"စက်ရုံပိတ်ရင် ဘာလုပ်စားရမလဲ"- အလုပ်ဆက်ရရေးမရေရာတဲ့မြန်မာအထည်ချုပ်လုပ်သားတွေ

ရန်ကုန်က အထည်ချုပ်စက်ရုံတစ်ရုံထဲက အလုပ်သမားတစ်ဦး(ပုံဟောင်း)
ဓာတ်ပုံ ပုံစာ, ရန်ကုန်က အထည်ချုပ်စက်ရုံတစ်ရုံထဲက အလုပ်သမားတစ်ဦး(ပုံဟောင်း)
ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၈

"အထည်ချုပ်အလုပ်ပြုတ်ရင် သူများနိုင်ငံမှာပဲ အိမ်ဖော်သွားလုပ်ရတော့မှာပေါ့။ ဈေးရောင်းစားမယ်ဆိုရင်တောင် အခုကုန်ဈေးနှုန်းနဲ့ အဆင်မပြေဘူး" လို့ ဖိနပ်ချုပ်လုပ်တဲ့ အထည်ချုပ်စက်ရုံတစ်ခုမှာ အလုပ်လုပ်နေတဲ့ မငွေနှင်းက ဘီဘီစီကို ဖွင့်ဟပါတယ်။

အသက် ၃၀ နီးပါးအရွယ် မငွေနှင်းက ရန်ကုန်မြို့၊လှိုင်သာယာစက်မှုဇုန်က ကမ္ဘာကျော်ဖိနပ်တံဆိပ်တွေချုပ်လုပ်တဲ့ အထည်ချုပ်စက်ရုံက အလုပ်သမားဖြစ်ပါတယ်။

သူ့စက်ရုံမှာ ပြီးခဲ့တဲ့စက်တင်ဘာလကစလို့ စက်ရုံဘက်က အလုပ်ချိန်နဲ့ အလုပ်ဆင်းရက်တွေ လျှော့ချလာတာကြောင့် လစာဝင်ငွေနည်းသွားပြီး စားဝတ်နေရေးပိုကျပ်တည်းလာတယ်လို့ သူက ပြောပါတယ်။

အိတ်ချုပ်လုပ်တဲ့ Myanmar Myan Bag စက်ရုံမှာ အလုပ်လုပ်နေတဲ့ အသက် ၂၅ နှစ်အရွယ် မချယ်ရီကလည်း မငွေနှင်း လိုပဲ အလုပ်အတွက် ရတက်မအေးရဖြစ်နေသူပါ။ လှိုင်သာယာစက်မှုဇုန်က သူ့စက်ရုံမှာလည်း ပြည်ပအော်ဒါရတာနည်းလာလို့ စက်ရုံဘက်က အလုပ်တွေ လျှော့ချလာတယ်လို့ ဘီဘီစီကို ပြောပါတယ်။

"အခုတောင် အိမ်စားစရိတ် ကာမိအောင် အိမ်က ညဘက်မှာ ကုန်စိမ်းလေးတွေ တစ်နိုင်တစ်ပိုင် ရောင်းနေရတာ။ အလုပ်ပြုတ်ရင်တော့ မိသားစုစားဖို့ ငွေမလောက်တော့ဘူး" လို့ မချယ်ရီက ပြောပါတယ်။

မြန်မာမှာ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် ၅ နှစ်ကျော်ကာလအတွင်း နိုင်ငံတကာအဝတ်အထည်အမှတ်တံဆိပ်တွေကို ချုပ်လုပ်နေတဲ့အထည်ချုပ်စက်ရုံတချို့ မြန်မာကနေ ထွက်ခွာနေကြပါတယ်။

ကမ္ဘာတစ်ဝန်း ကုန်သွယ်ရေးအခွန်တွေ မြင့်တက်လာတာနဲ့ မြန်မာက နိုင်ငံရေးမတည်ငြိမ်မှုတွေဟာ အထည်ချုပ်လုပ်ငန်းတွေကို ဖိအားတွေ တိုးလာစေတယ်လို့ အလုပ်သမားသမဂ္ဂတွေကပြောပါတယ်။

လူသိန်းချီကို အလုပ်အကိုင်ပေးထားတဲ့ မြန်မာ့အထည်ချုပ်လုပ်ငန်းမှာ စက်ရုံတွေ ပိတ်သိမ်းရနိုင်တဲ့ အခြေအနေဆိုက်လာတာဘယ်အချက်တွေကြောင့်လဲ။

