စစ်ဗိုလ်ချုပ်ဟောင်း၊ ဝန်ကြီးဟောင်းတွေနဲ့ ဦးမင်းအောင်လှိုင်ရဲ့ဇာတ်ညွှန်းဟောင်း

ဓာတ်ပုံ ရင်းမြစ်, BBC/Getty/CINCDS
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြည်ထောင်စုလွှတ်တော်ကိုတင်တဲ့ အစိုးရအဖွဲ့စာရင်းမှာ အငြိမ်းစားစစ်ဗိုလ်ချုပ်တွေတစ်ဝက်၊ အာဏာသိမ်းကာလအစိုးရအဖွဲ့က ဝန်ကြီးဟောင်းတွေတဝက်နဲ့ ပြန်ဖွဲ့လာတာတွေ့ရပါတယ်။
ရွေးကောက်ပွဲအနိုင်ရ ကြံ့ခိုင်ရေးပါတီဝင်တချို့ပါလာပေမဲ့ လက်ချိုးရေလို့ရပြီး ဒုတိယဥက္ကဋ္ဌ ၃ လည်းဖြစ်၊ အငြိမ်းစားဒုတိယဗိုလ်ချုပ်ကြီးလည်း ဖြစ်တဲ့ ဦးမျိုးဇော်သိမ်းကို သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးနေရာပဲ ပေးထားတာပါ။
ဝန်ကြီးဌာန ၃၁ ခုမှာ ဌာနအသစ်တွေပါဝင်လာပေမဲ့ လူဟောင်းတွေပဲ လွှမ်းမိုးထားပြီး သမ္မတဦးသိန်းစိန်အစိုးရအဖွဲ့ဝင်ဟောင်းတချို့ပါ ပြန်ပါလာတာပါ။
လုပ်ထုံးလုပ်နည်းတွေအရ သမ္မတအဖြစ်ရွေးချယ်ထားရတဲ့သူက အစိုးရအဖွဲ့ဝင်တွေကို အဆိုပြုရတာဖြစ်ပြီး လွှတ်တော်က စိစစ်အတည်ပြုပြီးရင် သူနဲ့အတူ ကျမ်းကျိန်ရမှာပါ။ အခုရွေးချယ်တင်သွင်းတဲ့ လူစာရင်းကတော့ အပြောင်းအလဲ မရှိ အတည်ဖြစ်ဖို့ပဲ များတယ်လို့ အကဲခတ်တွေက ယူဆကြပါတယ်။
အကဲခတ်တချို့ကတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ အစိုးရအဖွဲ့ဟာ အာဏာသိမ်းကာလ အရေးပေါ်သက်တမ်းတိုးတဲ့ကာလတွေမှာ အပြောင်းအလဲလုပ်တဲ့အခြေအနေနဲ့ ကွာခြားမှုအများကြီးမရှိဘူးလို့ ဝေဖန်ကြပါတယ်။
ဒါပေမဲ့ ရွေးကောက်ခံအမတ်တွေထဲက ဝန်ကြီးပြန်အဆိုပြုခံရသူတွေရှိနေတဲ့အတွက် လာမယ့်နှစ်အတွင်း ကြားဖြတ်ရွေးကောက်ပွဲထပ်လုပ်ရဖို့ ရှိနေပါတယ်။
ဝန်ကြီးစာရင်းထဲက အငြိမ်းစားစစ်ဗိုလ်ချုပ်တွေ

ဓာတ်ပုံ ရင်းမြစ်, CINCDS
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လွှတ်တော်ကို အမည်စာရင်းတင်တဲ့အစိုးရအဖွဲ့စာရင်းမှာ အငြိမ်းစားစစ်ဗိုလ်ချုပ်တွေ ဒါဇင်ကျော်အထိပါဝင်လာပါတယ်။
တပ်ဝန်ကြီးတွေဖြစ်တဲ့ ကာကွယ်ရေး၊ ပြည်ထဲရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးတွေ အပြောင်းအလဲလုပ်ခဲ့ပေမဲ့ လူဟောင်းတွေပဲ ပြန်ခန့်တာဖြစ်ပါတယ်။
ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးမောင်မောင်အေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်တို့ ရာထူးကအနားပေးခံလိုက်ရပြီး ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီးဖုန်းမြတ်က နယ်စပ်ရေးရာဝန်ကြီးအဖြစ် ပြောင်းရွှေ့ခံရပါတယ်။
ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်က ကာကွယ်ရေးဝန်ကြီးအဖြစ် အဆိုပြုခံရပါတယ်။
စစ်တက္ကသိုလ်အပတ်စဉ် ၃၆ ဆင်း ဒုတိယဗိုလ်ချုပ်ကြီးညွန့်ဝင်းဆွေက ပြည်ထဲရေးဝန်ကြီးအဖြစ် တင်သွင်းခံရပါတယ်။ သူက ၂၀၂၁ အာဏာသိမ်းတုန်းက ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးဖြစ်ပြီး အဲဒီနောက် စစ်ဆင်ရေးအထူးအဖွဲ့မှူးအဖြစ် တာဝန်ယူခဲ့သူဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MOFA
