ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်တယ်လို့ မလေးရှားကို နေပြည်တော်ပြော

နေပြည်တော်ဟာ အတိုက်အခံအင်အားစုတွေနဲ့ ဆွေးနွေးလိုပုံပြလာတယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဒါတိုဆရီ မိုဟာမက် ဟာဆန်က နေပြည်တော်ကို နေ့ချင်းပြန်သွားတဲ့သူ့ခရီးအပြန်မှာပြောတဲ့သတင်းအပါအဝင် မေလ ၂၀ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာတဝန်းက ထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။

အနှစ်ချုပ်

  • မြန်မာလာခဲ့တဲ့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက အပြုသဘော‌ဆောင်တဲ့တိုးတက်မှုတွေ့ရတယ်လို့ ပြော
  • စစ်တပ်နဲ့ ဆက်စပ်သူ ၂ ဦးပိုင် WY စိတ်ကြွဆေးပြား ၃၂ သိန်းကို ဥသျှစ်ပင်မြို့အနီးမှာ ဖမ်းဆီးရမိတယ်လို့ အာရက္ခတပ်တော်(အေအေ)က သတင်းထုတ်ပြန်
  • ဘေကျင်းမြို့ကို အလည်အပတ်ခရီးရောက်နေတဲ့ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်က ရှီကို ''ခင်မင်ရင်းနှီးရပါသောမိတ်ဆွေ'' လို့ အရင်လိုပဲ နှုတ်ဆက်
  • ပြီးခဲ့တဲ့နှစ် နိုဝင်ဘာမှာ ကရင်အမျိုးသားအစည်းအရုံး(KNU)နဲ့ ပူးပေါင်းအဖွဲ့တွေ သိမ်းခဲ့တဲ့ ထိုင်း - မြန်မာ နယ်စပ်ကုန်သွယ်ရေးမြို့ မောတောင်ကို စစ်တပ်က မနေ့က ပြန်သိမ်း
  • ဘန်ကောက်က ကုန်တင်ရထားနဲ့ ဘတ်စ်ကားတိုက်မှုမှာ သေဆုံးသူ မြန်မာအမျိုးသမီးရဲ့ရုပ်အလောင်းကို ထုတ်ယူဖို့ ကျန်ရစ်သူ မိသားစုဝင်တွေ ရောက်ရှိလာ
  • ဒိုက်ဦးအကျဉ်းထောင်မှာ အမျိုးသမီးအကျဉ်းဆောင်က နိုင်ငံရေးအကျဉ်းသူတွေအပါအဝင် အကျဥ်းသူတွေဟာ ထောင်တွင်း ဖိနှိပ်မှုတွေကို ကြုံနေရ

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. မေလ ၂၀ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ ပြီးပါပြီ။

    ဘီဘီစီသတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

  2. ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်တယ်လို့ မလေးရှားကို နေပြည်တော်ပြော

    ဒေါ်အောင်ဆန်းစုကြည်ရဲ့ကျန်းမာရေး ကောင်းမွန်တယ်လို့ဆိုပြီး မလေးရှားနိုင်ငံခြားရေးဝန်ကြီးကို နေပြည်တော်ဘက်က ပြောလိုက်တယ်လို့ မလေးရှားအစိုးရနဲ့နီးစပ်တဲ့ သံတမန်သတင်းရင်းမြစ်က ဘီဘီစီကို ပြောပါတယ်။

    မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဒါတိုဆရီ မိုဟာမက် ဟာဆန်ဟာ နေပြည်တော်ကို မနေ့က နေ့ချင်းပြန်ခရီးသွားပြီး မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

    မလေးရှားနိုင်ငံခြားရေးဝန်ကြီးက သူ့ခရီးအတွင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့အခြေအနေကို မေးမြန်းခဲ့တဲ့အပေါ် နေပြည်တော်ဘက်က အဲဒီလိုပြန်လည်ဖြေကြားခဲ့တာလို့ သံတမန် သတင်းရင်းမြစ်က ပြောပါတယ်။

    ''She is well (သူ နေကောင်းတယ်) ဆိုပြီး ပြောပါတယ်။ နောက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ်ကို ပြောင်းရွှေ့လိုက်တာကိုလည်း နေပြည်တော်ဘက်က ထပ်လောင်းအတည်ပြုတယ်။ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကို အရင်လိုပဲ ဆရာဝန်နဲ့ ကျန်းမာရေးစောင့်ရှောက်မှု ပေးနေတဲ့အကြောင်းလည်း ပြောခဲ့တယ်'' လို့ သံတမန် သတင်းရင်းမြစ်က ပြောပါတယ်။

    နေပြည်တော်ဟာ ထောင်ဒဏ်ချမှတ်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာနှစ်ဆန်းတစ်ရက်နေ့က လွတ်ငြိမ်းမှာ သတ်မှတ်ထားတဲ့နေရာကိုပြောင်းရွှေ့လိုက်တယ်လို့ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံ တစ်ပုံနဲ့အတူ သတင်းထုတ်ပါတယ်။

    ဒါပေမဲ့ နေပြည်တော်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သူ့ရဲ့ရှေ့နေတွေအပါအဝင် မိသားစုနဲ့ ဆက်သွယ်ခွင့်ပေးဖို့အပြင် သက်ရှိထင်ရှားရှိနေသေးကြောင်း ပြသဖို့ တောင်းဆိုသံတွေ မြင့်တက်နေပါတယ်။

    ၂၀၂၁ စစ်အာဏာသိမ်းမှုပြီးကတည်းက နေပြည်တော်မှာ ဖမ်းဆီးထိန်းသိမ်းခံရပြီး ထောင်ဒဏ်ချမှတ်ခံထားရသူ ဒေါ်အောင်ဆန်းစုကြည်ဟာ ရှေ့နေတွေနဲ့ မိသားစုဝင်တွေနဲ့ တွေ့ဆုံခွင့်မရသလို သူ့ရဲ့အခြေအနေကို နေပြည်တော် အာဏာပိုင်တွေက သတင်းထုတ်ပြန်သလောက်သာ ပြင်ပကမ္ဘာက သိရှိရတာဖြစ်ပါတယ်။