စက်ရုံ ၁၇ ရုံပိတ်သိမ်းထွက်ခွာဖို့ရှိနေတယ်လို့ဆို

ယူကေနိုင်ငံ၊ လန်ဒန်မြို့မှာတွေ့ရတဲ့ Primark အမှတ်တံဆိပ် ဖက်ရှင်ဆိုင်
ဓာတ်ပုံ ပုံစာ, ယူကေနိုင်ငံ၊ လန်ဒန်မြို့မှာတွေ့ရတဲ့ Primark အမှတ်တံဆိပ် ဖက်ရှင်ဆိုင်
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ကမ္ဘာကျော်အမှတ်တံဆိပ် H&M အထည်တွေ အဓိကချုပ်လုပ်တဲ့ ရန်ကုန်၊ ထန်းတပင်မြို့နယ်ထဲက ထိန်ဟွေ့အထည်ချုပ်စက်ရုံဟာ အောက်တိုဘာလဆန်းပိုင်းမှာ လုံးဝပိတ်သိမ်းလိုက်ပြီလို့ အထည်ချုပ်အလုပ်သမားတချို့နဲ့သမဂ္ဂအဖွဲ့ဝင် တချို့ က ဘီဘီစီကိုပြောပါတယ်။

အဲဒီစက်ရုံက အလုပ်လက်မဲ့ ဖြစ်သွားတဲ့ စက်ရုံဝန်ထမ်းတွေကို စက်ရုံဘက်က အလုပ်သမားလျော်ကြေးအက်ဥပဒေ ၈၄/၂၀၁၅ အရ နစ်နာကြေးကို အောက်တိုဘာ ၂၂ ရက်ကစပြီးပေးသွားမယ်လို့ သိထားရတဲ့အ‌ကြောင်း အလုပ်သမားသမဂ္ဂအဖွဲ့တချို့က ဘီဘီစီကို ပြောပါတယ်။

ဒီဥပဒေအရ အချိန်ပိုကြေးမပါဘဲ နောက်ဆုံးပေးထားတဲ့ လုပ်ခလစာပေါ်အခြေခံပြီး လုပ်သက်အလိုက် နှုန်းထားခွဲခြားသတ်မှတ်ပြီးပေးမှာဖြစ်ပါတယ်။

ပြည်ပကနေ ရရှိတဲ့အော်ဒါအရေအတွက်ဟာ စက်ရုံဝန်ထမ်းအားလုံးချုပ်လုပ်ဖို့ မလုံလောက်‌တော့တာကြောင့် စက်ရုံကိုရပ်နားလိုက်ရတဲ့အကြောင်း စက်ရုံရဲ့ တာဝန်ရှိသူတွေက ကြေညာခဲ့တာဖြစ်ပါတယ်။

ထိန်ဟွေ့အထည်ချုပ်လိုပဲ နိုင်ငံခြားက အထည်အော်ဒါတွေကို CMP လက်ခစားစနစ်နဲ့ ချုပ်လုပ်ပေးနေတဲ့ နိုင်ငံခြားသားပိုင် အထည်ချုပ်စက်ရုံ ၁၇ ရုံထက်မနည်းဟာ ၂၀၂၆ ခုနှစ်အတွင်း လုပ်ငန်းရပ်ဆိုင်းပိတ်သိမ်းနိုင်ဖို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ကို စာတင်ပြထားတယ်လို့ အဲဒီအခြေအနေကို သိရှိထားတဲ့ ဘီဘီစီသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

အဲဒီစက်ရုံတွေထဲမှာ တရုတ်နိုင်ငံသားပိုင် စက်ရုံအများစု ပါဝင်ပြီး အားလုံးဟာ ရန်ကုန်မြို့က စက်မှုဇုန်တွေမှာ အခြေစိုက်ထားတာလို့ သတင်းရင်းမြစ်က ဆိုပါတယ်။ အထည်ချုပ်စက်ရုံရာနဲ့ချီရှိတဲ့ လှိုင်သာယာ၊ ရွှေပြည်သာနဲ့ မင်္ဂလာဒုံမြို့နယ်တွေက စက်ရုံတွေ အများဆုံးပါဝင်တယ်လို့ သူက ပြောပါတယ်။

"ကမ္ဘာကျော်အမှတ်တံဆိပ်တွေအတွက် ချုပ်လုပ်ပေးနေတဲ့ အထည်ချုပ်စက်ရုံတွေပါတယ်။ ကျောပိုးအိတ်စက်ရုံတွေလည်း ပါတယ်" လို့ သူက ဖြည့်စွက်ပြောပါတယ်။

စက်ရုံတွေကို လာမယ့်လပိုင်းတွေအတွင်း ပိတ်သိမ်းဖို့ စီစဉ်ထားတယ်လို့ သိရပေမဲ့ ဘယ်အချိန်မှာ လုပ်ငန်းရပ်ဆိုင်းခွင့်ရမလဲဆိုတာကိုတော့ နေပြည်တော်အခြေစိုက် MIC က စိစစ်နေဆဲဖြစ်တယ်လို့ သတင်းရင်းမြစ်က ရှင်းပြပါတယ်။

ဒီမတိုင်ခင်ကတည်းကလည်း အသေးစားနဲ့ အလတ်စား အထည်ချုပ်စက်ရုံတချို့ဟာ တရားဝင်ကြေညာတာမရှိဘဲ တိတ်တဆိတ် ပိတ်သိမ်းသွားကြတယ်လို့ အထည်ချုပ်လုပ်ငန်းအသိုင်းအဝိုင်းက ပြောပါတယ်။

