ဂျီနိုဆိုက် ကျူးလွန်ကြောင်း မြန်မာကို ICJ ဆုံးဖြတ်မှာလား

ICJ အမှု ရိုဟင်ဂျာ လူသက်သေတွေကို ကိုယ်စားပြုပေးသူ ဗြိတိသျှ လူ့အခွင့်အရေး ရှေ့နေ အန်တိုနီ မော်လ်ဗီ
ဓာတ်ပုံ ပုံစာ, ICJ အမှု ရိုဟင်ဂျာ လူသက်သေတွေကို ကိုယ်စားပြုပေးသူ ဗြိတိသျှ လူ့အခွင့်အရေး ရှေ့နေ အန်တိုနီ မော်လ်ဗီ
ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၈

မြန်မာဟာ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ နိုင်ငံတကာ ပဋိညာဥ်ကို လိုက်နာဖို့ ပျက်ကွက်ခဲ့တယ် ဆိုတဲ့ စွဲချက်နဲ့ ဂမ်ဘီယာနိုင်ငံက တရားစွဲထားတဲ့ အမှုကို အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ က သိပ်မကြာခင် ကာလမှာပဲ အပြီးသတ် ဆုံးဖြတ်အမိန့်တွေ ချလိမ့်မယ် ဆိုပြီး၊ ဒီအမှုထဲ ပါဝင် ပတ်သက်နေသူတွေ၊ ဥပဒေ ပညာရှင်တွေက ပြောကြပါတယ်။

အမှုကာလတလျှောက် ဖြစ်ပျက်ခဲ့တာတွေ၊ နှစ်ဘက်တင်သွင်း လျှောက်ထားခဲ့ကြတဲ့ သက်သေ အထောက်အထားတွေကိုကြည့်ရင်၊ ဘယ်လို အမိန့်မျိုးတွေ ဆုံးဖြတ်လာနိုင်ဖွယ် ရှိပါသလဲ ... ICJ အမိန့်ဟာ မြန်မာ့အရေး တစ်ခုလုံးအပေါ် ဘယ်လို သက်ရောက်လာနိုင်ပါသလဲ ....

ကုလသမဂ္ဂ စုံစမ်းရေး အရာရှိ တာဝန်ထမ်းဆောင်ခဲ့တုန်းက မြန်မာနဲ့နယ်စပ် ဘင်္ဂလားဒေ့ရှ်ထိ သွားရောက်ပြီး၊ ထွက်ပြေးလာကြသူတွေရဲ့ ထွက်ဆိုချက်တွေကို ရယူခဲ့သူလည်းဖြစ်၊ ICJ အမှုမှာ သက်သေထွက်ဆိုထားတဲ့ ရိုဟင်ဂျာ ၃ ယောက်ကို တရားဝင် ကိုယ်စားပြုပေးနေပြီး ICJ စီရင်ကြားနာမှုတွေပါ အနီးကပ် ရှိနေခဲ့တဲ့ Legal Worldwide Action အဖွဲ့က အမှုဆောင် ဒါရိုက်တာ အန်တိုနီယာ မော်လ်ဗီကို ဘီဘီစီ သတင်းထောက် ကိုဝေဖြိုး ဆက်သွယ် မေးမြန်းထားပါတယ်။

တရားရုံး ဆုံးဖြတ်ချက် ဖြစ်နိုင်ခြေ (၃) မျိုး

နောက်ဆုံးကြားနားပွဲတွေကို ၂၀၂၆ ဇန်နဝါရီလထဲ ပြုလုပ်ခဲ့
ဓာတ်ပုံ ပုံစာ, နောက်ဆုံးကြားနားပွဲတွေကို ၂၀၂၆ ဇန်နဝါရီလထဲ ပြုလုပ်ခဲ့

ဘီဘီစီ။ ။ ICJ တရားရုံးတော်က ဒီ အမှုကိစ္စကို အတိအကျ ဘယ်နေ့မှာ ဆုံးဖြတ်ချက် ချမယ်ဆိုတာ သိရပြီလား။ ဒါမှမဟုတ် အကြမ်းဖျင်း ဘယ်အချိန်လောက် ဖြစ်မယ်လို့ ခန့်မှန်းထားပါသလဲ။

အန်တိုနီယာ မော်ဗီ။ ။ အခုအချိန်မှာတော့ တရားရုံးက ဘယ်နေ့မှာ ကြားနာမယ်ဆိုတာ အတိအကျ မသိသေးပါဘူး။ ဒါပေမဲ့ ဒီနှစ်မကုန်ခင်မှာ ဆုံးဖြတ်ချက် ထွက်လာမယ်လို့ ကျွန်မတို့ မျှော်လင့်ပြီး ယုံကြည်ထားပါတယ်။

ဘီဘီစီ ။ ။ ကျေးဇူးတင်ပါတယ်။ အန်တိုနီယာရေ၊ ပထမဆုံးအနေနဲ့ အန်တိုနီယာတို့ရဲ့ Legal Action Worldwide အဖွဲ့က လက်ရှိ ICJ အမှုမှာ တိုက်ရိုက် ပါဝင် ပတ်သက်နေပါသလား။ ပါဝင်နေတယ်ဆိုရင် ဘယ်လိုအခန်းကဏ္ဍနဲ့ ပါဝင်နေတာပါလဲ။

