ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

မန္တလေးငလျင်မှာလူရာချီသေဆုံးခဲ့တဲ့ Sky Villa အမှု ဆောက်လုပ်ရေးပိုင်ရှင် ထောင် ၅ နှစ်ကျ

လူ ၂၀၀ ‌ကျော်သေဆုံးခဲ့တဲ့ Sky Villa ကွန်ဒိုရဲ့ဆောက်လုပ်ရေးပိုင်ရှင် ထောင် ၅ နှစ်ကျတဲ့သတင်းအပါအဝင် ဇူလိုင် ၆ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာတဝန်းကထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။

အနှစ်ချုပ်

  • ရန်ကုန်တိုင်းထဲက ဥက္ကံမြို့၊ ပဲခူးတိုင်း၊ သာယာဝတီမြို့နယ်ထဲက ငဖြူကလေးရွာနဲ့ မွန်ပြည်နယ်ထဲက ပေါင်မြို့နယ်တို့မှာ လေဆင်နှာမောင်းတိုက်လို့ အိမ်အလုံးရေ ၅၀ ထက်မနည်းပျက်စီး
  • မဲခေါင်မြစ်ကနေ မဂ္ဂါဝပ် ၂,၇၀၀ ကျော် လျှပ်စစ်ဓာတ်အားထုတ်ဖို့ စီမံကိန်းဖြစ်တန်ခြေသဘောတူညီချက် မြန်မာ-လာအို နှစ်နိုင်ငံလက်မှတ်ရေးထိုး
  • ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့အလှူပြုလုပ်ခဲ့တဲ့အကြောင်း လူမှုကွန်ရက်ပေါ် တင်ခဲ့တဲ့ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အမတ်ဟောင်း နိုင်ငံတော်ဆူပူစေရန်လှုံဆော်မှုနဲ့ အမှုဖွင့်ခံရ
  • လူပေါင်း ၂၀၀ ကျော်သေဆုံးခဲ့တဲ့ မန္တလေး၊ ချမ်းအေးသာစံမြို့က Sky Villa ကွန်ဒိုကိုဆောက်ခဲ့တဲ့ NTL ‌ဆောက်လုပ်ရေးလုပ်ငန်းပိုင်ရှင် ဦးနိုင်ထွန်းလင်း ထောင် ၅ နှစ်ချမှတ်ခံရ
  • လားရှိုးအပါအဝင် ရှမ်းမြောက်က တိုင်းရင်းသားလက်နက်ကိုင်ထိန်းချုပ်မြို့နယ်တွေက ဌာနဆိုင်ရာဝန်ထမ်းတွေစာရင်းကို အရန်အင်အား စာရင်းထဲ ထည့်သွင်းဖို့ နေပြည်တော်ညွှန်ကြား
  • အသက် ၅ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး နားကပ်လုယက် သတ်ဖြတ်ခံရမှုမှာ ကျူးလွန်ခဲ့တဲ့သံသယတရားခံဆိုသူကို ဖမ်းမိပြီလို့ဆို

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ဇူလိုင် ၆ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။ဒီနေ့ တစ်နေ့တာ တင်ဆက်ခဲ့တဲ့သတင်းတွေကို အခုစာမျက်နှာမှာ တစုတစည်းတည်း ပြန်လည် ဖတ်ရှုနိုင်ပါတယ်။ဘီဘီစီ သတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

  2. အမေရိကန်ကစားသမား ပွဲပယ်ပြစ်ဒဏ် ဆိုင်းငံ့ဖို့ ဖီဖာကို ထရမ့်တောင်းဆိုခဲ့လား

    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အမေရိကန်အသင်း တိုက်စစ်မှူး ဖိုလာရင် ဘာလဂန် ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံရတာကို ပြန်လည်သုံးသပ်ဖို့ ကမ္ဘာ့ဖလား ဥက္ကဋ္ဌ ဂျိုင်နီ အင်ဖာတီနိုကို ဖုန်းဆက်ပြောဆိုခဲ့တယ်လို့ ဘီဘီစီရဲ့အမေရိကန်မိတ်ဖက်သတင်းဌာန စီဘီအက်စ်က ရေးပါတယ်။

    ဘာလဂန်ဟာ ပြီးခဲ့တဲ့တစ်ပတ် ဗုဒ္ဓဟူးနေ့တုန်းက ကန်ခဲ့တဲ့ ဘော့စ်စနီးယားနဲ့ပွဲမှာ အနီကတ်အပြ ခံခဲ့ရတာပါ။ ဒါကို ပြန်လည်သုံးသပ်ဖို့ သမ္မတထရမ့်က ဖီဖာဥက္ကဋ္ဌဆီ ဖုန်းနဲ့ဆက်သွယ်ပြောဆိုခဲ့တယ်လို့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး စီဘီအက်စ်က သတင်းဖော်ပြပါတယ်။

    ဖီဖာဥက္ကဋ္ဌကလည်း ဖီဖာ စည်းကမ်းကော်မတီကို ဒီကိစ္စကို ကြည့်ရှုခိုင်းမယ်လို့ သမ္မတကို ပြောခဲ့တယ်ဆိုပြီး သတင်းရင်းမြစ်တစ်ဦးက ပြောတယ်လို့ သတင်းက ဆိုပါတယ်။

    အမေရိကန်အစိုးရ ထိပ်ပိုင်းအရာရှိတွေကတော့ ဘာလဂန် အနီကတ်ပြခံရတာဟာ မမျှတဘူးလို့ ရှုမြင်လို့ ဖီဖာဆီ အယူခံဝင်ဖို့ အမေရိကန်ဘောလုံးအာဏာပိုင်တွေကို ဒီအတောအတွင်း တိုက်တွန်းနေခဲ့တာပါ။

    အခုတော့ ဖီဖာက ပြစ်ဒဏ်ကို ဆိုင်းငံ့လိုက်တာကြောင့် ဘာလဂန်ဟာ ဒီနေ့ ဘယ်လ်ဂျီယံနဲ့ ယှဉ်ပြိုင်မယ့် ၁၆ သင်း ရှုံးထွက်ပွဲမှာ ပါဝင်ကစားခွင့်ရမယ်လို့ ကြေညာလာပါတယ်။

    အဲဒီကြေညာချက်အပြီးမှာပဲ ထရမ့်က ‘မမျှတမှုကို ပြန်ပြောင်း ဆုံးဖြတ်ခဲ့တာအတွက်’’ ဖီဖာကို ကျေးဇူးတင်တဲ့အကြောင်း သူပိုင် လူမှုကွန်ရက် ထရုသ်ပေါ်မှာ ရေးပါတယ်။

    တဖက်မှာလည်း ဒီလိုပြောင်းလဲဆုံးဖြတ်ခဲ့တာမျိုးဟာ ဖီဖာသမိုင်းမှာ နှစ်ပေါင်း ၇၀ ကျော်အတွင်း ပထမဆုံးအကြိမ်ဖြစ်ပါတယ်။