ဆက်လက်လည်ပတ်နေတဲ့ စက်ရုံတချို့မှာလည်း ဒီနှစ်အတွင်း အလုပ်သမား ရာနဲ့ချီ လျှော့ချတာ၊ အလုပ်ဆင်းရက်တွေ လျှော့ချတာတွေ ရှိလာတယ်လို့ မြန်မာနိုင်ငံကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် (IWFM) တာဝန်ရှိသူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

ယူကေအခြေစိုက် အဝတ်အထည်အမှတ်တံဆိပ် Primark ဟာလည်း တရုတ်နိုင်ငံသားပိုင် မြန်မာနိုင်ငံက အထည်ချုပ်စက်ရုံနှစ်ရုံနဲ့ ၂၀၂၃ ခုနှစ်မှာ လက်တွဲဖြုတ်ပြီး မြန်မာနိုင်ငံကနေ ထွက်ခွာခဲ့ပါတယ်။ အဲဒီစက်ရုံနှစ်ရုံ ပိတ်သိမ်းခဲ့တာကြောင့် အလုပ်သမား ၂,၀၀၀ ကျော် အလုပ်လက်မဲ့ဖြစ်ခဲ့ရပါတယ်။

အလုပ်အကိုင်နဲ့ ပို့ကုန်ဝင်ငွေအတွက် အရေးပါတဲ့ မြန်မာ့အထည်ချုပ်ကဏ္ဍမှာ စက်ရုံ ၇၀၀ ကျော်ရှိပြီး အဲဒီထဲက ၆၀၀ ကျော်ဟာ ရန်ကုန်တိုင်းဒေသကြီးမှာ ရှိတယ်လို့ အလုပ်သမားဝန်ကြီးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။

စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ အထည်ချုပ်လုပ်ငန်းကနေ ရရှိတဲ့ ပို့ကုန်ဝင်ငွေဟာ တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၄ ဒသမ ၆ ဘီလျံနီးပါး ရှိတယ်လို့ ဖော်ပြထားပါတယ်။

အထည်ချုပ်ကဏ္ဍမှာ မြန်မာလုပ်သား ငါးသိန်းကျော် အလုပ်လုပ်ကိုင်နေပြီး အဲဒီထဲမှာ အမျိုးသမီးလုပ်သား ၈၀ ရာခိုင်နှုန်းကျော် ပါဝင်တယ်လို့ သိရပါတယ်။

အာဏာပိုင်တွေရဲ့ ထုတ်ပြန်ချက်တွေအရ မြန်မာ့အထည်ချုပ်ကဏ္ဍမှာ ရင်းနှီးမြှုပ်နှံထားတဲ့ နိုင်ငံတွေထဲမှာ တရုတ်နိုင်ငံက အများဆုံးဖြစ်ပါတယ်။

စက်ရုံတွေ ဘာကြောင့်ထွက်ခွာတာလဲ

ရန်ကုန်မြို့၊ အထည်ချုပ်စက်ရုံတစ်ခုထဲက ဝန်ထမ်းတချို့ (ပုံဟောင်း)
ဓာတ်ပုံ ပုံစာ, ရန်ကုန်မြို့၊ အထည်ချုပ်စက်ရုံတစ်ခုထဲက ဝန်ထမ်းတချို့ (ပုံဟောင်း)

အာဏာသိမ်းနှစ်တွေအတွင်း နိုင်ငံထဲက စက်ရုံတွေ ပိတ်သိမ်းထွက်ခွာရတဲ့ အချက်တချို့ကို အလုပ်သမားသမဂ္ဂအဖွဲ့ဝင်တချို့က ထောက်ပြကြပါတယ်။

  • နိုင်ငံရေးမတည်ငြိမ်မှု၊လျှပ်စစ်မီးမလုံလောက်မှုနဲ့ သယ်ယူပို့ဆောင်ရေးမူဝါဒအခက်အခဲ
  • နိုင်ငံတကာကုန်သွယ်ခွန်မြင့်တက်လာမှု
  • အလုပ်သမားအခွင့်အရေးချိုးဖောက်မှုဆိုင်ရာ စိုးရိမ်မှု
  • ပို့ကုန်ရငွေ လဲလှယ်မှုကန့်သတ်ချက်နဲ့
  • သွင်းကုန်ပို့ကုန် စည်းကျပ်မှုများ

၂၀၂၃ ခုနှစ်မှာ မြန်မာနိုင်ငံက စက်ရုံအလုပ်ရုံတွေမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတယ်ဆိုတဲ့ အစီရင်ခံစာကို Ethical Trading Initiative (ETI) က ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီနှစ်မှာပဲ နိုင်ငံတကာအလုပ်သမားအဖွဲ့ချုပ် (ILO) ကလည်း မြန်မာနိုင်ငံမှာ လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့်ဆိုင်ရာ ကွန်ဗင်းရှင်းအမှတ် ၈၇ နဲ့ အဓမ္မစေခိုင်းမှု ပပျောက်ရေးဆိုင်ရာ ကွန်ဗင်းရှင်းအမှတ် ၂၉ တို့ကို ချိုးဖောက်မှုတွေ ရှိနေကြောင်း ထောက်ပြခဲ့ပါတယ်။ ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး ILO က စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းစစ်ဆေးတာတွေလည်း လုပ်ဆောင်ခဲ့ပါတယ်။

