ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ထရမ့်နဲ့ တရုတ်ကြား ဖြေရှင်းရခက်တဲ့ပြဿနာများဆက်ရှိနေ
- ရေးသားသူ, လော်ရာဘစ်ကာ
- ရာထူးတာဝန်, တရုတ်ဌာန၊သတင်းထောက်
- ရေးသားခဲ့သည်။
- ဖတ်ရန်အချိန်: မိနစ် ၆
သမ္မတရှီကျင့်ဖျင်က သမ္မတဒေါ်နယ်ထရမ့်ကို ခမ်းနားစွာကြိုဆိုခဲ့ပါတယ်။ ထရမ့်ရဲ့ ၂၀၂၆ တရုတ်ခရီးစဉ်ဟာ ကမ္ဘာ့အင်အားကြီး ပြိုင်ဘက်နှစ်နိုင်ငံကြား ဆက်ဆံရေးကို ပြန်တည်ဆောက်နိုင်မလားဆိုပြီး စောင့်ကြည့်ခံနေရတဲ့ ခရီးစဉ်လည်း ဖြစ်ပါတယ်။
ဘေဂျင်းက ပြည်သူ့ခန်းမဆောင်အပြင်ဘက်မှာ စစ်ရေးဂုဏ်ပြုတပ်ဖွဲ့တွေနဲ့ ထရမ့်ကို တန်းစီကြိုဆိုခဲ့ပြီး သေနတ်ဂုဏ်ပြုပစ်ဖောက်တာတွေလည်း လုပ်ခဲ့ပါတယ်။ အမေရိကန်နိုင်ငံတော်သီချင်းကိုလည်း တရုတ်စစ်တပ်ဂီတအဖွဲ့က တီးခတ်ခဲ့ပါတယ်။
ထရမ့်ကတော့ တရုတ်နဲ့ အမေရိကန်အလံတွေ ကိုင်ပြီး အော်ဟစ်ကြိုဆိုနေတဲ့ ကျောင်းသားကလေးတွေကို နှစ်ကြိမ်တိုင် ရပ်ပြီး နှုတ်ဆက်ခဲ့ပါတယ်။
ရှီကျင့်ဖျင်နဲ့ လက်ဆွဲနှုတ်ဆက်ချိန်မှာလည်း ထရမ့်က ရှီရဲ့ လက်မောင်းကို ပုတ်လိုက်တာတွေ့ရပြီး အတော်နွေးနွေးထွေးထွေး ရှိတဲ့ပုံစံမျိုး မြင်ရပါတယ်။ ပြီးတော့ တရုတ်ခေါင်းဆောင်ကိုလည်း ချီးကျူးစကားတွေ ပြောခဲ့ပါတယ်။
"အဆွေတော်က ခေါင်းဆောင်ကောင်းတစ်ယောက်ပါ။ လူတိုင်းကို ကျွန်တော် ဒီလိုပဲ ပြောပါတယ်" လို့ ထရမ့်က ပြောခဲ့ပါတယ်။ အဲဒီစကားက ကြိုရေးထားတဲ့ မိန့်ခွန်းထဲက မဟုတ်ဘဲ သူ့ဘာသာ ပြောလိုက်တဲ့ပုံစံမျိုးလည်း ဖြစ်ဟန်ရှိပါတယ်။
နောက်ပိုင်း Temple of Heaven ကို သွားလည်တဲ့အချိန်မှာလည်း "တရုတ်က လှပတဲ့နိုင်ငံ" လို့ သတင်းထောက်တွေကို ပြောခဲ့ပြီး ညပိုင်းဧည့်ခံပွဲမှာတော့ ဒီဆွေးနွေးပွဲတွေကို "တန်ဖိုးထားရတဲ့ အခွင့်အရေး" လို့ ပြောသွားပါတယ်။
ဒီမြင်ကွင်းတွေကတော့ တရုတ်အပေါ် အမြဲတမ်း ပြင်းပြင်းထန်ထန် ပြောလေ့ရှိတဲ့ ထရမ့်အတွက် အတော်လေး ထူးခြားနေပါတယ်။