    ဒါပေမဲ့ ဘောလုံး ပြစ်ဒဏ်အတွက် ဖီဖာဥက္ကဋ္ဌကို ပြန်သုံးသပ်ဖို့ ထရမ့် တောင်းဆိုခဲ့တယ်ဆိုသာ အမှန်ဆိုရင် ဒါဟာ လွန်ခဲ့တဲ့ နှစ် ၇၀ ကျော်တုန်းက ဘရာဇီးတောင်ပံကစားသမား ဂါရင်ချာဟာ ချီလီနဲ့ကန်တဲ့ အကြိုဗိုလ်လုပွဲမှာ ထုတ်ပယ်ခံခဲ့ရပေမဲ့ ဗိုလ်လုပွဲမှာ ပါဝင်ကစားဖို့ ပြန်လည်ဆုံးဖြတ်ခံခဲ့ရသလိုမျိုး ဖြစ်လာတာဖြစ်ပါတယ်။

    ထရမ့်ကို ဖီဖာ ငြိမ်းချမ်းရေးဆု ပေးခဲ့တာနဲ့ပတ်သက်ပြီး အင်ဖာတီနိုကို စုံစမ်းစစ်ဆေးဖို့ ဖီဖာကျင့်ဝတ်ဌာနဟာ တိုက်တွန်းခံနေရပါတယ်။ နိုင်ငံရေးဘက်ယိမ်းမှု မရှိရဘူးဆိုတဲ့အချက်ကို ခြိမ်းခြောက်တယ်ဆိုတဲ့အချက်ကို ထောက်ပြပြီး စုံစမ်းဖို့ တိုက်တွန်းတာဖြစ်ပါတယ်။

    ဖီဖာဟာ ဘောလုံးမှာ နိုင်ငံရေးဆက်နွှယ်မှုကို တားမြစ်ထားပါတယ်။

    အခုတော့ အမေရိကန်အုပ်ချုပ်ရေးပိုင်းက ပါဝင်လာပြီဖြစ်လို့ ဖီဖာအတွက် နောက်ထပ် ဖြေရမယ့်မေးခွန်းတွေလည်း ရှိနေပါတယ်။

    ဒါပေမဲ့ အဲဒီမတိုင်ခင်တော့ အားလုံးဟာ အမေရိကန်အတွက် ဂိုးအများဆုံးသွင်းပေးထားတဲ့ ဘာလဂန်တစ်ယောက် ဘယ်လ်ဂျီယံပွဲမှာ ကစားပုံ အာရုံစိုက်နေကြမှာဖြစ်ပါတယ်။

  3. ဖိလစ်ပိုင်အထက်လွှတ်တော်မှာ ဒုသမ္မတကို ပြစ်စွဲပြစ်တင်ကြားနာပွဲ ရဲ ၆,၀၀၀ လုံခြုံရေးချ

    ဖိလစ်နိုင်ငံ၊ မနီလာမြို့တော်ရဲ့ ဆီးနိတ်လွှတ်တော် အဆောက်အအုံမှာ ဒုတိယ သမ္မတ ဆာရာ ဒူတာတေးကို ရာထူးကနေ ဖယ်ရှားရေး ပြစ်တင်စွပ်စွဲတဲ့ ကြားနာပွဲ ရှိနေတာမှာ ရဲအစောင့်အကြပ် ထောင်ပေါင်းများစွာ နေရာ ချထားခဲ့ရပါတယ်။

    မစ္စ ဒူတာတေး အပြစ်ရှိကြောင်း အထက် ဆီးနိတ် လွှတ်တော်ကနေလည်း ဆုံးဖြတ် ပေးဖို့ ဆန္ဒပြသမားတွေ အများအပြား ဆီးနိတ် အပြင်ဘက်မှာ စုဝေး တောင်းဆို ကြပါတယ်။

    အောက်လွှတ်တော်ကတော့ မစ္စ ဒူတာတေးကို ရာထူးကနေ ဖယ်ရှားဖို့ ပြီးခဲ့တဲ့ မေလကတည်းက ဆုံးဖြတ်ခဲ့ကြပြီးဖြစ်ပါတယ်။

    သမ္မတဟောင်း ရော့ဒရီဂို ဒူတာတေးရဲ့သမီးဖြစ်သူ ဆာရာ ဒူတာတေးဟာ အကျင့်ပျက် ခြစားမှု၊ လာဘ်ယူမှုနဲ့ တခါက နိုင်ငံရေးမိတ်ဖက် ဖြစ်ခဲ့တဲ့ လက်ရှိသမ္မတ ဖာဒီနန် မားကို့စ်ကို လုပ်ကြံ သတ်ဖြတ်ရန် ပူးပေါင်းကြံစည်မှု စွဲချက်တွေနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

    မစ္စ ဒူတာတေးနဲ့ပတ်သက်ပြီး ဘယ်လိုဆုံးဖြတ်ရမလဲဆိုတာ ဆီးနိတ်ထဲမှာ အတော်လေး နက်နက်ရှိုင်းရှိုင်းသဘောထား ကွဲလွဲနေပါတယ်။

    ဆီးနိတ်လွှတ်တော်အမတ် အရေအတွက် ၃ ပုံ ၂ ပုံ ကသာ မစ္စ ဒူတာတေး အပြစ်ရှိကြောင်း ဆုံးဖြတ်ရင်၊ ဒုသမ္မတ နေရာကနေ ဖယ်ရှား ခံရမှာ ဖြစ်ပါတယ်။

    အများပြည်သူ အလယ်မှာ အသက် ၄၈ နှစ်အရွယ် ဆာရာ ဒူတာဒေးဟာ လူကြိုက်များ နေဆဲ ဖြစ်ပြီး လာမယ့် ၂၀၂၈ သမ္မတ ရွေးကောက်ပွဲကျရင် အနိုင်ရဖို့ ရေးပန်းစားသူတွေထဲ ထိပ်ဆုံးက ပါဝင်နိုင်ပါတယ်။

    အခုဆီးနိတ်ကြားနာပွဲမှာ ဆာရာ ဒူတာတေး လူကိုယ်တိုင် တက်ရောက်မှာ မဟုတ်ဘူးလို့ သူ့ရဲ့ရုံးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

  4. အီရန်ဦးသျှောင်ရဲ့စျာပန - လူပင်လယ်ကြီးက နောက်ဆုံးနှုတ်ဆက်နေ

    ကွယ်လွန်သူ အီရန် ဦးသျှောင် အလီခါမေနီရဲ့ ရုပ်အလောင်း ထည့်သွင်းထားတဲ့ ခေါင်းတလားကို တီဟီရန်မြို့လယ်ကို ဖြတ်ပြီး တဖြည်းဖြည်းချင်း သယ်လာတာမှာ၊ မြို့လယ်တလျှောက် ဝမ်းနည်း ပူဆွေးနေတဲ့ အီရန် ပြည်သူတွေနဲ့ လူပင်လယ်ကြီး သဖွယ် ပြည့်လျှံနေခဲ့ကြပါတယ်။

