မေလ ၂၁ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။
ဘီဘီစီ သတင်းတွေကို ဖတ်ရှုကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။
ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အယ်နီညိုကြောင့် မြန်မာမှာ အပူချိန်မြင့်ပြီး ရေရှားနိုင်၊ ကျောင်းပြင်ပရောက်ကလေးတွေကို အဆင့်သတ်မှတ် စမ်းသပ်ချက် (Placement Test) ဖြေဆိုပြီး ကျောင်းပြန်တက်ခွင့်ပေးမယ်လို့ နေပြည်တော် ထုတ်ပြန် စတဲ့သတင်းအပါအဝင် ၂၀၂၆ ခုနှစ် မေ ၂၁ ရက် နိုင်ငံတဝန်းနဲ့ကမ္ဘာ့ထူးခြားသတင်းများ တိုက်ရိုက်ထုတ်လွှင့်မှုကို တင်ဆက်ပေးနေပါတယ်။
မေလ ၂၁ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။
ဘီဘီစီ သတင်းတွေကို ဖတ်ရှုကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။
ကမ္ဘာ့ရာသီဥတုဖြစ်စဉ် အယ်နီညိုဟာ လာမယ့်ဇွန်လမှာ စတင်ကူးပြောင်းမှာဖြစ်ပြီး အဲဒီနောက်ဆက်တွဲအနေနဲ့ မြန်မာမှာလည်း အပူချိန်မြင့်တက်တာနဲ့ ရေရှားပါးမှုမျိုးလို ပြဿနာတွေ ကြုံလာရနိုင်တယ်လို့ မိုးဇလပညာရှင်တွေက သတိပေးလိုက်ပါတယ်။
မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနကတော့ အယ်နီညိုဖြစ်စဉ်ဟာ လက်ရှိဖြစ်နေတဲ့ ပုံမှန်ရာသီဥတုကနေ ဇွန်လမှာ အားအနည်းငယ်နဲ့ ဝင်ရောက်ရာကနေ နှစ်ကုန်ပိုင်းမှာ ပိုအားကောင်းလာမယ်လို့ ဒီနေ့ သတိပေးထုတ်ပြန်ပါတယ်။
အယ်နီညို အားကောင်းတဲ့အဆင့်ဟာ ၂၀၂၆ ခုနှစ် နိုဝင်ဘာနဲ့ ဒီဇင်ဘာတွေမှာ ရောက်ရှိနိုင်တာကြောင့် မြန်မာနိုင်ငံမှာ နေ့အပူချိန်တွေ သာမက ညအပူချိန်တွေပါ မြင့်တက်နိုင်တယ်လို့ မိုးဇလ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ဘီဘီစီကို ပြောပါတယ်။
“ဇွန်မှာ အယ်နီညို အားပျော့နေမှာဖြစ်တဲ့အတွက် ဒီနှစ်မိုးကတော့ ဆက်ရနေဦးမယ်။ သိသာလာမှာက နိုဝင်ဘာ၊ ဒီဇင်ဘာ ဆောင်းရာသီမှာ မအေးတော့ဘဲ အပူချိန်တွေတက်မယ်။ မိုးက တစ်နေရာမှာရွာပြီး တစ်နေရာမှာ ခေါင်နေတာမျိုး၊ တနေရာတည်းမှာ အချိန်ခဏလေးအတွင်း သွန်ချသလို မိုးကြီးတာမျိုး ဖြစ်နိုင်တယ်” လို့ ဦးကျော်မိုးဦးက ပြောပါတယ်။
အယ်နီညို ရာသီဥတုဖြစ်စဉ်ဟာ ပစိဖိတ်သမုဒ္ဒရာမှာ ဖြစ်နေတာဆိုပေမဲ့ အကျိုးသက်ရောက်မှုအနေနဲ့ မြန်မာနိုင်ငံမှာ မိုးရွာသွန်းမှု မူမမှန်တာ၊ နေ့အပူချိန်မြင့်တာ၊ မုန်တိုင်းဖြစ်ပေါ်မှု မူမမှန်တာ၊ မိုးခေါင်ရေရှားတာတွေ စတဲ့ အစွန်းရောက် မိုးလေဝသဖြစ်စဉ်တွေ ဖြစ်နိုင်တယ်လို့ မိုးဇလဌာနက သတိပေးပါတယ်။
ဒါ့ကြောင့် စိုက်ပျိုးရေးနဲ့ သောက်သုံးရေတွေအတွက် ရေသိုလှောင်ထားဖို့ ၊ အပူချိန်မြင့်တက်မှုကြောင့် ဖြစ်လာနိုင်တဲ့ ရောဂါတွေအတွက် ကြိုတင်ကာကွယ်ဖို့လည်း နှိုးဆော်ထားပါတယ်။
အားကောင်းတဲ့ အယ်နီညို ဖြစ်စဉ်တွေဟာ ကမ္ဘာပေါ်မှာ ၁၉၇၂-၇၃ ခုနှစ် ၊ ၁၉၈၂-၈၃ခုနှစ် ၊ ၁၉၉၇-၉၈ ခုနှစ်၊ ၂၀၁၆-၂၀၁၆ ခုနှစ်တွေမှာ ဖြစ်ပေါ်ခဲ့ပြီး လာမယ့် ၂၀၂၆-၂၇ ခုနှစ်မှာတော့ ဘယ်လောက်အထိ အားကောင်းပြင်းထန်မလဲဆိုတာကို စောင့်ကြည့်ရမှာဖြစ်တယ်လို့လည်း အမျိုးသားသမုဒ္ဒရာနဲ့ လေထုစီမံခန့်ခွဲရေးဌာနက ထုတ်ပြန်ထားပါတယ်။