အန်တိုနီယာ မော်ဗီ။ ။ ဟုတ်ပါတယ်၊ ဒီအမှုမှာ ကျွန်မတို့ တိုက်ရိုက် ပါဝင်ပတ်သက်နေပါတယ်။ ဒီနှစ် ဇန်နဝါရီလက တရားရုံးမှာ လျှို့ဝှက်ကြားနာမှုအတွင်း လူကိုယ်တိုင် သက်သေထွက်ဆိုခဲ့တဲ့ သက်သေသုံးဦးရဲ့ တရားဝင်ကိုယ်စားလှယ်အဖြစ် ကျွန်မ ဆောင်ရွက်ပေးနေပါတယ်။

သူတို့ဟာ ရွာသုံးရွာက လာကြတဲ့ လူနှစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက် ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်မှာ သူတို့ ကိုယ်တိုင် ကြုံတွေ့ခဲ့ရတဲ့ အလွန်ဆိုးရွားတဲ့ ရာဇဝတ်မှုတွေ အကြောင်း သက်သေထွက်ဆိုခဲ့ကြတာပါ။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဒီနှစ် ဇန်နဝါရီလက တရားရုံးကို လာရောက်ခဲ့တဲ့ ဒီအမှုမှာ ခံစား နစ်နာခဲ့ရသူတွေရဲ့ ကိုယ်စားလှယ်အဖွဲ့ကိုလည်း ကျွန်မတို့ ကိုယ်စားပြုပါတယ်။ ၂၀၁၉ ခုနှစ်က ယာယီအရေးယူဆောင်ရွက်ချက်တွေ ကြားနာတဲ့အချိန်တုန်းကလည်း အဲဒီလိုပဲ ကိုယ်စားပြုခဲ့ပါတယ်။

ဒါက အရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ သူတို့အားလုံးဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့စ်ဘဇားက ဒုက္ခသည်စခန်းတွေကနေ လာကြသူတွေ ဖြစ်ပါတယ်။

ဒါ့အပြင် ဂမ်ဘီယာဘက်က တရားရုံးကို တင်သွင်းခဲ့တဲ့ သက်သေ ထွက်ဆိုချက်တွေ ထဲမှာလည်း စာမျက်နှာ ရာနဲ့ချီတဲ့ သက်သေအထောက်အထားတွေကို ကျွန်မတို့ တင်ပြထားပါတယ်။ အဲဒီ အထောက်အထားတွေကို ဒီနှစ် ဇန်နဝါရီလက အမှုအကြောင်းအရာ ဆိုင်ရာ ကြားနာမှုမှာ ဆွေးနွေးပြီး ပြန်လည် သုံးသပ်ခဲ့ကြပါတယ်။

တကယ်တော့ တရားရုံးကြားနာမှုအတွင်းမှာ ကျွန်မတို့အဖွဲ့အကြောင်း အကြိမ် ၁၀၀ ကျော်လောက် ပြောဆိုခံခဲ့ရတယ်လို့ ထင်ပါတယ်။ အဓိကအားဖြင့်တော့ မြန်မာဘက်က ပြောဆိုခဲ့တာပါ။

ဘီဘီစီ။ ။ကျေးဇူးတင်ပါတယ် အန်တိုနီယာ။ ကျွန်တော် အန်တိုနီယာကို ဆက်သွယ်မေးမြန်းဖြစ်တဲ့ အကြောင်းရင်းတစ်ခုကတော့ အန်တိုနီယာတို့အဖွဲ့နဲ့ SAC - M တို့ ပူးပေါင်းပြီး ထုတ်ထားတဲ့ စာတမ်းတစ်စောင်ကိုလည်း ကျွန်တော် တွေ့ထားလို့ပါ။

အဲဒီစာတမ်းမှာ ICJ အမှုကနေ ဖြစ်လာနိုင်တဲ့ ရလဒ်ငါးမျိုး ဆိုပြီး ဖော်ပြထားပါတယ်။ အဲဒီ ဖြစ်နိုင်ခြေရှိတဲ့ အခြေအနေတွေကို တစ်ခုချင်းစီ ဘာကိုဆိုလိုသလဲဆိုတာ အကျဉ်းချုပ် ရှင်းပြပေးနိုင်မလား။ ဥပဒေရေးရာအရ၊ နိုင်ငံရေးအရ၊ အားလုံးခြုံပြီး ဘာတွေ သက်ရောက်မှုရှိလာနိုင်မလဲ ဆိုတာပေါ့။

အန်တိုနီယာ မော်ဗီ။ ။ ဟုတ်ပါတယ်။ ဒီနေရာမှာ နည်းနည်းရှင်းအောင် ပြောရမယ်ဆိုရင် ဖြစ်နိုင်ခြေအများဆုံးလို့ ပြောရမယ့် အဓိက အနေနဲ့ ကတော့ သုံးမျိုးပဲလို့ ပြောရမှာပါ။

ပထမတစ်ခုက မြန်မာနိုင်ငံမှာ လူမျိုးတုံးသတ်ဖြတ်မှု၊ Genocide ကျူးလွန်မှုအတွက် တာဝန်ရှိတယ်လို့ တရားရုံးက ဆုံးဖြတ်တာပါ။ ဆိုလိုတာက Genocide Convention အောက်မှာ ဖြစ်ပေါ်ခဲ့တဲ့ လူမျိုးတုံးသတ်ဖြတ်မှု ရာဇဝတ်မှုအတွက် နိုင်ငံတော်ကိုယ်တိုင် အပြည့်အဝ တာဝန်ရှိတယ်လို့ ဆုံးဖြတ်တာ ဖြစ်ပါတယ်။ ဒါက ပထမဆုံး ဖြစ်နိုင်ခြေပါ။