    ခေါင်းတလား သယ်ဆောင်ရာမှာ ဖြတ်သန်းသွားမယ့် သတ်မှတ်လမ်းကြောင်း တစ်ခုလုံး ပြီးမြောက်ဖို့ဆိုရင် ၁၀ နာရီကျော်ကြာအချိန် ယူမယ်လို့ ခန့်မှန်းရပါတယ်။

    အီရန် ဦးသျှောင် အယာတိုလာ ခါမေနီဟာ အမေရိကန်-အစ္စရေးတို့ ဖေဖော်ဝါရီလကုန်မှာ လေကြောင်း ပူးပေါင်းတိုက်ခိုက်တဲ့ပထမဆုံးရက်မှာပဲ သေဆုံးခဲ့တာဖြစ်ပါတယ်။

    အခုလိုစျာပနအခမ်းအနားမှာ အီရန်ပြည်သူတွေအများအပြား ပါဝင်လာကြတာဟာ ကမ္ဘာကြီးကို သတင်းစကား ပေးပို့ရာ‌ ရောက်တယ်လို့ တီဟီရန်ကို ရောက်နေတဲ့ ဘီဘီစီရဲ့ နိုင်ငံတကာသတင်းထောက်ချုပ် လိစ် ဒူးဆက်စ်က ပြောပါတယ်။

    “စစ်ပွဲကာလ ပေါ်ထွန်းလာခဲ့တဲ့အီရန်ခေါင်းဆောင်တွေအနေနဲ့ အခု စျာပန အခမ်းအနား ကနေ ကမ္ဘာကြီးကို ပြသလိုတာကတော့ အီရန်ရဲ့အင်အားကို သာမက သူတို့ အခေါ် အံတု ခုခံမှုနဲ့ တုံ့ပြန်လက်စားချေမှုတို့ပါ ပါဝင်နေပါတယ်” လိစ် ဒူးဆက်စ် ပြောပါတယ်။

    အလီခါမေနီရဲ့ရုပ်အလောင်း ထည့်ထားတဲ့ ခေါင်းတလားကို တီဟီရန်မြို့တော် မိုဆာလာ ဝတ်ကျောင်းတော်ကြီးမှာ ပြီးခဲ့တဲ့သောကြာနေ့ကတည်းက နိုင်ငံတော်စျာပန အနေနဲ့ အများပြည်သူက ပြသထားခဲ့ပါတယ်။

    ကမ္ဘာတလွှား အီရန့် မဟာမိတ်နိုင်ငံတွေက ခေါင်းဆောင်တွေနဲ့ ကိုယ်စားလှယ်တွေ တက်ရောက်သလို နေပြည်တော်ကလည်း သူ့တို့ရဲ့အမျိုးသားလုံခြုံရေးအကြံပေး စစ်ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အောင်စန်းကို စေလွှတ်ခဲ့ပါတယ်။

    မြန်မာ့အိမ်နီးချင်း ထိုင်းကတော့ ဝန်ကြီးချုပ်ရဲ့အကြံပေးလည်းဖြစ်၊ နိုင်ငံခြားရေးဝန်ကြီး ဟောင်းလည်းဖြစ်တဲ့ မစ္စတာ ပန်ပရီးကို တက်ရောက်စေခဲ့ပါတယ်။

    အီရန်ခေါင်းဆောင်ဟောင်း ခါမေနီရဲ့ စျာပနအခမ်းအနား တစ်ခုလုံး အစအဆုံးကို ၆ ရက်တာ အချိန်ယူ သွားမှာ ဖြစ်ပြီး လာမယ့် ကြာသပတေးနေ့ကျရင် အလီခါမေနီရဲ့ ဇာတိမြို့ မာရှာ့ဒ်မှာ မြေမြှုပ် သင်္ဂြိုဟ်ခြင်းနဲ့ အဆုံးသတ်မှာဖြစ်ပါတယ်။

  5. ထန်းတပင်မှာ က‌လေးငယ်ကို နားကပ်လုသတ်ဖြတ်ခဲ့သူလို့ဆိုသူကို နတ်တလင်းမှာဖမ်းမိ

    ရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ်၊ တူးချောင်းရွာက အသက် ၅ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး နားကပ်လုယက် သတ်ဖြတ်ခံရမှုမှာ ကျူးလွန်ခဲ့တဲ့သံသယတရားခံဆိုသူ အမျိုးသားကို ပဲခူးတိုင်း၊ နတ်တလင်းမြို့ပေါ်မှာ ဒီနေ့မနက်ပိုင်း ဖမ်းမိတယ်လို့ အခြေအနေသိရှိတဲ့ ဒေသခံက ပြောပါတယ်။

    အဲဒီအမျိုးသားကို နတ်တလင်းမြို့မ ရဲစခန်းမှာ ဖမ်းဆီးထားပြီး ထန်းတပင်မြို့နယ် ရဲတပ်ဖွဲ့နဲ့ ချိတ်ဆက် လွှဲပြောင်းပေးဖို့ လုပ်နေတယ်လို့လည်း သူက ပြောပါတယ်။

    နတ်တလင်းမြို့ပေါ်မှာ ရဲတွေက ကင်းလှည့်ချိန် မြို့လယ်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့မှာ မသင်္ကာသူတစ်ဦးကို တွေ့ရှိပြီး စစ်ဆေးမေးမြန်းရာကနေ မိန်းကလေးငယ်ကို သတ်ဖြတ်ခဲ့တဲ့သံသယတရားခံဖြစ်ကြောင်း ပေါ်ပေါက်ခဲ့တာလို့ မြေပြင်အခြေအနေသိသူတစ်ဦးက ဆိုပါတယ်။

    စစ်တပ်ထောက်ခံတဲ့တယ်လီဂရန်ချန်နယ်တွေမှာ ရဲတပ်ဖွဲ့က သံသယတရားခံကို ဖမ်းမိထားပြီဆိုပြီး ဓာတ်ပုံတချို့နဲ့အတူ ရေးသားဖော်ပြနေကြတာ တွေ့ရပါတယ်။

    အသတ်ခံရတဲ့ကလေးငယ်ရဲ့ရုပ်အလောင်းစစ်ဆေးချက်အရ အဓမ္မပြုကျင့်ခံထားရတဲ့ လက္ခဏာတွေ့ရသလို နားနှစ်ဖက်မှာလည်း ပြတ်လုဒဏ်ရာတချို့နဲ့ ရင်ဘတ်မှာလည်း အညိုအမည်းစွဲနေတဲ့ လက္ခဏာတွေတွေ့ရတယ်လို့လည်း တယ်လီဂရမ်ချန်နယ်တွေက ရေးသားပါတယ်။

    ဇူလိုင် ၃ ရက်တုန်းက တူးချောင်းရွာက မိန်းကလေးငယ်တစ်ဦးဟာ နားကပ်လုယက်ခံရပြီး အဓမ္မပြုကျင့် သတ်ဖြတ်ခံရပြီးနောက် ရုပ်အလောင်းကို ဆာလာအိတ်နဲ့ပတ်ပြီး ရွာထဲက အမှိုက်ပုံမှာ စွန့်ပစ်ခံခဲ့ရတာလို့ ဖြစ်စဉ်ကိုသိရှိထားသူတစ်ဦးက အစောပိုင်းမှာပြောပါတယ်။