၂၀၁၆ ရွေးကောက်ပွဲ မဲဆွယ်တုန်းက ထရမ့်ဟာ "တရုတ်က အမေရိကန်ကို အမြတ်ထုတ်နေတယ်" လို့ ပြောခဲ့ဖူးပါတယ်။ ၂၀၂၀ မှာလည်း တရုတ်က "အမေရိကန်ကို ဘယ်သူမှ မလုပ်ဖူးသလို အမြတ်ထုတ်ခဲ့တယ်" လို့ စွပ်စွဲခဲ့သလို ကိုဗစ်-၁၉ ကိုလည်း "တရုတ်ဗိုင်းရပ်စ်" လို့ ခေါ်ခဲ့ပါတယ်။ အာဏာပြန်ရဖို့ မဲဆွယ်ချိန်မှာတော့ "တရုတ်ကို တန်ရာတန်ကြေးပြန်ပေးဆပ်ခိုင်းမယ်" လို့တောင် ပြောခဲ့ပါတယ်။
ပြီးခဲ့တဲ့ ကုန်သွယ်ရေးစစ်ပွဲ အမြင့်ဆုံးအချိန်တုန်းက နှစ်နိုင်ငံစလုံးက တစ်ဖက်နဲ့တစ်ဖက်အပေါ် အခွန်နှုန်း ၁၀၀ ရာခိုင်နှုန်းကျော်အထိ တိုးမြှင့်ခဲ့ကြပါတယ်။ နောက်ပိုင်း ယာယီရပ်ဆိုင်းကြတဲ့သဘောတူညီမှုမျိုးတော့ ရခဲ့ပေမယ့် အဲဒီသဘောတူညီမှု ဆက်တည်မြဲမလား၊ ဘယ်လိုသဘောတူညီချက်အသစ် ထွက်လာမလဲဆိုတာက ဒီခရီးစဉ်ရဲ့ အဓိကစောင့်ကြည့်ရမယ့် အချက်တွေ ဖြစ်ခဲ့ပါတယ်။
ဒါ့အပြင် အီရန်အရေးမှာ တရုတ်က ကြားဝင်ညှိနှိုင်းပေးနိုင်မလားဆိုတာနဲ့ တရုတ်က သူ့ပိုင်နက်လို့ ပြောနေတဲ့ ထိုင်ဝမ်အရေးတွေကလည်း အဓိက ဆွေးနွေးကြမယ့် အကြောင်းအရာတွေ ဖြစ်ခဲ့ပါတယ်။
ဘေဂျင်းဟာ သဘောတူညီချက်တွေကို မဆွေးနွေးခင်ကတည်းက ဒေါ်နယ်ထရမ့်ဆီက မျက်နှာကောင်းရဖို့ပုံစံနဲ့ ခမ်းခမ်းနားနား စီစဉ်ပြသခဲ့ပါတယ်။ ဒါဟာ တရုတ်နိုင်ငံက ဧည့်သည်တွေကို ကြိုဆိုဖို့ တံခါးဖွင့်ထားတယ်ဆိုတဲ့ သဘောမျိုး ပြသချင်တာလည်း ဖြစ်ပါတယ်။
ဒါပေမဲ့ ဆွေးနွေးပွဲတွေ စတင်ပြီး မကြာခင်မှာပဲ တရုတ်အစိုးရပိုင်မီဒီယာတွေက ရှီကျင့်ဖျင်ရဲ့ မှတ်ချက်တွေကို ဖော်ပြခဲ့ပြီး ထိုင်ဝမ်အရေးဟာ နှစ်ဖက်ကြား တင်းမာမှုဖြစ်စေနိုင်တဲ့ အခက်ခဲဆုံးကိစ္စတစ်ခု ဖြစ်နေဆဲဆိုတာကို ရှင်းရှင်းလင်းလင်း ပြသခဲ့ပါတယ်။