    ဒီလိုအခြေအနေတွေရှိနေချိန်မှာပဲ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက နေပြည်တော်ကို ရောက်ချိန် ဒေါ်အောင်ဆန်းစုကြည်အခြေအနေကို မေးမြန်းခဲ့တာဖြစ်ပါတယ်။

    မလေးရှားနိုင်ငံခြားရေးဝန်ကြီးရဲ့ခရီးစဉ်အကြောင်းကို နေပြည်တော်က သတင်းထုတ်ရာမှာတော့ ဒီအကြောင်း မပါဝင်ခဲ့ပေမဲ့ နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေဟာ နှစ်နိုင်ငံဆက်ဆံရေးနဲ့ အာဆီယံကိစ္စရပ်တွေကို ပူးပေါင်း ဆောင်ရွက်ဖို့ ဆွေးနွေးတယ်လို့ ဆိုပါတယ်။

    မလေးရှားဘက်ကတော့ နိုင်ငံခြားရေးဝန်ကြီးရဲ့နေပြည်တော်ခရီးစဉ်နဲ့ပတ်သက်ပြီး တရားဝင် သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

    ဒါပေမဲ့ မြန်မာဘက်က အခြေအနေကို သုံးသပ်ဖို့ နေပြည်တော်ကို သွားခဲ့တာလို့ဆိုပြီး မလေးရှားနိုင်ငံခြားရေးဝန်ကြီးက သူ့ခရီးစဉ်ကနေအပြန် မလေးရှား မီဒီယာတွေကို ပြောပါတယ်။

    ဒါအပြင် နေပြည်တော်ဘက်က အရင်က အတိုက်အခံအကြောင်းပြောရင် လက်မခံပေမယ့် အခုတော့ တွေ့ဆုံဆွေးနွေးလိုပုံ ပြလာတယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

    မလေးရှားနိုင်ငံခြားရေးဝန်ကြီးဟာ မြန်မာအတိုက်အခံ အင်အားစုတွေနဲ့ မကြာခင်မှာ သီးခြားတွေ့ဆုံဖို့ ရှိနေတယ်လို့လည်း ဒီကြောင်းသိတဲ့သတင်းရင်းမြစ်က ဘီီဘီစီကို ပြောပါတယ်။

  3. စမွတ်စခွန် အလူမီနီယံ စက်ရုံမီးထဲ မြန်မာလုပ်သားစုထားတဲ့ရွှေနဲ့ ဘတ်ငွေ သိန်းချီပါသွား

    ထိုင်းနိုင်ငံ၊ စမွတ်စခွန်ခရိုင်မှာ အလူမီနီယံ စက်ရုံတစ်ရုံ မီးလောင်မှုမှာ မြန်မာအလုပ်သမားတစ်ဦး စု‌ဆောင်းထားတဲ့ ရွှေနဲ့ ပိုက်ဆံတွေ မီးတဲ့ပါသွားတယ်လို့ ထိုင်းသတင်းဌာန Khaosod ကရေးပါတယ်။

    ဒီနေ့ မနက်ပိုင်းဖြစ်ခဲ့တဲ့စက်ရုံမီးလောင်မှုမှာ မြန်မာအလုပ်သမားတစ်ဦး အိုစာမင်းစာ စုဆောင်းထားတဲ့ ရွှေတုံး ၁၀ ဘတ် (၁၀ ကျပ်သား ဝန်းကျင်)နဲ့ ဘတ်ငွေ ၂ သိန်း မီးထဲ ပါသွားခဲ့တာလို့ ဆိုပါတယ်။

    အလုပ်ခုံ အံဆွဲထဲမှာ အိတ်နဲ့ထည့်ထားခဲ့တဲ့ရွှေနဲ့ ငွေတွေ စက်ရုံမီးလောင်ချိန် မီးထဲ ပါသွားခဲ့တာပါ။

    မီးလောင်ချိန်မှာ အလုပ်သမားက အဲဒီပစ္စည်းတွေကို စက်ရုံထဲ ဝင်ယူ ဖို့လုပ်ပေမဲ့ မီးလောင်တဲ့အရှိန် မြင့်တာကြောင့် အသက်အန္တရာယ်ရှိနိုင်တဲ့အတွက် မီးသတ်တပ်ဖွဲ့ဝင်တွေက တားဆီးခဲ့ပါတယ်။

    ရွှေနဲ့ ငွေသားအားလုံး ပြန်ရှာမတွေ့သေးဘူးလို့ ထိုင်းသတင်းက ဖော်ပြပါတယ်။

    ဒီမနက် ၁၀ နာရီဝန်းကျင်မှာ မီးလောင်ခဲ့တဲ့ အလူမီနီယံ စက်ရုံကို မီးသတ်ကား ၁၀ စီး ထက်မနည်း သွားရောက်ငြှိမ်းသတ်ခဲ့ရတယ်လို့လည်း ဆိုပါတယ်။

    စက်ရုံဟာ စတီးနဲ့ အလူမီနီယံပြားတွေ ထုတ်လုပ်ပြီး စက်ရုံဝင်းက စတုရန်းမီတာ ၁၆,၀၀၀ ကျော် ကျယ်ပါတယ်။

    ဒီစက်ရုံဝင်းထဲမှာ ဂိုထောင် ၄ ခုရှိပြီး အဲဒီထဲက အလူမီနီယံ ပုံသွင်းတဲ့ဂိုထောင်တစ်ခုမှာ အပူချိန်လွန်ကဲပြီး မီးလောင်ခဲ့တာလို့ ထိုင်းသတင်းက ဆိုပါတယ်။