    ရုပ်အလောင်းကို မိသားစုနဲ့ ရွာခံတွေက ဇူလိုင် ၃ ရက် ညသန်းခေါင်လောက်မှ တွေ့ခဲ့ပြီးတဲ့နောက် လှိုင်သာယာအ‌ရှေ့ပိုင်းဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့ ဆေးရုံပို့ဆောင်ပေးခဲ့တဲ့ ကူညီရေးအဖွဲ့က လူမှုကွန်ရက်မှာ ရေးပါတယ်။

    ဖမ်းဆီးခံအမျိုးသားဟာ အသက် ၃၃ နှစ်အရွယ်ရှိပြီး ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ်ဇာတိဖြစ်တယ်လို့လည်း သိရပါတယ်။

    လက်ရှိမှာ သံသယံတရားခံကို ထန်းတပင်မြို့နယ်၊ တက်သစ်နယ်မြေရဲစခန်းကနေ ရာဇသတ်ကြီးပုဒ်မ ၃၀၂ လူသတ်မှုနဲ့ ပုဒ်မ ၃၉၂ လုယက်လူသတ်မှုတွေနဲ့ အမှုဖွင့်ထားတယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။

  6. ကမ္ဘာ့လူဦးရေအများဆုံး ၁၀ နိုင်ငံထဲက ၈ နိုင်ငံ ကမ္ဘာ့ဖလားမှာ မပါတာ ဘာကြောင့်လဲ

    ဇွန်လ ၁၇ ရက်မှာ အာဂျင်တီးနားအသင်း ၂၀၂၆ ကမ္ဘာ့ဖလား အဖွင့်ပွဲ ကစားချိန် အာဂျင်တီးနားဘောလုံးအကျော်အမော် လီယွန်နယ် မက်ဆီတစ်ယောက် အယ်လ်ဂျီးရီးယားအသင်း ဂိုးသမားကို ကျော်ပြီး ဂိုးသွင်းကြတဲ့အခါ ဒီပွဲကို စောင့်ကြည့်နေတဲ့ပရိသတ်တွေကြား အုန်းအုန်းကျက်ကျက်ဖြစ်ကုန်ပါတယ်။

    သူတို့တွေ အာဂျင်တီးနားအသင်းကို အားပေးနေကြတာဖြစ်ပါတယ်။ ဒါပေမဲ့ လူအုပ်ထဲမှာ အာဂျင်တီးနားနိုင်ငံသား တစ်ယောက်တောင် မပါဝင်ပါဘူး။ ပရိသတ်တွေ ပျော်လွန်းလို့ ထ ခုန်ကြပါတယ်။ အများစုက အာဂျင်တီးနားအသင်းနဲ့နာမည်ကျော် အဖြူရောင်နဲ့ ကောင်းကင်ပြာရောင်အင်္ကျီတွေ ဝတ်ထားကြပါတယ်။ ဒါဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော်ဒါကာက ဘောလုံးပွဲစုကြည့်ကြတဲ့လေဟာပြင်ပွဲ တစ်ခုမှာ မြင်ရတာပါ။

    အိန္ဒိယနဲ့ အင်ဒိုနီးရှားနိုင်ငံတို့က မြို့ကြီးတွေမှာလည်း အလားတူ မြင်ကွင်းမျိုးနဲ့ ကွင်းထဲ ဘောလုံးစုကြည့်ကြတာတွေ ရှိပါတယ်။

    ဒီလူတွေဟာ သူတို့နိုင်ငံအသင်းတွေ ကမ္ဘာ့ဖလား ခြေစစ်ပွဲတောင် မအောင်ကြတဲ့အခါ မက်ဆီနဲ့ အာဂျင်တီးနား အသင်းသားတွေကို သူတို့ နိုင်ငံအသင်းလို မှတ်ယူပြီး အားပေးလိုက်ကြတာဖြစ်ပါတယ်။

    အပြည့်အစုံကို ဒီလင့်ခ် ကနေ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

  7. ရှမ်းမြောက်က ရဲ မီးသတ်နဲ့ အရပ်ဘက်ဝန်ထမ်းတွေကို အရန်အင်အားအဖြစ်စာရင်းပြုစုဖို့ ညွှန်ကြား

    ရှမ်းပြည်နယ်(မြောက်ပိုင်း)က လားရှိုးအပါအဝင် တိုင်းရင်းသားလက်နက်ကိုင်ထိန်းချုပ်မြို့နယ်တွေက ဌာနဆိုင်ရာဝန်ထမ်းတွေစာရင်းကို စစ်တပ်ရဲ့ အရန်အင်အား စာရင်းထဲ ထည့်သွင်းဖို့ နေပြည်တော်က ညွှန်ကြားထားတယ်ဆိုပြီး ရှမ်းမြောက်ဝန်ထမ်းအချို့ဆီကနေ ဘီဘီစီက သိရပါတယ်။

    ရှမ်းမြောက်က စစ်တပ်ထိန်းချုပ်မြို့နယ်တွေရော၊ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေ ထိန်းချုပ်ထားတဲ့မြို့နယ်အချို့မှာပါ ဌာနဆိုင်ရာဝန်ထမ်းတွေကို အရန်အင်အားအတွက် ဝန်ထမ်းစာရင်းပြုစုဖို့ ညွှန်ကြားတဲ့ လျှို့ဝှက်စာ ပေါက်ကြားလာပြီးတဲ့နောက် ဝန်ထမ်းအချို့က အခုလိုပြောပြလာတာဖြစ်ပါတယ်။

    ရှမ်းမြောက်အတွက် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲရဲ့ ဥက္ကဋ္ဌ လက်မှတ်ရေးထိုးထားတဲ့အဲဒီလျှို့ဝှက်စာမှာတော့ မြို့နယ်အလိုက် အသက် ၁၈ နှစ်ကနေ ၆၀ နှစ်အတွင်းရှိတဲ့ ရဲနဲ့ မိသားစုဝင်တွေ၊ မီးသတ်တပ်ဖွဲ့ဝင်တွေ အပါအဝင် ဌာနဆိုင်ရာဝန်ထမ်းအားလုံးရဲ့လူစာရင်းကို ပြုစုခိုင်းတာဖြစ်ပါတယ်။

    ပြုစုပြီးတဲ့စာရင်းကို လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ရဲ့ စစ်ဦးစီးဌာန(ပြည်သူ့စစ်ဌာနခွဲ)ကို ဇူလိုင် ၂ ရက်မှာ ပေးပို့ဖို့ ဒေသတွင်းက မြို့နယ် ၁၃ ခုကို အကြောင်းကြားထားတာ တွေ့ရပါတယ်။