ဒါပေမဲ့ အခုလို သေသေချာချာ စီစဉ်ထားတဲ့ ကြိုဆိုပွဲတွေက ထရမ့်နဲ့အတူ လိုက်ပါလာတဲ့ စီးပွားရေးလုပ်ငန်းရှင် ၃၀ ကျော်အတွက်တင် မဟုတ်ပါဘူး။ ဘေဂျင်းအနေနဲ့ သူတို့ရဲ့ အင်အားနဲ့ သြဇာကို ပြသလိုက်တာလည်း ဖြစ်ပါတယ်။ ဒီမြင်ကွင်းတွေဟာ အမေရိကန်နဲ့ ကမ္ဘာတဝန်း တိုက်ရိုက်ထုတ်လွှင့်ပြသခံရမယ်ဆိုတာကိုလည်း တရုတ်ဘက်က ကောင်းကောင်းသိထားပါတယ်။
Asia Society ရဲ့ အမေရိကန်-တရုတ်ဆက်ဆံရေးဆိုင်ရာ စင်တာက အကြီးတန်းသုတေသနအဖွဲ့ဝင် ဂျွန် ဒီလူရီ ကတော့ "ကျွန်တော်တို့က သမိုင်းဝင် အပြောင်းအလဲတစ်ခုကို မြင်နေရတာပါ" လို့ ပြောပါတယ်။
"ဒီထိပ်သီးဆွေးနွေးပွဲတစ်ခုတည်းအပေါ် အဓိပ္ပာယ်အများကြီး မဖွင့်ချင်ပေမယ့် တရုတ်နိုင်ငံက အမေရိကန်နဲ့ ယှဉ်ပြိုင်နိုင်တဲ့ အင်အားကြီးနိုင်ငံတစ်ခုအဖြစ် တက်လာနေတာကို အခု ကျွန်တော်တို့ မျက်စိရှေ့မှာတင် မြင်နေရပါတယ်။ ဘေဂျင်းက အခုဆို ကမ္ဘာ့ဒုတိယအင်အားကြီးမြို့တော် ဖြစ်လာနေပါပြီ" လို့ သူက ပြောပါတယ်။
အားလုံးကို ရှီပြောပြချင်တဲ့အရာ
မတည်ငြိမ်ဘဲ ခန့်မှန်းရခက်တဲ့ အမေရိကန်သမ္မတနဲ့ နှိုင်းယှဉ်လိုက်ရင် ရှီက သူ့ကိုယ်သူ ကမ္ဘာ့အဆင့် တည်ငြိမ်တဲ့ ခေါင်းဆောင်တစ်ယောက်အဖြစ် ဖော်ပြဖို့ ကြိုးစားနေပါတယ်။
တရုတ်စီးပွားရေးရဲ့ အရွယ်အစားကြီးမားလာတာနဲ့အတူ ကနေဒါ၊ ဗြိတိန်နဲ့ ဂျာမနီလို အမေရိကန်မဟာမိတ်နိုင်ငံတွေ အပါအဝင် ကမ္ဘာ့ခေါင်းဆောင်အများအပြားကလည်း ဘေဂျင်းနဲ့ သဘောတူညီချက်တွေ ရဖို့ မျှော်လင့်ပြီး တရုတ်ဆီကို လာရောက်နေကြပါတယ်။
ဒေါ်နယ်ထရမ့်ရဲ့ ပထမသက်တမ်းကတည်းက သတိပေးခဲ့သလို အခွန်တိုးမြှင့်တာတွေ ထပ်ဖြစ်လာမယ်ဆိုတာကို တရုတ်ဘက်က ကြိုတင်တွက်ဆထားခဲ့ပြီး ကမ္ဘာနဲ့ ကုန်သွယ်ရေးကိုလည်း ပိုမိုချဲ့ထွင်လာခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်မှာတော့ တရုတ်က သူ့ရဲ့ စီးပွားရေးနဲ့ သံတမန်ရေးအင်အားကို ထုတ်ပြခဲ့ပါတယ်။ ထရမ့်ရဲ့ အခွန်တိုးမြှင့်မှုကို တုံ့ပြန်တဲ့အနေနဲ့ တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန် အခွန်တိုးမြှင့်ခဲ့ကြသလို အဆင့်မြင့်ထုတ်လုပ်ရေးလုပ်ငန်းတွေမှာ အရေးပါတဲ့ မြေရှားသတ္တုတွေကို တင်ပို့ဖို့ ကန့်သတ်တာတွေလည်း လုပ်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ဝါရှင်တန်ဘက်က ဆွေးနွေးပွဲစားပွဲပေါ် ပြန်ရောက်လာခဲ့ပြီး အခွန်နှုန်းတွေကို လျှော့ချခဲ့ရပါတယ်။
