အောက်တိုဘာ ၁၁ ရက်သတင်းများအနှစ်ချုပ် - ပေါက်တောကို စစ်တပ်ဗုံးကြဲမှု လူ ၇ ဦးသေဆုံး

ဓာတ်ပုံ ရင်းမြစ်, ပေးပို့
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်ထဲက ဆင်အိုင်ကျေးရွာကို စစ်တပ်က မနေ့ညပိုင်းမှာ ဗုံးကြဲခဲ့တာကြောင့် အမျိုးသမီးနဲ့ ကလေးငယ်အပါအ၀င် ၇ ဦးသေဆုံးတယ်လို့ ဒေသအခြေစိုက် အာရက္ခမင်းသမီးမီဒီယာ(APM) က သတင်းဖော်ပြပါတယ်။
သေဆုံးသူတွေထဲ အမျိုးသမီး ၅ ဦးနဲ့ အမျိုးသား ၂ ဦးဖြစ်တယ်လို့လည်း ဆိုပါတယ်။
စစ်တပ်ရဲ့မနေ့ညနေပိုင်း ဗုံးကြဲမှုမှာ ဗုံးကျည်စမှန်တဲ့ ဒဏ်ရာတွေအပါအ၀င် ဒဏ်ရာရသူ ၁၇ ဦးရှိတယ်လို့လည်း သိရပါတယ်။
''မနေ့ ညနေ ၆ နာရီခွဲမှာ ဗုံးကြဲလို့ သေဆုံးသူ မွတ်စလင် ၃ ဦးလည်း ပါ၀င်ပါတယ်။ တိုက်ပွဲဖြစ်တဲ့နေရာ မဟုတ်ဘဲ ဗုံးကြဲသွားတာဖြစ်ပါတယ်။ သေဆုံးသူတွေဟာ အရပ်သားတွေချည်းပါပဲ'' လို့ မြေပြင်အခြေအနေ သိရှိသူလည်း ဖြစ်သလို ရခိုင်မှာ လူသားချင်းစာနာမှု အကူအညီပေးနေသူလည်းဖြစ်တဲ့ စာရေးဆရာ ၀ေဟင်အောင်က ပြောပါတယ်။
အာရက္ခမင်းသမီး မီဒီယာကတော့ သေဆုံးသူ မွတ်ဆလင် ၃ ဦးဟာ အနောက်ရဲ မွတ်ဆလင် ဒုက္ခသည်စခန်းနဲ့ ကျောက်ဖြူ မွတ်ဆလင်ဒုက္ခသည်စခန်းတို့က ဖြစ်တယ်လို့ ဆိုပါတယ်။
ဒဏ်ရာရသူတွေထဲ စိုးရိမ်ရတဲ့သူတွေလည်း ပါ၀င်တယ်လို့ သိရပါတယ်။
စစ်တွေ တစ်ဖက်ကမ်းက ပေါက်တောမြို့နယ်မှာ အာရက္ခတပ်တော်(အေအေ)နဲ့ စစ်တပ်တို့ တိုက်ပွဲဖြစ်နေချိန်မှာပဲ အခုလေကြောင်းတိုက်ခိုက်မှု ထွက်ပေါ်လာတာပါ။

စစ်တွေနဲ့ ပေါက်တောမြို့နယ်ကြားက ငပြီကျွန်းမှာ စစ်တပ်နဲ့ အေအေတို့ တိုက်ပွဲ ဆက်ရှိနေပြီး အဲဒီ တိုက်ပွဲဟာ သီတင်းတစ်ပတ်နီးပါးထဲ ၀င်လာပြီဖြစ်ပါတယ်။
အဲဒီတိုက်ပွဲအတွင်း စစ်တပ်က လေကြောင်းသုံးတာနဲ့ စစ်တွေမြို့ထဲကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေလုပ်နေတယ်လို့်လည်း အခြေအနေသိရှိသူက ပြောပါတယ်။
စစ်တပ်ထောက်ခံတဲ့တယ်လီဂရမ်တွေမှာတော့ ငပြီကျွန်းကို စစ်တပ်က သိမ်းလိုက်ပြီလို့ ရေးသားနေကြပါတယ်။ ဒါပေမဲ့ ဒီအချက်ကို ဘီဘီစီ အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
ရေတပ်အခြေစိုက်စခန်းလည်းရှိတဲ့ စစ်တွေမြို့ရဲ့ တစ်ဖက်ကမ်းမှာရှိတဲ့ ငပြီကျွန်းကို စစ်တပ်က ကြည်း ရေ လေ ထိုးစစ်အသွင် တိုက်ခိုက်နေတယ်လို့ သတင်းရင်းမြစ်တွေက အစောပိုင်းကတည်းက ပြောပါတယ်။