    စစ်တပ်ထိန်းချုပ်ထားတဲ့ မူဆယ်၊ လားရှိုး၊ ကျောက်မဲ၊ နောင်ချို၊ သီပေါနဲ့ မိုးမိတ်အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်တွေထိန်းချူပ်ထားတဲ့ သိန္နီ၊ ကွမ်လုံ၊ နမ္မတူ၊ နမ့်ခမ်း၊ မဘိမ်း၊ တန့်ယန်းနဲ့ မိုင်းရယ် စတဲ့ မြို့နယ်ရုံးတွေကို လူစာရင်း မပျက်မကွက်ပို့ဖို့ အကြောင်းကြားခိုင်းထားတာကို စာထဲမှာ တွေ့ရပါတယ်။

    နေပြည်တော်ကနေ အခုလိုအရန်အင်အားတွေ စုစည်းနေတာဟာ ရှမ်းမြောက်မှာ မြန်မာစစ်တပ် လက်လွှတ်ထားရတဲ့ မြို့နယ်တွေမှာ ဌာနဆိုင်ရာ ရုံးတချို့ ပြန်ဖွင့်နိုင်အောင် ကြိုးပမ်းဖို့ ခြေလှမ်းပြင်နေတာဖြစ်သလို ရှမ်းမြောက်‌ဒေသက တိုင်ရင်းသားတပ်တချို့နဲ့ တင်းမာမှုတွေ ဆက်ရှိနေတာကြောင့် အင်အားပြင်ဆင်တဲ့ သဘောလို့ ရှမ်းမြောက်က စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။

    “တိုင်းရင်းသားလက်နက်ကိုင်တပ်တွေဆီက တရုတ်အကူအညီနဲ့ မြို့တွေပြန်တောင်းနေတာ မရတော့ စစ်တပ်နဲ့ လက်နက်ကိုင်တပ်တချို့ ကြား တင်းမာမှုတွေဖြစ်နေတာရှိတယ်” လို့ သူက ဆက်ပြောပါတယ်။

    စစ်တပ်က ရှမ်းမြောက်ဒေသက ကိုးကန့်တပ်နဲ့ တအာင်းတပ်(TNLA)တို့နဲ့ အပစ်ရပ်ထားပေမဲ့ အဲဒီတပ်တွေထိန်းချုပ်ထားတဲ့မြို့တွေကို ပြန်ပေးဖို့ တရုတ်ကြားဝင်ပေးမှုနဲ့ အကြိမ်ကြိမ်တောင်းဆိုနေတာ ဖြစ်ပါတယ်။

    မနေ့ ဇူလိုင် ၅ ရက် ညပိုင်းမှာ စစ်တပ်ထိန်းချုပ်ထားတဲ့ကျောက်မဲမြို့နယ်ထဲ နေရာချို့မှာ လက်နက်ကြီး ပစ်ခတ်အသံအချို့ ကြားလိုက်ရတယ်လို့ ကျောက်မဲဒေသခံအချို့က ဘီဘီစီကို ပြောပါတယ်။

    ကျောက်မဲမှာ စစ်တပ်က မြို့ပေါ်ကို ထိန်းချုပ်ထားပေမဲ့ ဗျူဟာကုန်းရှိတဲ့အမှတ် ၅၀၁ နဲ့ ၅၀၂ ကုန်းတွေကိုတော့ TNLA ကပဲ ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။

    နေပြည်တော်က‌တော့ ရှမ်းမြောက်ဒေသက ဌာနဆိုင်ရာဝန်ထမ်းတွေကို အရန်အင်အားအဖြစ် စုစည်းခိုင်းတာနဲ့ပတ်သက်လို့ ဒီနေ့ ဇူလိုင် ၆ ရက် ညနေပိုင်းအထိ သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။

  8. လူ ၂၀၀ ‌ကျော်သေဆုံးခဲ့တဲ့ Sky Villa ကွန်ဒိုရဲ့ဆောက်လုပ်ရေးပိုင်ရှင် ထောင် ၅ နှစ်ကျ

    မြန်မာမှာ ၂၀၂၅ ခုနှစ်၊ မတ်လတုန်းက လှုပ်ခတ်ခဲ့တဲ့ငလျင်ကြီးအတွင်း လူပေါင်း ၂၀၀ ကျော်သေဆုံးခဲ့တဲ့မန္တလေးမြို့က Sky Villa ကွန်ဒိုကို ဆောက်လုပ်တဲ့ပိုင်ရှင် ဦးနိုင်ထွန်းလင်းဟာ ပုဒ်မ ၃၀၄(က)နဲ့ အလုပ်နဲ့ထောင်ဒဏ် ၅ နှစ် ချမှတ်ခံလိုက်ရတယ်လို့ ဒီအခြေအနေကိုသိရတဲ့ သတင်းရင်းမြစ်တချို့က ဘီဘီစီကို အတည်ပြုပါတယ်။

    Sky Villa ကွန်ကိုဆောက်ခဲ့တဲ့ NTL ‌ဆောက်လုပ်ရေးပိုင်ရှင် ဦးနိုင်ထွန်းလင်းကို မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ် တရားရုံးကနေ လူသေစေမှု ပုဒ်မနဲ့ ဇွန်လ ၂၃ ရက်မှာ အမိန့်ချလိုက်တာလို့ အမှုအခြေနေသိရှိသူက ပြောပါတယ်။

    သတင်းရင်းမြစ်ရဲ့ ပြောပြချက်အရ ထောင်ဒဏ် ၅ နှစ်ချတဲ့ တရားရုံးရဲ့ စီရင်ချက်အပေါ် တရားလိုဘက်က ကျေနပ်မှုမရှိတာကြောင့် ပြင်ဆင်ပေးဖို့ အထက်တရားရုံးဖြစ်တဲ့ ခရိုင်တရားရုံးကို လျှောက်ကြားထားတယ်လို့လည်း နားလည်ရပါတယ်။

    ဒီအမှုကို အောင်မြေသာစံမြို့နယ်၊ မန္တလေးနန်းရှေ့၊ အမှတ် ၁ ရဲစခန်းမှာ ဖွင့်ခဲ့တာဖြစ်ပြီး အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန(စသုံးလုံး)ကနေ အမှုကို ကိုင်တွယ်ခဲ့တာလို့ ပြည်ထဲရေးဝန်ကြီးဌာနသတင်းရင်းမြစ်တစ်ဦးက အစောပိုင်းကတည်းက ပြောပါတယ်။

    Sky Villa ကွန်ဒိုအိမ်ရာဟာ ငလျင်လှုပ်ခတ်ပြီးနောက် စက္ကန့်ပိုင်းအတွင်းမှာပဲ အဆောက်အဦအားလုံးနီးပါးပြိုကျပျက်စီးခဲ့လို့ ကွန်ဒိုအခန်းတွေမှာ နေထိုင်သူ လူ ၂၀၆ ဦး သေဆုံးခဲ့ပါတယ်။ Sky Villa ကွန်ဒိုတိုက်ခန်းတွေကို ကြော်ငြာရောင်းချခဲ့ချိန်မှာ ငလျင်ဒဏ်ခံနိုင်တဲ့ဆိုတဲ့ အချက်ကိုပါ ထည့်သွင်း‌ ကြော်ငြာခဲ့တာဖြစ်ပါတယ်။

