မေ ၁၆ ရက် သတင်းအနှစ်ချုပ် - ဘန်ကောက်မှာ ရထားနဲ့ ဘတ်စ်ကားတိုက်

ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၇

ဘန်ကောက်မြို့က မက်ကဆန်မီးရထားလမ်းကူးနေရာမှာ ရထားနဲ့ ဘတ်စ်ကား ဒီနေ့မွန်းလွဲပိုင်းက တိုက်မိလို့ မီးလောင်ခဲ့ပြီး အခုသတင်းထုတ်ပြန်ချိန်ထိ ကယ်ဆယ်ရေးလုပ်နေရတုန်းဖြစ်ပါတယ်။ မီးသတ်ကားနဲ့ ကယ်ဆယ်ရေးကားတွေ မီးငြှိမ်းသတ်တာနဲ့ ရှာဖွေ ကယ်ဆယ်ရေးတွေလုပ်နေပါတယ်။

ရာမ ၉ လမ်းနဲ့ အဆုတ်၊ ဖက်ချာဘူရီလမ်းဆုံးကြားက အဆုတ်-ဒင်းဒန်းလမ်းမကြီး ပေါ်မှာရှိတဲ့ မီးရထားလမ်းကူးမှာ တိုက်မိတာပါ။

ထိုင်းအာဏာပိုင်တွေဘက်ကတော့ ထိခိုက်သေဆုံးအရေအတွက်ကို တရားဝင်ထုတ်ပြန်တာမရှိသေးပါဘူး။

ထိုင်းသတင်းဌာနတွေရဲ့ တိုက်ရိုက်ထုတ်လွှင့်ချက်အရတော့ ရထားရဲ့ ကုန်တင်တွဲနဲ့ တိုက်မိပြီး မီးလောင်နေတဲ့ ဘတ်စ်ကားကိုတော့ မီးငြိမ်းသတ်ပြီးဖြစ်ပါတယ်။ ဒီဘတ်စ်ကားအနီးမှာလည်း နောက်ထပ်အိမ်စီးကားတစ်စီး မီးလောင်ပျက်စီးနေတာ တွေ့ရပါတယ်။

မလေးရှားရေပိုင်နက်ထဲမှာ မြန်မာသင်္ဘောသားတဦးပျောက်ဆုံးလို့ မိသားစုရှာဖွေနေ

ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်းကထွက်ခွာတဲ့ MCC Yangon ကုန်တင်သင်္ဘောပေါ်မှာ ကျွမ်းကျင်လုပ်သားအဖြစ်လိုက်ပါသွားတဲ့ အသက် ၂၅ နှစ်အရွယ် ကိုနေသူအောင်ပျောက်ဆုံးနေတာကြောင့် မိသားစုကလိုက်လံရှာဖွေနေတယ်လို့ အစ်ကိုဖြစ်သူဆီကသိရပါတယ်။

ကုန်တင်သင်္ဘောတွေသွားရာလမ်းကြောင်းကို စောင့်ကြည့်လို့ရတဲ့ ဝက်ဆိုဒ်စာမျက်နှာတွေမှာ ဖော်ပြချက်အရ ပနားမားအလံလွှင့်တင်ထားတဲ့ MCC Yangon သင်္ဘောဟာ တရုတ်နိုင်ငံ၊ နန်ရှာ (Nansha) ဆိပ်ကမ်းကနေ ဒီနေ့မနက်ပိုင်းထွက်ခွာလာပြီး တောင်တရုတ်ပင်လယ်ထဲကိုရောက်ရှိနေပါတယ်။

မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်ဇာတိဖြစ်တဲ့ ကိုနေသူအောင်ကတော့ သင်္ဘောက မလေးရှားပင်လယ်ပိုင်နက်ထဲရောက်ချိန်မှာ စတင်ပျောက်ဆုံးခဲ့တာလို့ သိရပါတယ်။