ရခိုင်ပြည်နယ်ထဲ မြို့နယ်အများစုကို အာရက္ခတပ်တော်(အေအေ)က ထိန်းချုပ်ထားပြီး မြို့တော်စစ်တွေ၊ တရုတ်စီမံကိန်းရှိတဲ့ ကျောက်ဖြူနဲ့ မာန်အောင်မြို့နယ်တို့ကိုပဲ စစ်တပ်က ထိန်းချုပ်ထားတာဖြစ်ပါတယ်။
တရုတ်စီမံကိန်းနဲ့ အထူးစီးပွားရေးဇုန်ဆောက်ဖို့ လျာထားတဲ့ ကျောက်ဖြူမြို့နယ်မှာလည်း ရမ်းဗြဲမြို့နယ်နဲ့ ကပ်လျက်ဘက်အခြမ်းက အေအေ ထိန်းချုပ် ကျေးရွာတွေကို စစ်တပ်က ပြန်သိမ်းဖို့ ကြိုးပမ်းနေတာကြောင့် တိုက်ပွဲ ဆက်ရှိနေပါတယ်။
မြန်အောင်က မမြဆည် တမံဘောင်ပြိုကျနိုင်တဲ့အန္တရာယ်ကြောင့် ရွာ ၁၃ ရွာ ထပ်ရွှေ့ရ

ဓာတ်ပုံ ရင်းမြစ်, မြန်မာမြို့နယ်ပြန်ကြားရေး
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်က မမြ ဆည်ရဲ့တမံမှာ မြေသားပြိုကျမှုကို ပြင်ဆင်နေပေမဲ့ အန္တရာယ်ဆက်ရှိနိုင်တာကြောင့် မရွေးကုန်းနဲ့ လက်ပံကွင်းကျေးရွာအုပ်စုထဲပါ၀င်တဲ့ကျေးရွာ ၁၃ ရွာက ဒေသခံတွေ ဒီနေ့ မနက်မှာ ထပ်မံ ရွှေ့ပြောင်းထားရတယ်လို့ အကူအညီပေးနေတဲ့ပရဟိတအဖွဲ့နဲ့ မြန်အောင်မြို့နယ်ခံတချို့ ပြောပါတယ်။
"ပြင်နေကြပေမဲ့ မိုးရွာလိုက်တာနဲ့ ဆည်ပြိုနိုင်တဲ့အန္တရာယ်ရှိလို့ ဆည်အောက်က ရွာမှန်သမျှ တိုင်းအစိုးရက ထပ်ရွှေ့ခိုင်းတာ၊ ရှောင်ရတဲ့သူတွေလည်း သယ်လို့ရသလောက်ပဲ သယ်ခဲ့ကြရတာပေါ့"လို့ ရေဘေးကြိုတင်ရှောင်နေရတဲ့ မြန်အောင်နယ်ခံ ရဟန်းတပါးက မိန့် ပါတယ်။
မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနကလည်း အောက်တိုဘာအတွင်း ဧရာဝတီတိုင်းမှာ မိုးရွာသွန်းမှု ဆက်ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
ဒီနေ့ အောက်တိုဘာ ၁၁ ရက် မနက်ပိုင်းမှာတော့ မိုးမရွာသေးပေမဲ့ မိုးထပ်ရွာလာရင် ဆည်ရဲ့မြေသားတမံ အခြေအနေ ပိုဆိုးလာနိုင်မလားဆိုတဲ့ စိုးရိမ်မှုတွေရှိနေကြတာပါ။
ဆည်အောက်က ထောင်နဲ့ချီတဲ့ ရေဘေးရှောင်သူတွေအတွက် ရေနံချက်၊ ရွာသစ်ကုန်း၊ ဥယျာဉ်ကျင်း၊ ဆီခြံ စတဲ့ ကုန်းမြင့်ပိုင်းက ကျေးရွာတွေမှာ ကယ်ဆယ်ရေးစခန်း ၄ ခု ဖွင့်ထားတယ်လို့ သိရပါတယ်။