အဲဒီနောက်ပိုင်းမှာပဲ Primark၊ C&A၊ Tesco PLC နဲ့ Marks & Spencer အပါအဝင် နိုင်ငံတကာအမှတ်တံဆိပ်တချို့က မြန်မာနိုင်ငံက အထည်ချုပ်စက်ရုံတွေနဲ့ လုပ်ငန်းအပ်နှံမှုတွေကို ရပ်ဆိုင်းဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

နိုင်ငံတကာအမှတ်တံဆိပ်တွေအနေနဲ့ သူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ဝယ်ယူသူတွေရဲ့ ယုံကြည်မှုကို ထိန်းသိမ်းနိုင်ဖို့ လူ့အခွင့်အရေးနဲ့ အလုပ်သမားအခွင့်အရေးဆိုင်ရာ နိုင်ငံတကာစံနှုန်းတွေကို ထည့်သွင်းစဉ်းစားပြီး ဆုံးဖြတ်ချက်ချကြရတယ်လို့ အထည်ချုပ်လုပ်ငန်းကို အကျွမ်းတဝင်ရှိတဲ့ အကဲခတ်တစ်ဦးက ထောက်ပြပါတယ်။

တစ်ဖက်မှာလည်း အလုပ်သမားအခွင့်အရေးအတွက် ပြောဆိုဆောင်ရွက်ပေးတဲ့ အလုပ်သမားသမဂ္ဂတွေကို အလုပ်ရှင်တချို့က မကြိုက်ကြဘူးလို့ သမဂ္ဂအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

"သမဂ္ဂတွေက အချိန်ပိုကြေးတွေကို ဥပဒေနဲ့အညီပေးဖို့ တောင်းဆိုပေးတယ်။ လူမှုဖူလုံရေးနဲ့ ဘောနပ်စ်တွေလည်း တောင်းပေးလေ့ရှိတော့ အလုပ်ရှင်ဘက်က စက်ရုံကုန်ကျစရိတ် တက်လာတယ်လို့ မြင်တာပေါ့" လို့ သူက ဆိုပါတယ်။

လုပ်ခလစာညှိနှိုင်းမှု အဆင်မပြေတာ ဒါမှမဟုတ် လုပ်ငန်းခွင်မှာ ဖိနှိပ်မှုတွေ ရှိလာတဲ့အခါ သမဂ္ဂအဖွဲ့ဝင်တွေက ဦးဆောင်ပြီး စက်ရုံတွင်းမှာ ဆန္ဒပြတာ၊ သပိတ်မှောက်တာတွေ လုပ်တတ်ကြပါတယ်။

အဲဒီလိုအချိန်မှာ လုပ်ငန်းလည်ပတ်မှု ရပ်ဆိုင်းသွားရင် အထည်တွေကို သတ်မှတ်ချိန်အတွင်း မပို့နိုင်တော့ဘဲ နိုင်ငံခြားအော်ဒါတွေ ဆုံးရှုံးမှာကို စိုးရိမ်တာကြောင့် အလုပ်ရှင်တချို့က သမဂ္ဂတွေကို မလိုလားကြတာလို့ ဆိပါတယ်။

ရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ်မှာရှိတဲ့ တရုတ်နိုင်ငံသားပိုင် ထိန်ဟွေ့သိုးမွေးစက်ရုံဟာလည်း အထည်အော်ဒါနဲ့ အမှာစာတွေ ကျဆင်းလာတာကြောင့် အခုနှစ်ထဲမှာ စက်ရုံပိတ်သိမ်းမယ်လို့ စက်ရုံရဲ့ HR ပိုင်းတာဝန်ရှိသူတစ်ဦးက ဘီဘီစီကို အစောပိုင်းမှာ အတည်ပြုပြောကြားထားပါတယ်။

လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့တဲ့ စက်ရုံတွင်းအလုပ်ပိတ်မယ့်အကြောင်းပြောခဲ့တဲ့ ရုပ်သံဖိုင်တစ်ခုမှာလည်း စက်ရုံတာဝန်ရှိသူတစ်ဦးက လုပ်ငန်းရပ်ဆိုင်းတော့မှာဖြစ်လို့ အလုပ်သမားတွေ အလုပ်သစ် ကြိုတင်ရှာထားကြဖို့ အသိပေးထားတာကို တွေ့ရပါတယ်။

ထိန်ဟွေ့စက်ရုံရဲ့ အဓိကအော်ဒါမှာယူသူဖြစ်တဲ့ ကမ္ဘာကျော် အဝတ်အထည်အမှတ်တံဆိပ် H&M က အော်ဒါတွေ ရပ်ဆိုင်းလိုက်တာဟာ စက်ရုံပိတ်သိမ်းရနိုင်တဲ့ အကြောင်းရင်းတစ်ခုဖြစ်တယ်လို့ ဒီအခြေအနေကို သိရှိထားတဲ့ ဘီဘီစီသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