"သီလဝါကနေ ၂၀၂၅ ခုနှစ် ၇ လပိုင်း ၁၇ ရက်နေ့ကထွက်တဲ့ သင်္ဘောပေါ်မှာ Able Seaman အေဘီ ကျွမ်းကျင်လုပ်သားအနေနဲ့လိုက်သွားတာပါ။ မေ ၅ ရက်နေ့ ည ၁၁ နာရီမှာ အင်တာနက်ပေါ် နောက်ဆုံးတွေ့လိုက်ပါတယ်။ အဲဒီနောက်အဆက်အသွယ်ပြတ်သွားတာပါ။ ပျောက်နေတယ်လို့ တဆင့်စကားကြားရာကနေ စုံစမ်းကြည့်တာမှာ သင်္ဘောပေါ်မှာ ၆ ရက်နေ့ မနက်ကတည်းက မတွေ့တော့ဘူး" လို့ အစ်ကိုဖြစ်သူ ကိုစည်သူက ဘီဘီစီကို ပြောပါတယ်။

ကိုနေသူအောင်ဟာ ရန်ကုန်မြို့၊ ရွှေဂုံတိုင်၊ ယုဇနတာဝါမှာရုံးခန်းဖွင့်လှစ်ထားတဲ့ သင်္ဘောသားစေလွှတ်ရေး ကုမ္ပဏီ Golden Eagle Co., Ltd ကနေ သင်္ဘောလိုက်ပါသွားတယ်လို့ သိရတာကြောင့် ဘီဘီစီကမေးမြန်းနိုင်ဖို့အတွက် ကုမ္ပဏီကကြေညာထားတဲ့ ဖုန်းနံပါတ်တွေကို ခေါ်ယူခဲ့ပေမဲ့ ဖုန်းဆက်သွယ်လို့မရခဲပါဘူး။

"မိသားစုတွေက သောကြာနေ့တုန်းက ရုံးချုပ်ကိုလိုက်သွားပါတယ်။ အဓိကလူနဲ့တွေ့ခွင့်မရခဲ့ပါဘူး။ ကျွန်တော်ကလည်း ပြည်ပမှာဖြစ်နေတော့ ညီဖြစ်သူအခြေအနေကို သေသေချာချာ စုံစမ်းမရဖြစ်နေပါတယ်။ ကျွန်တော့် ညီ ဘာလို့ ပျောက်နေတာလဲ၊ သင်္ဘောသားတွေရဲ့ လုံခြုံရေးကို သေချာဖြစ်စေချင်တယ်" လို့ အစ်ကိုဖြစ်သူ ကိုစည်သူက ဆက်ပြောပါတယ်။

ကုန်တင်သင်္ဘောတွေသွားရာလမ်းကြောင်းကို စောင့်ကြည့်လို့ရတဲ့ ဝက်ဆိုဒ်စာမျက်နှာတွေအရ ၇ နှစ်သက်တမ်းရှိတဲ့ MCC Yangon သင်္ဘောဟာ မေ ၆ ရက်မှာ ဆိပ်ကမ်းကပ်တယ်လို့ ဖော်ပြပေမဲ့ ဘယ်ဆိပ်ကမ်းကို ကပ်လဲဆိုတာ တိတိကျကျမဖော်ပြထားပါဘူး။

နိုင်ငံတောင်ပိုင်းမှာ မိုးကြီးရေလျှံနဲ့ အလယ်ပိုင်း ဒေသမှာ မိုးသက်လေပြင်းသတိပေး

မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေဖြစ်တဲ့ မွန်၊ ကရင်နဲ့ တနင်္သာရီတို့မှာ မိုးရာသီကို ဖြစ်ပေါ်စေတဲ့ အနောက်တောင်မုတ်သုံလေ ဒီနေ့စဝင်ပြီလို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက မေ ၁၆ ရက်၊ မွန်းလွဲပိုင်းမှာ ကြေညာပါတယ်။

မေ ၁၆ ကနေ ၁၉ ရက်အထိ လေးရက်တာအတွင်း ဒီဒေသတွေမှာ ရက်ဆက် မိုးသည်းနိုင်တာကြောင့် ရေကြီး ရေလျှံတာနဲ့ မြေပြိုတဲ့အန္တရာယ်ကို သတိထားဖို့ မိုးလေဝသလေ့လာသူ ဦးဝင်းနိုင်ကလည်း ဆိုပါတယ်။

သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာက နေ့စဥ်မိုးလေဝသခန့်မှန်းချက်မှာ သတိပေးထားတာပါ။ မိုးကြီးတာကြောင့် လျှပ်တပြက်ရေကြီးတာ၊ လမ်းပန်းဆက်သွယ်ရေးပြတ်တောက်တာနဲ့ တောင်ကျ ချောင်းရေလျှံတာတွေ ဖြစ်တတ်တယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံအလယ်ပိုင်းနဲ့ မြေပြန့်ဒေသတွေမှာတော့ လေပြင်းအန္တရာယ်ကို သတိပေးထားပါတယ်။ အထူးသဖြင့် မန္တလေး၊ မကွေးနဲ့ စစ်ကိုင်းတိုင်းအောက်ပိုင်းတွေမှာ မိုးတိမ်တောင် တွေ လျင်လျင်မြန်မြန်ဖြစ်ပေါ်နိုင်တယ်လို့ ဦးဝင်းနိုင်ကဆိုပါတယ်။

ခြောက်သွေ့တဲ့အလယ်ပိုင်းဇုန်ဒေသတွေဖြစ်တဲ့ မန္တလေး၊ မကွေး၊ နေပြည်တော်နဲ့ စစ်ကိုင်းတိုင်းအောက်ပိုင်းတို့မှာ မိုးရွာရင် သာမန်မိုးရွာတာမျိုးမဟုတ်ဘဲ ရုတ်တရက်လေပြင်းပြင်းထန်ထန်တိုက်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ဒါအပြင် မိုးကြိုးအကြိမ်ကြိမ်ပစ်တာ၊လျှပ်စီးလက်တာနဲ့ နေရာကွက်ပြီး မိုးသီးကြွေတာတွေကြောင့် အဆောက်အဦပျက်စီးတာနဲ့ မိုးကြိုးဘေးသတိထားဖို့ ဦးဝင်းနိုင်က သတိပေးပါတယ်။

စိုက်ပျိုးထုတ်ကုန်အတွက် အမေရိကန်ကို အတုယူဖို့ ဦးမင်းအောင်လှိုင်ပြော

အရေးကြီးသီးနှံ ၁၀ မျိုးပန်းတိုင်မပြည့်လို့ နှစ်စဥ် ဒေါ်လာ ၈ ဘီလျံနစ်နာ

စပါး၊ ပြောင်း၊ မြေပဲနဲ့ နှမ်းအပါအဝင် အရေးကြီးသီးနှံ ၁၀ မျိုးရဲ့ ပန်းတိုင်ရည်မှန်းချက်မပြည့်လို့ နှစ်စဥ် အမေရိကန်ဒေါ်လာ ၈ ဘီလျံနစ်နာနေတယ်လို့ သမ္မတဦးမင်းအောင်လှိုင်က ပြောပါတယ်။

မေ ၁၅ ရက်က မန္တလေးတိုင်းအတွင်းမှာရှိတဲ့ အသေးစား၊ အငယ်စားနဲ့ အလတ်စား(MSME) လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံရာမှပြောခဲ့တာပါ။

မန္တလေးတိုင်းမှာဆိုရင်လည်း သီးနှံ ၁၀ မျိုးရဲ့ ပန်းတိုင်ရည်မှန်းချက်မပြည့်လို့ မြန်မာကျပ်ငွေ ဘီလျံ ၃၇၀၀ ကျော်ဖိုး နစ်နာနေရတယ်လို့ ဦးမင်းအောင်လှိုင် ကပြောပါတယ်။

"လက်ရှိစိုက်ပျိုးနေတဲ့ စိုက်ဧကအတိုင်း သီးထပ်စွမ်းအားပြည့်မီအောင်စိုက်နိုင်ရင် နှစ်စဥ် အမေရိကန်ဒေါ်လာ ၂၀ ဘီလျံဝန်းကျင် ပိုအကျိုးအမြတ်ရနိုင်မယ်" လို့ သူကပြောပါတယ်။

အမေရိကန်လို ဖွံ့ဖြိုးပြီးနိုင်ငံတောင် စိုက်ပျိုးရေးထုတ်ကုန်တွေ ထုတ်လုပ်ပြီး ပြည်ပတင်ပို့နေတယ်လို့ ဦးမင်းအောင်လှိုင်က ဥပမာပေးပါတယ်။

မြန်မာမှာလည်း စိုက်ပျိုးမွေးမြူရေးကိုအခြေခံတဲ့ ကုန်ထုတ်လုပ်ငန်းတွေကို မြှင့်တင်ပြီး နိုင်ငံအတွက် အကျိုးစီးပွားဖြစ်အောင်လုပ်ရမယ်လို့ သူကဆိုပါတယ်။