လက်ရှိအချိန်မှာ ရွှေ့ပြောင်းကြဖို့ ပရဟိတအဖွဲ့တွေက ကူညီနေသလို ဆည်ပြိုလာရင် ကူညီကယ်ဆယ်ရေးလုပ်ဆောင်ဖို့ စက်လှေတွေလည်း ပြင်ဆင်နေတယ်လို့ မြန်အောင်လူမှုကူညီမှုအသင်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
မမြဆည်မှာ အောက်တိုဘာ ၇ ရက်ကစပြီး တမံထိပ်ပိုင်း အက်ကြောင်းတွေ ပေါ်လာခဲ့သလို အောက်တိုဘာ ၉ ရက်ညမှာလည်း တာဘောင်စောင်း ထပ်လျှောကျမှု ဖြစ်ပွားခဲ့တယ်လို့ မြို့နယ် ပြန်ကြားရေးဌာနက အောက်တိုဘာ ၁၀ ရက်မှာ ထုတ်ပြန်ပါတယ်။
ဆည်အပေါ် ရေဖိအားလျှော့ချနိုင်ဖို့ ရေမျက်နှာပြင်ကို ၁၀ ပေခန့် လျှော့ချဖို့ အရေးပေါ် ရေပိုလွှဲကနေ ရေတွေ ထုတ်လွှတ်နေပြီး အဲဒီရေတွေက ရေဝါချောင်း၊ မမြချောင်းတို့ကိုဖြတ်ကာ ငဝန်မြစ်ထဲ စီးဆင်းသွားမှာဖြစ်တယ်လို့ နေ့စဉ်ထုတ် သတင်းစာကနေ နေပြည်တော်က ထုတ်ပြန်ထားပါတယ်။
ဆည်အတွင်းရေဝန်အားကို လျှော့ချဖို့အတွက် သရက်ချောင်း ချောင်းထဲကို အရံရေပိုလွှဲတာတွေကနေ ဖောက်ချနေတာဖြစ်တယ်လို့လည်း နယ်ခံတစ်ဦးက ပြောပါတယ်။
အခုတော့ ဆည်ကနေ ဖောက်ချလိုက်တဲ့ရေတွေကြောင့် တုတ်ကွင်းရွာ ချောင်းဘေးတလျှောက်က စပါးခင်းတွေ၊ ပဲခင်းတွေတော့ ရေလွှမ်းနေပြီလို့လည်း နယ်ခံက ပြောပါတယ်။
လက်ရှိအချိန်အထိ မမြဆည်မှာ မြေသားလျှောကျထားတဲ့နေရာတွေကို ခိုင်ခံ့အောင် စက်ယန္တရားတွေနဲ့ အရေးပေါ် ပြုပြင်ရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ မြန်အောင်ပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ကျဥ်းတွေကို လွှတ်ပေးရေး သစ်ပင်စိုက်လှုပ်ရှားမှု နယူးယောက်မှာ ပြုလုပ်

ဓာတ်ပုံ ရင်းမြစ်, Kyaw Soe Latt
ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဥ်းသားတွေ လွတ်မြောက်ရေး ရည်ရွယ်ပြီး Free Her လှုပ်ရှားမှု တစ်စိတ်တစ်ပိုင်းအနေနဲ့ သစ်ပင်စိုက်လှုပ်ရှားတာကို အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့မှာ ပြီးခဲ့တဲ့နာရီပိုင်းက ပြုလုပ်သွားပါတယ်။
နယူးယောက်မြို့၊ စတာတန်ကျွန်းပေါ်မှာရှိတဲ့ ၀စ်လိုဘရွတ်ပန်းခြံထဲက စုအတွက် မျှော်လင့်ခြင်းသစ်တော(Hope For Suu Forest) နာမည်ပေးထားတဲ့နေရာမှာ သစ်ပင် ၈၂ ပင်ကို စိုက်ပျိုးခဲ့ကြတာပါ။
အဲဒီသစ်ပင်စိုက်လှုပ်ရှားမှုကို မြန်မာနိုင်ငံဆိုင်ရာ ကုလသံအမတ် ဦးကျော်မိုးထွန်းလည်း တက်ရောက်ပါတယ်။