မြန်မာ့အရေးနဲ့ ပြည်တွင်းအခြေအနေတွေကို နေပြည်တော်နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ဆွေးနွေးခဲ့တဲ့အကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပါတယ်။
နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုကျော်နဲ့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး လီယို အမ် ဟာရဲရာ လင်းတို့ မနီလာမြို့မှာ မေလ ၁၈ ရက်မှာ တွေ့ဆုံချိန် အခုလိုဆွေးနွေးခဲ့ကြတာလို့ ဖိလစ်ပိုင်ဘက်က ပြောပါတယ်။
နေပြည်တော်မှာ ဦးမင်းအောင်လှိုင်က သမ္မတရာထူး ယူပြီးတဲ့နောက် မြန်မာနဲ့ အာဆီယံကြား ဆက်ဆံရေး တဖြည်းဖြည်း ပြန်လည်ဖော်ဆောင်ဖို့ အာဆီယံထိပ်သီးဆွေးနွေးပွဲပြုလုပ်ချိန် မြန်မာနိုင်ငံခြားရေးဝန်ကြီးကို အလွတ်သဘော ခေါ်ယူဖို့ ကြိုးပမ်းမယ့်သတင်းထွက်ခဲ့အပြီးမှာ နှစ်နိုင်ငံ ဒုဝန်ကြီးတွေ အခုလိုတွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။
အခုတွေ့ဆုံမှုဟာ နှစ်နိုင်ငံနိုင်ငံခြားရေးမူဝါဒဆိုင်ရာ ၅ ကြိမ်မြောက် တိုင်ပင်ဆွေးနွေးမှု အဖြစ် တွေ့ဆုံခဲ့တာဖြစ်ပြီး အွန်လိုင်းငွေလိမ်လုပ်ငန်း တိုက်ဖျက်ရေးအပိုင်းကို အဓိက ဆွေးနွေးခဲ့တယ်လို့ ဖိလစ်ပိုင်ဘက်က ပြောပါတယ်။
မြန်မာ့နှစ်ဆန်းတစ်ရက်အဖြစ် နေပြည်တော်က ဧပြီလ ၁၇ ရက်မှာ လွတ်ငြိမ်းခွင့်ပေးခဲ့တဲ့နိုင်ငံခြားသားတွေထဲမှာ အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)တွေမှာ ဖမ်းမိတဲ့ ဖိလစ်ပိုင်နိုင်ငံသား ၇၀ ကျော်ပါဝင်ပါတယ်။
နှစ်နိုင်ငံ ဒုဝန်ကြီးတွေ တွေ့ဆုံမှုမှာတော့ ကောင်စစ်ဝန်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအပြင် ပြည်တွင်းရေးနဲ့ ဒေသတွင်းအရေးတွေကို ပွင့်ပွင့်လင်းလင်းဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။
အခုနှစ်အတွက် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ယူထားတဲ့ ဖိလစ်ပိုင်နိုင်ငံနဲ့ အခုလိုတွေ့ဆုံမှုကို နေပြည်တော်နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။
ပဲခူးတိုင်း၊ ပြည်မြို့မှာ ပြည်သူ့ပါတီ(People's Party)ကနေ အချိုးကျကိုယ်စားပြုစနစ်(PR)အတွက် ကိုယ်စားလှယ်လောင်းအဖြစ် ရွေးကောက်ပွဲ ဝင်ခဲ့တဲ့ ဦးဇေယျာဇော်ဟာ မေ ၁၉ ရက်မှာ စစ်မှုထမ်းဖို့ နေအိမ်ပေါ်အထိ ဆွဲခေါ်ခံရပြီးနောက် မေ ၂၀ မှာ ပြန်လွတ်လာတယ်လို့ ပြည်သူ့ပါတီရဲ့ပြည်မြို့နယ် ဥက္ကဋ္ဌ ဦးကျော်ဆန်းက ပြောပါတယ်။
ဦးဇေယျာဇော်ဟာ ပြည်မြို့နယ်၊ အမှတ် ၅ မဲဆန္ဒနယ်အတွက် PR ကိုယ်စားလှယ်လောင်းအဖြစ် ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ဝင်ပြိုင်ခဲ့တာဖြစ်ပါတယ်။
ပြည်မြို့၊ ဆံတော်ရပ်ကွက်၊ တိကျစ်ဆုံလမ်းမှာ နေထိုင်တဲ့ ဦးဇေယျာဇော်ဟာ နေအိမ်မှာ အိပ်နေချိန် မေလ ၁၉ ရက် ည ၁၁ နာရီခွဲလောက်မှာ အရပ်ဝတ်တွေက ရောက်လာပြီး အတင်းအကျပ်ဆွဲခေါ်ခံရပြီး ပြည်မြို့ တပ်မ ၆၆ လက်အောက်ခံ၊ အမှတ် ၉၅၉ တပ်ကို အပို့ခံခဲ့ရတယ်လို့ ဦးကျော်ဆန်းက ဘီဘီစီကို ပြောပါတယ်။