စက်ရုံသာ ပိတ်သိမ်းဖြစ်ခဲ့ရင် အလုပ်သမား ၃,၀၀၀ ကျော် အလုပ်လက်မဲ့ဖြစ်သွားနိုင်တယ်လို့ သူက ဆက်ပြောပါတယ်။

ထရမ့်ရဲ့ အခွန်တိုးမြှင့်မှု

၂၀၂၆ စက်တင်ဘာ ၂၂ ရက် အိမ်ဖြူတော်မှာတွေ့ရတဲ့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်
ဓာတ်ပုံ ပုံစာ, ၂၀၂၆ စက်တင်ဘာ ၂၂ ရက် အိမ်ဖြူတော်မှာတွေ့ရတဲ့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ကုန်သွယ်ရေးမူဝါဒ အပြောင်းအလဲတွေဟာလည်း မြန်မာ့အထည်ချုပ်လုပ်ငန်းတွေအပေါ် သက်ရောက်နိုင်တဲ့ အချက်တစ်ခု ဖြစ်လာပါတယ်။

၂၀၂၅ ခုနှစ်မှာ ထရမ့်အစိုးရက အမေရိကန်ကို တင်သွင်းတဲ့ ကုန်ပစ္စည်းတွေအပေါ် အခြေခံအကောက်ခွန်နဲ့ နိုင်ငံအလိုက် အပြန်အလှန်အကောက်ခွန်တွေကို ကြေညာခဲ့ပါတယ်။

မြန်မာက အထည်ချုပ်ကဏ္ဍဟာ လုပ်ခလစာသက်သာမှုပေါ်မှာ အခြေခံပြီး ကမ္ဘာ့ဈေးကွက်မှာ ယှဉ်ပြိုင်နေရတာဖြစ်တယ်လို့ စီးပွားရေးအကဲခတ်တွေက ရှုမြင်ပါတယ်။

ဒါပေမဲ့ အမေရိကန်က အခွန်တိုးမြှင့်လိုက်တဲ့အခါ မြန်မာကနေ ထွက်တဲ့ အထည်တွေဟာ အမေရိကန်ဈေးကွက်မှာ ဈေးသက်သာချောင်ချိတဲ့အားသာချက်ကို အားနည်းသွားစေပြီး အမေရိကန် ဝယ်လက်တွေအတွက် အော်ဒါမှာယူဖို့ တွ့န့်ဆုတ်သွားစေတယ်လို့ အကဲခတ်တစ်ဦးက ထောက်ပြပါတယ်။

အခွန်သက်သာခွင့်နဲ့ အပါအဝင် နိုင်ငံရဲ့ တည်ငြိမ်မှုနဲ့ဆိုင်ပြီး လွတ်လပ်တဲ့ ကုန်သွယ်ရေးသဘောတူညီချက်(FTA) ရှိတဲ့ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ ဗီယက်နမ်၊ လာအိုနဲ့ ကမ္ဘောဒီးယားနိုင်ငံတွေဘက်ကို ရင်းနှီးမြှုပ်နှံမှုပိုလုပ်ပြီး အော်ဒါအပ်နှံတာတွေ လုပ်လာကြတယ်လို့ သူက ရှင်းပြပါတယ်။

မြန်မာနိုင်ငံရဲ့ အထည်ချုပ်စက်ရုံအများစုဟာ တရုတ်နိုင်ငံသားပိုင် စက်ရုံတွေဖြစ်ကြပါတယ်။

ဒီစက်ရုံတွေဟာ တရုတ်ကနေ လာတဲ့ ကုန်ကြမ်းတွေကို မြန်မာမှာချုပ်လုပ်ပြီး အမေရိကန်နဲ့ ဥရောပနိုင်ငံတွေကို တင်ပို့ကြတာဖြစ်ပါတယ်။ ဒါကြောင့် သမ္မတ ထရမ့်ရဲ့ တရုတ်ကိုတိုးကောက်တဲ့ ကုန်သွယ်ခွန်နဲ့ သွင်းကုန်ခွန်မြှင့်တင်လိုက်တာတွေဟာ ကုန်ထုတ်လုပ်မှုကွင်းဆက်တစ်ခုလုံးကို ကုန်ကျစရိတ်ပိုတက်စေခဲ့ပါတယ်။

" အသေးစားအထည်ချုပ်စက်ရုံတွေဆို ရပ်တည်ဖို့ ခက်ခဲတော့ ပိတ်လိုက်ရတာပေါ့" အထည်ချုပ်လုပ်ငန်းအကြောင်းထဲထဲဝင်ဝင်သိထားတဲ့ စီးပွားရေး အကဲခတ်က ပြောပါတယ်။

လက်ရှိမှာစက်ရုံတွေအနေနဲ့ အထည်အော်ဒါရရှိမှုနည်းလာတဲ့အခါမှာ လုပ်ငန်းတွေကိုလျှော့ချလာတာကြောင့် အလုပ်သမားတွေမှာ ဝင်ငွေကျဆင်းမှုအကျပ်အတည်းတွေနဲ့ရင်ဆိုင်နေရတယ်လို့ သမဂ္ဂအဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။