နိုင်ငံခြားရေးဝန်ကြီးရာထူးလည်းအပြောင်းအလဲဖြစ်ခဲ့ပြီး တရုတ်သံအမတ်ကြီးဟောင်း ဦးတင်မောင်ဆွေ အဆိုပြုခံရပါတယ်။
အငြိမ်းစားဗိုလ်မှူးချုပ်ဟောင်း ဦးတင်မောင်ဆွေဟာ ဗြိတိန်စစ်သံမှူးဟောင်းဖြစ်ပြီး တရုတ်၊ တောင်ကိုရီးယားနဲ့ မွန်ဂိုလီးယားသံအမတ်ကြီးတာဝန်တွေ ပူးတွဲထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။
သူက စစ်တက္ကသိုလ်အပတ်စဥ် ၂၈ ဆင်းဖြစ်ပြီး ကြံ့ခိုင်ရေးပါတီ ဒုတိယဥက္ကဋ္ဌကနေ သမဝါယမနဲ့ ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဖြစ်လာတဲ့ ဦးမျိုးဇော်သိမ်းနဲ့ အပတ်စဥ်တူပါတယ်။
နိုင်ငံခြားရေး၊ ကာကွယ်ရေး၊ ပြည်ထဲရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးတွေက အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီဝင်တွေ ဖြစ်ကြပါတယ်။
ဒါ့အပြင် စစ်ရေးချုပ်နဲ့ မြန်မာ့စီးပွားရေးဦးပိုင်ဥက္ကဋ္ဌတာဝန်တွေယူခဲ့တဲ့ အငြိမ်းစား ဒုဗိုလ်ချုပ်ကြီးဆန်းဦးက သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး အဖြစ် အဆိုပြုခံရပါတယ်။
ဝန်ကြီးအယောက် ၃၀ အဆိုပြုတဲ့အထဲ စစ်ကော်မရှင်ထဲကဝန်ကြီးဟောင်း တစ်ဝက်ကျော်လောက်ပြန်ပါလာပြီး အများစုက အငြိမ်းစားစစ်ဗိုလ်ချုပ်တွေဖြစ်ပါတယ်။
အာဏာသိမ်းအစိုးရ ဝန်ကြီးဟောင်းတွေ

ဓာတ်ပုံ ရင်းမြစ်, CINCDS
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
အာဏာသိမ်းအစိုးရရဲ့ ဝန်ကြီးတွေအဖြစ်တောက်လျှောက်ပါလာတဲ့ ကာကွယ်ရေးဝန်ကြီးဟောင်းတွေဖြစ်တဲ့ အငြိမ်းစားဗိုလ်ချုပ်ကြီးမြထွန်းဦးနဲ့ အငြိမ်းစားဗိုလ်ချုပ်ကြီး တင်အောင်စန်းတို့လည်း အစိုးရအဖွဲ့သစ်ထဲ ပြန်ပါလာပါတယ်။
ဦးတင်အောင်စန်းက ပို့ဆောင်ရေးဝန်ကြီးဖြစ်လာပြီး ဦးမြထွန်းဦးက ဒစ်ဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအဖြစ် အဆိုပြုခံထားရပါတယ်။
ပို့ဆောင်ရေးနဲ့ဆက်သွယ်ရေးကို ဝန်ကြီးဌာနတစ်ခုတည်းထားခဲ့တုန်းက သူတို့နှစ်ဦးလုံးက ဝန်ကြီးဟောင်းတွေဖြစ်ကြပါတယ်။
တချို့ဝန်ကြီးတွေက ဝန်ကြီးနေရာမှာဆက်ရှိနေပေမဲ့ ဌာနပြောင်းရွှေ့သွားကြပါတယ်။
အလုပ်သမားဝန်ကြီး ဦးအောင်ကျော်ဟိုးက သမ္မတရုံးဝန်ကြီးအဖြစ် လွှတ်တော်ကို အမည်စာရင်းတင်ခြင်းခံရပါတယ်။ သူက ကာကွယ်ရေး ဒုဝန်ကြီးဟောင်းဖြစ်ပါတယ်။
သမ္မတရုံးဝန်ကြီးဟောင်းဦးထွန်းအုံက စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီး အဖြစ် အဆိုပြုခံထားရပါတယ်။
သယံဇာတဝန်ကြီးဦးခင်မောင်ရီက အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးအဖြစ် အဆိုပြုခံရပါတယ်။
လျှပ်စစ်နဲ့ စွမ်းအင်ကိုပြန်ပေါင်းလိုက်ပြီး စွမ်းအင်ဝန်ကြီးဦးကိုကိုလွင်က ဝန်ကြီးအဖြစ် အဆိုပြုခံရပါတယ်။ သူကလည်း ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်ရုံးမှာ ဒုတိယအရာရှိချုပ်အဖြစ်တာဝန်ယူခဲ့တဲ့ အငြိမ်းစားဗိုလ်ချုပ်ဖြစ်ပါတယ်။
ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ဥပဒေရေးရာဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ သာသနာရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတွေကတော့ လက်ရှိဝန်ကြီးတွေကိုပဲ ပြန်အဆိုပြုထားပါတယ်။
ဝန်ကြီးအသစ်တွေ ဘယ်သူတွေလဲ

ဓာတ်ပုံ ရင်းမြစ်, USDP
နိုင်ငံခြားရေး၊ ပြန်ကြားရေး၊ သမနဲ့ ကျေးလက်ဖွံ့ဖြိုးရေး၊ အလုပ်သမား၊ အားကစား၊ ဟိုတယ်ခရီးသွားလာရေးနဲ့ယဥ်ကျေးမှု၊ လူငယ်ရေးရာ၊အမျိုးသမီးရေးရာ၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနတွေက ဝန်ကြီးအသစ်တွေဖြစ်လာပါတယ်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးထိန်လင်းက ပြန်ကြားရေးဝန်ကြီးသစ်ဖြစ်လာပါတယ်။ သူက အငြိမ်းစားဗိုလ်မှူးကြီးဖြစ်ပါတယ်။
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးအသစ်အဖြစ် ဦးသန်းမောင်(စစ်တွေ) အဆိုပြုခံရပါတယ်။ သူက ဥပဒေပညာရှင်တစ်ဦးဖြစ်သလို တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဟောင်း ဦးဇော်အေးမောင်နဲ့ ညီအစ်ကိုတော်စပ်ပါတယ်။ အမျိုးသမီးရေးရာဝန်ကြီးဌာနကတော့ ဌာနအသစ်၊ ဝန်ကြီးအသစ်ဖြစ်ပါတယ်။
မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါက်တာသက်သက်ဇင်က ဝန်ကြီးအဖြစ် အဆိုပြုခံရတာပါ။
သူက သမ္မတဦးသိန်းစိန်လက်ထက်က ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီးဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MWAF
ဒါ့အပြင် ဦးသိန်းစိန်အစိုးရရဲ့ လျှပ်စစ်ဝန်ကြီး ဦးခင်မောင်စိုးလည်း အလုပ်သမားဝန်ကြီး ဖြစ်လာဖို့ရှိပါတယ်။
အငြိမ်းစားဗိုလ်မှူးချုပ်တစ်ဦးဖြစ်တဲ့ မင်းကင်းဦးမောင်မြင့်လည်း ဟိုတယ်ခရီးနဲ့ ယဥ်ကျေးမှုဝန်ကြီးအဖြစ်အဆိုပြုခံထားရပြီး သူလည်း ဦးသိန်းစိန်အစိုးရအဖွဲ့ဝင်ဟောင်းဖြစ်ပါတယ်။
ကြံ့ခိုင်ရေးပါတီရဲ့ အမာခံကေဒါတစ်ဦးဖြစ်သူ ဦးရဲမြင့်ထွန်းက အားကစားဝန်ကြီးအဖြစ် အဆိုပြုခံရပြီး မိထ္ထီလာအမတ် ပါမောက္ခချုပ်ဟောင်း ဒေါက်တာမောင်သင်းက လူငယ်ရေးရာဝန်ကြီးအဖြစ် အဆိုပြုခံရပါတယ်
USDP ဒုတိယဥက္ကဋ္ဌ ဦးမျိုးဇော်သိမ်း၊ ဦးခင်မောင်စိုး၊ ဦးမောင်မြင့်၊ ဦးရဲမြင့်ထွန်းနဲ့ ဒေါက်တာမောင်သင်းတို့က ကြံ့ခိုင်ရေးပါတီကနေ ဝန်ကြီးအဖြစ်အဆိုပြုခံရသူတွေဖြစ်ပါတယ်။
ဒီအခင်းအကျင်းဟာ တပ်ကပဲ အရပ်သားအသွင်ပြောင်းအုပ်ချုပ်တာလို့ နိုင်ငံရေးအကဲခတ်တွေက ရှုမြင်ကြပါတယ်။
ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး မဏ္ဍိုင်သုံးခုကိုကြည့်မယ်ဆိုရင်လည်း စစ်ဗိုလ်ချုပ်ဟောင်းတွေနဲ့ ရဲချုပ်ဟောင်းက ဦးဆောင်ထားကြတာဖြစ်ပါတယ်။
သမ္မတက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ရဲချုပ်ဟောင်း ဦးခင်ရီ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အငြိမ်းစားဗိုလ်ချုပ်ကြီးအောင်လင်းဒွေး၊ ပြည်ထောင်စုတရားသူကြီးချုပ်က ဦးသာဌေးက စစ်ဥပဒေချုပ်ရုံးကလာတာဖြစ်လို့ပါ။
ဘီဘီစီရဲ့ အရှေ့တောင်အာရှရေးရာသတင်းထောက် ဂျိုနသန်ဟက်ကတော့ မြန်မာက အပြောင်းအလဲဟာ ရွေးကောက်ခံအစိုးရဆိုတာထက် နန်းသိမ်းပွဲနဲ့ပိုတူနေတယ် လို့ ပြောပါတယ်။