    လူအသေအပျောက်နဲ့ ထိခိုက်ဒဏ်ရာရသူ မရှိဘူးလို့ ဖော်ပြထားပါတယ်။

  4. ဒိုက်ဦး‌ထောင် အမျိုးသမီး‌ဆောင်က အကျဥ်းသူတွေ ဖိအားပေး အလုပ်စေခိုင်းခံရ

    ပဲခူးတိုင်း၊ ဒိုက်ဦးမြို့မှာရှိတဲ့ ဒိုက်ဦးအကျဉ်းထောင်မှာ အမျိုးသမီးအကျဉ်းဆောင်က နိုင်ငံရေးအကျဉ်းသူတွေအပါအဝင် အကျဥ်းသူတွေဟာ ထောင်တွင်း ဖိနှိပ်မှုတွေကို ကြုံနေရတယ်လို့ အကျဥ်းထောင်နဲ့နီးစပ်သူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

    အမျိုးသမီးအကျဉ်းသူတွေကို ဘိလပ်မြေအုတ်ထုတ်ဖို့ အလုပ်ကြမ်း လုပ်ခိုင်းတာ၊ တစ်ရက်ကို ရေတစ်ကြိမ်ပဲ ချိုးခွင့်ပေးတာလို အခွင့်အရေးကန့်သတ်မှုတွေ ကြုံနေရတာလို့ သူက ပြောပါတယ်။

    “ရေက တစ်ခါချိုးရင် ၁၅ ခွက်ပဲ ပေးချိုးတယ်။ တစ်နေ့လုံးလည်း မဆလာဖျော် အုတ်ရိုက်တာတွေ လုပ်ရတယ်။ အမျိုးသမီးဆောင်ကို အကျဥ်းဦးစီးက အရာရှိသစ်ပြောင်းလာကတည်းက ဒီလိုဖိအားပေးတာတွေ ပိုများလာတာ” လို့ ဘီဘီစီရဲ့သတင်းအရင်းအမြစ်က ပြောပါတယ်။

    ဒိုက်ဦး‌ထောင်မှာ နိုင်ငံရေးအကျဉ်းသူအကျဉ်းသား တစ်ထောင်ဝန်းကျင်ရှိပြီး အဲဒီထဲမှာ ထက်ဝက်ကျော်က အမျိုးသမီးတွေဖြစ်တယ်လို့ ထောင်နဲ့နီးစပ်သူက ပြောပါတယ်။

    အမျိုးသမီးတွေဟာ ခန္ဓာကိုယ်တည်ဆောက်ပုံ သဘောသဘာဝအရ အမျိုးသားတွေထက် သန့်ရှင်းရေး လုပ်ဆောင်ဖို့ ရေကို ပိုလိုအပ်တာဖြစ်ပါတယ်။

    နိုင်ငံရေးအကျဥ်းသားအတွက် အထူးအခွင့်အရေးဆိုတာမျိုး အကျဥ်းထောင်ဥပဒေမှာမရှိပေမဲ့ အလုပ်ကြမ်းစေခိုင်းရင် အသက်အရွယ်၊ ကျန်းမာရေးနဲ့ ကိုက်ညီရမယ်လို့ တရားလွှတ်‌တော်ရှေ့နေ ဒေါ်ဇာလီအေးက ဘီဘီစီကို ပြောပါတယ်။

    “ရေချိုးတဲ့နေရာမှာလည်း ကန့်သတ်ချက် သီးသန့်မရှိပေမဲ့ ကျန်းမာရေးနဲ့မညီညွတ်ရင် ကူးစက်ရောဂါဖြစ်လာနိုင်တာကြောင့် ကျန်းမာရေးရှုထောင့်အ‌ရ မလုပ်သင့်တာမျိုးဖြစ်ပါတယ်” လို့ သူက သုံးသပ်ပါတယ်။

    အမျိုးသားအကျဉ်းဆောင်ဘက်မှာတော့ ဆေးကုသခွင့် ကန့်သတ်ခံထားရတာနဲ့ ဆေးဝါးပြင်ပကနေ သွင်းရတာကြန့်ကြာတာ ကြုံနေတယ်လို့ ဆိုပါတယ်။

    ‘’ကျွေးတဲ့ထမင်းက မနပ်လို့ အစာအိမ်ယောင်တာ မကြာခဏ ဖြစ်ပါတယ်။ အပြင်ထွက် ကုဖို့ ပိုက်ဆံပေးနိုင်မှရတာ” လို့ ဒိုက်ဦးထောင်နဲ့နီးစပ်သူက ပြောပါတယ်။

    ဒိုက်ဦးထောင်တွင်းက ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ ဘီဘီစီက နေပြည်တော်အကျဥ်းဦးစီးဌာနကို ဆက်သွယ်မေးမြန်းချိန်မှာတော့ ဒီကိစ္စကိုဖြေဆိုဖို့ အဆင်သင့်မဖြစ်သေးဘူးလို့ တာဝန်ရှိသူတစ်ဦးက ပြန်လည်ဖြေကြားပါတယ်။

    မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဥ်းသားများကွန်ရက်(PPNM)ရဲ့အချက်အလက်အရ အာဏာသိမ်း ၅ နှစ်အတွင်း နိုင်ငံရေးအကျဉ်းသား သေဆုံးမှုအများဆုံးထောင်ထဲမှာ ဒိုက်ဦးထောင်လည်းပါဝင်ပါတယ်။

    ဒိုက်ဦးထောင်က သေဆုံးသူနိုင်ကျဥ်း ၂၀ ဦးရှိတယ်လို့ PPNM က ဆိုပါတယ်။

    ၅ နှစ်အတွင်း အကျဥ်းထောင်တွေထဲမှာ သေဆုံးသူ နိုင်ကျဥ်း ၂၇၄ ဦးရှိနေပြီဖြစ်ပြီး ၂၀၂၅ ခုနှစ်ထဲမှာ သေဆုံးမှုအများဆုံးဖြစ်တယ်လို့ စစ်တမ်းက ဖော်ပြပါတယ်။