  • အလုပ်သမားဦးရေ လျှော့ချတာ
  • အချိန်ပိုအလုပ်ခိုင်းစေမှု နည်းပါးလာတာ

တဖက်မှာလည်း ပို့ကုန်၊သွင်းကုန်မူဝါဒတွေက မြန်မာအထည်ချုပ်(CMP)လုပ်ငန်းတွေအပေါ် ထိုးနှက်ချက်တစ်ခုဖြစ်လာတယ်လို့ အထည်ချုပ်အသိုင်းအဝိုင်းရဲ့ ဝေဖန်ပြစ်တင်သံတွေလည်း ကျယ်လောင်လာပါတယ်။

အာဏာပိုင်တွေဘက်က နိုင်ငံခြားငွေလျော့နည်းလာမှုကို ထိန်းချုပ်ဖို့ သွင်းကုန်လိုင်စင်တွေကို တင်းကျပ်တာ၊ ဒေါ်လာငွေပေးချေမှုတွေကို ကန့်သတ်တာနဲ့ ပို့ကုန်ရငွေအပေါ် မူဝါဒ အမျိုးမျိုးချမှတ်တာက CMP အပေါ် ထိုးနှက်ချက်တစ်ခုဖြစ်စေတယ်လို့ ထောက်ပြနေကြတာပါ။

စက်ရုံလည်ပတ်ဖို့ စက်သုံးဆီတွေအပါအဝင် အထည်ချုပ်လုပ်ငန်းသုံး ကုန်ကြမ်းနဲ့ ဆက်စပ်ပစ္စည်းတွေ တင်သွင်းတာတွေလုပ်ဖို့ရာ သွင်းကုန်လိုင်စင်လျှောက်ထားမှုကို အချိန်ကြာစိစစ်ပြီး တင်းကျပ်လိုက်တာက လုပ်ငန်းလည်ပတ်မှုကို နှောင့်နှေးစေတယ်လို့ အထည်ချုပ်လုပ်ငန်းတစ်ခုရဲ့ အကြီးတန်းဝန်ထမ်း တစ်ဦးက ပြောပါတယ်။

အလားတူ အထည်ချုပ် ပို့ကုန်ကနေရလာတဲ့ နိုင်ငံခြားငွေကို ဗဟိုဘဏ်သတ်မှတ်ဈေးနဲ့ လဲလှယ်ရတာကလည်း လုပ်ငန်းရှင်တွေရဲ့ ဝင်ငွေကို နစ်နာမှုကြီးစေတယ်လို့ သူက ဆက်ရှင်းပြပါတယ်။

"နိုင်ငံရေးဖိအားပေးမှုတွေက ထိုးနှက်ချက်ဖြစ်တယ်"

တီရှပ်တွေချုပ် ဆေးဆိုးပန်းရိုက်လုပ်နေတဲ့ မြင်ကွင်း (ပုံဟောင်း)
ဓာတ်ပုံ ပုံစာ, တီရှပ်တွေချုပ် ဆေးဆိုးပန်းရိုက်လုပ်နေတဲ့ မြင်ကွင်း (ပုံဟောင်း)

တစ်ဖက်မှာလည်း ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးနဲ့ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတွေအပေါ် နိုင်ငံတကာရဲ့ စိုးရိမ်မှုတွေ မြင့်တက်လာခဲ့ပါတယ်။

တော်လှန်ရေးအင်အားစုတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ၊ အလုပ်သမားသမဂ္ဂတွေကလည်း မြန်မာက စစ်တပ်ကျောထောက်နောက်ခံပြု အုပ်ချုပ်ရေးအပေါ် နိုင်ငံတကာဖိအားတွေ တိုးမြှင့်ဖို့ တောင်းဆိုခဲ့ကြပါတယ်။

ဒီလို နိုင်ငံရေးဖိအားတွေနဲ့ အလုပ်သမားအခွင့်အရေးဆိုင်ရာ စိုးရိမ်မှုတွေဟာ မြန်မာ့အထည်ချုပ်လုပ်ငန်းအပေါ် သက်ရောက်မှုရှိလာနိုင်တယ်လို့ စီးပွားရေးအကဲခတ်တစ်ဦးက သုံးသပ်ပါတယ်။

"နိုင်ငံရေးဖိအားပေးမှုတွေက စက်မှုကဏ္ဍကို ရပ်တည်နေရတဲ့ ပြည်သူတွေအပေါ် ထိုးနှက်ချက်ဖြစ်နေတယ်" လို့ သူက ပြောပါတယ်။