သီးနှံ ၁၀ မျိုးအတွက် ပန်းတိုင်ရည်မှန်းချက်တွေက နွေစပါး၊ မိုးစပါးဆိုရင် တစ်ဧကကို တင်း ၁၀၀၊ အစေ့ထုတ်ပြောင်းဆိုရင် တစ်ဧကကို ၈၅ တင်း၊ ကြက်သွန်နီဆိုရင် တစ်ဧကကို ပိဿ ၅၀၀၀ စသဖြင့် သတ်မှတ်ထားတာပါ။

တဖက်မှာလည်း အရှေ့အလယ်ပိုင်း ပဋိပက္ခကြောင့် ဖြစ်ပေါ်လာတဲ့ စက်သုံးဆီ ဈေးကြီးမြင့်တာနဲ့ အလွယ်တကူဝယ်ယူခွင့်မရနိုင်တဲ့ ဂယက်ကြောင့် စိုက်ပျိုးတောင်သူတွေမှာ အခက်အခဲတွေ ရင်ဆိုင်နေရတာပါ။

ဆီအကျပ်ရိုက်ချိန်မှာ နွေစပါးရိတ်သိမ်းတာနဲ့ ရေသွင်းတာတွေအတွက် လယ်သမားတွေကို ဆီခွဲတမ်း အတိအကျ မချထားပေးပါဘူး။ မြန်မာနိုင်ငံအလယ်ပိုင်းနဲ့ ဧရာဝတီတိုင်းက လယ်သမားတချို့က ဒီနှစ်မှာ နွေစပါးအတွက် စိုက်ပျိုးစရိတ်ပိုကြီးမြင့်ပြီး ဈေးကောင်းမရရင် အရှုံးနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ ဘီဘီစီကို ပြောထားကြတာဖြစ်ပါတယ်။

စိုက်ပျိုးရေးသမားတွေအတွက် အရေးကြီးတဲ့ ဓာတ်မြေသြဇာဘက်မှာလည်း ဈေးနှုန်းကြီးမြင့်လာတာကြောင့် တောင်သူတွေလျှော့သုံးနေကြရတယ်လို့ WFP က ဧပြီလထဲမှာ သတိပေးထားပါတယ်။ စပါးစိုက်ပျိုးရေးမှာ ဒီလိုလျှော့ချသုံးတာ ၅၀ ရာခိုင်နှုန်းလျော့ရင် အထွက်နှုန်း ၁၀ ရာခိုင်နှုန်းကနေ ၁၅ ရာခိုင်နှုန်းအထိ လျော့သွားမယ်လို့လည်း ခန့်မှန်းပါတယ်။

ဒါရဲ့အကျိုးဆက်ကတော့ ဆန်ဈေးထပ်ဆင့်တက်လာတာ စားနပ်ရိက္ခာ ဖူလုံရေးအတွက် စိုးရိမ်စရာဖြစ်လာနိုင်တယ်လို့ WFP ကဆိုပါတယ်။

မြန်မာမှာ စိုက်ပျိုးရေးအတွက် နှစ်စဥ်ဓာတ်မြေသြဇာ တန်ချိန် ၄ ဒသမ ၂ သန်းလောက် လိုအပ်တယ်လို့ နိုင်ငံပိုင်းသတင်းစာမှာ ဧပြီ ၄ ရက်ကဖော်ပြပါတယ်။ ဒီလိုအပ်ချက်ရဲ့ ၁ ရာခိုင်နှုန်းကိုပဲ ပြည်တွင်းမှာထုတ်လုပ်နိုင်တယ်လို့လည်း ဆိုထားပါတယ်။

ဘဲကျောင်းရင်း သိန်း ၁၂၀ ကောက်ရသူတွေ ပိုင်ရှင်ကိုပြန်ပေး

လမ်းမပေါ်မှာ ဘဲကျောင်းရင်းကောက်ရတဲ့ ငွေကျပ် သိန်း ၁၂၀ ကို ဘဲမွေးမြူရေးခြံပိုင်ရှင်နဲ့ဝန်ထမ်းတွေက ပိုင်ရှင်ကိုပြန်ပေးခဲ့တဲ့ဖြစ်စဥ် ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်မှာ ဖြစ်ပွားခဲ့ပါတယ်။