    ဒါပေမဲ့ ငလျင်ကြီးလှုပ်ခတ်တဲ့အခါ ပြိုကျပြီး လူပေါင်းရာချီ သေဆုံးရမှုမှာ ဆောက်လုပ်ရေးလုပ်ငန်းပိုင်ရှင် ဦးနိုင်ထွန်းလင်းဟာ ထောင် ၅ နှစ်ချမှတ်ခံရတဲ့အပေါ် ပြိုကျမှုမှာ နစ်နာခဲ့သူတွေက မကျေမနပ်ဖြစ်နေကြတယ်လို့ Sky Villa ပြိုကျမှုမှာ မိသားစုဝင် ၄ ဦး ဆုံးရှုံးလိုက်ရသူ တစ်ဦးက ထုတ်ပြောပါတယ်။

    “အကုန်လုံးက ဂရုထဲမှာ ရေးနေ ပြောနေကြတာ၊ လူတွေ အများကြီး သေတယ်။ အခန်းတွေလည်း ဆုံးရှုံးတယ်။ ထောင်ဒဏ်က ၅ နှစ်တည်းဆို‌တော့ ဘယ်သူမှ မကျေနပ်ကြဘူး”လို့ ကွန်ဒို မပြိုကျခင် အခန်းပိုင်ရှင်တွေ စုဖွဲ့ထားတဲ့အွန်လိုင်းဂရုမှာ ရေးသားနေကြတာတွေ မြင်တွေ့နေရတာကို သူက ရှင်းပြပါတယ်။

    Sky Villa ဘက်ကတော့ သေဆုံးခဲ့သူတစ်ဦးကို “ကရုဏာကြေး” အဖြစ်ဆိုပြီး ကျပ်သိန်း ၁၀၀ ထောက်ပံ့ခဲ့ပြီး ပြီးခဲ့တဲ့မတ်လမှာတော့ အုပ်ချုပ်ရေးဦးစီးဌာနက အခန်းပိုင်ရှင်တစ်ယောက်ချင်းစီအတွက် ''ကူညီငွေ'' အနေနဲ့ တစ်ယောက်ကို ကျပ်ငွေ သိန်း ၂၀၀နဲ့ ဆောက်လုပ်ရေးပစ္စည်းတချို့ ပေးခဲ့တယ်လို့ အခန်းပိုင်ရှင်တချို့ဆီကနေ မတ်လတုန်းက သိရပါတယ်။

    ဒါပေမဲ့ ငလျင်ကြောင့် Sky Villa ပြိုကျမှုမှာ ပျက်စီးသွားတဲ့အခန်းတွေရဲ့ ပိုင်ရှင်တွေအတွက် နစ်နာကြေးပေးမယ်ဆိုတာမျိုး အခု ဇူလိုင်လအထိ ကွန်ဒိုဘက်က ပြောလာတာ မရှိသေးဘူးလို့ ငလျင်မှာအိမ်ခန်းဆုံးရှုံးခဲ့သူတွေဆီကနေ သိရပါတယ်။V

  9. ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အလှူလုပ်တဲ့ NLD အမတ်ဟောင်း အင်းစိန်ထောင်မှာ ဖမ်းဆီးခံနေရ

    ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့အလှူပြုလုပ်ခဲ့တဲ့အကြောင်း လူမှုကွန်ရက်ပေါ် တင်ခဲ့တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အမတ်ဟောင်း ဒေါက်တာစောနိုင်ဟာ ပုဒ်မ ၅၀၅-က နဲ့ အမှုဖွင့်ခံရပြီး အင်းစိန်ထောင်မှာ ဖမ်းဆီးခံထားရတယ်လို့ မိသားစုနဲ့နီးစပ်သူတွေဆီကနေ သိရပါတယ်။

    သွားဆရာဝန် ဒေါက်တာစောနိုင်ဟာ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်ပြီး လွတ်မြောက်ဖို့ ဇွန်လ ၁၉ ရက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့မှာ သံဃာတွေကို လှူဖွယ်ဆက်ကပ်ပြီး ဆုတောင်းတဲ့ဓာတ်ပုံနဲ့စာကို သူ့ရဲ့လူမှုကွန်ရက်အကောင့်မှာ ရေးသားခဲ့ပြီးတဲ့နောက်မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

    အဲဒီနေ့မှာပဲ အာဏာပိုင်တွေက ဒေါက်တာစောနိုင်နဲ့ဇနီးဖြစ်သူကို ရန်ကုန်မြို့၊တောင်ဥက္ကလာမြို့နယ်ထဲက သူတို့ရဲ့နေအိမ်ကို လာရောက်ဖမ်းဆီးခဲ့ပြီး ဇနီးဖြစ်သူကိုတော့ နောက်ပိုင်းမှာ ပြန်လွှတ်ပေးလိုက်တယ်လို့ မိသားစုနဲ့နီးစပ်သူတစ်ဦးက ဆိုပါတယ်။

    ဒါပေမဲ့ ဒေါက်တာစောနိုင်ကတော့ နိုင်ငံတော်ဆူပူစေရန်လှုံဆော်မှု ရာဇသတ်ကြီးပုဒ်မ ၅၀၅-ကနဲ့ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ အမှုဖွင့်တရားစွဲခံထားရတယ်လို့ မိသားစုဝင်တွေနဲ့ နီးစပ်တဲ့ရှေ့နေအသိုင်းအဝိုင်းကနေ သိရပါတယ်။

    “အခုတော့ ဦးစောနိုင်ကို အင်းစိန်ထောင်ကို ပို့ထားတယ်”လို့ သိရတဲ့အကြောင်း ရှေ့နေတစ်ဦးက ပြောပါတယ်။

    ဒေါက်တာစောနိုင်ဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ တောင်ဥက္ကလာပမြို့နယ်ကနေ NLD ပါတီ ကိုယ်စားပြုဝင်ရောက်ယှဥ်ပြိုင်ပြီးနောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံခဲ့ရသူဖြစ်ပါတယ်။

    မြန်မာနိုင်ငံရှေ့နေ့များကောင်စီ(BLC) ရဲ့ အဖွဲ့ဝင်တစ်ဦးကတော့ ဒေါက်တာစောနိုင် ဖမ်းဆီးအမှုဖွင့်ခံရတဲ့အပေါ် ဒါဟာ နိုင်ငံရေးလှုပ်ရှားမှုတစ်ခုမဟုတ်သလို ကိုးကွယ်တဲ့ ဘာသာအလိုက် မွေးနေ့မှာ ဆွမ်းကပ်ပြီး ဆုတောင်းစာမျှဝေတာဟာ အမှုဖွင့် အရေးယူရတဲ့အထိ ပြစ်မှုမမြောက်ဘူးလို့ ကန့်ကွက်ပြောဆိုပါတယ်။

