ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဆီးပူညောင်းကျနဲ့ ကာလသားရောဂါ ကူးစက်မှု ဥရောပမှာ စံချိန်တင် တိုးလာ
- ရေးသားသူ, ဒန် ဆေးလ်စ်
- ရေးသားခဲ့သည်။
- ဖတ်ရန်အချိန်: မိနစ် ၂
ဂိုနိုရီးယား (ဆီးပူညောင်းကျ)နဲ့ ဆစ်ဖလစ် (ကာလသားရောဂါ) အပါအဝင် လိင်ကတဆင့် ရောဂါကူးစက်မှုတွေဟာ ဥရောပဒေသမှာ စံချိန်တင်ရလောက်အောင် တိုးလာခဲ့တယ်လို့ ကိန်းဂဏန်း အချက်အလက်သစ်တွေ အရ သိရပါတယ်။
ဒီရောဂါနှစ်ခုစလုံးဟာ ၂၀၂၄ ခုနှစ်မှာ ဆယ်နှစ်တာ ကာလအတွင်း ကူးစက်မှုအမြင့်ဆုံးအဖြစ် ရောက်ရှိခဲ့တယ်လို့ ဥရောပဒေသ ရောဂါတားဆီးရေးနဲ့ ထိန်းချုပ်ရေးဌာန (ECDC) က ပြောပါတယ်။
ဂိုနိုရီးယားရောဂါ ကူးစက်မှုဟာ ၂၀၁၅ ခုနှစ်ကစလို့ ၃၀၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ကူးစက်သူပေါင်း ၁၀၆ ၃၃၁ ဦး ရှိခဲ့သလို ဆစ်ဖလစ် ရောဂါ ကူးစက်မှုဟာလည်း အလားတူ ကာလအတွင်း နှစ်ဆတိုးလာခဲ့ပြီး ရောဂါကူးစက်သူပေါင်း ၄၅၅၅၇ ဦးရှိခဲ့ပါတယ်။
ရောဂါကူးစက်မှုတွေ တိုးလာနေတာရဲ့ တစ်စိတ်တပိုင်းဟာ ဆေးစစ်မှုနဲ့ ကြိုတင်ကာကွယ်မှု အကြီးအကျယ် လစ်ဟင်းနေတာကြောင့် ဖြစ်တယ်လို့ ဥရောပဒေသ ရောဂါတားဆီးရေးနဲ့ ထိန်းချုပ်ရေးဌာန (ECDC) က ပြောပြီး အမြန်ဆုံး အရေးပေါ်ဆောင်ရွက်ဖို့ တိုက်တွန်းလိုက်ပါတယ်။
"ဒီရောဂါကူးစက်မှုတွေကြောင့် နာတာရှည် နာကျင်မှု၊ ကလေးမရနိုင်မှု လိုမျိုး ဆိုးဝါးတဲ့ နောက်ဆက်တွဲ ရောဂါတွေ ရလာနိုင်ပါတယ်။ ဆစ်ဖလစ်ရောဂါကူးတဲ့သူတွေမှာတော့ နှလုံး ဒါမှမဟုတ် နာ့ဗ်ကြောစနစ်နဲ့ ဆိုင်တဲ့ ရောဂါတွေ ဝင်လာနိုင်ပါတယ်" လို့ ဥရောပဒေသ ရောဂါတားဆီးရေးနဲ့ ထိန်းချုပ်ရေးဌာနရဲ့ တိုက်ရိုက်ကူးစက်တဲ့ ရောဂါနဲ့ ကာကွယ်ကုသနိုင်တဲ့ ရောဂါများဌာန အကြီးအကဲ ဘရူနို ချန်ချို က ပြောပါတယ်။