"လမ်းမပေါ်မှာ ပလက်စတစ်အိတ်အထုပ်လိုက်ကျနေတော့ အမှိုက်အိတ်ထင်ပြီး ဆိုင်ကယ်တွေဝင်တိုက်ရင် မှောက်မှာစိုးလို့ ကျွန်တော်ဝန်ထမ်းကောင်လေးကို တုတ်နဲ့လှမ်းတွန်းခိုင်းလိုက်တော့ ပိုက်ဆံတွေထွက်လာတာ"လို့ ကိုကျော်ကြီးဘဲမွေးမြူရေးက ကိုကျော်ဇောက ပြောပါတယ်။

မေလ ဒုတိယပတ်ထဲမှာဖြစ်ခဲ့တဲ့ ဖြစ်စဥ်မှာ မွန်းလွဲ ၂ နာရီအချိန်ကနေ ပိုင်ရှင်လာတဲ့အထိ ထိုင်စောင့်ရင်း ညနေ ၅ နာရီ ဝန်းကျင်မှာ အမျိုးသား ၂ ဦးလာရှာကြချိန် ပိုင်ရှင် ဟုတ် မဟုတ် စိစစ်ပြီး ပြန်ပေးခဲ့တယ်လို့ သူကပြောပါတယ်။

"စပါးရောင်းပြီးပြန်လာကြတဲ့ လယ်သမားတွေဆိုတော့ တစ်နှစ်လုံးမှ ဒီတချိန်ပဲ ပိုက်ဆံရတာ။ သေချာမေးမြန်းပြီး သူတို့လည်းဖြေနိုင်တာနဲ့ ပြန်ပေးလိုက်ပါတယ်။ သူတို့လည်း အခုရတဲ့ပိုက်ဆံနဲ့ ပြန်စိုက်ရမှာ၊ အကြွေးပေးရမှာတွေရှိတော့ အခု ၅ သိန်းပေးသွားပြီး နောက် ၅ သိန်းလည်း မကြာခင်ပေးမယ်လို့ ပြောသွားတယ်" လို့ ကိုကျော်ဇောက ပြောပါတယ်။

ငွေထုပ်ပိုင်ရှင်ပေးသွားတဲ့ မုန့်ဖိုး ၅ သိန်းကို ဘဲကျောင်းတဲ့ ဝန်ထမ်း ၂ဦးကိုပဲ ဝေမျှပေးလိုက်တယ်လို့ သူက ဆိုပါတယ်။

ငွေထုပ်ပိုင်ရှင်ကို ပြန်ပေးချိန်မှာ ကိုကျော်ဇောက မှတ်တမ်းအနေနဲ့ ရိုက်ကူးထားတဲ့ ရုပ်သံထဲမှာ ပိုင်ရှင်လယ်သမားတစ်ဦးက ဘဲခြံဝန်ထမ်းကောင်လေးကို ဖက်ငိုနေတုန်းပဲ ဖြစ်ပါတယ်။

ချင်း၊ ဖလမ်းကို သိမ်းထားတဲ့ စစ်ကြောင်းတွေ ဘယ်ကိုဆက်ဦးတည်နေလဲ

ချင်းပြည်နယ်၊ မြောက်ပိုင်းက အချက်အချာကျတဲ့ ဖလမ်းမြို့ကို ပြန်လည်ထိန်းချုပ်ပြီးတဲ့နောက် စစ်တပ်ဟာ တွန်းဇံမြို့နယ်ကို ဦးတည်စစ်ကြောင်းထိုးလာတယ်လို့ ချင်းအမျိုးသားတပ်ဦး CNF/CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ဘီဘီစီ ကိုပြောပါတယ်။

"တီးတိန်နဲ့ တွန်းဇံမြို့နယ်အစပ်ရွာတွေမှာ တိုက်ပွဲရှိပါတယ်"လို့ ဆလိုင်းထက်နီက ဆိုပါတယ်။ ချင်းပြည်နယ်က မြို့နယ် ၉ မြို့နယ်မှာ မြို့တော်ဟားခါး၊ ထန်တလန်နဲ့ တီးတိန် မြို့ပေါ်တွေကိုသာ စစ်တပ်က ထိန်းထားနိုင်ရာကနေ ပြီးခဲ့တဲ့လက ဖလမ်းကို ပြန်လည်ထိန်းချုပ်ခဲ့တာပါ။