ရှီကျင့်ဖျင်အနေနဲ့တော့ အမေရိကန်နဲ့ ကမ္ဘာကြီးဟာ တရုတ်ရဲ့ ထုတ်လုပ်ရေးနဲ့ နည်းပညာအပေါ် ဘယ်လောက်အထိ မှီခိုနေရသလဲဆိုတာကို ပြသနိုင်ခဲ့ပြီလို့ ယုံကြည်နေဖွယ်ရှိပါတယ်။
လက်ရှိမှာ တရုတ်ဟာ ကမ္ဘာ့ကုန်ပစ္စည်း စုစုပေါင်းရဲ့ သုံးပုံတစ်ပုံကို ထုတ်လုပ်နေပြီး မြေရှားသတ္တုတွေ ရဲ့ ၉၀ ရာခိုင်နှုန်းကျော်ကို ပြုပြင်ထုတ်လုပ်နေပါတယ်။ နေရောင်ခြည်စွမ်းအင်သုံး ဆိုလာတွေ၊ လေအားလျှပ်စစ်စက်တွေနဲ့ လျှပ်စစ်ကားတွေကိုလည်း ကမ္ဘာတဝန်း ထုတ်လုပ်မှုရဲ့ ၆၀ ကနေ ၈၀ ရာခိုင်နှုန်းအထိ တရုတ်က ထုတ်လုပ်နေပါတယ်။
တရုတ်ရဲ့ လူ့အခွင့်အရေးမှတ်တမ်းအပေါ် စိုးရိမ်ရမှုတွေနဲ့ မော်စကို၊ ပြုံယမ်းလို အစိုးရတွေနဲ့ နီးကပ်တဲ့ ဆက်ဆံရေးတွေ ရှိနေဆဲဖြစ်ပေမယ့် ဒေါ်နယ်ထရမ့်က ကမ္ဘာ့အစီအစဉ်ဟောင်းတွေနဲ့ လှုပ်ခတ်ပြောင်းလဲစေတဲ့အချိန်မှာတော့ အဲဒီကိစ္စတွေက အရင်လောက် အာရုံစိုက်မခံရတော့တဲ့ပုံ ပေါ်နေပါတယ်။
တချို့ကတော့ ဒီအခြေအနေကို ကမ္ဘာ့အင်အားချိန်ခွင်လျှာဟာ တရုတ်ဘက်ကို ရွေ့လျားလာနေတဲ့ လက္ခဏာတစ်ခုအဖြစ် မြင်နေကြပါတယ်။
အီရန်အရေးက ဆွေးနွေးမှုတွေမှာ စျေးဆစ်ဖိအားပေးဖို့ အသုံးချစရာဖြစ်လာ
တရုတ်ဘက်ကတော့ ဒီဆွေးနွေးပွဲတွေမှာ သူတို့က အသာစီးရနေတယ်လို့ ယုံကြည်နေဖွယ်ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ အီရန်စစ်ပွဲကြောင့် ဖိအားများလာတဲ့ ဒေါ်နယ်ထရမ့်နဲ့ ရှီကျင့်ဖျင် တွေ့ဆုံရတာကြောင့် ဖြစ်ပါတယ်။
ဟော်မုဇ် ရေလက်ကြား ပိတ်ဆို့ခံထားရမှုက ကမ္ဘာ့စီးပွားရေးကို လှုပ်ခတ်စေခဲ့ပြီး သင်္ဘောသွားလာရေးလမ်းကြောင်း ပြန်ဖွင့်နိုင်ဖို့ ထရမ့်က ဘေကျင်းရဲ့ အကူအညီကို တောင်းခံလာနိုင်တယ်လို့လည်း မျှော်လင့်နေကြပါတယ်။
