မေ ၁၆ ရက် သတင်းအနှစ်ချုပ် - စိုက်ပျိုးထုတ်ကုန်အတွက် အမေရိကန်ကို အတုယူဖို့ ဦးမင်းအောင်လှိုင်ပြော

ပေါင်မုန့် ကိတ်မုန့်တွေ ဖြန့်ခင်းထားတဲ့ စားပွဲကို လက်အနောက်ပစ်ပြီး ငုံ့ကြည့်နေတဲ့ ဦးမင်းအောင်လှိုင်နဲ့ ဘေးနဲ့အနောက်မှာ သူ့ကိုရပ်ကြည့်နေတဲ့ သူတွေ

ဓာတ်ပုံ ရင်းမြစ်, MOI

ဓာတ်ပုံ ပုံစာ, မေ ၁၅ ရက်က မန္တလေးတိုင်းအတွင်းမှာရှိတဲ့ အသေးစား၊ အငယ်စားနဲ့ အလတ်စား(MSME) လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံခဲ့တဲ့ ဦးမင်းအောင်လှိုင်
ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၂

အရေးကြီးသီးနှံ ၁၀ မျိုးပန်းတိုင်မပြည့်လို့ နှစ်စဥ် ဒေါ်လာ ၈ ဘီလျံနစ်နာ

စပါး၊ ပြောင်း၊ မြေပဲနဲ့ နှမ်းအပါအဝင် အရေးကြီးသီးနှံ ၁၀ မျိုးရဲ့ ပန်းတိုင်ရည်မှန်းချက်မပြည့်လို့ နှစ်စဥ် အမေရိကန်ဒေါ်လာ ၈ ဘီလျံနစ်နာနေတယ်လို့ သမ္မတဦးမင်းအောင်လှိုင်က ပြောပါတယ်။

မေ ၁၅ ရက်က မန္တလေးတိုင်းအတွင်းမှာရှိတဲ့ အသေးစား၊ အငယ်စားနဲ့ အလတ်စား(MSME) လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံရာမှပြောခဲ့တာပါ။

မန္တလေးတိုင်းမှာဆိုရင်လည်း သီးနှံ ၁၀ မျိုးရဲ့ ပန်းတိုင်ရည်မှန်းချက်မပြည့်လို့ မြန်မာကျပ်ငွေ ဘီလျံ ၃၇၀၀ ကျော်ဖိုး နစ်နာနေရတယ်လို့ ဦးမင်းအောင်လှိုင် ကပြောပါတယ်။

"လက်ရှိစိုက်ပျိုးနေတဲ့ စိုက်ဧကအတိုင်း သီးထပ်စွမ်းအားပြည့်မီအောင်စိုက်နိုင်ရင် နှစ်စဥ် အမေရိကန်ဒေါ်လာ ၂၀ ဘီလျံဝန်းကျင် ပိုအကျိုးအမြတ်ရနိုင်မယ်" လို့ သူကပြောပါတယ်။

အမေရိကန်လို ဖွံ့ဖြိုးပြီးနိုင်ငံတောင် စိုက်ပျိုးရေးထုတ်ကုန်တွေ ထုတ်လုပ်ပြီး ပြည်ပတင်ပို့နေတယ်လို့ ဦးမင်းအောင်လှိုင်က ဥပမာပေးပါတယ်။

မြန်မာမှာလည်း စိုက်ပျိုးမွေးမြူရေးကိုအခြေခံတဲ့ ကုန်ထုတ်လုပ်ငန်းတွေကို မြှင့်တင်ပြီး နိုင်ငံအတွက် အကျိုးစီးပွားဖြစ်အောင်လုပ်ရမယ်လို့ သူကဆိုပါတယ်။

သီးနှံ ၁၀ မျိုးအတွက် ပန်းတိုင်ရည်မှန်းချက်တွေက နွေစပါး၊ မိုးစပါးဆိုရင် တစ်ဧကကို တင်း ၁၀၀၊ အစေ့ထုတ်ပြောင်းဆိုရင် တစ်ဧကကို ၈၅ တင်း၊ ကြက်သွန်နီဆိုရင် တစ်ဧကကို ပိဿ ၅၀၀၀ စသဖြင့် သတ်မှတ်ထားတာပါ။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

တဖက်မှာလည်း အရှေ့အလယ်ပိုင်း ပဋိပက္ခကြောင့် ဖြစ်ပေါ်လာတဲ့ စက်သုံးဆီ ဈေးကြီးမြင့်တာနဲ့ အလွယ်တကူဝယ်ယူခွင့်မရနိုင်တဲ့ ဂယက်ကြောင့် စိုက်ပျိုးတောင်သူတွေမှာ အခက်အခဲတွေ ရင်ဆိုင်နေရတာပါ။

ဆီအကျပ်ရိုက်ချိန်မှာ နွေစပါးရိတ်သိမ်းတာနဲ့ ရေသွင်းတာတွေအတွက် လယ်သမားတွေကို ဆီခွဲတမ်း အတိအကျ မချထားပေးပါဘူး။ မြန်မာနိုင်ငံအလယ်ပိုင်းနဲ့ ဧရာဝတီတိုင်းက လယ်သမားတချို့က ဒီနှစ်မှာ နွေစပါးအတွက် စိုက်ပျိုးစရိတ်ပိုကြီးမြင့်ပြီး ဈေးကောင်းမရရင် အရှုံးနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ ဘီဘီစီကို ပြောထားကြတာဖြစ်ပါတယ်။