ဖလမ်းရဲ့ မြောက်ဘက်က တွန်းဇံအပြင် တောင်ဘက်က ဟားခါးဘက်ကိုပါ စစ်ကြောင်းဆင်းသွားတဲ့အကြောင်း မြေပြင်အခြေအနေသိရှိသူတစ်ဦးက ပြောပါတယ်။

စစ်တပ်ဟာ ချင်းကာကွယ်ရေးတပ်တွေထိန်းချုပ်ရာ ထန်တလန်မြို့နယ်ရဲ့ မြို့ပေါ်မဟုတ်တဲ့နယ်မြေတွေ၊ ဖလမ်းမြို့ နယ်ထဲက အိန္ဒိယ-မြန်မာ အကြီးဆုံး ကုန်သွယ်ရေးလမ်းကြောင်းရှိရာ ရိဒ်ခေါဒါရ်မြို့တွေမှာ စစ်တပ်က ဆက်လက်ဖိ အားပေးလာနိုင်တာပါ။

ချင်းကာကွယ်ရေးတပ်တွေနဲ့ အာရက္ခတပ်တော်တို့သိမ်းထားတဲ့ ချင်းတောင်ပိုင်း မြို့နယ်တွေဘက်ကိုတော့ စစ်တပ်က အင်အား ၇၅၀ ဝန်းကျင်ဖြည့်တင်းထားတယ်လို့ မြေပြင်အခြေအနေသိရှိသူက ပြောပါတယ်။

ဒီအင်အားတွေမှာ ဆောမြို့ပေါ်က စစ်တပ်နဲ့ အင်အား ၃၅၀ ဝန်းကျင် ပူးပေါင်းထားပြီး ပုံတောင်တောင်ခြေက တပြင်းရွာမှာ အင်အား ၄၀၀ ဝန်းကျင် အခြေချထားတာပါ။

"စစ်ကြောင်းက ကျောက်ထုနယ်၊ ဆောနယ်ကိုပဲ ရောက်သေးတယ်။ ချင်းတောင်ပိုင်း ကိုဝင်ဖို့ ချင်းပြည်နယ်ခြားတောင်မရောက်သေးဘူး" လို့ မြေပြင် အခြေအနေသိရှိသူကပြောပါတယ်။

ချင်းတောင်ပိုင်းက ချင်းညီနောင်တပ်ဖွဲ့တွေကတော့ စစ်ကောင်စီရဲ့ နယ်မြေ စိုးမိုးရေး ထိုးစစ်အတွက်သေချာပြင်ဆင်ထားတယ်လို့ မြေပြင်အခြေအနေသိရှိသူ နောက်ထပ်တစ်ဦးကလည်းပြောပါတယ်။

မင်းတပ်လူငယ်တစ်ဦးကလည်း စစ်တပ်ထိုးစစ်ကို ခုခံဖို့ လိုအပ်ရင် တပ်ဖွဲ့တွေထဲ ဝင်ရောက်တိုက်ခိုက်ဖို့ အသင့်ပြင်ထားတယ်လို့ ဘီဘီစီကို ပြောပါတယ်။

ချင်းတောင်ပိုင်းက မြို့နယ်တွေ အထူးသဖြင့် မင်းတပ်မြို့နယ်ကို စစ်တပ်က ဒီလထဲမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ ခပ်စိပ်စိပ်ပြုလုပ်လာတာ ဖြစ်ပါတယ်။

တောင်ကြာပန်းအပါအဝင် စံမညီ အမျိုးသားအားတိုးဆေးတွေ သောက်ရင် ဘာဖြစ်နိုင်လဲ

အမျိုးသားအားတိုးဆေးတွေဖြစ်တဲ့ တောင်ကြာပန်းအပါအဝင် တိုင်းရင်းဆေး ၆ မျိုးကို စံမညီတိုင်းရင်းဆေးအဖြစ် ကျန်းမာရေးဝန်ကြီးဌာနက ကြေညာပြီး မသုံးစွဲ ဖို့ ဒီနေ့ သတိပေးထုတ်ပြန်ပါတယ်။