တရုတ်နဲ့ အီရန်တို့ဟာ ဆယ်စုနှစ်များစွာကြာ ဆက်ဆံရေးရှိထားကြပြီး တရုတ်ဟာ အီရန်ရဲ့ အကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံလည်း ဖြစ်ပါတယ်။
ရှီကျင့်ဖျင်က အီရန်ကို ဆွေးနွေးညှိနှိုင်းရေး စားပွဲဝိုင်းဆီ ပြန်လာဖို့ ဖိအားပေးနိုင်ခဲ့မယ်ဆိုရင် သူ့အတွက် ညှိနှိုင်းရေးအာဏာ ပိုမိုတိုးလာနိုင်ပါတယ်။
"ဒီပြဿနာကို ဖြေရှင်းဖို့က သူတို့အကျိုးလည်း ပါပါတယ်" လို့ နိုင်ငံခြားရေးဝန်ကြီးမာကိုရူဘီယိုက က ခရီးစဉ်မတိုင်ခင် Fox News ကို ပြောပါတယ်။
"ပြီးတော့ ပိုပြီး တက်တက်ကြွကြွ ပါဝင်လာဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်" လို့လည်း သူက ပြောပါတယ်။
ဒါပေမဲ့ တရုတ်ဘက်ကတော့ အပြန်အလှန် တစ်ခုခု ပြန်လိုချင်မှာ သေချာတယ်လို့ မြင်နေကြပါတယ်။
တရုတ်အစိုးရပိုင်မီဒီယာတွေအရ ရှီကျင့်ဖျင်နဲ့ ထရမ့် နဲ့ ဆွေးနွေးချိန်အတွင်း ထိုင်ဝမ်အရေးဟာ နှစ်နိုင်ငံကြား ပဋိပက္ခအထိ ဖြစ်သွားစေနိုင်တယ်လို့ သတိပေးထားပြီးသား ဖြစ်ပါတယ်။
ရှီကျင့်ဖျင်အနေနဲ့ အမေရိကန်ကို ထိုင်ဝမ်အတွက် လက်နက်ရောင်းချမှုတွေ ရပ်တန့်ဖို့ ဒါမှမဟုတ် နှောင့်နှေးဖို့ ဖိအားပေးလာနိုင်ပါတယ်။ ဒါပေမဲ့ ဝါရှင်တန်အနေနဲ့ ထိုင်ဝမ်ကို ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်တဲ့ စွမ်းရည်တွေ ပေးဖို့ ဥပဒေအရ တာဝန်ရှိနေပါတယ်။ ဒါကြောင့် တိုင်ပေက အရာရှိတွေကလည်း ဒီထိပ်သီးဆွေးနွေးပွဲကို စိုးရိမ်စွာ စောင့်ကြည့်နေဖွယ်ရှိပါတယ်။
ကောင်းကင်ကျောင်းတော် (The Temple of Heaven) မှာ သတင်းထောက်တွေက ခေါင်းဆောင်နှစ်ဦးကို "ထိုင်ဝမ်အရေးကို ဆွေးနွေးခဲ့ကြသလား" လို့ မေးမြန်းခဲ့ပေမယ့် နှစ်ဦးစလုံးက တုံ့ပြန်ဖြေကြားခြင်း မရှိခဲ့ပါဘူး။