ဒီလို ဆုံးဖြတ်ချက်မျိုးကို တရားရုံးက အရင်က မချမှတ်ဖူးသေးပါဘူး။ ဒါပေမဲ့ လက်ရှိရှိနေတဲ့ သက်သေအထောက်အထားတွေက ဒီလို ဆုံးဖြတ်ဖို့ လုံလောက်တယ်လို့ ကျွန်မတို့ ယုံကြည်ပါတယ်။

ဒုတိယ ဖြစ်နိုင်ခြေကတော့ တရားရုံးက Genocide ရာဇဝတ်မှုနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံမှာ တစ်စိတ်တစ်ပိုင်း တာဝန်ရှိတယ်လို့ ဆုံးဖြတ်တာမျိုးပါ။

အလွယ်ပြောရရင် Genocide ဖြစ်ပွားတာကို တားဆီးဖို့ ပျက်ကွက်ခဲ့တာ၊ ဒါမှမဟုတ် ဖြစ်ပွားခဲ့တဲ့ ရာဇဝတ်မှုတွေကို အရေးယူအပြစ်ပေးဖို့ ပျက်ကွက်ခဲ့တာမျိုး ဖြစ်ပါတယ်။

ဒါကလည်း ဖြစ်နိုင်ခြေရှိပါတယ်။ ၂၀၁၉ ခုနှစ်မှာ ဒီအမှု စတင်ခဲ့ကတည်းက မြန်မာနိုင်ငံဟာ တရားရုံးက ချမှတ်ထားတဲ့ ယာယီအရေးယူဆောင်ရွက်ချက်တွေကို ချိုးဖောက်ခဲ့တယ်လို့လည်း တရားရုံးက ဆုံးဖြတ်နိုင်ပါတယ်။

Genocide ကို တားဆီးဖို့နဲ့ အရေးယူအပြစ်ပေးဖို့ ပျက်ကွက်ခဲ့တာမျိုးကိုတော့ Bosnia နဲ့ Serbia အမှုမှာ ကျွန်မတို့ တွေ့ခဲ့ရပါတယ်။

တတိယ အဓိက ဖြစ်နိုင်ခြေကတော့ မြန်မာနိုင်ငံမှာ Genocide အတွက် တာဝန်မရှိဘူးလို့ တရားရုံးက ဆုံးဖြတ်တာပါ။

ဒါတွေက အဓိက ဖြစ်နိုင်ခြေသုံးမျိုးပါ။ ဒီနှစ်မကုန်ခင်မှာ ဖြစ်လာမယ်လို့ မျှော်လင့်ထားတဲ့ တရားရုံးဆုံးဖြတ်ချက်မှာ၊ ဒါတွေထဲက ဘယ်လိုရလဒ်မျိုး ဖြစ်လာမလဲဆိုတာ သိရမှာပါ။

နောက်ဆက်တွဲ ရိုက်ခတ်လာနိုင်တာတွေက ဘာလဲ

စစ်တပ်အာဏာတကျော့ပြန်သိမ်းပြီး နေပြည်တော်ကလွှတ်တဲ့ ICJ ကိုယ်စားလှယ် ဦးကိုကိုလှိုင်
ဓာတ်ပုံ ပုံစာ, စစ်တပ်အာဏာတကျော့ပြန်သိမ်းပြီး နေပြည်တော်ကလွှတ်တဲ့ ICJ ကိုယ်စားလှယ် ဦးကိုကိုလှိုင်

မြန်မာနိုင်ငံကို Genocide အတွက် အပြည့်အဝဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းဖြစ်စေ တာဝန်ရှိတယ်လို့ ဆုံးဖြတ်ခဲ့မယ်ဆိုရင်၊ အကျိုးဆက်တွေ အများကြီး ရှိလာနိုင်ပါတယ်။

ပထမဆုံး မြန်မာနိုင်ငံအပေါ် ဘာသက်ရောက်မှုရှိမလဲဆိုတာ ကြည့်ရအောင်။

တရားရုံးက Genocide ရာဇဝတ်မှုတွေကို ရပ်တန့်ဖို့နဲ့ ထပ်မံမဖြစ်ပွားအောင် တားဆီးဖို့ မြန်မာနိုင်ငံကို အမိန့်ပေးနိုင်ပါတယ်။ ဒါ့အပြင် ဒီရာဇဝတ်မှုတွေကို နိုင်ငံအတွင်းမှာ စုံစမ်းစစ်ဆေးပြီး တရားစွဲဆိုအရေးယူဖို့လည်း အမိန့်ပေးနိုင်ပါတယ်။

မြန်မာနိုင်ငံက တရားရုံးရဲ့ အမိန့်ကို မလိုက်နာဘူးဆိုရင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာလည်း ကုလသမဂ္ဂ ပဋိညာဉ် အပိုဒ် ၉၄ ကို ချိုးဖောက်တယ်ဆိုပြီး တင်ပြနိုင်ပါတယ်။

ဒါကြောင့် ဥပဒေရေးရာအရ သက်ရောက်မှုတွေ ရှိလာမှာပါ။

မြန်မာနိုင်ငံရဲ့ သံတမန်ရေးရာ ဆက်ဆံရေးတွေအပေါ်မှာလည်း သက်ရောက်မှု ရှိနိုင်ပါတယ်။ အခုလည်း မြန်မာဘက်က အထူးသဖြင့် အာဆီယံနိုင်ငံတွေနဲ့ ဆက်ဆံရေးကောင်းမွန်လာအောင် ဆက်သွယ်ဆောင်ရွက်နေတာကို တွေ့ရပါတယ်။

