လူမျိုးရေး တိုက်ခိုက်မှုကို ပြင်သစ်လူ အမ်ဘာပေ ဘယ်လို တုံ့ပြန်လဲ

ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၂

ပြင်သစ် ရှေ့တန်းလူ ကီလျံ အမ်ဘာပေရဲ့ မျိုးရိုးဇာတိနဲ့ ပတ်သက်ပြီး လူမျိုးရေး အရ လှောင်ပြောင် ခဲ့သလို၊ အမ်ဘာပေရဲ့ ပညာရေး အပေါ်လည်း နှိမ့်ချ စော်ကားတဲ့ မှတ်ချက်တွေ ပြုလုပ်ခဲ့တဲ့ ပါရာဂွေး ဆီးနိတ် လွှတ်တော် အမျိုးသမီး အမတ်ဟာ အင်မတန် စက်ဆုပ်ဖွယ်ရာ ကောင်းပြီး၊ ရာထူးဌာနတ္တရနဲ့ မလျော်ညီသူ ဖြစ်တယ်လို့ အမ်ဘာပေက တုန့်ပြန် ပါတယ်။

ကမ္ဘာ့ဖလား ဘောလုံးပွဲ နောက်ဆုံး ၁၆ သင်း အဆင့် ရှုံးထွက် ပြိုင်ပွဲမှာ ပါရာဂွေး အသင်းဟာ ပင်နယ်တီကနေ တဆင့် အမ်ဘာပေ သွင်းယူတဲ့ ဂိုးကြောင့် ပြင်သစ်ကို ရှုံးခဲ့ပြီးတဲ့နောက်၊ ပါရာဂွေးရဲ့ လစ်ဘရယ် ရာဒီကယ် ပါတီဝင် ဆီးနိတ် လွှတ်တော် အမတ် ဆီလက်စ် အမ္မရီလာ ဆိုသူဟာ၊ အမ်ဘာပေ အပေါ် ပြောဆိုထားတဲ့ မှတ်ချက် စကားတွေကို X လူမှုကွန်ရက်ပေါ်မှာ ရေးသား ခဲ့တာ ဖြစ်ပါတယ်။

ပါရာဂွေးနဲ့ ပြင်သစ်ပွဲ မစခင်ကတည်းက ပါရာဂွေး ဂိုးသမားဟောင်း ဟိုဆေး လူဝစ် ချီလာဗတ် ဆိုသူကလည်း သူတို့ ပါရာ‌ဂွေး အသင်းဟာ အာဖရိက အသင်းနဲ့ ရင်ဆိုင် နေရပြီ ဆိုပြီး ပြောခဲ့ပါတယ်။

အဲဒီ သဘော အတိုင်းပဲ အမ်ဘာပေရဲ့ မူလ မျိုးရိုးကို ရည်ညွှန်းပြီး ပါရာဂွေး လွှတ်တော် အမတ် အမျိုးသမီးက ပါရာဂွေး ရှုံးအပြီးမှာ X ပေါ်မှာ ရေးသားခဲ့တာ ဖြစ်ပါတယ်။

အမ်ဘာပေကတော့ သူ တုံ့ပြန်တဲ့ ပို့စ်ထဲ "ပြိုင်ပွဲတလျှောက် အားကစား နည်း အပေါ် ချစ်ခင် စုံမက်မှု အပြည့်၊ လေးစား ဂုဏ်ယူမှု အပြည့်နဲ့ ချွေးနဲ့ သွေးနဲ့ ရင်းပြီး ကစားခဲ့တဲ့ ပါရာဂွေး အသင်းကို ခင်ဗျားက ကိုယ်စားပြုသူ မဟုတ်ပေဘူး" ဆိုပြီး အမ်ဘာပေက ဆိုထားပါတယ်။

ခင်ဗျား နိုင်ငံရဲ့ အသင်း ဘယ်လောက် ကြိုးစားခဲ့ရတယ်၊ ဘာတွေ အောင်မြင် နိုင်ခဲ့တယ် ဆိုတဲ့ သမိုင်းဝင် အားထုတ်မှုတွေဟာ ခင်ဗျားရဲ့ အဆင်ခြင်မဲ့ အရှက်မဲ့တဲ့ လူမျိုးရေး ခွဲခြားမှုကြောင့်သာ ကမ္ဘာကြီးက ‌မေ့ပျောက်တာကို ခံနေရပြီ ဖြစ်တယ်။ အရည်အချင်း မပြည့်မီတဲ့ ခင်ဗျားလို အမျိုးသမီး ကြောင့် ခင်ဗျား နိုင်ငံ အတွက် အဆိုးဆုံး ပုံရိပ် ဖြစ်လာစေခဲ့တယ်" လို့ အမ်ဘာပေက ရေးသားပါတယ်။