    အကျဥ်းသား ၁၅၀၀ ကျော်ကို လွှတ်ပေးခဲ့တဲ့ ဒီနှစ်ကဆုန်လပြည့်နေ့ လွတ်ငြိမ်းမှာလည်း နိုင်ကျဥ်း ၈ ဦးသာ လွတ်လာတယ်လို့ PPNM က မေ ၁ ရက်မှာ ထုတ်ပြန်ပါတယ်။

    အသွင်ပြောင်းနေပြည်တော်အစိုးရရဲ့ လွတ်ငြိမ်းဟာ နိုင်ငံရေးဖိအားလျှော့ချဖို့ ဟန်ပြသာဖြစ်ပြီး အမှန်တကယ်လွတ်မြောက်ဖို့ လိုအပ်နေသူတွေ သံတိုင်တွေနောက်မှာ ကျန်နေ သေးတယ်လို့ PPNMက ထုတ်ပြန်ချက်မှာ ပြောပါတယ်။

    အသက်ကြီးဆုံး နိုင်ကျဥ်းအမျိုးသမီးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း သတ်မှတ်နေအိမ် တစ်ခုမှာ နေရာရွှေ့ပြောင်းထားတယ်လို့ စစ်တပ်ကထုတ်ပြန်ပေမဲ့ မိသားစု၊ ရှေ့နေတွေနဲ့ တွေ့ဆုံ ခွင့်ကို ကန့်သတ်ထားဆဲဖြစ်ပါတယ်။

  5. ဘန်ကောက်ရထားတိုက်မှုမှာ သေဆုံးတဲ့မြန်မာအမျိုးသမီး ရုပ်အလောင်းကို မိသားစုဝင်တွေ လာရောက်ထုတ်ယူ

    ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက ဖြစ်ခဲ့တဲ့ ကုန်တင်ရထားက ဘတ်စ်ကားကို တိုက်မှုမှာ သေဆုံးသူ မြန်မာအမျိုးသမီးရဲ့ရုပ်အလောင်းကို ထုတ်ယူဖို့ ကျန်ရစ်သူ မိသားစုဝင်တွေက ဘန်ကောက် ရဲဌာနချုပ်က ရဲဆေးရုံ၊ ဆေးမှုခင်းဌာနကို ဒီကနေ့ ရောက်ရှိလာကြပါတယ်။

    သေဆုံးခဲ့သူဟာ အသက် ၃၆ နှစ်အရွယ် မအေးအေးမြင့်ဖြစ်ပြီး ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ကျုံဖဲကျေးရွာ ဇာတိဖြစ်ပါတယ်။

    မအေးအေးမြင့်ဟာ သူအလုပ်လုပ်နေတဲ့ စားသောက်ဆိုင်ကနေ အိမ်ကိုပြန်ဖို့ ဘန်ကောက်ဘတ်စ်ကားလိုင်းအမှတ် ၂၀၆ က ကားတစ်စီးပေါ်မှာ စီးနင်းလိုက်ပါလာချိန် သူ စီးလာတဲ့ဘတ်စ်ကားဟာ မေလ ၁၆ ရက် ညနေပိုင်းမှာ ကုန်တင်ရထား ဝင်တိုက်တာခံခဲ့ရတာ ဖြစ်ပါတယ်။

    သူ ကားပေါ်လိုက်ပါလာပြီး တစ်မှတ်တိုင်အကျော်မှာပဲ ဘတ်စ်ကားဟာ ကုန်တင်ရထား ဝင်တိုက်တာကို ခံရအပြီး မအေးအေးမြင့်လည်း သေဆုံးခဲ့တာလို့ အစ်ကိုဖြစ်သူ ကိုဝင်းက ဘီဘီစီကို ပြောပါတယ်။

    ဒီဖြစ်စဉ်ကြောင့် သေဆုံးသူ ၈ ဦး ရှိခဲ့ပါတယ်။ အဲဒီထဲက ၆ ဦးကို ရဲတပ်ဖွဲ့ ဆေးမှုခင်းဌာနက မျိုးဗီဇ(DNA) တိုက်ဆိုင် စစ်ဆေးပြီး ၆ ဦးထဲမှာ မြန်မာတစ်ဦးပါဝင်တယ်ဆိုတာ အတည်ပြုနိုင်ခဲ့တာလို့ ဆေးမှုခင်းဌာနက မေလ ၁၉ ရက်နေ့မှာ ဘီဘီစီကို ပြောပါတယ်။

    ဒီကနေ့မှာတော့ သူ့ရဲ့ခင်ပွန်းဖြစ်သူအပါအဝင် မိသားစုဝင်တွေက မအေးအေးမြင့်ရဲ့ရုပ်အလောင်းကို ထုတ်ယူဖို့ ဘန်ကောက်ရဲဌာနချုပ်၊ ရဲဆေးရုံမှာ ရှိတဲ့ဆေးမှုခင်းဌာနကို ရောက်ရှိခဲ့တာပါ။

    အာဏာပိုင်တွေက မိသားစုဝင်တွေကို မအေးအေးမြင့်ရဲ့ရုပ်အလောင်း ခေါ်ပြခဲ့ပြီးတဲ့နောက် ခင်ပွန်းဖြစ်သူက သူ့ဇနီးရဲ့ရုပ်အလောင်းကို ကြည့်ပြီး သတိမေ့ လဲကျခဲ့လို့ ကယ်ဆယ်ရေးအဖွဲ့တွေက ဆေးကုသမှုပေးခဲ့ရပါတယ်။