စီးပွားရေးနဲ့ ကုန်သွယ်ရေးအပေါ်မှာလည်း သက်ရောက်မှု ရှိလာနိုင်ပါတယ်။ နိုင်ငံတွေက မြန်မာနိုင်ငံနဲ့ ဘယ်လို ကုန်သွယ်မလဲဆိုတာ ပြန်စဉ်းစားရမှာ ဖြစ်ပါတယ်။ ဥပမာ လေယာဉ်ဆီလို ကိစ္စတွေပါ။

ဒါကြောင့် ဒီလိုဆုံးဖြတ်ချက်က မြန်မာနိုင်ငံအပေါ် သက်ရောက်မှု အတော်များများ ရှိလာနိုင်ပါတယ်။

တရားရုံးမှာ မြန်မာဘက်ကလည်း အတော်လေး တက်တက်ကြွကြွ ပါဝင်ခဲ့တာကို မမေ့သင့်ပါဘူး။ မြန်မာကိုယ်စားလှယ်ကလည်း "Genocide အတွက် ကျွန်တော်တို့ တာဝန်ရှိတယ်လို့ ဆုံးဖြတ်ခံရမယ်ဆိုရင် ဒါဟာ ကျွန်တော့်နိုင်ငံအပေါ် ဘယ်တော့မှ ဖျောက်ဖျက်လို့မရတဲ့ အစွန်းအထင်းတစ်ခု ဖြစ်သွားလိမ့်မယ်" လို့ ပြောခဲ့ပါတယ်။

တတိယနိုင်ငံတွေအတွက်လည်း သက်ရောက်မှု ရှိပါတယ်။ Genocide အတွက် တာဝန်ရှိတယ်လို့ ဆုံးဖြတ်ခံထားရတဲ့ နိုင်ငံကို အခြားနိုင်ငံတွေက အထောက်အပံ့ မပေးသင့်ဘူးဆိုတဲ့ သဘောတရားလည်း ရှိပါတယ်။

ဒါကြောင့် တတိယနိုင်ငံတွေရဲ့ သံတမန်ရေး၊ ကုန်သွယ်ရေးနဲ့ စီးပွားရေးဆိုင်ရာ ဆက်ဆံမှုတွေအပေါ်မှာလည်း သက်ရောက်မှု ရှိလာနိုင်ပါတယ်။

ဘယ်လို ဆုံးဖြတ်ချက်မျိုးက အဖြစ်နိုင်ဆုံးလဲ

ဒုက္ခသည် နေရပ်ရင်း ပြန်ရေး အခုထိ ဖြစ်မြောက်မလာခဲ့
ဓာတ်ပုံ ပုံစာ, ဒုက္ခသည် နေရပ်ရင်း ပြန်ရေး အခုထိ ဖြစ်မြောက်မလာခဲ့

ဘီဘီစီ။ ။ ကျေးဇူးတင်ပါတယ် အန်တိုနီယာ။ အန်တိုနီယာ ပြောခဲ့သလိုပဲ တရားရုံးမှာ သက်သေထွက်ဆိုခဲ့တဲ့ သက်သေသုံးဦးရဲ့ ဥပဒေရေးရာ ကိုယ်စားလှယ်လည်း ဖြစ်ပါတယ်။ ပြီးတော့ အရင်တုန်းက ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးမှူးအဖြစ် တာဝန်ထမ်းဆောင်စဉ်မှာ ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်စခန်းတွေကို ကိုယ်တိုင် သွားရောက်ခဲ့တယ်လို့လည်း ကျွန်တော် နားလည်ထားပါတယ်။

ဒါဆို အဲဒီတုန်းက သက်သေတွေ ထွက်ဆိုခဲ့တာတွေနဲ့ တရားရုံးကြားနာမှုအတွင်း နှစ်ဖက်စလုံးက တင်ပြခဲ့တဲ့ အကြောင်းပြချက်တွေကို ကြည့်မယ်ဆိုရင်— ဘယ်ဘက်က အမှုကို ပိုပြီး ခိုင်ခိုင်မာမာ တင်ပြနိုင်တယ်လို့ အန်တိုနီယာ ထင်ပါသလဲ။ ပြီးတော့ နောက်ဆုံးမှာ တရားရုံးက ဘယ်လို ဆုံးဖြတ်ချက်မျိုး ချဖို့ အဖြစ်နိုင်ဆုံးလို့ အန်တိုနီယာက ထင်ပါသလဲ။

အန်တိုနီယာ မော်ဗီ။ ။ ဟုတ်ပါတယ်၊ ကျွန်မက ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ် စက်တင်ဘာလ အစောပိုင်းမှာ ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ်ကို စေလွှတ်ခံရပြီး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေနဲ့ ကလေးတွေအပေါ် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေးခဲ့ပါတယ်။

မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်ဘက်ကို နယ်စပ်ဖြတ်ပြီး ဝင်လာကြတဲ့ အမျိုးသမီးတွေနဲ့ ကလေးတွေကိုလည်း ကျွန်မ တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

ကျွန်မ ကြားခဲ့ရတဲ့ အဖြစ်အပျက်တွေက တကယ်ကို တုန်လှုပ်စရာကောင်းပါတယ်။ ဒီလိုအလုပ်တွေကိုလည်း ကျွန်မ လုပ်လာတာ ၂၅ နှစ်ကျော်ပါပြီ။ အထူးသဖြင့် အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခဲ့တဲ့ ပုံစံ၊ အဲဒီအကြမ်းဖက်မှုရဲ့ ရက်စက်ကြမ်းကြုတ်မှုနဲ့ အတိုင်းအတာက တကယ်ကို အလွန်ဆိုးရွားပါတယ်။