ဒီတစ်ခေါက်ခရီးစဉ်ကတော့ အရင်တစ်ခေါက်နဲ့ မတူဘူးလို့လည်း မြင်ရပါတယ်။ အရင်တစ်ခေါက်တုန်းက သမ္မတကတော်က ခင်ပွန်းဖြစ်သူနဲ့အတူ တရုတ်ကို လိုက်ပါခဲ့ပေမယ့် အခုခရီးစဉ်မှာတော့ အမေရိကန်က စီးပွားရေးကို ပိုအာရုံစိုက်ထားတဲ့ပုံ ပေါ်နေပါတယ်။
ထရမ့်နဲ့အတူ လိုက်ပါလာတဲ့ စီးပွားရေးကိုယ်စားလှယ်အဖွဲ့ထဲမှာ အီလွန်မက်စ်၊ တင်မ်ကွတ်နဲ့ ဂျန်ဆမ်ဟွမ် တို့လည်း ပါဝင်ခဲ့ပြီး ဧည့်ခံပွဲကိုလည်း တက်ရောက်ခဲ့ကြပါတယ်။
ထရမ့်ကတော့ တရုတ်ဘက်ကို အမေရိကန်ကုမ္ပဏီတွေ ပိုမိုဝင်ရောက်လုပ်ကိုင်ခွင့်ပေးဖို့ တောင်းဆိုနေချိန်မှာ ဒီစီးပွားရေးကိုယ်စားလှယ်အဖွဲ့ကို အဓိကပြချင်နေပုံ ရပါတယ်။
ဒါပေမဲ့ ဒီဆွေးနွေးပွဲတွေက ဘယ်လိုသဘောတူညီချက်မျိုး ရလာမလဲဆိုတာတော့ မရှင်းလင်းသေးပါဘူး။ ဘာကြောင့်လဲဆိုတော့ အသေးစိတ်အချက်အလက်တွေကို ထုတ်ပြန်ထားခြင်း မရှိသေးလို့ ဖြစ်ပါတယ်။
အိမ်ဖြူတော်ထုတ်ပြန်ချက်မှာတော့ "စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်မယ့် နည်းလမ်းတွေ" ကို နှစ်ဖက်ဆွေးနွေးခဲ့ကြောင်းသာ ဖော်ပြထားပြီး အဲဒီထဲမှာ အမေရိကန်ကုမ္ပဏီတွေကို တရုတ်ဈေးကွက်ထဲ ပိုမိုဝင်ရောက်ခွင့်ပေးရေးနဲ့ တရုတ်ရင်းနှီးမြှုပ်နှံမှုတွေကို အမေရိကန်စက်မှုလုပ်ငန်းတွေထဲ တိုးချဲ့ရေးတို့ ပါဝင်ပါတယ်။
အီရန်အရေးနဲ့ ပတ်သက်လို့တော့ "အီရန်ဟာ ဘယ်တော့မှ နျူကလီးယားလက်နက် မပိုင်ဆိုင်သင့်ဘူး" ဆိုတာကို နှစ်နိုင်ငံစလုံး သဘောတူခဲ့ကြပြီး "ဟော်မုဇ်ရေလက်ကြားကို စွမ်းအင်သယ်ယူပို့ဆောင်မှု လွတ်လပ်စွာ ဆက်လက်စီးဆင်းနိုင်ဖို့ ဖွင့်ထားရမယ်" လို့လည်း ဖော်ပြထားပါတယ်။
ဘာဆက်ဖြစ်နိုင်လဲ
သောကြာနေ့မှာ ခေါင်းဆောင်နှစ်ဦး ထပ်မံတွေ့ဆုံကြမယ့်အချိန်မှာတော့ အသေးစိတ်အချက်အလက်တွေ ပိုမိုထွက်ပေါ်လာနိုင်ပါတယ်။
တစ်ဖက်မှာလည်း ဒေါ်နယ်ထရမ့် ဟာ သူ့ရဲ့ ထောက်ခံမှုနှုန်းတွေ ဆက်တိုက်ကျဆင်းနေချိန်မှာ ပြည်တွင်းကို ပြန်ပြီး ပြသနိုင်မယ့် အောင်မြင်မှုတစ်ခု လိုအပ်နေပါတယ်။