ဦးဇေယျာသော်ဟာ လွှတ်တော်ကိုယ်စားလှယ်လောင်းဖြစ်နေလို့ စစ်မှုထမ်းအရ ကင်းလွတ်ခွင့်မရဘူးဆိုပေမဲ့ သူ့မှာ နှလုံးရောဂါရှိတယ်ဆိုတာ မြို့နယ်စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ကို ဆေးရုံအထောက်အထားတွေ ပြခဲ့ပြီးနောက် စစ်မှုထမ်းဆိုင်းငံ့ချက်နဲ့ ပြန်လွတ်လာတာလို့ သိရပါတယ်။
“တကယ်လို့ စစ်မှုထမ်းခေါ်မယ်ဆိုရင်လည်း နည်းဥပဒေအရ ဆင့်ခေါ်စာနဲ့လာလေ။ အခုက ယူနီဖောင်းမပါ၊ ဆင့်ခေါ်စာလည်းမပါဘဲ ခေါ်သွားတာ။ ၉၅၉ ရောက်တော့ ဦးဇေယျာဇော်နဲ့အတူ တခြားလူငယ် နှစ်ယောက်လည်း တွေ့ခဲ့တယ်။ သူတို့ကို သင်တန်းကျောင်းပို့ခံရတော့မှာဆိုပြီး ငိုနေကြတာ စိတ်မကောင်းစရာပါပဲဗျာ”လို့ စစ်မှုထမ်းစုဆောင်းခံရသူတွေရဲ့ အခြေအနေကို ဦးကျော်ဆန်းက ပြန်ပြောပြပါတယ်။
အသက် ၃၄ နှစ်အရွယ် ဦးဇေယျာဇော်ဟာ ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့ပေမဲ့ PR မဲဆန္ဒနယ်ကနေ ယှဉ်ပြိုင်တာဖြစ်တဲ့အတွက်ကြောင့် အကြောင်းအမျိုးမျိုးကြောင့် လွှတ်တော်ထဲမှာ PR ကိုယ်စားလှယ်တစ်နေရာ လစ်လပ်တာရှိရင် အစားထိုးကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရမှာဖြစ်တယ်လို့လည်း ဦးကျော်ဆန်းက ရှင်းပြပါတယ်။
စစ်မှုထမ်းနည်းဥပဒေမှာ စစ်မှုထမ်းရမယ့်အသက်အရွယ်မှာ အကျုံးဝင်သူတွေကို စာရင်းပြုစုပြီး ဆင့်ခေါ်စာနဲ့ ဆင့်ခေါ်ရမှာလို့ ပါရှိပါတယ်။
အတင်းအဓမ္မ စစ်မှုထမ်း စုဆောင်းခံရတယ်ဆိုရင် စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ကို တိုင်ကြားလို့ရတယ်လို့ စစ်တပ်က ထုတ်ပြန်ထားပါတယ်။
ဦးဇေယျာဇော်ရဲ့ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဘီဘီစီက စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုကို မှတ်ချက်တောင်းတဲ့အခါ အတင်းအကျပ် စစ်မှုထမ်းစုဆောင်းခံရတဲ့အခြေအနေတွေကို သိရှိထားကြောင်းနဲ့ တိုင်တန်းထားတဲ့ဖြစ်စဉ်တွေကိုလည်း စုံစမ်းစစ်ဆေးနေကြောင်း ပြောပါတယ်။
ပြည်သူ့ပါတီဟာ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေထဲက တစ်ဦးလည်းဖြစ်၊ လက်ရှိ စစ်တပ်အသွင်ပြောင်း အစိုးရအဖွဲ့မှာ အတိုင်ပင်ခံကောင်စီဝင် အဖြစ်လည်း ပါဝင်နေတဲ့ ဦးကိုကိုကြီး တည်ထောင်တဲ့ပါတီဖြစ်ပါတယ်။
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလဆန်းမှာ စတင်ကျင့်သုံးတဲ့ စစ်မှုထမ်းဥပဒေကို အာဏာပိုင်တွေက အကောင်အထည် ဖော်မှုအပိုင်းမှာ လူထုနစ်နာ ခံစားနေရတယ်ဆိုတာကို သိရှိနားလည်ပြီး လွှတ်တော်ထဲမှာ ဆွေးနွေးဖို့ လုပ်သွားမယ်လို့ ၂၀၂၅-၂၆ ရွေးကောက်ပွဲမတိုင်ခင်မှာ ဦးကိုကိုကြီးကိုယ်တိုင်က ပြောထားပါတယ်။
ဒါပေမဲ့ နေပြည်တော်မှာ လွှတ်တော်အသစ်ပေါ်ပြီး အစိုးရအသစ်လည်း ပြောင်းလာပေမဲ့ ပြည်သူ့စစ်မှုထမ်းကိစ္စကို ပြည်သူ့ပါတီအပါအဝင် နိုင်ငံရေးပါတီတွေဘက်က လွှတ်တော်ထဲ တင်ပြတာမျိုးမရှိသေးဘဲ နှုတ်ဆိတ်နေဆဲဖြစ်ပါတယ်။