    ဒေါက်တာစောနိုင် တရားစွဲဆိုခံထားရတဲ့ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က ဟာ ထောင်ဒဏ်နဲ့ ငွေဒဏ်၂ ရပ်လုံးအရေးယူခံရနိုင်သလို အမြင့်ဆုံးထောင်ဒဏ် ၃ နှစ်အထိ ချမှတ်ခံရနိုင်တဲ့ ပုဒ်မဖြစ်ပါတယ်။

  10. မဲခေါင်မြစ်ကနေ ဓာတ်အား မဂ္ဂါဝပ် ထောင်ချီထုတ်ဖို့ နေပြည်တော်နဲ့လာအို ခြေလှမ်း

    မြန်မာနဲ့ လာအိုကို ဖြတ်သန်းစီးဆင်းတဲ့ မဲခေါင်မြစ်ကနေ မဂ္ဂါဝပ် ၂,၇၀၀ ကျော် လျှပ်စစ်ဓာတ်အားထုတ်ဖို့ စီမံကိန်းဖြစ်တန်ခြေသဘောတူညီချက်ကို နေပြည်တော်နဲ့ လာအိုတို့ လက်မှတ်ရေးထိုးလိုက်တယ်လို့ နှစ်ဖက်ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

    မဲခေါင်မြစ်ကနေ ရေအားလျှပ်စစ်ထုတ်ဖို့ စီမံကိန်းဖြစ်တန်ခြေလေ့လာရေး သဘောတူညီချက်ကို နေပြည်တော်နဲ့ လာအိုကြား ဗီယန်ကျင်းမြို့မှာ ဇူလိုင် ၄ ရက်တုန်းက လက်မှတ်ထိုးခဲ့တာဖြစ်ပါတယ်။

    နေပြည်တော် သမ္မတဦးမင်းအောင်လှိုင် လာအိုနိုင်ငံကို သွားတဲ့ ၃ ရက်ကြာခရီးအတွင်းမှာ ဒီစီမံကိန်း လက်မှတ်ထိုးခဲ့တာလည်း ဖြစ်ပါတယ်။

    မဲခေါင်မြစ်ဟာ မြန်မာမှာဆိုရင် ရှမ်းအရှေ့ တာချီလိတ်နဲ့ လာအိုဘက်မှာဆိုရင် လွမ် နမ်သာ ခရိုင်တို့ကို ဖြတ်သန်းစီးဆင်းပြီး မိုင် ၁၅၀ နီးပါးနဲ့ မြန်မာ- လာအိုပိုင်နက်ကို ပိုင်းခြားထားပါတယ်။

    နေပြည်တော်ကတော့ ရည်မှန်းထားတဲ့ ဒီရေအားလျှပ်စစ်စီမံကိန်းကနေ လျှပ်စစ် မဂ္ဂါဝပ် ၂,၇၉၀ အထိထုတ်လုပ်ဖို့နဲ့ စီမံကိန်းဖြစ်တန်ခြေကို ၃ နှစ်အတွင်းပြုလုပ်ဖို့ သဘောတူထားတယ်လို့ ထုတ်ပြန်ချက်တွေက ဆိုပါတယ်။

    ဒီစီမံကိန်းအတွက် မြန်မာဘက်က Primus Sapphire Power Co., Ltd နဲ့ လာအိုနိုင်ငံက Phongsupthavy Group Sole Co., Ltd တို့ ပူးပေါင်းလုပ်ဆောင်ဖို့ လက်မှတ်ထိုးထားတယ်လို့လည်း ဆိုပါတယ်။

    အရပ်သားအစိုးရတွေလက်ထက်မှာ လာအိုနဲ့ မြန်မာကြား လျှပ်စစ်ကဏ္ဍပူးပေါင်း‌ ဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ(MOU)အရ ပူးပေါင်းဆောင်ရွက်မှုတွေရှိခဲ့ပါတယ်။

    လာအိုဘက်မှာ ထုတ်တဲ့ ရေအားလျှပ်စစ်တွေကို မြန်မာဘက်ကို လျှပ်စစ်လိုင်းတွေသွယ်တန်းပြီး ရောင်းချဖို့ ရည်ရွယ်လုပ်ဆောင်ခဲ့ကြတယ်လို့ နှစ်နိုင်ငံထုတ်ပြန်ချက်တွေမှာ ဖော်ပြပါတယ်။

    ရှမ်းအရှေ့က တာချီလိတ်မြို့ဟာ ထိုင်းနဲ့ လာအိုက တဆင့်ရောင်းချတဲ့လျှပ်စစ် ဓာတ်အားကို မီခိုနေရတာဖြစ်ပြီး ၂၀၂၅ ခုနှစ်မှာ ကျားဖြန့်နှိမ်နင်းရေးအောက်ကနေ ထိုင်းဘက်က လျှပ်စစ်ဓာတ်အား ဖြတ်တောက်လိုက်တဲ့အခါ လာအိုရဲ့လျှပ်စစ်ကို ပိုပြီး မှီခိုနေရပါတယ်။

    မဲခေါင်မြစ်ဝှမ်းမှာ လာအိုဟာ တရုတ်နည်းပညာအကူအညီယူပြီး သူ့တစ်ဦးတည်းသာမက တရုတ်နဲ့ ပူးပေါင်းမှုတွေလုပ်ထားတဲ့ ရေအားလျှပ်စစ်စီမံကိန်းတွေ အများဆုံးလုပ်ဆောင်နေတဲ့ နိုင်ငံဖြစ်ပြီး လာအိုနိုင်ငံအနေနဲ့ “အရှေ့တောင်အာရှရဲ့ ဘက်ထရီ” ဖြစ်လာဖို့အထိ ရည်မှန်းလုပ်ဆောင်နေတာဖြစ်ပါတယ်။

    လာအိုနိုင်ငံမှာဖြတ်သန်းစီးဆင်းတဲ့ မဲခေါင်မြစ်မကြီးပေါ်က ဆည်တချို့မှာလည်း ရေကာတာ ထပ်ဆောက်မယ့်စီမံကိန်းတွေရှိနေသလို မြစ်လက်တက်တွေ ပေါ်မှာလည်း ရေကာတာတွေ အရွယ်အစားအလိုက် ဆယ်နဲ့ချီရှိတယ်လို့ လာအိုက သတင်းဌာနတချို့ရဲ့ ဖော်ပြချက်တွေအရ သိရပါတယ်။

    တစ်ဖက်မှာလည်း လာအိုရဲ့မဲခေါင်မြစ်ဝှမ်းက ရေအားလျှပ်စစ် စီမံကိန်းတွေကြောင့် မဲခေါင်ဒေသရဲ့ငါးလုပ်ငန်းအပါအဝင် ‌ဂေဟစနစ်ပျက်စီးသလို မဲခေါင်မြစ်အောက်ဘက်က ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်နိုင်ငံတွေမှာလည်း ရေလုပ်ငန်းနဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေထိခိုက်တယ်ဆိုပြီး ဒီစီမံကိန်းတွေကို နိုင်ငံတကာ၊ ဒေသတွင်းနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက ကန့်ကွက်နေကြပါတယ်။