    လက်ရှိမှာ မအေးအေးမြင့်ရဲ့ ရုပ်အလောင်းကို ထုတ်ယူဖို့ ဘန်ကောက်မြို့၊ မြန်မာသံရုံးဆီကနေ ထောက်ခံချက်လိုအပ်နေတာကြောင့် မြန်မာသံရုံးဘက်က အကူအညီပေးဖို့ မိသားစုဝင်တွေက တောင်းဆိုလိုက်ပါတယ်။

  6. KNU လက်ထဲက နယ်စပ်မြို့ မောတောင်ကို စစ်တပ်ပြန်သိမ်း

    တနင်္သာရီတိုင်းထဲ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာမှာ ကရင်အမျိုးသားအစည်းအရုံး(KNU)နဲ့ ပူးပေါင်းအဖွဲ့တွေ သိမ်းခဲ့တဲ့ ထိုင်း - မြန်မာ နယ်စပ်ကုန်သွယ်ရေးမြို့ မောတောင်ကို စစ်တပ်က မနေ့က ပြန်သိမ်းလိုက်ပြီလို့ နိုင်ငံပိုင်သတင်းစာကနေ ဒီနေ့ ထုတ်ပြန်လာပါတယ်။

    ပြီးခဲ့တဲ့သီတင်းနှစ်ပတ်အတွင်း မောတောင်မြို့မှာ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေနဲ့ စစ်တပ်တို့ တိုက်ပွဲတွေ ဖြစ်ခဲ့အပြီးမှာ မြို့ကို ပြန်သိမ်းလိုက်ပြီလို့ စစ်တပ်ဘက်က ကြေညာလာတာဖြစ်ပါတယ်။

    စစ်တပ်ဟာ ပြင်ဆင်စုဖွဲ့မှုတွေ လုပ်ပြီး မေ ၅ ရက်မှာ စတင်ထိုးစစ်ဆင်ခဲ့တာလို့ အဲဒီကြေညာချက်မှာ ဖော်ပြပါတယ်။

    မောတောင်မြို့ဟာ ထိုင်း-မြန်မာ နှစ်နိုင်ငံ ကုန်သွယ်ရေးအတွက် အဓိကကျတဲ့ နယ်စပ်ကုန်သွယ် ရေးစခန်းရှိတဲ့မြို့ဖြစ်ပါတယ်။

    KNU က ဒီစခန်းကို ၃၅ နှစ်တိုင် လက်လွှတ်ထားပြီးမှ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းမှာ ပြန်လည် ထိန်းချုပ်ထားခဲ့တာပါ။

    KNU တပ်မဟာ ၄ (မြိတ်-ထားဝယ်ခရိုင်) ရဲ့ အတွင်းရေးမှူး ပဒိုစောအယ်နားက မောတောင်မြို့ကို ပြန်လည်လက်လွှတ်ထားရတာကို အတည်ပြုဖြေကြားပါတယ်။

    စစ်တပ်ပြန်ဝင်ပြီးတဲ့နောက် ဒီနယ်တကြောက အခြေအနေကိုတော့ ဖြေကြားတာမရှိပါဘူး။

    စစ်တပ်ကတော့ မောတောင်ကို ပြန်သိမ်းနိုင်ဖို့ တိုက်ပွဲကြီး၊ တိုက်ပွဲငယ် ၂၀၇ ကြိမ်ဖြစ်ပွားခဲ့ပြီး တော်လှန်ရေးဘက်က ၂၀ ကျော် သေဆုံးတယ်လို့ ပြောပါတယ်။

    ကုန်သွယ်ရေးဘက်မှာတော့ မောတောင်မြို့ကတဆင့် ကုန်သွယ်ရေးပြန်စဖို့ ဧပြီ ၂၀ ရက်မှာ ထိုင်းဘက်ခြမ်း ပရာကျွတ်ကရီခမ်ခရိုင်၊ ဆင်ခွန်းနယ်စပ်ဂိတ်ကို ထိုင်းအာဏာပိုင်တွေက ပြန်လည်ဖွင့်လှစ်ထားတာပါ။

    ဒီနယ်စပ်မြို့ကနေ ပြည်မထဲအထိ ကုန်သွယ်ရေးအတွက် အဓိကကျတဲ့ အမှတ် ၈ ပြည်ထောင်စု လမ်းမကြီးကို စစ်တပ်ကရော တော်လှန်ရေးတပ်တွေဘက်ကပါထိန်းချုပ်ဖို့ ဒီနှစ်ထဲမှာ စစ်ရေး ‌အပြိုင် အရှိန်မြှင့်နေကြတာပါ။

    အမှတ် ၈ ပြည်ထောင်စုလမ်းမပေါ်မှာရှိတဲ့ ဝင်းဝစခန်းကို တော်လှန်ရေးဘက်က ဒီနှစ်မတ်လအစပိုင်းမှာ တော်လှန်ရေးဘက်က သိမ်းခဲ့ပေမဲ့ စစ်တပ်က လကုန်ပိုင်းမှာ ပြန်သိမ်းယူခဲ့တာ ဖြစ်ပါတယ်။

  7. Mango အဝတ်ကုမ္ပဏီပိုင်ရှင် တောင်ပေါ်က ပြုတ်ကျသေဆုံးခဲ့မှု သားဖြစ်သူကို ဖမ်းဆီးလိုက်

    Mango ကုမ္ပဏီ တည်ထောင်သူ အိုင်ဆက်ခ် အန်ဒစ်ချ် သေဆုံးခဲ့မှုမှာ ဆက်နွှယ်ပတ်သက်နေမှုနဲ့ သူ့ရဲ့ သားဖြစ်သူကို ရဲက ဖမ်းဆီးလိုက်ပါတယ်။