ချင်းပြည်နယ်မြောက်ပိုင်းမှာ ချင်းအမျိုးသားတပ်ဦး(CNA/CNF)နဲ့ ချင်းကာကွယ်ရေးပူးပေါင်းအဖွဲ့တွေ သိမ်းထားတဲ့ တွန်းဇံမြို့ကို စစ်တပ်က ပြန်ထိန်းချုပ်လိုက်ချိန်မှာပဲ ပြည်နယ်တောင်ပိုင်းက ကန်ပက်လက်မြို့အနီးမှာ စစ်တပ်နဲ့ ချင်းတော်လှန်ရေးအဖွဲ့တွေ တိုက်ပွဲဖြစ်နေတယ်လို့ စစ်ရေးအရင်းအမြစ်တွေက ပြောပါတယ်။
ပြည်နယ်မြောက်ပိုင်းက တွန်းဇံမြို့ကို မေ ၂၀ ရက်မှာ ပြန်သိမ်းလိုက်တယ်လို့ စစ်တပ်က ဒီနေ့ မေလ ၂၁ ရက်မှာ နိုင်ငံပိုင်သတင်းစာကနေ ကြေညာပါတယ်။
ချင်းအမျိုးသားတပ်ဦး(CNA/CNF)ဟာ တွန်းဇံမြို့ကို ၂၀၂၄ ခုနှစ်၊ မေမှာ သိမ်းခဲ့တာပါတယ်။ အဲဒီနောက် ၂ နှစ်အကြာမှာ တွန်းဇံမြို့ကို ပြန်ထိန်းချုပ်လိုက်ပြီလို့ စစ်တပ်က ထုတ်ပြန်လာတာဖြစ်ပါတယ်။
တွန်းဇံက အခြေအနေတွေနဲ့ပတ်သက်ပြီး ဘီဘီစီက CNA/CNF ပြောခွင့်ရ ဆလိုင်းထက်နီကို ဆက်သွယ်မေးမြန်းပေမဲ့ မှတ်ချက်တစုံတရာ မပေးသေးပါဘူး။
နေပြည်တော်ဘက်ကတော့ တွန်းဇံမြို့ဟာ အိန္ဒိယနဲ့နယ်စပ်ကုန်သွယ်ရေး စီးဆင်းမှုအတွက် အရေးပါတဲ့မြို့ဖြစ်ပြီး ၂၀၂၆ ခုနှစ် ဧပြီကစပြီး စစ်ကြောင်းထိုးခဲ့တာလို့ ထုတ်ပြန်ပါတယ်။
တွန်းဇံမြို့ကို ပြန်ပေးလိုက်ရလို့ CNF နဲ့တော်လှန်ရေးတပ်ပေါင်းစုတွေဟာ အိန္ဒိယမြန်မာနယ်စပ်ဒေသကို အဓိက အားပြုလှုပ်ရှားရတော့မယ့်အခြေအနေဖြစ်လာတယ်လို့ ချင်းစစ်ရေးသတင်းရင်းမြစ်အချို့က သုံးသပ်ပါတယ်။
ချင်းပြည်နယ်ထဲမှာ စစ်တပ်က ချင်းကာကွယ်ရေးအဖွဲ့တွေ သိမ်းထားတဲ့မြို့အချို့ကို ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း ပြန်လည်သိမ်းယူထားပြီး တွန်းဇံဟာ စစ်တပ်နောက်ဆုံး ပြန်လည်သိမ်းယူထားတဲ့မြို့ဖြစ်လာပါတယ်။
ဒီအချိန်မှာပဲ ချင်းပြည်နယ် တောင်ပိုင်းက ကန်ပက်လက်မြို့အနီးမှာ စစ်တပ်နဲ့ ချင်းကာကွယ်ရေးပူးပေါင်းအဖွဲ့တွေ တိုက်ပွဲဖြစ်နေတယ်လို့ သိရပါတယ်။
ကန်ပက်လက်မြို့နဲ့ ၂ မိုင်အကွာမှာ တိုက်ပွဲရှိနေတယ်လို့ ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ သတင်းပြန်ကြားရေးက ဘီဘီစီကို ပြောပေမဲ့ တိုက်ပွဲအခြေအနေ အသေးစိတ်ကို ပြောဖို့တော့ ငြင်းဆိုပါတယ်။
ချင်းတောင်ပိုင်းနဲ့ မကွေးတိုင်းအစပ် ဆောမြို့နယ်ကနေ တက်လာတဲ့ စစ်ကြောင်းဟာ မေ ၁၈ ရက်ကစပြီး အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတာလို့ သိရပါတယ်။
အမေရိကန်ဟာ ကျူးဘားခေါင်းဆောင်ဟောင်း ရာအူးလ် ကတ်စထရိုကို ၁၉၉၆ ခုနှစ်တုန်းက ကျူးဘားနဲ့ ဖလော်ရီဒါပြည်နယ်ကြားမှာ လေယာဉ်နှစ်စင်း ပစ်ချခံခဲ့ရတာ၊ အမေရိကန်နိုင်ငံသားတွေကို သတ်ဖို့ ပေါင်းကြံတာစတဲ့စွပ်စွဲချက်တွေနဲ့ တရားစွဲလိုက်ပါတယ်။
ကတ်စထရိုနဲ့ နောက် ၅ ဦးဟာ ကျူးဘား- အမေရိကန် လူသားချင်းစာနာအဖွဲ့ Brothers to the Rescue ပိုင် လေယာဉ်ကို ပစ်ချလို့ အမေရိကန် ၃ ဦးအပါအဝင် ၄ ဦး သေဆုံးခဲ့တယ်လို့ အမေရိကန်ဘက်က ကတ်စထရိုကို စွပ်စွဲပါတယ်။
အခုတော့ အသက် ၉၄ နှစ်ရှိပြီဖြစ်တဲ့ ကတ်စထရိုဟာ အဲဒီတုန်းက လက်နက်ကိုင်တပ်တွေရဲ့ခေါင်းဆောင်ဖြစ်နေခဲ့ပြီး လေယာဉ်ပျက်ကျခဲ့တာနဲ့ပတ်သက်လို့ နိုင်ငံတကာရဲ့ရှုတ်ချမှုကိုရင်ဆိုင်ခဲ့ရပါတယ်။
