သြဂုတ် ၂၃ ရက်သတင်းများအနှစ်ချုပ် - စစ်တပ်က ငပလီမြို့ကို ၁ နာရီအတွင်း ဗုံးအလုံး ၁၀၀ ကျော်ကြဲခဲ့တယ်လို့ အေအေပြော

ဩဂုတ် ၂၁ ရက်က ငပလီ နဲ့ ညောင်ချောင်းကျေးရွာ ကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်မှုအပြီး မြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, AA

ဓာတ်ပုံ ပုံစာ, ဩဂုတ် ၂၁ ရက်က ငပလီ နဲ့ ညောင်ချောင်းကျေးရွာ ကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်မှုအပြီး မြင်ကွင်း
ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၁

ရခိုင်ပြည်နယ်ထဲ အာရက္ခတပ်တော်(အေအေ) သိမ်းထားတဲ့သံတွဲမြို့နယ်၊ ပလီမြို့ကို စစ်တပ်က တိုက်ခိုက်ရေးလေယာဉ် အများစုပါ၀င်တဲ့ လေယာဉ် ၁၀ စင်းကို အသုံးပြုပြီး ဗုံးအလုံးရေ ၁၀၀ ခန့် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ အေအေ ဩဂုတ် ၂၂ ရက်က ထုတ်ပြန်ပါတယ်။

စစ်တပ်က တိုက်လေယာဉ် ၈ စင်း၊ Y 12 လေယာဉ် ၁ စင်း နဲ့ Y8 လေယာဉ် ၁ စင်း အပါအဝင် စုစုပေါင်း ၁၀ စင်းကို အသုံးပြုပြီး တစ်နေ့တည်းမှာ ဗုံးတွေ ကြဲချခဲ့တာလို့လည်း ဆိုပါတယ်။

ငပလီမြို့ကို အေအေ မသိမ်းခင် အရင်က စစ်တပ်စခန်းတွေဖြစ်တဲ့ အမှတ် ၅၅ ခြေလျင်တပ်ရင်း၊ အမှတ် ၅၆၆ ခြေမြန်တပ်ရင်းတွေအပြင် စစ်ဘေးရှောင်နေထိုင်တဲ့အနီးပတ်ဝန်းကျင်တွေကို ဗုံးကြဲခဲ့တာလို့ အေအေ က ပြောပါတယ်။

စစ်တပ်ဟာ အဲဒီတိုက်ခိုက်မှုကို ဩဂုတ်လ ၂၁ ရက်၊ မနက် ၂ နာရီကနေ ၃ နာရီကျော်အထိ အချိန် တစ်နာရီကျော် ကြာအတွင်း ဗုံးတွေကြဲခဲ့တာလို့လည်း ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၁ ဦးရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ၁၄ ဦးရှိခဲ့တယ်လို့ အေအေ က ထုတ်ပြန်ပါတယ်။

အေအေ ဟာ ငလီကမ်းခြေအပါအဝင် သံတွဲမြို့နယ်တစ်ခုလုံးကို ၂၀၂၄ ခုနှစ် စက်တင်ဘာလ မှာ အပြီးသတ်သိမ်းပိုက်ခဲ့တာပါ။

စစ်တပ်ဟာ သံတွဲမြို့ နဲ့ ဆက်စပ်နေတဲ့ ဂွမြို့နယ်ထဲက ညောင်ချောင်းကျေးရွာကိုလည်း ဩဂုတ်လ ၂၁ ရက် မနက် ၅ နာရီကျော်မှာ လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ် ပြုလုပ်ခဲ့တယ်လို့ အေအေက ထုတ်ပြန်ပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် ပြည်သူ ၇ ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး စာသင်ကျောင်းဆောင်တစ်လုံး ပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

စစ်တပ်ဟာ သံတွဲနဲ့ ဂွကို အခုလိုဗုံးကြဲတိုက်ခိုက်နေတာဟာ ရခိုင်ပြည်နယ်ဝင်ပေါက်နေရာတွေဖြစ်တဲ့ မ‌ကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း-ပဒါန်းလမ်းပေါ်က နတ်ရေကန်ဗျူဟာကုန်းစခန်းတိုက်ပွဲနဲ့ ငါးသိုင်းချောင်းဘက်မှာ ရှေ့မတိုးနိုင်တဲ့ အခြေအနေကြောင့်ဖြစ်တယ်လို့ သုံးသပ်မှုတွေလည်းရှိပါတယ်။

"အဲဒီမှာ သူတို့တပ်တွေခဏခဏ လန်ကျနေတာ။ တိုးမရဘူး။ အဲဒါကြောင့် သူတို့က သံတွဲ နဲ့ ဂွ ဘက်ခြမ်းကနေ တက်မလို့ ဗုံးကြဲနေတာ" လို့ အေအေ သတင်းအရင်းအမြစ်က ပြောပါတယ်။

တဖက်မှာလည်း စစ်တပ်ဟာ အခုသီတင်းပတ်တွေအတွင်း ရခိုင်ပြည်နယ်ထဲ အေအေ သိမ်းထားတဲ မြို့နယ်တွေကို လေကြောင်း ဗုံးကြဲတာတွေ ပြုလုပ်လာတာကို အေအေ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

ဒါဟာ စစ်တပ်အနေနဲ့ အေအေကို ဆွေးနွေးပွဲဆီရောက်လာအောင် လေကြောင်းကနေ ဖိအားပေးတာဆိုတဲ့ သုံးသပ်ချက်တွေလည်း ရှိနေပါတယ်။

စစ်တပ်က လက်ရှိ ရခိုင်ပြည်နယ်ထဲ အေအေ ထိန်းချုပ်နယ်မြေတွေကို လေကြောင်းဗုံးကြဲတာဟာ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ မန္တလေးတိုင်းထဲက မိုးကုတ်ကို တအောင်းတပ် (TNLA) က ထိန်းချုပ်ပြီးနောက်မှာ အဲဒီဒေသတွေကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတာတွေလုပ်ခဲ့တဲ့ပုံစံနဲ့တူနေတယ်လို့ဆိုပြီး ရှုမြင်သုံးသပ်ချက်တွေလည်း ရှိနေပါတယ်။