    မစ္စတာ အိုင်ဆက်ခ် အန်ဒစ်ချ် သေဆုံးခဲ့မှုကို ကနဦးတုန်းက မတော်တဆ ဖြစ်ရပ်အဖြစ် သတ်မှတ်ထားခဲ့ပေမဲ့ နောက်ပိုင်းမှာ အမှုပြန်ဖွင့်ခဲ့ပြီး နောက်ထပ် စုံစမ်းစစ်ဆေးမှု ထပ်လုပ်ခဲ့ရာကနေ အင်္ဂါနေ့က အသက် ၄၃ နှစ်အရွယ် ဂျော်နသန် ကို စပိန် ကက်တာလန်ရဲက ဖမ်းဆီး ထိန်းသိမ်းခဲ့တာ ဖြစ်ပါတယ်။

    အသက် ၇၁ နှစ်အရွယ် အိုင်ဆက်ခ် ဟာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလက ဘာစလိုးနားမြို့နားက မွန့်ဆာရက်တောင်မှာ သားဖြစ်သူနဲ့အတူ လမ်းလျှောက်နေတုန်း ချောက်ကမ်းပါးတစ်ခုကနေ ပြုတ်ကျပြီး သေဆုံးခဲ့တာ ဖြစ်ပါတယ်။ အဲဒီအချိန်မှာ သူတို့နှစ်ဦးတည်းလား ဒါမှမဟုတ် တခြား မိသားစုဝင်တွေလည်း ရှိနေသလားဆိုတာနဲ့ ပတ်သက်လို့ သတင်းမီဒီယာတွေမှာ အမျိုးမျိုး ဖော်ပြနေပါတယ်။

    ဂျော်နသန်ကတော့ သူ့ဖခင် သေဆုံးခဲ့မှုဟာ သူနဲ့ မဆိုင်ဘူးဆိုပြီး အရင်က ငြင်းဆိုထားပါတယ်။

    အပြည့်အစုံကို ဒီလင့်ခ် မှာ ဝင်ဖတ်နိုင်ပါတယ်။

  8. တရုတ်နဲ့ ရုရှားသမ္မတတို့ ဘေကျင်းမှာ ထိပ်သီးဆွေးနွေးပွဲ ပြုလုပ်

    တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ဘေကျင်းမြို့ကို အလည်အပတ်ခရီးရောက်နေတဲ့ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်တို့ ဒီနေ့မနက်ပိုင်း ထိပ်သီးဆွေးနွေးပွဲ ပြုလုပ်နေပါတယ်။

    နှစ်နိုင်ငံသမ္မတတွေ တွေ့ဆုံချိန်မှာ ပူတင်က ရှီကို ''ခင်မင်ရင်းနှီးရပါသောမိတ်ဆွေ'' လို့ အရင်လိုပဲ နှုတ်ဆက်တဲ့အကြောင်း ရုရှားနိုင်ငံပိုင် TASS သတင်းဌာနက သတင်းထုတ်ပါတယ်။

    အခုတစ်ခေါက် ဘေကျင်းခရီးဟာ သူ လာချင်ခဲ့တာကြာပြီဖြစ်တဲ့ခရီးစဉ်ဖြစ်တဲ့အကြောင်းကိုလည်း ပူတင်က ရှီကို ပြောခဲ့တယ်လို့ ဆိုပါတယ်။

    ဒါအပြင် မော်စကိုနဲ့ ဘေကျင်းဆက်ဆံရေးဟာ ''အမြင့်ဆုံး'' ကို ရောက်နေပြီလို့လည်း ပူတင်က ပြောပါတယ်။

    ပြီးတော့ နှစ်နိုင်ငံကုန်သွယ်ရေးဟာ ၂၅ နှစ်အတွင်းမှာ အဆ ၃၀ ကျော်မြင့်တက်လာခဲ့တယ်လို့ဆိုတာကို နှစ်နိုင်ငံ ခေါင်းဆောင်တွေက လက်ခံထားတယ်လို့လည်း TASS က သတင်းဖော်ပြပါတယ်။

    ရုရှားသမ္မတပူတင်ဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ဘေကျင်းခရီးစဉ်အပြီး ရက်ပိုင်းအကြာမှာ သမ္မတ ရှီနဲ့ လာရောက်တွေ့ဆုံတာ ဖြစ်ပါတယ်။

    ဒါဟာ သမ္မတ ပူတင်အတွက် အခုနှစ်အတွက် ပထမဆုံးနိုင်ငံခြားခရီးစဉ်လည်းဖြစ်တာကြောင့် သူ့ရဲ့အခုခရီးစဉ်ဟာ ယူကရိန်းစစ်ကြောင့် တဖြည်းဖြည်း အထီးကျန်နေတဲ့ရုရှားအတွက် ဘယ်လောက်အရေးကြီးတယ်ဆိုတာကိုလည်း ထင်ဟပ်နေပါတယ်။

    တဖက်မှာလည်း ရုရှားကို အနောက်နိုင်ငံတွေက စီးပွားရေးပိတ်ဆို့မှုတွေ ပြုလုပ်ထားပေမဲ့ တရုတ်ဟာ ရုရှားရေနံကို အများဆုံးဝယ်ယူတဲ့ ဝယ်လက်ဖြစ်နေသလို အဓိကမဟာမိတ်လည်းဖြစ်နေပါတယ်။

    တရုတ်သမ္မတ ရှီဟာ မော်စကိုနဲ့ဆက်ဆံရေး နီးစပ်လိုပုံပေါ်ပေမဲ့ ယူကရိန်းစစ်ပွဲကိစ္စကို ထောက်ရှုပြီး သိသာလွန်းတဲ့ ဟန်ချက်ပျက်ယွင်းမှု မဖြစ်အောင်တော့ ရုရှားနဲ့ဆက်ဆံရေးကို အနီးကပ်ဆုံးပုံ မပေါ်အောင် ထိန်းနေတယ်လို့ ဘီဘီစီရဲ့ တရုတ်သတင်းထောက်က ရေးပါတယ်။