အမေရိကန်ဟာ ကျူးဘားရဲ့ကွန်မြူနစ်အုပ်ချုပ်မှုကို ဖိအားပေးဖို့ လုပ်နေချိန်မှာပဲ ကျူးဘားသမ္မတ မီဂဲ ဒီးယာ့ဇ် ခနဲ ကတော့ ''နိုင်ငံရေးနွှယ်ပြီး တရားရေးအခြေခံလည်းမရှိတဲ့စွပ်စွဲချက်တွေ'' လို့ တုံ့ပြန်ပါတယ်။
အမေရိကန်ယာယီရှေ့နေချုပ် တော့ဒ် ဘလန့်ချ်ကတော့ အမေရိကန်ဟာ ကတ်စထရိုကို လေယာဉ်ကို ဖျက်ဆီးမှု၊ လူ ၄ ဦး သေဆုံးစေတဲ့ လူသတ်မှု ၄ ခုနဲ့ တရားစွဲမယ်လို့ မိုင်ယာမီက Freedom Tower ကနေ သတင်းထုတ်ပြန်ပါတယ်။
အခုတော့ ဒီတရားစွဲဆိုမှုတွေအတွက် အမေရိကန်တရားရုံး တစ်ရုံးမှာ ပြန်လည်ချေပရမှာဖြစ်ပြီး စွပ်စွဲထားတဲ့အမှုတွေထဲက အချို့ဟာ ထောင်တစ်သက်ချနိုင်တဲ့အမှုတွေလည်း ပါဝင်နေပါတယ်။
တစ်ပါတီစနစ်နဲ့အုပ်ချုပ်နေတဲ့ကျူးဘားမှာ နိုင်ငံရေးနဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ အမေရိကန်ဘက်က ဖိအားတွေ ပေးနေချိန်မှာ ကျူးဘားက ကွန်မြူနစ် ထိပ်ပိုင်း ခေါင်းဆောင်တစ်ဦးအပေါ် အမေရိကန်တရားရေးဌာနရဲ့အခုလိုတရားစွဲဆိုမှု ထွက်ပေါ်လာတာဖြစ်ပါတယ်။
''သွားနေတဲ့ပုံစံကတော့ ကျူးဘားအစိုးရ တဖြည်းဖြည်းနဲ့ လက်လျှော့ပြီး ညှိနှိုင်းရေးစားပွဲဆီ ရောက်လာတဲ့အဆင့်အထိရောက်အောင် ဖိအားကို တဖြည်းဖြည်းတိုးပေးနေတာလို့ မြင်ပါတယ်'' အမေရိကန်တက္ကသိုလ်က လက်တင်အမေရိကန်နိုင်ငံရေးကျွမ်းကျင်သူ ဝီလီယံ လီယိုဂရန်းက ပြောပါတယ်။
အမေရိကန်ဟာ ကျူးဘားကို စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြုလုပ်ခဲ့ပြီး ရေနံတင်ပို့တာကိုလည်း ပိတ်ခဲ့တာကြောင့် ကျူးဘားမှာ လျှပ်စစ်မီးပြတ်တောက်တာနဲ့ အစားအသောက် မလုံလောက်တာတွေ ဖြစ်နေပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုကတော့ ကျူးဘားလွတ်လပ်ရေးနေ့မှာ ကျူးဘားလူထုကို သတင်းစကားပါးပါတယ်။
''သမ္မတ ထရမ့်ဟာ အမေရိကန်နဲ့ ခေတ်သစ်ကျူးဘားကြား လမ်းကြောင်းသစ်တစ်ခုကို ကမ်းလှမ်းနေတယ်'' လို့ ရူဘီယိုက ပြောပါတယ်။
အမေရိကန်နဲ့ အစ္စရေးတို့က ဖေဖော်ဝါရီလကုန်မှာ အီရန်ကို ပူးပေါင်းတိုက်ခိုက်လို့ အီရန်ဟာ စစ်ဖြစ်နေပေမဲ့ နိုင်ငံထဲမှာ နိုင်ငံရေးဆက်နွှယ်တဲ့အမှုတွေကို ကြိုးပေး သေဒဏ်ပေးတာတွေ နေ့စဉ်နီးပါးဖြစ်နေတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောပါတယ်။
အာကာသအင်ဂျင်နီယာပညာ မဟာတန်းကျောင်းသား အသက် ၂၉ နှစ်အရွယ် အာဖန် ရှာခူဇာဒါးဟာ မေလ ၁၁ ရက်နေ့တုန်းက ကြိုးပေးခံလိုက်ရပါတယ်။ အီရန်တရားရေးဌာနကတော့ သူဟာ အစ္စရေးနဲ့ အမေရိကန်ထောက်လှမ်းရေးတို့ကို လျှို့ဝှက်အဆင့်အချက်အလက်တွေ မျှဝေခဲ့မှုနဲ့ ပြစ်မှုထင်ရှားတာကြောင့်လို့ဆိုပါတယ်။
ပြီးခဲ့တဲ့လတုန်းကတော့ အီရန်နိုင်ငံပိုင်ရုပ်သံဟာ အစ္စဖာဟန်မြို့က အသက် ၂၁ နှစ်အရွယ် ကရာတေး ချန်ပီယံလူငယ် ဆာဆန် အဇတ်ဗာကို သေဒဏ်ပေးတဲ့အကြောင်း သတင်းဖော်ပြခဲ့ပါတယ်။
ဒီလူငယ်ဟာ ဇန်နဝါရီလ ဆန္ဒပြပွဲတွေအတွင်း ရဲတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ခဲ့တာအပြင် အခြားပြစ်မှုတွေကြောင့်လို့ ဆိုပါတယ်။