ရှီ ကတော့ နှစ်နိုင်ငံအနေနဲ့ ကုန်သွယ်ရေးနဲ့ စိုက်ပျိုးရေးလို ကဏ္ဍတွေမှာ အပြန်အလှန်ဖလှယ်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုတိုးချဲ့သင့်တယ်လို့ ပြောခဲ့ပါတယ်။ ဒါဟာ တရုတ်ဘက်က အမေရိကန် ပဲပုပ်၊ အမဲသားနဲ့ ဘိုးရင်းလေယာဉ်တွေကို ပိုမိုဝယ်ယူဖို့ အသင့်ရှိနေတယ်ဆိုတဲ့ အချက်ပြမှုတစ်ခုလည်း ဖြစ်နိုင်ပါတယ်။
ခေါင်းဆောင်နှစ်ဦးကလည်း လာမယ့် သုံးနှစ်အတွင်း နှစ်နိုင်ငံဆက်ဆံရေးကို လမ်းညွှန်သွားမယ့် "အပြုသဘောဆောင်တဲ့၊ မဟာဗျူဟာကျတဲ့၊ တည်ငြိမ်တဲ့ ဆက်ဆံရေး" အဖြစ် သတ်မှတ်သွားဖို့ သဘောတူခဲ့ကြပါတယ်။
တရုတ်နိုင်ငံကတော့ လက်ရှိမှာ အလုပ်လက်မဲ့နှုန်း မြင့်တက်လာတာ၊ စီးပွားရေးတိုးတက်မှု မညီမျှတာ၊ အိမ်ခြံမြေကဏ္ဍ အကျပ်အတည်းနဲ့ ဒေသန္တရအစိုးရတွေရဲ့ ကြီးမားလွန်းတဲ့ ကြွေးမြီပြဿနာတွေလို စီးပွားရေးအခက်အခဲကြီးတွေကို ရင်ဆိုင်နေရပါတယ်။
ဒါကြောင့် ဘေကျင်းအနေနဲ့ ဝါရှင်တန်ကို ကမ္ဘာ့အင်အားဗဟိုအဖြစ် မြင်ချင်မနေဘူးဆိုပေမဲ့ အမေရိကန်နဲ့ အဆင်ပြေအောင် ဘယ်လိုပူးပေါင်းနေထိုင်မလဲဆိုတဲ့ နည်းလမ်းကိုတော့ ရှာဖွေရမယ့် အခြေအနေမှာ ရှိနေပါတယ်။
အဲဒီသတင်းစကားကိုပဲ ညစာစားပွဲ ဧည့်ခံပွဲမှာ ခေါင်းဆောင်နှစ်ဦးလုံးက ပေးနေသလို မြင်ရပါတယ်။
သူရရှိခဲ့တဲ့ကြိုဆိုခံရမှုကို "ဘယ်နိုင်ငံခေါင်းဆောင်မှ မရဖူးတဲ့ ခမ်းနားတဲ့ ကြိုဆိုမှု"လို့ ချီးကျူးပြောဆိုရင်း ဒေါ်နယ်ထရမ့်က ရှီကျင့်ဖျင်ကို စက်တင်ဘာလမှာ အိမ်ဖြူတော်ကို လာရောက်ဖို့ ဖိတ်ကြားခဲ့ပါတယ်။
ရှီကျင့်ဖျင်ကတော့ ဒီထက်ပိုပြီး "တရုတ်နိုင်ငံကြီး ပြန်လည်နိုးထလာရေး" နဲ့ "Make America Great Again" ဆိုတဲ့ ဆောင်ပုဒ်တွေဟာ အတူလုပ်ဆောင်သွားနိုင်တယ်လို့ ပြောခဲ့ပါတယ်။
နောက်ဆုံးမှာတော့ သူက အမေရိကန်နဲ့ တရုတ် နှစ်နိုင်ငံရဲ့ အနာဂတ်အတွက် ဆုတောင်းဂုဏ်ပြုရင်း မိန့်ခွန်းကို အဆုံးသတ်ခဲ့ပါတယ်။