    အခုတစ်ခေါက် ပူတင်ရဲ့ဘေကျင်းခရီးမှာ တရုတ်ကို သဘာဝဓာတ်ငွေ့ ကုဗမီတာ ဘီလျံ ၅၀ အထိ ပို့နိုင်မယ့် ပိုက်လိုင်းသစ် တည်ဆောက်ရေးကိစ္စကိုလည်း သမ္မတရှီကျင့်ဖျင်နဲ့ ဆွေးနွေးနိုင်ခြေရှိပါတယ်။

    တဖက်မှာလည်း ပူတင်ဟာ တရုတ်နဲ့စီးပွားရေး ဆက်ဆံရေး ဖော်ဆောင်ဖို့ ပြီးခဲ့တဲ့လတဲ့တွေအတွင်း ဘေကျင်းကို လာခဲ့ကြတဲ့ ခေါင်းဆောင်တွေထဲက တစ်ဦးဖြစ်လာပါတယ်။

  9. ဥသျှစ်ပင်မြို့အနီးမှာ စိတ်ကြွဆေးပြား သိန်း ၃၀ ကျော် ဖမ်းမိ - AA

    ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ဥသျှစ်ပင်မြို့အနီးမှာ WY စိတ်ကြွဆေးပြား ၃၂ သိန်းကို ဖမ်းဆီးရမိတယ်လို့ အာရက္ခတပ်တော်(အေအေ)က သတင်းထုတ်ပြန်လာပါတယ်။

    အေအေကတော့ ဒီဆေးပြားတွေဟာ ပြည်ခရိုင်ထဲက စစ်တပ်ရဲ့စစ်ဆေးရေးဂိတ်တွေကို ဖြတ်သန်းလာအပြီးမှာ ဖမ်းမိတာလို့ စွပ်စွဲထုတ်ပြန်ပါတယ်။

    ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကနေ အခုနှစ်မေလအတွင်း မူးယစ်ဆေးဝါးဖမ်းမိမှုတွေထဲက ၃ ကြိမ်ထက်မနည်းဟာ အေအေနဲ့ဆက်စပ်တယ်လို့ စစ်တပ်က သတင်းထုတ်ပြန်ခဲ့ဖူးပါတယ်။ အေအေဘက်ကတော့ ဒီစွပ်စွဲချက်တွေကို မီဒီယာတွေကနေတဆင့် ပြန်လည် ငြင်းဆိုထားပါတယ်။

    အဲဒီနောက်ပိုင်းမှာ အေအေဘက်ကလည်း စစ်တပ်နဲ့ဆက်စပ်သူ ပိုင်ဆိုင်တဲ့ WY ဆေးပြားတွေ ဖမ်းဆီးရမိတယ်လို့ ထုတ်ပြန်လာတာဖြစ်ပါတယ်။

    မေ ၁၉ ရက်ညပိုင်း ထုတ်ပြန်ချက်အရ အေအေနဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက ဒီလ ၁ ရက်နေ့မှာ ဥသျှစ်ပင်မြို့အနီး ကင်းလှည့်ချိန်မှာ ဥသျှစ်ပင်နဲ့ ပြည်မြို့ခံ အမျိုးသား ၂ ဦးနဲ့အတူ စိတ်ကြွဆေးပြားတွေကို ဖမ်းဆီးရမိခဲ့တာလို့ ဆိုထားပါတယ်။

    အောင်လကျော်နဲ့ အောင်ကျော်မိုးဆိုသူတို့နဲ့အတူ ဖမ်းမိတဲ့စိတ်ကြွဆေးတွေဟာ ရန်ကုန်မြို့က စစ်တပ်နဲ့ပတ်သက်သူတွေဖြစ်တဲ့ ရွှေပြည်သာမြို့နယ်က ဦးမိုးကျော်ထွေး၊ အင်းစိန်မြို့နယ်က ဦးရန်နိုင်တို့ရဲ့စိတ်ကြွဆေးတွေဖြစ်တယ်လို အေအေက စွပ်စွဲထားပါတယ်။

    အေအေ ရဲတပ်ဖွဲ့က ဒီအမှုကို စိတ်ကိုပြောင်းလဲစေတဲ့ ဆေးဝါးဆိုင်ရာ ဥပဒေပုဒ်မတွေနဲ့ အမှုဖွင့် အရေးယူထားတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

    အေအေကတော့ သူ့ရဲ့လှုပ်ရှားနယ်မြေတိုင်းမှာ မူးယစ်ဆေးဝါးအပြင် အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)နဲ့ ကျားဖြန့်လုပ်သူတွေ မရှိအောင် မူချပြီး ဆောင်ရွက်နေတယ်လို့ ပြောထားပါတယ်။

  10. တရုတ်နဲ့ ရုရှားကို ဘာက ပေါင်းစည်းပေးနေတာလဲ

    ဘေဂျင်းမြို့က တီရန်နန်မင်ရင်ပြင်မှာ တရုတ် သမ္မတ ရှီကျင့်ဖျင်နဲ့ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်တို့ ပြီးခဲ့တဲ့စက်တင်ဘာလတုန်းက လမ်းလျှောက်ကြတုန်းကတော့ လူ့ ကိုယ်တွင်းအင်္ဂါတွေကို အစားထိုးလဲလှယ်လိုက်ရင် လူ့အသက် ဆွဲဆန့်ဖို့ရာ ဖြစ်နိုင်တဲ့အကြောင်း နှစ်ယောက်သား ပေါ့ပေါ့ပါးပါး စကားပြောခဲ့ကြဖူးပါတယ်။

    ''လူ့ကိုယ်အင်္ဂါတွေကို ဆက်တိုက် အစားထိုးလဲလှယ်လို့ ရတယ်။ အသက်ရှည်လေလေ နုပျိုလေလေပါပဲ။ သေခြင်းကို ကျော်လွှားနိုင်တာမျိုးတောင် ဖြစ်နိုင်တယ်'' လို့ ပူတင်က စကားပြန်ကနေ တဆင့် စကားပြောခဲ့တာကို ကြားခဲ့ရပါတယ်။