စိုက်ပျိုးရေးသမားတွေအတွက် အရေးကြီးတဲ့ ဓာတ်မြေသြဇာဘက်မှာလည်း ဈေးနှုန်းကြီးမြင့်လာတာကြောင့် တောင်သူတွေလျှော့သုံးနေကြရတယ်လို့ WFP က ဧပြီလထဲမှာ သတိပေးထားပါတယ်။ စပါးစိုက်ပျိုးရေးမှာ ဒီလိုလျှော့ချသုံးတာ ၅၀ ရာခိုင်နှုန်းလျော့ရင် အထွက်နှုန်း ၁၀ ရာခိုင်နှုန်းကနေ ၁၅ ရာခိုင်နှုန်းအထိ လျော့သွားမယ်လို့လည်း ခန့်မှန်းပါတယ်။

ဒါရဲ့အကျိုးဆက်ကတော့ ဆန်ဈေးထပ်ဆင့်တက်လာတာ စားနပ်ရိက္ခာ ဖူလုံရေးအတွက် စိုးရိမ်စရာဖြစ်လာနိုင်တယ်လို့ WFP ကဆိုပါတယ်။

မြန်မာမှာ စိုက်ပျိုးရေးအတွက် နှစ်စဥ်ဓာတ်မြေသြဇာ တန်ချိန် ၄ ဒသမ ၂ သန်းလောက် လိုအပ်တယ်လို့ နိုင်ငံပိုင်းသတင်းစာမှာ ဧပြီ ၄ ရက်ကဖော်ပြပါတယ်။ ဒီလိုအပ်ချက်ရဲ့ ၁ ရာခိုင်နှုန်းကိုပဲ ပြည်တွင်းမှာထုတ်လုပ်နိုင်တယ်လို့လည်း ဆိုထားပါတယ်။

CDF ဟားခါးအရာရှိချင်း စကားများရာက ဒုဥက္ကဋ္ဌဟောင်း သေနတ်မှန်သေဆုံး

ကားတစ်စီးဘေးမှာ စစ်ဝတ်စုံဝတ်ပြီး မတ်တပ်ရပ်နေတဲ့ ဆလိုင်းဆန်လင်း

ဓာတ်ပုံ ရင်းမြစ်, FB

ဓာတ်ပုံ ပုံစာ, သေနတ်မှန်သေဆုံးတဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF ဟားခါးရဲ့ ဒုဥက္ကဋ္ဌဟောင်း ဆလိုင်းဆန်လင်း

ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF ဟားခါးရဲ့ အထွေထွေအတွင်းရေးမှူး ဆလိုင်းဆကျုံးလျန်နဲ့ ဒုဥက္ကဋ္ဌဟောင်း ဆလိုင်းဆန်လင်းတို့ စကားများရာကနေ ဒုဥက္ကဋ္ဌဟောင်းသေနတ်ထိမှန် သေဆုံးတယ်လို့ ချင်းအမျိုးသားတပ်ဦး CNF/CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ဘီဘီစီကိုပြောပါတယ်။

ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF ဟားခါးရဲ့ဒုဥက္ကဋ္ဌဟောင်းဟာ မေ ၁၅ ရက်မှာ သေဆုံးတာ ဖြစ်ပါတယ်။​

"သူပစ်ကိုယ်ပစ်မဟုတ်ဘဲ အချင်းများရာကနေ ဖြစ်သွားတယ်လို့ သိရတယ်။ အရေးယူတာက သက်ဆိုင်ရာ အဖွဲ့အစည်းကနေ ဆက်လုပ်မှာပါ" လို့ CNF/CNA ပြောရေး ဆိုခွင့်ရှိသူက ပြောပါတယ်။

စစ်တပ်က ချင်းပြည်နယ်ကို စစ်ရေးဖိအားပေးလာချိန်မှာ အခုလို ပစ်ခတ်မှုကြောင့် သေဆုံးရတဲ့ ဆလိုင်းဆန်လင်းအတွက် စိတ်မကောင်းဖြစ်ရသလို မဖြစ်သင့်တဲ့ကိစ္စလို့ ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့က လူမှုကွန်ရက်မှာ ရေးသားထားကြတာပါ။

ဆလိုင်းဆန်လင်းနဲ့ ကျောင်းနေဖက်ဖြစ်တဲ့ ချင်းအမျိုးသားအဖွဲ့ချုပ် CNO/CNDF ရဲ့အတွင်းရေးမှူး ဆလိုင်းဝီလျံချင်းကတော့ ဆလိုင်းဆန်လင်းဟာ အာဏာရှင်ကို ပြတ်ပြတ်သားသား တော်လှန်ခဲ့တဲ့သူဖြစ်တယ်လို့ ဆိုပါတယ်။

ဒုဥက္ကဋ္ဌရာထူးကနေအနားယူထားပေမဲ့ လိုအပ်ချက်ကြောင့် မြေပြင်ကိုပြန်သွားနေတာဖြစ်တယ်လို့ ဘီဘီစီကို ပြောပါတယ်။

ချင်းကာကွယ်ရေးတပ် CDF ဟားခါးကို ဆလိုင်းဆန်လင်းသေဆုံးရတဲ့ ပစ်ခတ်မှုနဲ့ ပတ်သက်လို့ ဘီဘီစီက ဆက်သွယ်မေးမြန်းထားပေမဲ့ ပြန်လည်ဖြေကြားတာမရှိသေးပါဘူး။