"ဒီလှုပ်ရှားမှုက သဘာဝပတ်ဝန်းကျင်ကို အကျိုးပြုပြီး ကမ္ဘာကြီးအတွက်လည်း အကျိုးရှိစေမယ့် Environmental Stewardship activities မျိုး စုပေါင်းပြီး လုပ်ကြတာပါ" လို့ သစ်ပင်စိုက်ရာမှာပါဝင်ခဲ့ကြသူတွေက ပြောပါတယ်။
အခုသစ်ပင်စိုက် လှုပ်ရှားတာကို နယူးယောက်မြို့ မြန်မာအသိုက်အ၀န်း(NYCBC)က စီစဥ်ခဲ့တာဖြစ်ပါတယ်။ ပြည်နယ်ရဲ့ မြို့တော်ပန်းခြံဌာန(City Park Department)မှာ တရားဝင်လျှောက်ထားပြီး ခွင့်ပြုချက်အရ ပြုလုပ်ခဲ့တာလို့ သိရပါတယ်။
DEMU အမြန်ရထားတွေနဲ့တိုက်မိလို့ နှစ်လကျော်အတွင်း သေဆုံးသူ ၈ ဦးရှိ

ဓာတ်ပုံ ရင်းမြစ်, တောင်ငူသတင်းစာမျက်နှာ
ရန်ကုန်၊ မန္တလေး၊ ပဲခူးနဲ့ မွန်တို့ကိုပြေးဆွဲတဲ့ DEMU ရထားတိုက်မှု ဖြစ်စဥ်တွေအတွင်း ပြီးခဲ့တဲ့နှစ်လကျော်ကာလမှာ သေဆုံးသူ အနည်းဆုံး လူ ၈ ဦးအထိရှိနေတယ်လို့ စုစည်းထားတဲ့အချက်အလက်တွေအရ သိရပါတယ်။
မနေ့ကလည်း ပဲခူးတိုင်းထဲက ကညွတ်ကွင်းမြို့အနီးမှာ သံလမ်းကိုဖြတ်ကူးတဲ့သားအမိ ၂ ဦး ရထားတိုက်မိလို့ မိခင်က သေဆုံးပြီး ၃ နှစ်အရွယ် သားဖြစ်သူက ဒဏ်ရာရခဲ့ပါတယ်။
ရန်ကုန်ကနေ နေပြည်တော်ဘက်ကို မောင်းနှင်လာတဲ့ အမှတ် ၃၁ အဆန် DEMU ရထားဟာ ကညွှတ်ကွင်းမြို့ ပေါက်ပင်တံတားအနီးမှာ လမ်းဖြတ်ကူးတဲ့သားအမိနှစ်ဦးနဲ့ တိုက်မိခဲ့တာလို့ ကညွှတ်ကွင်းရဲတပ်ဖွဲ့နဲ့နီးစပ်သူက ဘီဘီစီကို ပြောပါတယ်။
"ရထား အမြန်နှုန်းကို မသိတာပါ ။ အရင် ရထားတွေလိုပဲ ယူဆထားကြတာ။DEMU ရထားနဲ့ပတ်သက်ပြီး ပညာပေးလုပ်ဆောင်တာတော့ မကြားမိဘူး ခင်ဗျာ့" လို့လည်း မြန်နှုန်းမြင့်တဲ့ DEMU ရထားတွေရဲ့ အန္တရာယ်ကို မသိရှိသူတွေ ရှိနေတဲ့အခြေအနေကို သူက ပြောပါတယ်။
အခုတော့ ရထားတိုက်မှုမှာ သေဆုံးတဲ့အမျိုးသမီးကို မီးရထားပို့ဆောင်ရေးလုပ်ငန်း ဥပဒေပုဒ်မ- ၈၅ နဲ့ ကညွှတ်ကွင်းနယ်မြေရဲစခန်းက အရေးယူထားတယ်လို့လည်း သိရပါတယ်။
ဒီမတိုင်ခင် အောက်တိုဘာ ၆ ရက်မှာလည်း မွန်ပြည်နယ်၊ ပေါင်-သဲဖြူကုန်း ရထားလမ်းပိုင်းမှာ အမှတ် ၈၃ DEMU ရန်ကုန်-မော်လမြိုင် ရထားဖြတ်ချိန် သံလမ်းပေါ် ရောက်နေတဲ့ အမျိုးသားတစ်ဦးကို ကြိတ်မိခဲ့လို့ အဲဒီအမျိုးသား သေဆုံးခဲ့ပါတယ်။
ဒါ့အပြင် စက်တင်ဘာ ၁၄ ရက်က ပဲခူးတိုင်းထဲမှာပဲ ပြွန်တန်ဆာနဲ့ ဒိုက်ဦး ဘူတာကြားက ရထားလမ်းကူးတစ်ခုမှာ DEMU အမြန်ရထားနဲ့ ထွန်စက်တိုက်မိလို့ ထွန်စက်ပေါ်ပါတဲ့လူ နှစ်ဦး နေရာမှာတင် သေဆုံးခဲ့ပါတယ်။