အဲဒီအချိန်တုန်းက မြန်မာဘက်က မီးရှို့ထားတဲ့ ရွာတွေဆီက ထွက်လာတဲ့ မီးခိုးတွေကိုတောင် မြင်နေရပါသေးတယ်။

ပြီးတော့ လူတစ်ယောက်ပြီးတစ်ယောက် ကျွန်မကို ပြောပြခဲ့တဲ့ အဖြစ်အပျက်တွေကလည်း တူညီနေပါတယ်။ သူတို့က နယ်စပ်ကို ဖြတ်ပြီး ချက်ချင်းဆိုသလို ရောက်လာကြတာပါ။ ကိုယ်နဲ့အတူ ဘာပစ္စည်းမှလည်း မပါလာကြပါဘူး။

ကျွန်မ ကြားခဲ့ရတာတွေဟာ တစ်ဦးချင်းစီ အခွင့်အရေးရသလို ကျူးလွန်ခဲ့တာမျိုး မဟုတ်ပါဘူး။ စီစဉ်ထားတဲ့ ပုံစံတစ်ခု ရှိပါတယ်။ ရွာတစ်ရွာပြီးတစ်ရွာမှာ တူညီတဲ့ ရာဇဝတ်မှုတွေကို ထပ်ခါတလဲလဲ ကျူးလွန်ခဲ့ကြတာပါ။

ဂမ်ဘီယာဘက်က တရားရုံးကို တင်ပြတာတွေထဲမှာ ဒီလိုကျူးလွန်မှုပုံစံဟာ ရွာပေါင်း ၅၄ ရွာအထိ ရှိခဲ့တယ်လို့ ပြောထားပါတယ်။ မြန်မာဘက်ကတော့ ဒါဟာ လက်နက်ကိုင် ပုန်ကန်မှုကို တန်ပြန် စစ်ဆင်ရေး ဖြစ်တယ်လို့ ပြောပါတယ်။

အဲဒီမှာ ပါဝင်တဲ့သူတွေဟာ အမျိုးသားတွေသာ မဟုတ်ဘဲ အမျိုးသမီးတွေနဲ့ ကလေးတွေပါ ပါဝင်ပါတယ်။ ကလေးငယ်လေးတွေတောင် ပါပါတယ်။

မြန်မာဘက်ရဲ့ အကြောင်းပြချက်ကတော့ သူတို့ဟာ သူပုန်ချေမှုန်းရေး စစ်ဆင်ရေးလုပ်နေတာဖြစ်ပြီး၊ အဲဒီလူတွေဟာ အကြမ်းဖက်သမားတွေ ဖြစ်တဲ့အတွက် ဒီလိုလုပ်ဆောင်မှုတွေဟာ အဲဒီစစ်ဆင်ရေးအတွင်း ဥပဒေနဲ့အညီ ဖြစ်တယ်လို့ ဆိုတာပါ။

ဒါပေမဲ့ အဲဒါက မမှန်ဘူးဆိုတာ ရှင်းလင်းလှပါတယ်။ ဒါကို အဲဒီအချိန်က သက်သေတွေရဲ့ ထွက်ဆိုချက်တွေနဲ့သာ ပြောတာ မဟုတ်ပါဘူး။ နောက်ပိုင်းမှာ ကျွန်မက သူတို့ရဲ့ ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ခဲ့တဲ့အချိန်မှာ ရရှိခဲ့တဲ့ အချက်အလက်တွေလည်း ရှိပါတယ်။

ကုလသမဂ္ဂ အစီရင်ခံစာတွေ၊ လွတ်လပ်တဲ့ အစီရင်ခံစာတွေ၊ NGO အဖွဲ့တွေရဲ့ အစီရင်ခံစာတွေနဲ့လည်း ထောက်ခံထားပါတယ်။

ဒါ့အပြင် မြန်မာစစ်တပ်က အဲဒီရာဇဝတ်မှုတွေ၊ အထူးသဖြင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို ကျူးလွန်နေတဲ့အချိန်မှာ အသုံးပြုခဲ့တဲ့ စကားလုံးတွေကို ကြည့်ရင်လည်း အထောက်အထားတွေ တွေ့ရပါတယ်။

ဒါကြောင့် ကျွန်မအမြင်မှာတော့ သက်သေအထောက်အထားတွေက အလွန်ခိုင်မာပါတယ်။ အမှုခံစားခဲ့ရသူတွေအတွက်၊ မြန်မာနိုင်ငံအတွင်းမှာ ရှိနေတဲ့ ပြည်သူအားလုံးအတွက်လည်း ကျွန်မ မျှော်လင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံမှာ လူအများအပြားဟာ မြန်မာစစ်တပ်ရဲ့ လက်ချက်နဲ့ ဒုက္ခရောက်နေကြရတာပါ။ ဒါကြောင့် တရားရုံးက မြန်မာနိုင်ငံမှာ ဂျီနိုဆိုက် အတွက် တာဝန်ရှိတယ်လို့ ဆုံးဖြတ်မယ်လို့ ကျွန်မ မျှော်လင့်သလို၊ ယုံလည်း ယုံကြည်ပါတယ်။ ပြီးတော့ ရိုဟင်ဂျာပြည်သူတွေအတွက် အကျိုးရှိစေမယ့် အမိန့်တွေကိုလည်း တရားရုံးက ချမှတ်ပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

