေတာ"

ဆင်းရဲပင်ပန်းစွာနေခဲ့ရလို့ အိမ်ပြန်ချင်တဲ့အကြောင်းမလေးရှားရဲကို ကိုကျော်ကျော်နိုင်သွားပြောပါတယ်။ လာခေါ်တဲ့သူရှိမှသာ ပြန်ရမယ်လို့ တုံ့ပြန်ခဲ့တာကြောင့် သူစိတ်ဓာတ်ကျခဲ့ရပါတယ်။

မလေးရှားက ထိန်းသိမ်းရေးစခန်းတွေမှာ ရေပုံမှန် မချိုးရတာနဲ့ ကျန်းမာရေး မကောင်းပေမဲ့ စောင့်ရှောက်မှု ပုံမှန် မရဘူးလို့ မလေးရှားက ပြန်လာတဲ့ မြန်မာ ဒုက္ခသည်တွေက ပြောပါတယ်။

ထိန်းသိမ်းရေးစခန်းမှာလည်း ရိုဟင်ဂျာတွေ အပါအဝင် ကျန်တဲ့ ကချင်၊ ကယား၊ ကရင်၊ ချင်း စတဲ့ တိုင်းရင်းသားပေါင်းစုံ ရှိတယ်လို့ သိရပြီး သူတို့ကို လာခေါ်ထုတ်မယ့်သူတွေကို စောင့်မျှော်နေကြ တယ်လို့ သိရပါတယ်။

အခုနှစ်နိုင်ငံ အစီအစဥ်နဲ့ ပြန်ခေါ်တဲ့အခါမှာ လူဝင်မှု ထိန်းသိမ်းရေးစခန်းတွေထဲ ရောက်နေကြတဲ့ မြန်မာ နိုင်ငံသားတွေစာရင်းကို မလေးရှားအစိုးရက မြန်မာကို အရင်ပို့ပါတယ်။ မြန်မာဘက်က စိစစ် ပြီးသူတွေကိုပဲ ပြန်လက်ခံတာပါ။ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်ဘက်က ရောက်လာကြသူ ရိုဟင်ဂျာတွေ လည်း စခန်းတွေထဲမှာ အများကြီးရှိနေသေးပြီး သူတို့ကတော့ အခုပြန်ပို့တဲ့ အစီအစဥ်ထဲ ပါမလာကြသေးဘူးလို့ စခန်းမှာနေခဲ့သူတွေက ပြောပါတယ်။

ကိုကျော်ကျော်နိုင်ကတော့ မိသားစုနဲ့ အခုချိန်ထိ အဆက်အသွယ် မရသေးပါဘူး။ ဘီဘီစီကို ရုပ်သံ အင်တာဗျူး ပေးတဲ့အခါမှာ ရခိုင်ပြည်နယ်က သူ့ ဆွေမျိုးတစ်ယောက်ယောက် မြင်စေချင်တယ်လို့ ပြောပါတယ်။

လက်ရှိ ရခိုင်ပြည်နယ်မှာ လက်ရှိ တိုက်ပွဲတွေ ပြင်းထန်နေလို့ နေရပ်အထိ ပြန်လိုကြပေ လတ် တလော အခြေအနေအရ ရန်ကုန်မှာပဲ ဆက်နေဦးမယ်လို့ ဘီဘီစီက မေးမြန်းခွင့် ရခဲ့တဲ့ ရခိုင်နဲ့ ချင်းတိုင်းရင်းသားတစ်ချို့က ပြောပါတယ်။

ရန်ကုန်ကို ရောက်လာတဲ့ ရခိုင်တိုင်းရင်းသား အများစုကို သူတို့ မည်သူမည်ဝါ ဖြစ်ကြောင်း သက်သေခံလက်မှတ် (UID)ကတ် ထုတ်ပေးတာ၊ ကျန်းမာရေး စစ်ဆေးမှုတွေ လုပ်ပေးတာတွေ သက် ဆိုင်ရာဘက်က ပြုလုပ်ပေးနေပါတယ်။