အဲဒီမတိုင်ခင် တစ်ရက်တုန်းကတော့ ရန်ကုန်-မန္တလေး မီးရထားလမ်းပိုင်းမှာ အရပ်သုံး ရထားဖြတ်လမ်းကိုဖြတ်တဲ့ ဘေးတွဲဆိုင်ကယ်နဲ့ အမှတ် ၅ DEMU အမြန်ရထားတို့ တိုက်မိလို့ သံဃာတော်တစ်ပါးနဲ့ ကိုရင်တစ်ပါး ပျံလွန်တော်မူခဲ့ပါတယ်။
ဩဂုတ် ၁ ရက်တုန်းကတော့ ဘုရားကြီးမြို့မှာ ရထားသံလမ်းပေါ်ရောက်နေတဲ့အသက် ၂ နှစ်အရွယ် ကလေးငယ်တစ်ဦးကို အမှတ် ၆ အစုန် DEMU ရထားက တိုက်မိလို့ ကလေးငယ် သေဆုံးခဲ့ပါတယ်။
ဩဂုတ်လဆန်းကနေ အောက်တိုဘာလအထိဖြစ်ခဲ့တဲ့ ဒီဖြစ်စဉ်တွေကိုကြည့်ရင် လူသေဆုံးမှုအများစုဟာ တရားမဝင် ရထားလမ်းဖြတ်ကူးရာနေရာတွေမှာ ဖြစ်နေတာကို တွေ့ရပါတယ်။
ရန်ကုန်တိုင်းအစိုးရနဲ့ မြန်မာ့မီးရထားကတော့ ဒီလိုမတော်တဆမှုတွေ ဆက်တိုက်ဖြစ်လာနေတဲ့အတွက် ရထားဖြတ်ကူးလမ်းလို့ မသတ်မှတ်ထားတဲ့နေရာတွေကို ပိတ်သိမ်းပြီး မပိတ်နိုင်တဲ့နေရာတွေမှာ ဂိတ်စနစ်တွေ တပ်ဆင်သွားမယ်လို့ပြောထားပါတယ်။
မြန်မာမှာ ယာဉ်မတော်တဆမှုကြောင့် ခြောက်လအတွင်း လူ ၉၃၂ ဦး သေဆုံး

ဓာတ်ပုံ ရင်းမြစ်, မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန
မြန်မာနိုင်ငံမှာ ၂၀၂၆ ခုနှစ် ပထမခြောက်လအတွင်း နိုင်ငံတဝန်း ယာဉ်တိုက်မှုအပါအဝင် ယာဉ်မတော်တဆမှုတွေကြောင့် လူ ၉၃၂ ဦး သေဆုံးခဲ့တယ်လို့ နေပြည်တော်က ထုတ်ပြန်တဲ့အချက်အလက်တွေအရ သိရပါတယ်။
လူဦးရေနဲ့ ယာဉ်စီးရေများတဲ့ စီးပွားရေးမြို့တော် ရန်ကုန်မှာ ယာဉ်တိုက်မှုကြောင့် သေဆုံးသူနဲ့ ဒဏ်ရာရသူ အရေအတွက် အများဆုံးဖြစ်ခဲ့ပါတယ်။
ရန်ကုန်မှာ အခုနှစ် ပထမခြောက်လအတွင်း ယာဉ်တိုက်မှု ၂၅၅ မှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၁၂၅ ဦးနဲ့ ဒဏ်ရာရသူ ၃၆၃ ဦး ရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် တစ်နှစ်လုံးမှာတော့ ရန်ကုန်မှာ ယာဉ်တိုက်မှု ၈၀၀ ကျော် ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၃၈၀ ကျော် ရှိခဲ့ပါတယ်။
ဒီအချက်အလက်တွေအရ အခုနှစ် ပထမခြောက်လအတွင်း ရန်ကုန်မှာ ယာဉ်တိုက်မှုကြောင့် သေဆုံးသူအရေအတွက်ဟာ ပြီးခဲ့တဲ့နှစ် တစ်နှစ်လုံးက သေဆုံးသူအရေအတွက်ရဲ့ သုံးပုံတစ်ပုံနီးပါး ရှိနေပါတယ်။