တောင်ကြာပန်း၊ ဆင်ပြောင်ကြီး၊ နတ်စည်းစိမ်၊ ဇော်ဂျီလက်စွဲ၊ ဘီလူးငါးကောင်နဲ့ Double X ဆေးတွေကို ဓာတ်ခွဲစမ်းသပ်ချိန်မှာ ဆေးထုပ်မှာဖော်ပြထားတဲ့ ဖော်စပ်နည်း အတိုင်းမဟုတ်ဘဲ အနောက်တိုင်းဆေးဝါးတွေ ရောနှောထားတယ် လို့ဆိုပါတယ်။

"ခေါင်းအုံ၊ ခေါင်းကိုက်ပြီး သွေးတက်တာ၊ နှလုံးခုန်မြန်တာတွေ ဖြစ်မယ်။ အမြဲသောက်သုံးရင် ကျောက်ကပ်၊ အစာအိမ် အစရှိသဖြင့် ခန္ဓာကိုယ်ကို ထိခိုက်စေမယ်" လို့ တိုင်းရင်းဆေးဆရာတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

ဒီတိုင်းရင်းဆေးတွေထဲမှာ Sildenafil နဲ့ Tadalafil အနောက်တိုင်းဆေးတွေရောနှောထားတာ တွေ့ရတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနကဆိုပါတယ်။

ယူကေအမျိုးသားကျန်းမာရေးဝန်ဆောင်မှု NHS ကတော့ ဒီဆေးတွေကို ဆရာဝန်၊ ဆေးဝါးကျွမ်းကျင်သူရဲ့ ညွှန်ကြားချက်ပမာဏအတိုင်းသောက်ဖို့လိုပြီး အလွန်အကျွံသောက်ရင်တော့ ခေါင်းကိုက်၊ မူးဝေ၊ အစာမကြေ၊ နှာခေါင်းပိတ်တာနဲ့ အမြင်အာရုံပြောင်းလဲတာတွေ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။​

တိုင်းရင်းဆေးဖော်စပ်ရာမှာ ပါဝင်ပစ္စည်းအမယ်တွေကို အချိုးအစားအလိုက်ထည့်သွင်းဖို့လိုပြီး ဒီလို အနောက်တိုင်းဆေးဝါးရောစပ်ထားတဲ့ဆေးတွေမှာ ပမာဏအတိအကျမရှိဘဲ လိုသလို ရောစပ်ထားနိုင်တာကြောင့် သောက်သုံးသူအတွက် အန္တရာယ်ဖြစ်စေနိုင်တာဖြစ်တယ်လို့ တိုင်းရင်းဆေးဆရာက ပြောပါတယ်။​

ကျန်းမာရေးဝန်ကြီးဌာနက ကြေညာတဲ့ တိုင်းရင်းဆေး ၆ မျိုးထဲမှာ Double X က တိုင်းရင်း ဆေးဝါးမှတ်ပုံတင်နဲ့ တိုင်းရင်ဆေးဝါးထုတ်လုပ်ခွင့်လိုင်စင်လည်းမရှိပါဘူး။ ကျန်ဆေး ၅ မျိုးက မှတ်ပုံတင်ထားပြီး လိုင်စင်ရှိပေမဲ့ စံမညီကြတာပါ။

ဒီလို စံမညီဆေးဝါးတွေကို ထုတ်လုပ်ဖြန့်ဖြူးတဲ့ လုပ်ငန်းတွေနဲ့ ရောင်းချတဲ့ဆေးဆိုင်တွေကို တိုင်းရင်းဆေးဝါးဥပဒေပုဒ်မ (၃၁)၊ (၃၂)အရ တရားစွဲအရေးယူမယ်လို့ ကြေညာချက်မှာဖော်ပြပါတယ်။

"ဒီနာမည် ဒီတံဆိပ်ကြေညာရင် နောက်နာမည်တစ်ခု တံဆိပ်တစ်မျိုးနဲ့ ထုတ်လာကြတယ်" လို့ တိုင်းရင်းဆေးလောကက စံမညီဆေးဝါးတွေ နှိမ်နင်းပုံအားနည်းချက်ကို တိုင်းရင်းဆေးဆရာတစ်ဦးက ထောက်ပြပါတယ်။