အပြည့်အစုံကို ဒီလင့်ခ် မှာ ဖတ်ရှုနိုင်ပါတယ်။
ကရင်ပြည်နယ်၊ သံတောင်ကြီးခရိုင်၊ လိပ်သိုမြို့နယ်မှာ အရေးပေါ်လူနာကို ဆေးရုံတင်ဖို့ ခေါ်ဆောင်လာတဲ့ ပရဟိတ ကားတစ်စီး မိုင်းထိခဲ့တာကြောင့် လူ ၁ ဦး သေပြီး နောက်ထပ် ၄ ဦး ဒဏ်ရာရတယ်လို့ တောင်ငူအခြေစိုက်ပရဟိတအဖွဲ့တွေက ပြောပါတယ်။
အရေးပေါ်လူနာ၊ လူနာစောင့်နဲ့ ပရဟိတဝန်ထမ်း ၅ ဦးခန့်ပါတဲ့ လူနာတင်ကားဟာ မေလ ၁၉ ရက်၊ ည ၉ နာရီမှာ မွန်ကုန်းရွာအနီးလမ်းမပေါ်မှာ မိုင်းထိခဲ့တာလို့ အခြေအနေသိရှိသူက ပြောပါတယ်။
မိုင်းထိပြီး ကားတစ်ခြမ်းလုံး ထိခိုက်ပျက်စီးသွားပေမဲ့ ဘီးမပေါက်တာကြောင့် တောင်ငူမြို့ရောက်အောင် ဖြည်းဖြည်းချင်း ဆက်မောင်းနိုင်ခဲ့ပြီး လူနာကိုလည်း ဆေးရုံတင်နိုင်ခဲ့တယ်လို့ သူက ပြောပါတယ်။
“ဒီလမ်းမှာ စစ်တပ်က မကြာခဏ မိုင်းဆွဲခံရတာတွေ ရှိတယ်။ အဲဒီကားကို ပွိုင့်ကားလို့ ယူဆပြီး မိုင်းဆွဲခံရတာလို့ ထင်တယ်။” လို့ အခြေအနေသိရှိတဲ့ တောင်ငူအခြေစိုက် ပရဟိတအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
မိုင်းပေါက်ကွဲမှုအတွင်း သေဆုံးခဲ့သူဟာ ကားပေါ်မှာ လိုက်လာတဲ့ လူနာစောင့် အမျိုးသားလို့ သိရပါတယ်။
မိုင်းထိတဲ့ကား တောင်ငူကိုရောက်လာတဲ့အခါ တခြားပရဟိတအဖွဲ့တွေ ရောက်လာပြီး ဒဏ်ရာရသူတွေထဲက ပြင်းထန်ဒဏ်ရာရတဲ့ ပရဟိအဖွဲ့ဝင်တစ်ဦးကို နေပြည်တော်က ဆေးရုံကို မေ ၂၀ ရက်မှာ ပို့ခဲ့တယ်လို့ သိရပါတယ်။
ကျန်တဲ့ဒဏ်ရာရသူတွေကတော့ တောင်ငူဆေးရုံမှာ ကုသမှုခံယူနေပါတယ်။
လိပ်သိုမြို့နယ်ဟာ ကရင်အမျိုးသားအစည်းအရုံး (KNU)ရဲ့ တပ်မဟာ ၂ နယ်မြေထဲမှာ ပါဝင်ပြီး စစ်တပ်အပြင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်(KNLA)နဲ့ ပြည်သူ့ကာကွယ်ရေးတပ်(PDF) တို့လည်း လှုပ်ရှားပါတယ်။
ဒါပေမဲ့ အခုမိုင်းခွဲမှုကို ဘယ်အဖွဲ့က လုပ်ဆောင်ခဲ့တယ်ဆိုတာ သက်ဆိုင်ရာအဖွဲ့တွေက သတင်းထုတ်ပြန်တာ မရှိသေးသလို ဘယ်သူလုပ်ဆောင်တယ်ဆိုတာလည်း ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
ပရဟိတကား မိုင်းထိပြီးတဲ့နောက် လုံခြုံရေးစိုးရိမ်ရတဲ့အတွက် လိပ်သိုမြို့နယ်ထဲက စစ်ဘေးရှောင်တွေကို ကူညီထောက်ပံ့ရေးကိစ္စကို ခေတ္တရပ်နားထားတယ်လို့လည်း သိရပါတယ်။
ထိုင်း-မြန်မာနယ်စပ်မှာ ကျေးလက်လူထုအပြင် နိုင်ငံမဲ့သူတွေနဲ့ နှစ်နိုင်ငံနယ်စပ်ဖြတ်ကျော်ဆေးကုသမှုခံယူရတဲ့ လူထုအတွက် ကျန်းမာရေးစောင့်ရှောက်မှုရရှိအောင် စွမ်းဆောင်ခဲ့တဲ့ ထိုင်းဆရာဝန် ဒေါက်တာ ဝေါ်ရာဝတ် တွန်တီ၀က်တနာဆပ်ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က ဂုဏ်ပြုဆုချီးမြှင့်လိုက်ပါတယ်။
ဒေါက်တာ ဝေါ်ရာဝတ် တွန်တီ၀က်တနာဆပ်ဟာ မြန်မာနိုင်ငံနဲ့နယ်စပ်၊ ထိုင်းနိုင်ငံ၊ တာ့ခ် ခရိုင်၊ အုန်းဖန်ဆေးရုံရဲ့ ညွှန်ကြားရေးမှူးဖြစ်ပါတယ်။
ထိုင်းနယ်စပ်အခေါင်အဖျားက လူထုကို ကျန်းမာရေးလက်လှမ်းမီအောင် ကြိုးပမ်းမှုအတွက် သူ့ကို မနေ့က ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှာ ပြုလုပ်တဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ညီလာခံမှာ ဂုဏ်ပြုဆုချီးမြှင့်လိုက်တာဖြစ်ပါတယ်။