မွေးကင်းစ ကလေးငယ်တွေဆီ တိုက်ရိုက်ကူးစက်ပြီး တစ်သက်လုံး နောက်ဆက်တွဲ ရောဂါတွေ ခံစားရနိုင်ဖွယ်ရှိတဲ့ မွေးရာပါ ဆစ်ဖလစ်ရောဂါအမျိုးအစားက ၂၀၂၃ ခုနှစ်ကနေ ၂၀၂၄ ခုနှစ်မှာ နှစ်ဆနီးပါး တိုးလာခဲ့ပါတယ်။
"လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ကာကွယ်တဲ့နည်းက ရိုးရိုးရှင်းရှင်း ဆက်ရှိနေတုန်းပါပဲ။ ကြင်ဖော်အသစ်တွေ့ရင် ဒါမှမဟုတ် ကြင်ဖော်အများအပြား ရှိရင် ကွန်ဒုံးသုံးပါ။ ရောဂါလက္ခဏာ ပေါ်လာရင် ဆေးစစ်ပါ။"
အချက်အလက် လေ့လာမှတ်တမ်းယူခဲ့တဲ့ ဥရောပနိုင်ငံတွေထဲမှာ စပိန်နိုင်ငံဟာ ဂိုနိုရီးယားနဲ့ ဆစ်ဖလစ်ရောဂါရှိကြောင်း အတည်ပြုတွေ့ရှိသူအရေအတွက် အမြင့်ဆုံးနိုင်ငံဖြစ်ပြီး ၂၀၂၄ ခုနှစ်မှာ ဂိုနိုရီးယား (ဆီးပူညောင်းကျရောဂါ) ကူးစက်ခံထားရသူပေါင်း ၃၇၁၆၉ ဦးနဲ့ ဆစ်ဖလစ် (ကာလသားရောဂါ) ကူးစက်ခံထားရသူပေါင်း ၁၁၅၅၆ ဦး ရှိပါတယ်။
လိင်တူချင်း ဆက်ဆံတဲ့ အမျိုးသားတွေဟာ အများဆုံး ရောဂါကူးစက်ခံရတဲ့ အုပ်စုအဖြစ် ဆက်ရှိနေဆဲ ဖြစ်ပြီး ဂိုနိုရီးယားနဲ့ ဆစ်ဖလစ် ရောဂါကူးစက်မှု အမြင့်ဆုံး အဆင့်ကို ကာလတာရှည် ဆက်တိုးလာနေတယ်လို့ ဥရောပဒေသ ရောဂါတားဆီးရေးနဲ့ ထိန်းချုပ်ရေးဌာနက ပြောပါတယ်။
ဒါ့အပြင် ကလေးရနိုင်တဲ့အရွယ် အမျိုးသမီးတွေမှာ ဆစ်ဖလစ်ရောဂါ ကူးစက်မှု အကြီးအကျယ် တိုးလာနေတယ်လို့လည်း သတင်းတွေက ဆိုပါတယ်။
ကလမစ်ဒီးယားရောဂါကတော့ ဘက်တီးရီယားပိုးကနေ ကူးစက်တဲ့ ရောဂါတွေထဲမှာ အကူးစက်ဆုံး အဖြစ်ဆက်ရှိနေပေမဲ့ ၂၀၁၅ ခုနှစ်ကစလို့ ၂၁၃၄၄၃ ဦးအထိ ခြောက်ရာခိုင်နှုန်း ကျဆင်းသွားပါတယ်။
ယူကေကတော့ အီးယူ ဥရောပသမဂ္ဂထဲက ထွက်ခဲ့ပြီးကတည်းက လေ့လာမှတ်တမ်းယူတဲ့အထဲမှာ မပါတော့ပါဘူး။ ဒါပေမဲ့ ယူကေအစိုးရက အင်္ဂလန်နိုင်ငံမှာ ရောဂါကူးစက်သူ အရေအတွက်ကို နှစ်စဉ် ထုတ်ပြန်လေ့ ရှိပါတယ်။