နိုင်ငံတကာအလုပ်သမားအဖွဲ့ချုပ် (ILO) ဟာ မြန်မာနိုင်ငံမှာ အဓမ္မစေခိုင်းမှုနဲ့ လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့်ဆိုင်ရာ ချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေးဖို့ ကော်မရှင်ဖွဲ့စည်းခဲ့ပြီး ၂၀၂၃ ခုနှစ်မှာ တွေ့ရှိချက်တွေ ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီတွေ့ရှိချက်တွေကို အကောင်အထည်ဖော်ဖို့ မြန်မာနိုင်ငံဘက်က လိုက်နာဆောင်ရွက်မှု မရှိတဲ့အတွက် ILO ရဲ့ ၁၁၃ ကြိမ်မြောက် နိုင်ငံတကာအလုပ်သမားညီလာခံက ၂၀၂၅ ခုနှစ် ဇွန်လမှာ ILO ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၃ အရ ထပ်မံဆောင်ရွက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

အလုပ်သမားသမဂ္ဂတွေနဲ့ အခြားအလုပ်သမားအဖွဲ့အစည်းတွေကလည်း စစ်အာဏာသိမ်းပြီးနောက်ပိုင်း အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတွေအပေါ် တာဝန်ယူစေဖို့နဲ့ နိုင်ငံတကာက ပိုမိုပြင်းထန်တဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်ဖို့ တောင်းဆိုခဲ့ကြပါတယ်။

ILO ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၃ ကို ပထမဆုံးအကြိမ် အသုံးပြုခဲ့တာကလည်း ၂၀၀၀ ပြည့်နှစ်မှာ မြန်မာနိုင်ငံအပေါ်ပဲ ဖြစ်ပါတယ်။ အဲဒီအချိန်က နအဖ စစ်အစိုးရလက်ထက်မှာ အဓမ္မစေခိုင်းမှုဆိုင်ရာ ကွန်ဗင်းရှင်းကို လိုက်နာဖို့ ပျက်ကွက်ခဲ့တဲ့အတွက် ILO က နိုင်ငံတကာအဆင့်မှာ အရေးယူဆောင်ရွက်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ပုဒ်မ ၃၃ ဆိုတာဟာ

  • နိုင်ငံတကာအလုပ်သမားသဘောတူညီချက်(Conventions) တွေကို ချိုးဖောက်တာ
  • ILO ရဲ့ စုံစမ်းစစ်ဆေး‌ရေးကော်မရှင်ရဲ့ အကြံပြုချက်တွေနဲ့ တောင်းဆိုချက်တွေကိုလိုက်နာရန်ပျက်ကွက်တာတွေအတွက် အရေးယူနိုင်တဲ့ ပုဒ်မဖြစ်ပါတယ်။

" နိုင်ငံရေးဖိအားတွေကြောင့် ကမ္ဘာကျော်အမှတ်တံဆိပ်တွေက လက်တွဲဖြုတ်လာကြတယ်။ မြန်မာကို ဝင်လာမယ့် ပြည်ပအော်ဒါတွေ ရပ်ဆိုင်းသွားတော့ စက်ရုံတွေပိတ်ရပြီး အလုပ်သမားတွေ အလုပ်လက်မဲ့ဖြစ်ကြရတယ်။ သူတို့ရဲ့ ဝင်ငွေကို မှီခိုနေရတဲ့ မိသားစုတွေအတွက်လည်း စားဝတ်နေရေး အကျပ်အတည်းနဲ့ ရင်ဆိုင်ရနိုင်တယ်" လို့ ပြည်တွင်းမှာရှိတဲ့ အလုပ်သမားသမဂ္ဂအဖွဲ့ဝင်တစ်ဦးက ထောက်ပြပါတယ်။

အလုပ်လက်မဲ့ပြဿနာကို အာဏာပိုင်တွေ ကုစားပေးနိုင်မှာလား

ရန်ကုန်မြို့ထဲက ပြည်တွင်းဖြစ် အဝတ်အထည်ဆိုင် (ပုံဟောင်း)
ဓာတ်ပုံ ပုံစာ, ရန်ကုန်မြို့ထဲက ပြည်တွင်းဖြစ် အဝတ်အထည်ဆိုင် (ပုံဟောင်း)

စက်တင်ဘာလအတွင်းမှာပဲ နေပြည်တော်အလုပ်သမားဝန်ကြီးဌာနက ဝန်ကြီးနဲ့အဖွဲ့ဟာ ပိတ်သိမ်းဖို့ ပြင်ဆင်နေတဲ့ ထိန်ဟွေ့အထည်ချုပ်စက်ရုံကို ကွင်းဆင်းလေ့လာခဲ့တယ်လို့ စက်ရုံနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

အလုပ်သမားတွေ အလုပ်လက်မဲ့ဖြစ်မှု လျှော့ချနိုင်ဖို့ အာဏာပိုင်တွေဘက်က စီစဉ်ဆောင်ရွက်ခဲ့တာလို့ သူက ဆိုပါတယ်။

"အလုပ်လက်မဲ့မဖြစ်အောင် ထိန်ဟွေ့နားမှာရှိတဲ့ စက်ရုံတွေက မန်နေဂျာတွေကိုပါ ခေါ်တွေ့တယ်။ ထိန်ဟွေ့က အလုပ်သမားတွေထဲက ကိုက်ညီတဲ့သူတွေကို စိစစ်ခေါ်ယူပြီး တခြားစက်ရုံတွေမှာ အလုပ်ပြန်ပေးဖို့ ညွှန်ကြားတယ်" လို့ သူက ပြောပါတယ်။