သူ့ကို WHO ရဲ့ ၂၀၂၆ ပြည်သူ့ကျန်းမာရေးဆုတွေထဲ အာရပ်စော်ဘွားများပြည်ထောင်စု(ယူအေအီး) ကျန်းမာရေးဖောင်ဒေးရှင်းဆုကို ချီးမြှင့်တာဖြစ်ပါတယ်။
WHO အမှုဆောင်ဘုတ်အဖွဲ့ဟာ ဒေါက်တာ ဝေါ်ရာဝစ်ကို ဆုချီးမြှင့်ဖို့ ဖေဖော်ဝါရီလမှာ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ အဲဒီဆုနဲ့အတူ ဆုလက်မှတ်၊ ဆုတံဆိပ်နဲ့ အမေရိကန်ဒေါ်လာ လေးသောင်းကိုလည်း ချီးမြှင့်ခဲ့ပါတယ်။
နယ်စပ်မှာ ဆေးကုသမှုပေးတဲ့ ဒေါက်တာ ဝေါ်ရာဝတ်ရဲ့အုန်းဖန်ဆေးရုံဟာ ဆေးရုံဝန်အားနဲ့ လာရောက်ကုသသူ ပမာဏမမျှလို့ နှစ်ပေါင်း ၃၀ ကျော်အတွင်း ဘတ်ငွေ သန်းဆယ်ချီ အကြွေးတက်ခဲ့ပါတယ်။
ဒီဆေးရုံဟာ နှစ်နိုင်ငံနယ်စပ်က လူထုရဲ့အားကိုးရာလည်းဖြစ်ပေမဲ့ ထိုင်းအစိုးရဆေးရုံအနေနဲ့ အထောက်အထားမဲ့နိုင်ငံခြားသားတွေထက် အခွန်ထမ်းထားတဲ့ ထိုင်းနိုင်ငံသားတွေကို ဦးစားပေး ကုသသင့်တယ်ဆိုတဲ့ဝေဖန်ချက်တွေလည်း ရှိခဲ့ပါတယ်။
ဒေါက်တာ ဝီရာဝတ်ကတော့ ‘‘ကိုယ့်ရှေ့မှာ လူနာရောက်လာရင် ကလေးမွေးမယ့်သူပဲဖြစ်ဖြစ်၊ နာမကျန်းဖြစ်သူပဲဖြစ်ဖြစ် ကုသပေးရမှာပဲ။ ဒီနေရာမှာ ကျင့်ဝတ်စည်းကမ်း ထောက်ရှုမှုအပိုင်းကို နောက်မှာထားလိုက်ရမှာပဲ။ လူတွေ အမြင်အမျိုးမျိုးရှိနိုင်ပေမဲ့ ဘယ်လိုအဖြေပဲဖြစ်ဖြစ် ပြဿနာအတွက် အဖြေဟာ ဒီမှာရင်ဆိုင်နေရတဲ့အခြေအနေမှန်ကို ထင်ဟပ်ဖို့ လိုတယ်’’ လို့ ဘန်ကောက်ပို့စ် သတင်းစာကို ဧပြီလတုန်းက ဖြေကြားဖူးပါတယ်။
ကုတင် ၈၀ ဆံ့တဲ့ဆေးရုံဟာ လူနာများတဲ့အချိန်ဆိုရင် နောက်ထပ် လူနာ ၅၀ လောက်စာကို ကြမ်းပြင်မှာ ဖျာခင်းပြီး ကုသမှု ပေးရတာဖြစ်ပါတယ်။
ဝန်နဲ့အား မမျှတဲ့ဒီအခြေအနေကြောင့် ဆေးရုံကြွေး ဘတ်သန်းဆယ်ချီ တင်ခဲ့လို့ ဒေါက်တာ ဝေါ်ရာဝတ်က အလှူငွေထည့်ကြဖို့ မေတ္တာရပ်ခံခဲ့အပြီးမှာ အကြွေးတွေအတွက် အဆင်ပြေခဲ့ပါတယ်။
ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနကတော့ လူသားချင်းစာနာမှုအနေနဲ့ ပေးရမယ့် တာဝန်ဝတ္တရားတွေနဲ့ ဘဏ္ဍာရေးအကန့်အသတ်ကြား ဟန်ချက်ညီအောင် ကြိုးပမ်းမယ်လို့ ဆိုပါတယ်။
ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ကတော့ အုန်းဖန်ဆေးရုံပဲ ဖြစ်ဖြစ်၊ နယ်စပ်က တခြားကျန်းမာရေးစောင့်ရှောက်မှုပေးတဲ့နေရာတွေကိုပဲဖြစ်ဖြစ် ပိတ်သွားမယ့်မူဝါဒ မရှိဘူးလို့ ပြောပြီး မေလကနေ စက်တင်ဘာလအတွင်း ဆေးရုံလုပ်ငန်းဆောင်တာတွေ လည်ပတ်နိုင်ဖို့ ဘတ်သန်း ၆၀ ကို အရေးပေါ် ရန်ပုံငွေအဖြစ် အသုံးပြုဖို့ အတည်ပြုထားပြီးဖြစ်တယ်လို့ ဘန်ကောက်ပို့စ် သတင်းမှာ ဖော်ပြပါတယ်။
၂၀၂၁ ခုနှစ်နောက်ပိုင်း ကျောင်းပညာရေးပြတ်တောက်သွားတဲ့ အသက် ၁၅ နှစ်အောက် ကလေးတွေကို အဆင့်သတ်မှတ် စမ်းသပ်ချက် (Placement Test) ဖြေဆိုစေပြီး ကျောင်းပြန်တက်ခွင့်ပေးမယ်လို့ နေပြည်တော်၊ ပညာရေးဝန်ကြီးဌာနက မေ ၂၁ ရက်မှာ ကြေညာပါတယ်။