  11. ရခိုင်ရိုးမကပွိုင့်စခန်းတွေကို အေအေသိမ်းအပြီး ဧရာဝတီကို စစ်တပ်အင်အားဖြည့်

    ရခိုင်နဲ့ ဧရာဝတီအစပ်မှာ ခြေသံလုံလုံနဲ့စစ်ရေးဖော်ဆောင်နေတဲ့ အာရက္ခတပ်တော် (အေအေ)ဟာ ရခိုင်ရိုးမအရှေ့ခြမ်း ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်ထဲက ပွိုင့်စခန်း ၃ ခုနဲ့ ကာကင်း ၂ ခုကို သိမ်းယူလိုက်တဲ့အကြောင်း ဆက်တိုက်သတင်းထုတ်လာပါတယ်။

    အေအေသိမ်းလိုက်တဲ့ ပွိုင့်စခန်းတွေဟာ ဧရာဝတီတိုင်း ရေကြည်နဲ့ သာပေါင်းမြို့နယ်အစပ် ရခိုင်ရိုးမအခြေက စခန်းတွေလို့ စခန်းသိမ်းတိုက်ပွဲ အခြေအနေသိရှိသူက ပြောပါတယ်။

    အေအေကတော့ စခန်းတွေ အသိမ်းခံရတဲ့ စစ်တပ်ဟာ ရေကြည်မြို့နယ်ကနေ ရခိုင်အဝင် ဂွ- ငါးသိုင်းချောင်းလမ်းပေါ်က အမှတ် ၃၄၄ အမြောက်တပ်ရင်း၊ ငါးသိုင်းချောင်းနဲ့ လေးမျက်နှာမြို့နယ်တွေထဲမှာပါ အင်အားဖြည့်နေတယ်လို့ပြောပါတယ်။

    စစ်ရေးသုံးသပ်သူတွေကတော့ ဒီစခန်းတွေဟာ ရခိုင်ရိုးမတစ်လျှောက် စစ်ရေးလှုပ်ရှားမှုတွေကို စောင့်ကြည့်နိုင်ဖို့နဲ့ ဂွမြို့နယ်ဘက်ကို စစ်တပ် မထိုးဖောက်နိုင်အောင် ပြင်ဆင်ကာကွယ်ဖို့ အရေးပါတယ်လို့ မှတ်ချက်ပေးပါတယ်။

    ဆောင်းပါးအပြည့်အစုံကို ဒီလင့်ခ် ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

  12. ရန်ကုန်နဲ့ မွန် အပါအဝင် ဒေသ ၃ ခုမှာ လေဆင်နှာမောင်းတိုက်၊ အိမ်အလုံးရေ ၅၀ ထက်မနည်းပျက်စီး

    ရန်ကုန်တိုင်းထဲက တိုက်ကြီး-ဥက္ကံမြို့၊ ပဲခူးတိုင်း၊ သာယာဝတီမြို့နယ်ထဲက ငဖြူကလေးရွာနဲ့ မွန်ပြည်နယ်ထဲက ပေါင်မြို့နယ် စတဲ့နေရာတွေမှာ ဇူလိုင် ၅ ရက် ညပိုင်းက လေဆင်နှာမောင်းတိုက်ခတ်ခဲ့တာကြောင့် နေအိမ်နဲ့ အဆောက်အဦဆယ်ချီပျက်စီးသွားတယ်လို့ အဲဒီနေရာတွေမှာနေထိုင်တဲ့ ဒေသခံတချို့က ဘီဘီစီကိုပြောပါတယ်။

    ဥက္ကံမြို့ထဲက ဘိုသိုးကျေးရွာမှာ နေအိမ် ၃၀ ထက်မနည်းပျက်စီးခဲ့တယ်လို့ မီးသတ်ဦးစီးဌာနကထုတ်ပြန်ထားပါတယ်။ ပေါင်မြို့ထဲက ကဒါရပ်ကွက်မှာတော့ နေအိမ်အပြင် စာသင်ကျောင်း၊ ဌာနဆိုင်ရာရုံး၊ ဘုန်းကြီးကျောင်း၊ ဈေးဆိုင်တချို့အပါအဝင် အဆောက်အအုံဆယ်ချီ ပျက်စီးခဲ့တယ်လို့ ကူညီကယ်ဆယ်‌ရေးဆောင်ရွက်ပေးသူတချို့ဆီက သိရပါတယ်။

    ဒ့ါအပြင် ဘုန်းကြီးကျောင်းထဲက သံဃာတစ်ပါးလည်း လေဆင်နှာမောင်းတိုက်မှုကြောင့်ထိခိုက်ဒဏ်ရာရခဲ့ပြီး မနေ့ညပိုင်းမှာပဲ မော်လမြိုင်ဆေးရုံကို ပို့ဆောင်ထားတယ်လို့ ပေါင်မြို့နယ် နာရေးကူညီမှုအသင်းက ပြောပါတယ်။ ငဖြူကလေးကျေးရွာမှာတော့ လေဆင်နှာမောင်းတိုက်လို့ အထကခွဲ စာသင်ကျောင်းဆောင်တစ်ခု အမိုးလန်သွားတယ်လို့ သိရပါတယ်။

    အလားတူ ရန်ကုန်တိုင်းထဲက ကွမ်းခြံကုန်းမြို့နယ်နဲ့ မွန်ပြည်နယ်ထဲက မော်လမြိုင်မြို့နယ်ထဲက ကျေးရွာတချို့မှာလည်း မနေ့ညပိုင်းမှာပဲ မိုးကြီးပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၁၀ လုံးထက်မနည်း အမိုးလန်ပြီးထိခိုက်ပျက်စီးခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

    မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီဌာနကတော့ ဒီကနေ့ ဇူလိုင် ၆ ရက် မနက်ပိုင်း မှာ အိန္ဒိယ၊ ဩရိဿပြည်နယ်မြောက်ပိုင်းကမ်းခြေကို ဘာလဆောမြို့အနီးကနေ ဖြတ်ကျော်ဝင်ရောက်ခဲ့တဲ့ မုန်တိုင်းငယ်ရဲ့ အရှိန်ကြောင့်လည်းကောင်း လာမယ့် သီတင်းပတ်အတွင်း နေပြည်တော်၊ ရန်ကုန်၊ ပဲခူး၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဧရာဝတီ၊ တနင်္သာရီ၊ ကချင်၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်နဲ့ ရှမ်းပြည်နယ်(အရှေ့ပိုင်း) တို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ သတိပေးထားပါတယ်။

    မိုးကြီးတာနဲ့အတူ ကုန်းမြင့်ဒေသအပါအဝင် ချောင်းငယ်တွေအနီးမှာ နေထိုင်ကြသူတွေအနေနဲ့ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးတာနဲ့ မြေပြိုတာတွေကို ဂရုပြုကြဖို့ ပြောထားပါတယ်။

  13. မင်္ဂလာပါ။ ဇူလိုင် ၆ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။