ဒါကြောင့် ထိန်ဟွေ့စက်ရုံက အလုပ်သမားတချို့ကို အခြားစက်ရုံတွေမှာ အလုပ်ပြန်ရနိုင်ဖို့ အလုပ်သမားဝန်ကြီးဌာနက စီစဉ်ပေးနေတယ်လို့ နားလည်ရပါတယ်။

ဒါပေမဲ့ ထိန်ဟွေ့စက်ရုံလို ပိတ်သိမ်းဖို့ ပြင်ဆင်နေတဲ့ အခြားစက်ရုံ ၁၀ ရုံကျော်မှာတော့ အလုပ်လက်မဲ့ဖြစ်လာနိုင်တဲ့ ဝန်ထမ်းတွေအတွက် အလားတူ အစီအစဉ်မျိုး လုပ်ဆောင်ပေးတာ မတွေ့ရသေးဘူးလို့ အလုပ်သမားသမဂ္ဂအဖွဲ့ဝင်တချို့က ပြောပါတယ်။

"အလုပ်မပြုတ်အောင် အလုပ်ပြန်ရှာပေးနေတာဆိုလို့ ထိန်ဟွေ့တစ်ရုံပဲ ရှိသေးတယ်။ ကျန်တဲ့စက်ရုံတွေမှာ အခုထိ အသံတိတ်နေတုန်းပဲ" လို့ သမဂ္ဂအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

အလုပ်အော်ဒါနည်းပါးလာတာကြောင့် လုပ်ခလစာလည်း လျှော့ချခံရတယ်လို့ အထည်ချုပ်လုပ်သား မချယ်ရီက ပြောပါတယ်။

"စက်တင်ဘာကစပြီး ဒီဇင်ဘာလောက်ထိ တစ်ရက်လုပ်ခ ကျပ် ၇,၈၀၀ ပဲ ရတော့မှာ။ ဒီဇင်ဘာပြီးရင်လည်း စက်ရုံပိတ်၊ မပိတ် ဘာမှသေချာမသိရဘူး" လို့ သူက ပြောပါတယ်။

စက်တင်ဘာလမတိုင်ခင်အထိ အချိန်ပိုကြေးအပါ တစ်ရက်လုပ်ခ ကျပ် ၁၂,၀၀၀ ရခဲ့ပေမဲ့ အခုလို လျှော့ချခံရတာကြောင့် အလုပ်သမားသမဂ္ဂအဖွဲ့တချို့က အလုပ်သမားဦးစီးဌာနကို တိုင်ကြားထားတယ်လို့ မချယ်ရီက ဆိုပါတယ်။

ဒါပေမဲ့ စက်တင်ဘာလအတွက်တော့ တစ်ရက်လုပ်ခ ကျပ် ၇,၈၀၀ ပဲ ရမယ်လို့ သူသိထားရပါတယ်။

အလုပ်သမားသမဂ္ဂတာဝန်ရှိသူတစ်ဦးရဲ့ ခန့်မှန်းချက်အရ ကမ္ဘာကျော်အမှတ်တံဆိပ်တွေအတွက် အထည်ချုပ်ပေးနေတဲ့ စက်ရုံတွေအပါအဝင် စက်ရုံ ၇ ရုံလောက် ပိတ်သိမ်းသွားမယ်ဆိုရင် အလုပ်လက်မဲ့ဖြစ်လာနိုင်သူ ၂၀,၀၀၀ ကျော်အထိ ရှိနိုင်ပါတယ်။

စက်ရုံကြီးတစ်ရုံမှာ အလုပ်သမား ၂,၀၀၀ ကျော်ကနေ ၃,၅၀၀ ကြား ရှိတတ်တယ်လို့လည်း သူက ပြောပါတယ်။

ကုန်ဈေးနှုန်းတွေ ဆက်တက်နေသလို ပြည်တွင်းမှာ အလုပ်အကိုင်အခွင့်အလမ်းလည်း ရှားပါးလာတာကြောင့် အထည်ချုပ်အလုပ်ကနေ အလုပ်ပြုတ်သွားမှာကို မချယ်ရီက စိုးရိမ်နေပါတယ်။

"ပြည်ပထွက်ရင်လည်း တင်းကျပ်မှုတွေ အများကြီးရှိနေတော့ ထွက်ရဖို့ မသေချာဘူး။ ပြည်တွင်းမှာလည်း အလုပ်က အရမ်းရှားနေတာ။ အလုပ်ပြုတ်ရင်တော့ လမ်းဘေးဈေးရောင်းစားရတဲ့သူတွေ များလာလိမ့်မယ်" လို့ သူက ဘီဘီစီကို ပြောပါတယ်။

အသိပေးချက်-လုံခြုံရေးနဲ့ဖြေဆိုသူရဲ့ ဆန္ဒအရ မငွေနှင်းနဲ့ မချယ်ရီတို့ဟာ အမည်လွှဲများဖြစ်ပါတယ်။