ယူကေ ကျန်းမာရေး လုံခြုံရေး အေဂျင်စီက ဒီဇင်ဘာလမှာ ထုတ်ပြန်တဲ့ အစီရင်ခံစာတစ်ခုအရ အင်္ဂလန်နိုင်ငံမှာ ၂၀၂၄ ခုနှစ်က ဂိုနိုရီးယားရောဂါ ကူးစက်ခံထားရသူပေါင်း ၇၁၈၀၂ ဦးရှိပြီး ဆစ်ဖလစ်ရောဂါ ကူးစက်ခံထားရသူပေါင်း ၉၅၃၅ ဦး ရှိတယ်လို့ သိရပါတယ်။
အဲဒီကာလအတွင်းမှာ ကလမစ်ဒီးယားရောဂါ ကူးစက်ခံထားရသူပေါင်းကတော့ ၁၆၈၈၈၉ ဦးရှိတယ်လို့ ဆိုပါတယ်။
၂၀၂၃ ခုနှစ်မှာ ဂိုနိုရီးယားရောဂါ ကူးစက်ခံရသူပေါင်း ၈၅၀၀ စံချိန်တင် ရှိခဲ့အပြီး ၂၀၂၅ ခုနှစ်မှာ ယူကေနိုင်ငံတဝန်း ဂိုနိုရီးယားရောဂါ ကာကွယ်ဆေး အစီအစဉ် ချမှတ်လုပ်ဆောင်ခဲ့ပါတယ်။
ဂိုနိုရီးယား (ဆီးပူညောင်းကျရောဂါ) နဲ့ ဆစ်ဖလစ် (ကာလသားရောဂါ) ရဲ့ လက္ခဏာတွေက ဘာတွေလဲ
ဂိုနိုရီးယားရောဂါ လက္ခဏာတွေထဲမှာ နာကျင်မှု၊ ပုံမှန်မဟုတ်တဲ့ အဖြူဆင်းမှု၊ လိင်အင်္ဂါဇာတ်ရောင်ရမ်းမှုတွေ ပါဝင်ပါတယ်။ ဒါပေမဲ့ တစ်ခါတလေမှာ လက္ခဏာ လုံးဝ မပြတတ်ပါဘူး။
ကွန်ဒုံးကို သေသေချာချာ သုံးရင်၊ ကာကွယ်ဆေး ရတဲ့အခါ ထိုးထားရင် ရောဂါကူးစက်မှုကို ရှောင်ရှားနိုင်တယ်လို့ ယူကေနိုင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်မှုဌာန NHS က ဆိုပါတယ်။
ဆစ်ဖလစ်ရောဂါ လက္ခဏာတွေထဲမှာ လိင်အင်္ဂါနဲ့ ပါးစပ်တဝိုက်မှာ အနာဖြစ်တာ၊ လက်မှာ ယားနာ ပေါက်တာ၊ ဆံပင်ကျွတ်တာ၊ တုပ်ကွေးနဲ့ ဆင်တူတဲ့ လက္ခဏာတွေ ပါဝင်ပါတယ်။ တစ်ခါတလေ အဲဒီလက္ခဏာတွေကို အစဦးပိုင်းမှာ သတိပြုဖို့ ခက်လေ့ ရှိပြီး ပေါ်လာလိုက်၊ ပျောက်သွားလိုက် ဖြစ်တတတ်ပါတယ်။
ဂိုနိုရီးယား (ဆီးပူညောင်းကျရောဂါ) လိုပဲ ဆစ်ဖလစ် (ကာလသားရောဂါ) ကိုလည်း ကွန်ဒုံးသုံးတာမျိုး၊ ပဋိဇီဝဆေးနဲ့ ကုသတာမျိုးတွေနဲ့ ရှောင်ကြဉ်နိုင်ပါတယ်။ အဲဒီရောဂါနှစ်မျိုးစလုံးဟာ မကုသဘဲ ထားရင် နောက်ဆက်တွဲ ဆိုးဝါးတဲ့ ရောဂါတွေ ဖြစ်လာနိုင်ပါတယ်။