ICJ အမိန့်ထဲ ဘယ်အချက်တွေ ပါလာနိုင်လဲ

အစုလိုက်အပြုံလိုက် ထွက်ပြေးရတဲ့ အချက်အပေါ် မူတည်ပြီး ဘင်္ဂလားဒေ့ရှ်ရဲ့ တိုင်ချက်အပေါ် ICC ကလည်း စုံစမ်းနေ
ဓာတ်ပုံ ပုံစာ, အစုလိုက်အပြုံလိုက် ထွက်ပြေးရတဲ့ အချက်အပေါ် မူတည်ပြီး ဘင်္ဂလားဒေ့ရှ်ရဲ့ တိုင်ချက်အပေါ် ICC ကလည်း စုံစမ်းနေ

ဘီဘီစီ။ ။ တရားရုံးက မြန်မာနိုင်ငံဟာ Genocide Convention ကို ချိုးဖောက်မှုအတွက် အပြည့်အဝဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းဖြစ်စေ တာဝန်ရှိတယ်လို့ ဆုံးဖြတ်ခဲ့မယ်ဆိုရင်၊ ICJ ရဲ့ ဆုံးဖြတ်ချက်က မြန်မာနိုင်ငံအပေါ် ဘယ်လို အရေးယူဆောင်ရွက်မှုတွေ၊ ဘယ်လို တာဝန်တွေ ချမှတ်နိုင်ပါသလဲ။

အန်တိုနီယာ မော်ဗီ။ ။ တရားရုံးက မြန်မာနိုင်ငံမှာ ဂျီနိုဆိုက် အတွက် တာဝန်ရှိတယ်လို့ ဆုံးဖြတ်ခဲ့ရင် အမိန့်အမျိုးမျိုး ချမှတ်နိုင်ပါတယ်။ ဒါပေမဲ့ ဒီနေရာမှာ တစ်ချက် ထည့်ပြောရမှာက ဒီအမှုကို တင်သွင်းတာဟာ အမှုကြောင့် တိုက်ရိုက်ထိခိုက်ခံရတဲ့ နိုင်ငံက မဟုတ်ဘဲ၊ တတိယနိုင်ငံဖြစ်တဲ့ ဂမ်ဘီယာ ဖြစ်ပါတယ်။

ဒါကြောင့် အခြားအမှုတွေမှာ တွေ့ရတဲ့ နစ်နာကြေးပေးအပ်မှုမျိုးတွေကို တရားရုံးက ချမှတ်မယ်ဆိုရင်၊ အရင်က မတွေ့ဖူးသေးတဲ့ အရေးကြီးတဲ့ ခြေလှမ်းတစ်ရပ် ဖြစ်လာမှာပါ။ ဒါပေမဲ့ မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး။

ဒါဆို .... တရားရုံးက ဘာတွေ အမိန့်ပေးနိုင်သလဲဆိုရင်၊ ရိုဟင်ဂျာတွေကို နိုင်ငံသားတွေအဖြစ် အသိအမှတ်ပြုဖို့ အမိန့်ပေးနိုင်ပါတယ်။ မြန်မာနိုင်ငံအတွင်းမှာ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေးပြီး တရားစွဲဆိုအရေးယူဖို့လည်း အမိန့်ပေးနိုင်ပါတယ်။

သူတို့ရဲ့ မြေယာနဲ့ ပိုင်ဆိုင်မှုတွေကို ပြန်လည်ပေးအပ်ဖို့လည်း အမိန့်ပေးနိုင်ပါတယ်။ ဒါဆိုရင် အတော်လေး အရေးပါတဲ့ ဆုံးဖြတ်ချက် ဖြစ်လာနိုင်ပါတယ်။

တရားရုံးက ဒီလို နစ်နာမှုကုစားပေးရေးဆိုင်ရာ အမိန့်တွေ ချမှတ်ရာမှာ အတော်လေး သတိထားတဲ့ သဘောရှိပေမဲ့၊ သက်သေအထောက်အထားတွေ ခိုင်မာနေမှုနဲ့ အမှုခံစားခဲ့ရသူတွေရဲ့ ဒုက္ခတွေကို ထောက်ထားပြီး၊ ဒီအမိန့်တွေထဲက တချို့ကို ရိုဟင်ဂျာပြည်သူတွေအတွက် ချမှတ်ပေးလိမ့်မယ်လို့ ကျွန်မတို့ မျှော်လင့်ပါတယ်။

ICJ အမိန့်ဟာ လက်တွေ့ အဓိပ္ပာယ် ရှိမှာလား

အစုလိုက်အပြုံလိုက် သေဆုံးမှု အဖြစ်ခဲ့ဆုံး ကျောက်တော် လေကြောင်းတိုက်ခိုက်မှု
ဓာတ်ပုံ ပုံစာ, အစုလိုက်အပြုံလိုက် သေဆုံးမှု အဖြစ်ခဲ့ဆုံး ကျောက်တော် လေကြောင်းတိုက်ခိုက်မှု