နေပြည်တော်က ကြေညာတဲ့ အဲဒီ အစီအစဉ်အရ ကျောင်းပြင်ပရောက်နေတဲ့ ကလေးတွေကို အသက်အရွယ်အလိုက် ကျောင်းတက်ခွင့် တန်းသတ်မှတ်တာမဟုတ်ဘဲ အတန်းစာအလိုက် တတ်မြောက်မှုပေါ် မူတည်ပြီး တက်ရောက်ခွင့်ပေးမယ်လို့ နားလည်ရပါတယ်။
ကြေညာချက်အရ ၂၀၂၁-၂ ပညာသင်နှစ်ကစပြီး ကျောင်းပြင်ပကို ရောက်ရှိခဲ့တဲ့ ကျောင်းသားတွေကို ပညာအရည်အချင်းအရ ဒါမှမဟုတ် အသက်အရွယ်အရ ကိုက်ညီတဲ့ အတန်းမှာ တက်ရောက်နိုင်ရေး စီစဥ်တဲ့စာမေးပွဲ လို့ဖော်ပြပါတယ်။
ဒါအပြင် ဖြေဆိုတဲ့အခါ ကျောင်းပြင်ပရောက် ကလေးရဲ့ အသက်အရွယ်အရ တက်ရောက်ရမမယ့် အတန်းရဲ့ တစ်ဆင့် နိမ့်အတန်းကို ဝင်ရောက်ဖြေဆိုရမယ်လို့ ဆိုပါတယ်။
သဘောဆန္ဒအရ အတန်းတဆင့်နိမ့် တက်ရောက်လိုသူကလည်း Placement Test ဖြေဆိုတဲ့အခါ အဲဒီအတန်းရဲ့ တဆင့်နိမ့်အတန်းကို ဝင်ရောက်ဖြေဆိုနိုင်တယ်လို့ ပြောထားပါတယ်။
ရန်ကုန်မြို့က အလယ်တန်းပြကျောင်းဆရာမတစ်ဦးရဲ့ ရှင်းပြချက်အရ ၇ တန်းတက်ရမယ့် အသက်အရွယ်ရှိ ကျောင်းသားတစ်ဦးက ၇ တန်းမှာ တက်ရောက်ဖို့အတွက် တဆင့်နိမ့်အတန်း ၆ တန်းစာကိုပြန်ဖြေရမယ်လို့ဆိုပါတယ်။
အခု နေပြည်တော်ကကြေညာချက်အရ G-1 ကနေ G-9 ဟာ မူလတန်း အဆင့်/အလယ်တန်း အဆင့်အထိ ပါဝင်တာဖြစ်ပါတယ်။
'' စမ်းသပ်စာမေးပွဲ အောင်မြင်တဲ့ကျောင်းသားက ဖြေဆိုတဲ့စာမေးပွဲ အတန်းရဲ့ တဆင့်မြင့်အတန်းကို တက်ရမယ်။ကျရင်ဖြေတဲ့အတန်းပဲတက်ရမယ်။ သဘောက ၇ တန်းတက်ချင်ရင် ၆ တန်းစာကိုဖြေရမယ်။ အောင်ရင် ၇ တန်းတက်၊ ကျရင် ၆ တန်းမှာပဲ တက်ရမယ်။ နောက်တချက်က ကျောင်းသားအသက်က ၇ တန်းနေရမယ့် အသက်ဆိုပေမယ့် ကာယကံရှင်ကျောင်းသားက အဆင့်နိမ့်နေချင်ရင်လည်းရပါတယ်။ ၅ တန်းနေချင်တယ်ဆို ၄ တန်းစာဖြေရမှာပါ။ အသက်အရွယ်နဲ့ရောက်ရမယ့် အတန်းထက်တော့ပိုနေချင်လို့မရဘူး။ အသက်က ၁၃ နှစ် ကို ၉ တန်းနေချင်လို့တော့မရတော့ပါဘူး'' လို့ ဆရာမက ဆက်ပြောပြပါတယ်။
ရန်ကုန်မြို့က ပုဂ္ဂလိကကျောင်းဆရာတစ်ဦးကတော့ နေပြည်တော်ရဲ့ အခုအစီအစဥ်က ကျောင်းမတက်ဘဲ မြို့ပြတွေမှာ နေထိုင်ပြီး အွန်လိုင်း၊ ပြင်ပကျူရှင်တွေမှာ စာသင်နေတဲ့ကျောင်းသားတွေအတွက် အဆင်ပြေပေနိုင်ပေမယ့် ပဋိပက္ခဒေသတွေက ကလေးတွေအတွက် အခက်အခဲရှိနိုင်တယ်လို့ သုံးသပ်ပါတယ်။
ထုတ်ပြန်ချက်အရ အသက် ၇ နှစ်ကနေ ၁၃ နှစ်အထိ ကလေးတွေကို Grade 1 ကနေ Grade 7 အထိ၊ အသက် ၁၄ နှစ်နဲ့ ၁၅ နှစ်အရွယ်တွေကိုတော့ Grade 8 Placement Test ဖြေဆိုနိုင်တယ်လို့ဆိုပေမယ့် အထက်တန်းတွေအတွက်တော့ထည့်ပြောထားတာမရှိပါဘူး။
အဲဒီစာမေးပွဲတွေကို လာမယ့် ဇွန် ၁၅ ရက်ကနေ ၂၀ ရက်အထိ အခြေခံပညာမူလတန်းနဲ့ အလယ်တန်းအဆင့်တွေကို သက်ဆိုင်ရာမြို့နယ် စာစစ်ဌာနတွေမှာ စစ်ဆေးမယ်လို့ဆိုပါတယ်။
အခြေခံပညာကျောင်း၊ ကိုယ်ပိုင်ကျောင်း၊ ပုဂ္ဂလိကကျောင်းနဲ့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေမှာ ပညာသင်ယူခဲ့ဖူးသူတွေ အကျုံးဝင်မှာဖြစ်ပြီး ရလဒ်ကို ဇူလိုင် ၁ ရက်မှာ ထုတ်ပြန်မယ်လို့ ဆိုပါတယ်။
မင်္ဂလာပါ။ မေ ၂၁ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။