တိုင်းရင်းဆေးဝါးဥပဒေပုဒ်မ(၃၁)အရ ကျန်းမာရေးဝန်ကြီးဌာနက အခုလိုကြေညာတဲ့စံမညီဆေးဝါးတွေကို ထုတ်လုပ်ဖြန့်ဖြူးသူနဲ့ ရောင်းချသူတွေကို ထောင်ဒဏ် ၃ နှစ်နဲ့ ငွေဒဏ်ချမှတ်နိုင်ပါတယ်။

ဒီဥပဒေရဲ့ပုဒ်မ(၃၂) ကတော့ Double X လို ထုတ်လုပ်ခွင့်လိုင်စင်မရှိဘဲ ဆေးဝါးထုတ်လုပ်သူတွေကို ထောင်ဒဏ်နဲ့ငွေဒဏ်ချမှတ်နိုင်တဲ့ ပုဒ်မဖြစ်ပါတယ်။

လက်တွေ့မှာတော့ မြေပြင်ကွင်းဆင်းစစ်ဆေးတာအားနည်းသလို အရေးယူမှု အပိုင်းလည်း အားနည်းနေဆဲဖြစ်တယ်လို့ တိုင်းရင်းဆေးပညာရှင်အသိုင်းအဝိုင်းက ထောက်ပြပြောဆိုနေကြပါတယ်။

CDF ဟားခါးအရာရှိချင်း စကားများရာက ဒုဥက္ကဋ္ဌဟောင်း သေနတ်မှန်သေဆုံး

ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF ဟားခါးရဲ့ အထွေထွေအတွင်းရေးမှူး ဆလိုင်းဆကျုံးလျန်နဲ့ ဒုဥက္ကဋ္ဌဟောင်း ဆလိုင်းဆန်လင်းတို့ စကားများရာကနေ ဒုဥက္ကဋ္ဌဟောင်းသေနတ်ထိမှန် သေဆုံးတယ်လို့ ချင်းအမျိုးသားတပ်ဦး CNF/CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ဘီဘီစီကိုပြောပါတယ်။

ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF ဟားခါးရဲ့ဒုဥက္ကဋ္ဌဟောင်းဟာ မေ ၁၅ ရက်မှာ သေဆုံးတာ ဖြစ်ပါတယ်။​

"သူပစ်ကိုယ်ပစ်မဟုတ်ဘဲ အချင်းများရာကနေ ဖြစ်သွားတယ်လို့ သိရတယ်။ အရေးယူတာက သက်ဆိုင်ရာ အဖွဲ့အစည်းကနေ ဆက်လုပ်မှာပါ" လို့ CNF/CNA ပြောရေး ဆိုခွင့်ရှိသူက ပြောပါတယ်။

စစ်တပ်က ချင်းပြည်နယ်ကို စစ်ရေးဖိအားပေးလာချိန်မှာ အခုလို ပစ်ခတ်မှုကြောင့် သေဆုံးရတဲ့ ဆလိုင်းဆန်လင်းအတွက် စိတ်မကောင်းဖြစ်ရသလို မဖြစ်သင့်တဲ့ကိစ္စလို့ ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့က လူမှုကွန်ရက်မှာ ရေးသားထားကြတာပါ။

ဆလိုင်းဆန်လင်းနဲ့ ကျောင်းနေဖက်ဖြစ်တဲ့ ချင်းအမျိုးသားအဖွဲ့ချုပ် CNO/CNDF ရဲ့အတွင်းရေးမှူး ဆလိုင်းဝီလျံချင်းကတော့ ဆလိုင်းဆန်လင်းဟာ အာဏာရှင်ကို ပြတ်ပြတ်သားသား တော်လှန်ခဲ့တဲ့သူဖြစ်တယ်လို့ ဆိုပါတယ်။

ဒုဥက္ကဋ္ဌရာထူးကနေအနားယူထားပေမဲ့ လိုအပ်ချက်ကြောင့် မြေပြင်ကိုပြန်သွားနေတာဖြစ်တယ်လို့ ဘီဘီစီကို ပြောပါတယ်။

ချင်းကာကွယ်ရေးတပ် CDF ဟားခါးကို ဆလိုင်းဆန်လင်းသေဆုံးရတဲ့ ပစ်ခတ်မှုနဲ့ ပတ်သက်လို့ ဘီဘီစီက ဆက်သွယ်မေးမြန်းထားပေမဲ့ ပြန်လည်ဖြေကြားတာမရှိသေးပါဘူး။