ဘီဘီစီ။ ။ ရိုဟင်ဂျာတွေရဲ့ မူလနေရာဖြစ်တဲ့ ရခိုင်ပြည်နယ်ရဲ့ တချို့နေရာတွေမှာ လက်နက်ကိုင်ပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားနေတယ်ဆိုတာ အန်တိုနီယာလည်း သိမှာပါ။ မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု အန္တရာယ်ကို နေ့စဉ်နီးပါး ဆက်ပြီး ရင်ဆိုင်နေရပါတယ်။ အကယ်၍၊ ICJ အနေနဲ့ .... နေပြည်တော်မှာ ရှိတဲ့ လက်ရှိအာဏာပိုင်တွေကို ရိုဟင်ဂျာတွေ အပေါ် ကာကွယ်ပေးရေး ကိစ္စတွေ လုပ်ဆောင်ပါလို့ အမိန့်ပေးခဲ့မယ်ဆိုရင် .... အခုလိုမျိုး ရခိုင်ပြည်နယ်ရဲ့ နေရာအတော်များများမှာ နေပြည်တော် အနေနဲ့ မြေပြင် ထိန်းချုပ်မှု မရှိတော့တဲ့ အခြေအနေမှာ၊ ဒီလိုအမိန့်မျိုးက လက်တွေ့မှာ ဘယ်လောက်အထိ အဓိပ္ပာယ်ရှိနိုင်မလဲ။

အန်တိုနီယာ မော်ဗီ။ ။ မေးခွန်းကောင်းပါတယ်။ ပထမဆုံး မြန်မာနိုင်ငံရဲ့ သမိုင်းကြောင်းကို ကြည့်မယ်ဆိုရင်၊ မြေပြင်ထိန်းချုပ်နိုင်မှု ဆိုတာမျိုးက၊ ဘယ်သူရဲ့ လက်ထဲမှာ ဆိုတဲ့ အချက်ဟာ ၊ အချိန်နဲ့အမျှ ပြောင်းလဲတတ်တာကို တွေ့ရပါတယ်။

ဒါကြောင့် အာရက္ခတပ်တော်က ရခိုင်ပြည်နယ်ရဲ့ နေရာအတော်များများကို ထိန်းချုပ်ထားနိုင်တယ်ဆိုတာ မှန်ပေမဲ့၊ အဲဒီထိန်းချုပ်မှုကလည်း အချိန်နဲ့အမျှ မပြောင်းလဲဘူးလို့ ဘယ်သူမှ မပြောနိုင်ပါဘူး။ အနာဂတ်မှာ ဘာဖြစ်မလဲဆိုတာ ကျွန်မတို့ မသိနိုင်ပါဘူး။

ဒါပေမဲ့ အရေးကြီးတာတစ်ခုက မြန်မာစစ်တပ်ဟာ နိုင်ငံတော်ကို ကိုယ်စားပြုပြီး တရားရုံးရှေ့မှာ ရပ်တည်ခဲ့တဲ့ အဖွဲ့ ဖြစ်ပါတယ်။ တရားရုံးမှာလည်း စိတ်ဝင်စားစရာကောင်းတာက တရားရုံးရဲ့ အာဏာနဲ့ တရားဝင်မှုကို၊ မြန်မာဘက်က အသိအမှတ် ပြုထားပါတယ်။

နိုင်ငံတိုင်းက တရားရုံးရှေ့ကို လာရောက်တာ မဟုတ်ပါဘူး။ ဥပမာ ဆီးရီးယား တုန်းက ဆိုရင် ICJ ရှေ့ကို မလာခဲ့ပါဘူး။ ဒါကြောင့်၊ မြန်မာနိုင်ငံက တရားရုံးရဲ့ အာဏာကို အသိအမှတ်ပြုထားတဲ့ အချက်ဟာ အလွန်အရေးကြီးပါတယ်။

ပြီးတော့ မြန်မာနိုင်ငံဟာ နိုင်ငံတော်အဖြစ် ဆက်ရှိနေပြီး နိုင်ငံရဲ့ နယ်နိမိတ်အတွင်းမှာ ဖြစ်ပျက်တာတွေအတွက် တာဝန်ရှိနေဆဲ ဖြစ်ပါတယ်။ အဓိက ပြောရရင်တော့ တရားရုံးက ချမှတ်တဲ့ အမိန့်တွေကို အကောင်အထည်ဖော်ဖို့ တာဝန်ရှိမှာက မြန်မာနိုင်ငံပဲ ဖြစ်ပါတယ်။ အဲဒါဟာ မြန်မာနိုင်ငံရဲ့ တရားစီရင်ပိုင်ခွင့်အတွင်းမှာ ရှိတဲ့ နယ်မြေတွေနဲ့ သက်ဆိုင်ပါတယ်။

ကျူးလွန်သူ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတွေ တာဝန်ခံမှု ရှိစေရေး လမ်းကြောင်းမျိုးတွေရော ပေါ်လာနိုင်လား

Skip YouTube post
Google YouTube ၏အကြောင်းအရာများကို ပြခွင့်ပြုမှာလား။

ယခုဆောင်းပါးတွင် Google YouTube မှ အကြာင်းအရာများပါဝင်ပါသည်။ ယင်းဆိုက်မှ ကွတ်ကီးနှင့်အခြားနည်းပညာများသုံးနိုင်သဖြင့် စာမျက်နှာကို မဖွင့်ခင် သင့်ခွင့်ပြုချက်ကိုတောင်းခံပါသည်။ သင်မဆုံးဖြတ်ခင် Google YouTube ကွတ်ကီးမူဝါဒ နှင့် ကိုယ်ရေးအချက်အလက်လုံခြုံမှု မူဝါဒ တို့ကို ဖတ်ရှုနိုင်ပါသည်။ သဘောတူလျင် 'လက်ခံပြီးဆက်သွားပါမည်' ဆိုသည်ကို ရွေးချယ်ပေးပါ။