ယာဉ်မတော်တဆမှုတွေ လျှော့ချနိုင်ဖို့ ဆိုပြီး ရန်ကုန်တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီက အောက်တိုဘာ ၁၂ ရက်ကစပြီး သတ်မှတ်ထားတဲ့ နေရာတွေကနေ လမ်းမကူးသူတွေကို အရေးယူတော့မယ်လို့ သတင်းစာကတစ်ဆင့် အသိပေးထားပါတယ်။
ယာဉ်စည်းကမ်းထိန်းသိမ်းကြီးကြပ်ရေးအဖွဲ့ရဲ့ အချက်အလက်တွေအရ မြန်မာနိုင်ငံမှာ ယာဉ်မတော်တဆမှုတွေကြောင့် နှစ်စဉ် ပျမ်းမျှ လူ ၂,၄၀၀ ကျော်ကနေ ၃,၀၀၀ နီးပါးအထိ သေဆုံးနေကြပါတယ်။
ဆော်ဒီက ရီယတ်လေဆိပ် တိုက်ခိုက်ခံရမှု ၁၂ ဦးသေဆုံး

ဓာတ်ပုံ ရင်းမြစ်, Reuters
ဆော်ဒီအာရေးဗျနိုင်ငံ မြို့တော် ရီယတ်မှာရှိတဲ့လေဆိပ်တစ်ခု စနေနေ့တုန်းက တိုက်ခိုက်ခံရလို့ လူ ၁၂ ဦးထက်မနည်း သေဆုံးပြီး ၃၀၉ ဦး ဒဏ်ရာရခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ ယီမင်နိုင်ငံက ဟူသီအဖွဲ့က ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း အလားတူတိုက်ခိုက်တာတွေ လုပ်ခဲ့တဲ့အကြောင်း ပြောခဲ့အပြီးမှာ အခုဖြစ်ရပ်ထွက်ပေါ်လာတာပါ။
သေဆုံးသူတွေထဲမှာ ဆော်ဒီနိုင်ငံသား ၄ ဦး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၂ ဦး၊ အမေရိကန်၊ ဂျော်ဒန်၊ ပါလက်စတိုင်း၊ ဆီးရီးယား၊ ဆူဒန်နဲ့ အီဂျစ် နိုင်ငံသား တစ်ဦးစီ ပါဝင်တယ်လို့ ဆော်ဒီမြို့ပြလေကြောင်းအာဏာပိုင်အဖွဲ့က ပြောပါတယ်။
တိုက်ခိုက်မှုနောက်ပိုင်း ရီယတ်မြို့က ခါလစ်ဘုရင် အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ယာယီပိတ်ထားလိုက်ပါတယ်။
ဟူသီအဖွဲ့က လုပ်ဆောင်ခဲ့တာလို့ စွပ်စွဲထားတဲ့ ဒီတိုက်ခိုက်မှုကို "စစ်ရာဇဝတ်မှု" လို့ သတ်မှတ်ပြီး တုံ့ပြန်သွားမယ်လို့ ဆော်ဒီဦးဆောင်တဲ့စစ်ရေးမဟာမိတ်အဖွဲ့က ပြောပါတယ်။
ယီမင်နိုင်ငံမှာ ဆော်ဒီထောက်ခံတဲ့ အစိုးရတပ်တွေနဲ့ နိုင်ငံအများစုကို ထိန်းချုပ်ထားတဲ့ ဟူသီအဖွဲ့ကြား တိုက်ပွဲတွေ မကြာသေးခင်က ပိုပြင်းထန်လာခဲ့ပါတယ်။
စနေနေ့မှာလည်း ဆော်ဒီအရှေ့ပိုင်း ဒမ်မမ်မြို့ရှိ ဖာဟတ်ဘုရင် အပြည်ပြည်ဆိုင်ရာလေဆိပ်အနီးကို ပစ်ခတ်လက်နက်တစ်ခု ကျရောက်ခဲ့တယ်လို့ ဆော်ဒီဦးဆောင်တဲ့ မဟာမိတ်အဖွဲ့က ပြောပါတယ်။