လူတစ်ထောင်ကျော်ကို ရန်ကုန်က လှိုင်သာယာ၊ ရွှေပြည်သာ၊ သန်လျင်၊ ဒေါပုံ၊ မရမ်းကုန်း MCC စတဲ့နေရာ ၁၄ ခုမှာ ယာယီနေရာချထားပါတယ်။ အဲဒီထဲက မန္တလေးနဲ့ မွန်အပါအဝင် တိုင်းနဲ့ပြည်နယ်အာဏာပိုင်တွေဆီ ပြန်လွှဲပို့ဆောင်ပေးတာတွေလည်းရှိနေပါတယ်။ ဒီလူတွေအားလုံးကို မိသားစုဆီ ပြန်ပို့မယ်လို့ ပြောထား ပေမဲ့ နောက်ဆက်တွဲအခြေအနေကိုတော့ အောက်တိုဘာ ၆ ရက်နေ့အထိ သေချာမသိရသေးပါဘူး။

ဘီဘီစီနဲ့စကားပြောခဲ့သူအများစုကတော့မလေးရှားထိန်းသိမ်းရေးစခန်းတွေမှာ ဆိုးဆိုးရွားရွား နေထိုင်ခဲ့ရလို့ ခုပြည်တော်ပြန်ရတာကိုစိတ်သက်သာရာရနေကြပါတယ်။ တစ်ဖက်မှာလည်း "ပြည်တွင်းစစ်နဲ့ လက်နက် ကိုင်ပဋိပက္ခဖြစ်နေတဲ့မြန်မာမှာ စစ်သားလိုအပ်ချက် မြင့်မားနေလို့ စစ်မှုထမ်းရနိုင်တဲ့ အန္တရယ်တွေကို လူ့အခွင့်အရေးအဖွဲ့တွေကသတိပေးနေကြပါတယ်။

နောက်ထပ် လူပေါင်း ၃ ထောင်ကျော်ကိုလည်း မလေးရှားက ဆက်တိုက်ပြန်ပို့ဖို့စီစဥ်နေပါတယ်။ အခု ဒီအောက်တိုဘာလ ၇ ရက်နေ့မှာ နေပြည်တော်သမ္မတ ဦးမင်းအောင်လှိုင်ကို မလေးရှား အစိုးရက ကွာလာလမ်ပူမြို့ကို ဖိတ်ကြားထားပါတယ်။

အခုလိုဖိတ်ကြားရတာဟာ မလေးရှားမှာရှိနေတဲ့ ရို ဟင်ဂျာ အပါအဝင် မြန်မာ ဒုက္ခသည် ၂ သိန်း နေရပ် ပြန်ရေးဆွေးနွေးဖို့ ဆိုတဲ့ အဓိက အချက် ပါဝင်တယ်လို့ မလေးရှားဝန်ကြီးချုပ် အန်နဝါ အီဗရာဟင်က ပြောထားပါတယ်။

မလေးရှားရဲ့ မြန်မာဒုက္ခသည်တွေနေရပ်ပြန်ပို့ရေး အစီအစဥ်ကို လူ့အခွင့်အရေး အဖွဲ့တွေက အကြီး အကျယ် ကန့်ကွက်နေပြီး ဒီအစီအစဥ်ကိုရပ်ဆိုင်းဖို့ တိုက်တွန်းထားပါတယ်။ မလေးရှား ဝန်ကြီးချုပ်ကတော့ ခုလို ဒုက္ခသည်တွေကို သူတို့နေရင်းနိုင်ငံဆီပြန့်ပို့တာနဲ့ ပတ်သက်ပြီး မလေး ရှားကို အပြစ်ဖို့နေတာ မတရားဘူးလို့ ပြောထားပါတယ်။