သတိပေးချက်- ပြင်ပဝက်ဆိုက်များတွင်ပါဝင်သောအကြောင်းအရာများအတွက် ဘီဘီစီကတာဝန်မယူပါ။ YouTube တွင်ကြော်ငြာများပါဝင်နိုင်ပါသည်။

End of YouTube post

ဘီဘီစီ။ ။ အန်တိုနီယာ ပြောသလိုပဲ၊ ICJ အမှုက လူတစ်ဦးချင်းစီကို ရာဇဝတ်မှုကျူးလွန်သူအဖြစ် တရားစွဲတာ မဟုတ်ဘဲ၊ မြန်မာနိုင်ငံကို နိုင်ငံတော်အဖြစ် တရားစွဲဆိုထားတာပါ။တကယ်လို့၊ တရားရုံးက မြန်မာနိုင်ငံဟာ Genocide Convention ကို ချိုးဖောက်ခဲ့တယ်လို့ ဆုံးဖြတ်ခဲ့မယ်ဆိုရင်၊ အဲဒီဆုံးဖြတ်ချက်က ဒီရာဇဝတ်မှုတွေအတွက် တာဝန်ရှိသူ တစ်ဦးချင်းစီနဲ့ အဖွဲ့အစည်းတွေကို တာဝန်ခံစေဖို့ ကြိုးပမ်းမှုတွေအပေါ် ဘယ်လို အထောက်အကူ ဖြစ်စေနိုင်မလဲ။

အန်တိုနီယာ မော်ဗီ။ ။ ဟုတ်ကဲ့၊ ဒါလည်းပဲ တော်တော်လေးကောင်းတဲ့ မေးခွန်းပါ။ အခုနက ပြောသလို၊ ဒီအမှုက နိုင်ငံတော်ရဲ့ တာဝန်ရှိမှုကိုပဲ စစ်ဆေးတာပါ။ ဒါပေမဲ့ ဒီ ICJ အမှုမှာ.... မြန်မာဟာ လူမျိုးတုံးသတ်ဖြတ်မှု ဆိုင်ရာ နိုင်ငံတကာ ပဋိညာဥ်ကို ချိုးဖောက်ကြောင်း ဆုံးဖြတ်ခဲ့ပြီ ဆိုရင် .... အတော်လေး ကိုးကားစရာ ဥပမာကောင်း ဖြစ်သွားနိုင်ပါတယ်။

ရိုဟင်ဂျာ ဂျီနိုဆိုက်အမှု အတွက် လက်ရှိ ဆောင်ရွက်နေကြတဲ့ တခြားအမှုတွေနဲ့ ..... စုံစမ်း စစ်ဆေးမှုတွေအပေါ် ၊ အထောက်အကူ အများကြီး ဖြစ်စေမှာပါ။ ဥပမာ အာဂျင်တီးနားမှာ နိုင်ငံတကာ တရားစီရင်ပိုင်ခွင့် "universal jurisdiction" ဆိုတဲ့ အခြေခံမူကို အသုံးပြုပြီး ဆောင်ရွက်နေတဲ့ အမှုတစ်ခု ရှိပါတယ်။ အဲဒီအမှုမှာ မြန်မာက ထိပ်တန်း တာဝန်ရှိသူ လူပုဂ္ဂိုလ် ၂၅ ဦးကို၊ ဂျီနိုဆိုက် ရာဇဝတ်မှုနဲ့ အလိုရှိတယ်ဆိုပြီး ဖမ်းဝရမ်းတွေ ထုတ်ထားပါတယ်။

ICJ လိုမျိုး ကမ္ဘာ့အမြင့်ဆုံး တရားရုံးကနေ နိုင်ငံတော်ကိုယ်တိုင် ဂျီနိုဆိုက် အတွက် တာဝန်ရှိတယ်လို့ ဆုံးဖြတ်ထားတယ်ဆိုရင်၊ ဒါဟာ အဲဒီလို အမှုတွေအတွက် အများကြီး အထောက်အကူဖြစ်စေမှာပါ။

တခါ၊ နိုင်ငံတာ ရာဇဝတ်ခုံရုံး ICC နဲ့ ပတ်သက်လို့ကတော့ ... ဂျီနိုဆိုက် ဆိုတဲ့ ရာဇဝတ်မှုအပေါ်မှာတော့ ICC က တရားစီရင်ပိုင်ခွင့် မရှိပါဘူး။ ICC အဖွဲ့ဝင် ဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်က သူတို့နိုင်ငံထဲ လူတွေ အစုလိုက် အပြုံလိုက် ဝင်ရောက် စေခဲ့တယ် ဆိုတဲ့ တိုင်ချက် အပေါ်မှာ မူတည်ပြီးတော့သာ ICC က ရိုဟင်ဂျာ အရေးကို စုံစမ်းနေတာမျိုး ဖြစ်ပါတယ်။

ဒီတော့ သက်ရောက်မှုက နည်းနည်း ကွာခြားနိုင်ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံဟာ ဂျီနိုဆိုက် အတွက် တာဝန်ရှိတယ်လို့ ICJ တရားရုံးက ဆုံးဖြတ်ခဲ့မယ်ဆိုရင်၊ အဲဒီတွေ့ရှိချက်ဟာ အလွန်အရေးကြီးမှာ ဖြစ်ပြီး၊ နောက်ထပ် တင်သွင်းလာနိုင်တဲ့ အမှုတွေမှာလည်း သက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်။