ဒီတိုက်ခိုက်မှုတွေ မဖြစ်ခင် တစ်ရက်အလိုတုန်းကလည်း ဟူသီအဖွဲ့ရဲ့ လေဆိပ်တိုက်ခိုက်မှု နှစ်ကြိမ်ကြောင့် ဆော်ဒီလေယာဉ်မှူးတစ်ဦး အပါအဝင် ဆော်ဒီနိုင်ငံသား ၃ ဦး သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
အောက်တိုဘာ ၆ ရက်နဲ့ ၇ ရက်နေ့တွေမှာလည်း ဆော်ဒီလေဆိပ် နှစ်ခုကို တိုက်ခိုက်မှုတွေအတွင်း လူ ၃ ဦး ထပ်မံသေဆုံးခဲ့ပါတယ်။
စနေနေ့ ထုတ်ပြန်ချက်မှာ ဒဏ်ရာရသူတွေထဲက တချို့ဟာ စိုးရိမ်ရတဲ့အခြေအနေမှာ ရှိနေတယ်လို့ ဆော်ဒီ မြို့ပြလေကြောင်းအာဏာပိုင်အဖွဲ့က ပြောပါတယ်။
လေဆိပ်အဆောက်အအုံနဲ့ အခြားပျက်စီးမှု ဘယ်လောက်ရှိတယ်ဆိုတာကိုလည်း အာဏာပိုင်တွေက ဆက်လက် စစ်ဆေးနေပါတယ်။
မျက်မြင်သက်သေတစ်ဦးက ဂိတ်အမှတ် ၄၀၁(Gate 401) ကို ထိမှန်သွားတာကို မြင်ခဲ့ရပြီး "မျက်စိရှေ့တင် လူတွေ ဒဏ်ရာရသွားတာကို တွေ့ခဲ့ရတယ်။ အားလုံး ကြောက်ကြောက်လန့်လန့် ပြေးလွှားကုန်ကြတယ်''လို့ ရိုက်တာ သတင်းဌာနကိုပြောပါတယ်။
လေဆိပ်ဘက်ကို အနည်းဆုံး လူနာတင်ယာဉ် တစ်ဒါဇင်ကျော် အလျင်အမြန် သွားရောက်ခဲ့တာကို တွေ့ရတယ်လို့လည်း မျက်မြင်သက်သေရဲ့ပြောကြားချက်ကို ကိုးကားပြီး ရိုက်တာက သတင်းရေးပါတယ်။
ဆော်ဒီဦးဆောင်တဲ့ မဟာမိတ်တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် တာကီ အယ်လ် မာလီကီက ခရီးသည် လေဆိပ် တစ်ခုကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တဲ့ ဖြစ်ရပ်ကြောင့် အရပ်သားခရီးသည်တွေနဲ့ လေဆိပ်ဝန်ထမ်းတွေ သေဆုံး ဒဏ်ရာရတာတွေရှိတယ်လို့ နောက်ပိုင်းမှာ ပြောပါတယ်။
သူက ဒီတိုက်ခိုက်မှုကို "စစ်ရာဇဝတ်မှု ကျူးလွန်တာ" လို့ ပြောဆိုပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုကလည်း ဆော်ဒီအာရေးဗျအပေါ် မကြာသေးခင်က ပြုလုပ်ခဲ့တဲ့တိုက်ခိုက်မှုတွေကို ပြင်းပြင်းထန်ထန် ရှုတ်ချတယ်လို့ ပြောပြီး တိုက်ခိုက်မှုအတွင်း အမေရိကန်နိုင်ငံသား တစ်ဦး သေဆုံးခဲ့တာကို အတည်ပြုပြောပါတယ်။
ဆော်ဒီအာရေးဗျမှာရှိတဲ့ အနောက်နိုင်ငံ သံရုံးတွေကလည်း သူတို့ နိုင်ငံသားတွေကို အဲဒီလေဆိပ်နယ်နိမိတ်အနီး မသွားကြဖို့ သတိပေးထားပါတယ်။
ဗြိတိန်နိုင်ငံခြားရေးဌာနကလည်း ဗြိတိန်နိုင်ငံသားတွေကို "လေဆိပ်ရဲ့ လုံခြုံရေး အပြည့်အဝ ပြန်လည်အာမခံနိုင်တဲ့အချိန်အထိ" အဲဒီနေရာကို ရှောင်ရှားကြဖို့ တိုက်တွန်းထားပါတယ်။






















