ဧပြီ ၁၂ ရက် သတင်းများအနှစ်ချုပ်- ပြင်ဦးလွင်မှာ ရည်းစားဟောင်းက ဓားနဲ့ထိုးလို့ လက်ထပ်ခါနီး အမျိုးသမီးသေဆုံး

ဓားထိုးခံရပြီးနောက် ထိခိုက်ဒဏ်ရာရသူတွေကို လူမှုကူညီရေးအဖွဲ့တွေက ဆေးရုံပို့ခဲ့ပါတယ်

ဓာတ်ပုံ ရင်းမြစ်, သန္တိသုခ လူမှုကူညီရေးအသင်း

ဓာတ်ပုံ ပုံစာ, ဓားထိုးခံရပြီးနောက် ထိခိုက်ဒဏ်ရာရသူတွေကို လူမှုကူညီရေးအဖွဲ့တွေက ဆေးရုံပို့ခဲ့ပါတယ်
ဖတ်ရန်အချိန်: မိနစ် ၂

မန္တလေးတိုင်းထဲ တပ်မြို့လို့သိကြတဲ့ပြင်ဦးလွင်မှာ လက်ထပ်ခါနီး အမျိုးသမီးတစ်ဦးဟာ ရည်းစားဟောင်းအမျိုးသားရဲ့ဓားနဲ့ထိုးတာခံရပြီးတဲ့နောက် ဒဏ်ရာတွေနဲ့ သေဆုံးခဲ့တယ်လို့ ဖြစ်စဉ်အခြေအနေတွေကို သိရှိတဲ့မြို့ခံက ပြောပါတယ်။

ဓားထိုးမှုဟာ ရပ်ကွက်ကြီး ၁၉ ငါးရံ့ချောင်းရပ်ကွက်မှာ မနေ့ ဧပြီလ ၁၁ ရက်ညပိုင်းက ဖြစ်ခဲ့တာဖြစ်ပြီး သေဆုံးသူ အသက် ၂၇ နှစ်အရွယ် အမျိုးသမီးဟာ လာမယ့်ရက်ပိုင်းမှာ လက်ထပ်ဖို့ ပြင်ဆင်နေသူဖြစ်တယ်လို့လည်း သိရပါတယ်။

သတို့သမီးလောင်းရဲ့ အသက် ၇၀ အရွယ် ဖခင်ဖြစ်သူနဲ့ သတို့သားဖြစ်သူ အသက် ၂၅ နှစ်အရွယ် အမျိုးသားတို့လည်း ထိခိုက်ဒဏ်ရာရတယ်လို့ သိရပါတယ်။

အမျိုးသမီးနဲ့ မိသားစုဝင်တွေ အိမ်မှာရှိနေတုန်း ရည်စားဟောင်းဖြစ်သူက စက်ဘီးနဲ့ရောက်လာပြီး အိမ်ရှေ့ကို ခေါ်တာကြောင့် အမျိုးသမီးက ထွက်သွားခဲ့ပြီးနောက် ဓားနဲ့ထိုးခံရတာလို့ မြို့ခံက ပြောပါတယ်။

"မိန်းကလေး ဓားနဲ့ထိုးခံရလို့ အော်သံကြားတော့ အဖေရော၊ သတို့သားလောင်းက ဝင်ဆွဲတာကို သူတို့ကိုပါ ရန်ပြုတာ။ မိသားစုဝင်တွေကတော့ ဒဏ်ရာ မပြင်းဘူး၊ မိန်းကလေးကတော့ ဆေးရုံရောက်မှ ဆုံးတာ"လို့ အခြေအနေ သိရှိသူက ပြောပြပါတယ်။

ဓားထိုးမှု ကျူးလွန်သူကို ဖမ်းမိပြီလို့တော့ မြို့ခံက ပြောပေမဲ့ ဘီဘီစီက သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ပြင်ဦးလွင်မြို့ရဲစခန်းကို ဘီဘီစီက ဆက်သွယ်ပေမဲ့ ဖုန်းပြန်လည်ဖြေကြားတာ မရှိပါဘူး။

ပြင်ဦးလွင်မြို့နယ်ထဲမှာ ပြီးခဲ့တဲ့ ဧပြီ ၇ ရက် တရက်တည်းမှာတင် ဓားပြမှုနှစ်ခု ဖြစ်ခဲ့ပြီး သက်ကြီးပိုင်းအမျိုးသား တစ်ယောက် သေဆုံးခဲ့ပါတယ်။

အနီးစခန်းနားက အောင်မင်္ဂလာ ရပ်ကွက်၊ ၃ လမ်းထိပ်က နေအိမ်တစ်လုံးကို ဓားပြတိုက်ခဲ့တာဖြစ်သလို မြို့ပေါ်က ရပ်ကွက် ၈၊ "မေ" စိန်ဆိုင်ကိုလည်း လူနှစ်ယောက်က သေနတ်ကိုင် ဓားပြဝင်တိုက်ပြီး တစ်ယောက်ကို ဖမ်းမိခဲ့ပါတယ်။

ပြင်ဦးလွင်မြို့ဟာ စစ်တပ်ထိန်းချုပ်မှု အောက်မှာရှိသလို စစ်တက္ကသိုလ်(DSA) ရှိသလို စစ်အင်ဂျင်နီယာတက္ကသိုလ် (DSTA)ရှိတဲ့ မြို့လည်းဖြစ်ပါတယ်။

စစ်တပ်အုပ်ချုပ်ရေး ခိုင်မာတဲ့ ပြင်ဦးလွင်မြို့မှာ အခုသီတင်းပတ်တွေအတွင်း ဓားပြမှုအပါအဝင် မှုခင်းတွေ ဖြစ်နေတဲ့အပေါ် မြို့ခံအချို့က ဝေဖန်ထောက်ပြတာတွေလည်း ရှိနေပါတယ်။