    ''အခုရာစုနှစ်မှာ လူ့အသက်ဟာ နှစ် ၁၅၀ အထိ ရှည်နိုင်တယ်လို့ ခန့်မှန်းကြသူ အချို့လည်းရှိတယ်'' လို့ ရှီက စကားပြန်ကနေ တဆင့် ပြန်ပြောတာကိုလည်း ကြားခဲ့ရပါတယ်။

    ဒါဟာ နှစ်ယောက်ပေါင်းရင် အာဏာယူသက် နှစ် ၄၀ နီးပါးရှိပေမဲ့ ရာထူးကနေ ဆင်းမယ့် အရိပ်အယောင် မပေါ်သေးသူ နှစ်ဦး၊ တစ်ဦးနဲ့ တစ်ဦး မိတ်ဆွေရင်းခြာတွေလို့ ပြောထားကြတဲ့သူ နှစ်ဦးကြား အတိုင်အဖောက်ညီနေတဲ့ စကားပြောဆိုမှုလည်း ဖြစ်ခဲ့ပါတယ်။

    ဒါဟာ တရုတ်နဲ့ ရုရှား ခေါင်းဆောင်နှစ်ဦးကြား ဇာတ်မတိုက်ဘဲ ပြောကြတဲ့ အပြန်အလှန်စကားပြောဆိုမှုလည်းဖြစ်ပြီး လျှို့ဝှက်လွန်းတဲ့သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကို လှစ်ဟပြရာလည်း ရောက်ပါတယ်။

    အပြည့်အစုံကို ဒီလင့်ခ် ကို နှိပ်ပြီး ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

  11. နေပြည်တော်က အတိုက်အခံအင်အားစုတွေနဲ့ ဆွေးနွေးလိုပုံပြလာတယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးပြော

    နေပြည်တော်ဟာ အတိုက်အခံအင်အားစုတွေနဲ့ ဆွေးနွေးလိုပုံပြလာတယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဒါတိုဆရီ မိုဟာမက် ဟာဆန်ပြောပါတယ်။ မနေ့က နေပြည်တော်ကို သွားခဲ့တဲ့ သူ့ရဲ့နေ့ချင်းပြန်ခရီးအပြီး မလေးရှားနိုင်ငံကို ပြန်ရောက်ချိန်မှာ အခုလို ပြောလိုက်တာဖြစ်ပါတယ်။

    မလေးရှားနိုင်ငံခြားရေးဝန်ကြီးဟာ နေပြည်တော်မှာ နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနဲ့ မနေ့က တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

    “အရင်က အတိုက်အခံအကြောင်းပြောရင် လက်မခံပေမဲ့ အခုတော့ အားလုံးနဲ့ တွေ့ဆုံဆွေးနွေးလိုပုံ ပြလာပါတယ်” လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးကပြောပါတယ်။

    ဆွေးနွေးပွဲနဲ့ပတ်သက်ပြီး အတိုက်အခံတွေဘက်က သက်ဆိုင်ရာပါဝင်သင့်ပါဝင်ထိုက်သူတွေအားလုံး ပါဝင်လာအောင် မလေးရှားဘက်က ကူညီဖို့ အဆင်သင့်ရှိနေတယ်လို့လည်း သူက ပြောပါတယ်။ ဒါပေမဲ့ ဒီချဉ်းကပ်မှုဟာ သတိကြီးကြီးထားလုပ်ရမယ့် ကိစ္စဖြစ်တယ်ဆိုတာကိုတော့ သူလက်ခံထားကြောင်းလည်း ပြောပါတယ်။

    နေပြည်တော်လာရောက်ခဲ့တဲ့ နိုင်ငံခြားရေးဝန်ကြီးက ဇူလိုင် ၃၀ မှာ သက်တမ်းကုန်မယ့် မြန်မာက အပစ်ရပ်ကြေညာချက်ကို အနည်းဆုံး ၆ လ ဒါမှမဟုတ် အကန့်အသတ်မဲ့ပြန်လည်စတင်ဖို့လည်း ဒီခရီးစဥ်မှာ ပြောခဲ့တယ်လို့ ဝန်ကြီးက ဆိုပါတယ်။

    မကြာသေးခင်က ဖိလစ်ပိုင်မှာ ပြုလုပ်တဲ့ အာဆီယံခေါင်းဆောင်တွေရဲ့ဆွေးနွေးပွဲအရ မလေးရှား နိုင်ငံခြားရေးဝန်ကြီးက မြန်မာကိုလာခဲ့တာဖြစ်ပါတယ်။ မြန်မာ့အရေး အာဆီယံက ချဥ်းကပ်ပုံအသစ် လုပ်ဆောင်ဖို့အတွက် စစ်တမ်းတစ်ခုပြုလုပ်ဖို့နဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီးနဲ့တွေ့ဆုံဖို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေကို တာဝန်ပေးအပ်ခဲ့တာပါ။

    ဒီခရီးစဥ်တွေ့ရှိချက်ကို အစိုးရအဖွဲ့ဆီ အစီရင်ခံစာတင်ပြသွားမယ်လို့လည်း မလေးရှားနိုင်ငံခြားရေး ဝန်ကြီးကပြောပါတယ်။ မြန်မာဘက်က‌ ထုတ်ပြန်ချက်မှတော့ နှစ်နိုင်ငံဆက်ဆံရေးနဲ့ အာဆီယံကိစ္စရပ်တွေကို ပူးပေါင်း ဆောင်ရွက်ဖို့ ဆွေးနွေးတယ်လို့ ဒီနေ့ ထုတ်ပြန်ပေမဲ့ အသေးစိတ်ကို မဖော်ပြထားပါဘူး။

  12. မင်္ဂလာပါ။ မေလ ၂၀ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။