ဒါ့အပြင် အဲဒီလို လူစားမျိုး တစ်ယောက်က အမုန်းတရားတွေကို ကမ္ဘာအနှံ့ လွတ်လွတ်လပ်လပ်ကြီး ဖြန့်ဝေနေတာမျိုးကို ကျွန်တော် ဘယ်တော့မှ ခွင့်ပြုမှာ မဟုတ်ဘူးလို့လည်း အမ်ဘာပေက ဆိုထားပါတယ်။

ပြင်သစ် ဘောလုံး အဖွဲ့ချုပ် (FFF) ကလည်း အမ္မရီလာ ပြောဆိုခဲ့တာတွေဟာ အဆုံးစွန် အော့နှလုံး နာဖွယ်ရာတွေ ဖြစ်ပြီး၊ ဘယ်လိုမှ လက်သင့် မခံ နိုင်တာကြောင့် ရာဇဝတ်မှု ပုဒ်မတွေနဲ့ အမှုဖွင့်နိုင်ဖို့ လုပ်မယ်ဆိုပြီး ကြေညာပါတယ်။

ပြင်သစ် လက်ရွေးစင် အသင်းထဲက ကစားသမားတွေဟာ ပြင်သစ် နိုင်ငံကို ကိုယ်စား ပြုထားတာ ဖြစ်ပြီး၊ သူတို့ အပေါ် စော်ကားတာဟာ ပြင်သစ်ကို စော်ကားတာပဲ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ပါရာဂွေး အစိုးရကလည်း အမ္မရီလာ ပြောဆို ထားတာတွေဟာ ပါရာဂွေး နိုင်ငံ ကိုင်စွဲတဲ့ ငြိမ်းချမ်းစွာ အတူ ယှဥ်တွဲ နေထိုင်ရေးမူတွေ၊ လူသား အားလုံးရဲ့ လူ့ ဂုဏ် သိက္ခာ အပေါ် လေးစားရေး စံတန်ဖိုးတွေနဲ့ ကွဲလွဲနေတဲ့ အတွက်၊ လုံးဝ သဘောမတူပဲ၊ အပြင်းထန်ဆုံး ပယ်ချတယ်လို့ ထုတ်ပြန်ပါတယ်။

ပြင်သစ် ရှေ့တန်း အဓိက တိုက်စစ်မှူး အမ်ဘာပေ အပေါ် ပါရာဂွေး လွှတ်တော်အမတ် အမျိုးသမီး ပြောဆိုခဲ့တာတွေဟာ လက်ရှိ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ လူအများကြား အုတ်အော်သောင်းတင်း ဖြစ်သွားစေခဲ့တဲ့ ဒုတိယမြောက် အငြင်းပွားဖွယ်ရာ ကိစ္စချင်းရာ ဖြစ်လာစေပါတယ်။

ဒီ့ မတိုင်ခသ် လူအများကြား ဝေဖန်စရာ ဖြစ်နေခဲ့တာကတော့ ပူးတွဲ အိမ်ရှင် ယူအက်စ်အေ နိုင်ငံရဲ့ သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ စွက်ဖက်မှု အကြောင်း ဖြစ်ပါတယ်။

အရင် ပွဲတုန်းက အနီကတ် ပြခံထားရတဲ့ ယူအက်စ်အေရဲ့ အဓိက တိုက်စစ်မှူး ဖိုလာရင် ဘာလိုဂန် ကို ၁၆ သင်း အဆင့် ရှုံးထွက်ပွဲမှာ အပယ်မခံရပဲ၊ ဝင်ကစားနိုင်အောင် သမ္မတ ထရမ့်က ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် ဖီဖာရဲ့ ဥက္ကဋ္ဌ ဆီ ဖုန်းဆက်ခဲ့ပါတယ်။ ဖီဖာကလည်း ဘာလိုဂန် အပေါ် ပွဲပယ်တဲ့ ပြစ်ဒဏ်ကို ဆိုင်းငံ့ကြောင်း ကြေညာခဲ့ပါတယ်။

ဘယ်လ်ဂျီယမ်နဲ့ ပွဲမှာတော့ ယူအက်စ်အေ အသင်း ၄ ဂိုး ၁ ဂိုး နဲ့ ရှုံးပြီး ပြိုင်ပွဲက ထွက်သွားရပြီ ဖြစ်ပါတယ်။