ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ထိုင်းရောက် မြန်မာကလေးငယ်များ လိင်ပိုင်းဆိုင်ရာထိပါးနှောင့်ယှက်ခံရပါက တိုင်ကြားပါ
ထိုင်း - မြန်မာနယ်စပ်မြို့ဖြစ်တဲ့ မဲဆောက်အခြေစိုက် ရွှေ့ပြောင်းကျောင်းတွေမှာ မြန်မာအချင်းချင်း လိင်ပိုင်းဆိုင်ရာထိပါးနှောင့်ယှက်တဲ့ဖြစ်စဉ်တွေ အခုနှစ်တွေထဲမှာ ခပ်စိပ်စိပ်ဖြစ်လာပါတယ်။
အထူးသဖြင့် ကျူးလွန်ခံရသူတွေထဲအသက်မပြည့်သေးတဲ့ကလေးငယ်တွေပါဝင်နေသလို ဆရာဖြစ်သူတွေပါ ကျူးလွန်နေတဲ့အကြောင်း မဲဆောက်အသိုင်းအဝိုင်းကတဆင့် သိရပါတယ်။
ဒီဖြစ်စဥ်တွေကြောင့် ထိုင်းမှာဖွင့်လှစ်ထားတဲ့ မြန်မာရွှေ့ပြောင်းကျောင်းတွေရဲ့ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး မူဝါဒ ( child safeguarding policy ) အပေါ် မေးခွန်းထုတ်မှုတွေ ရှိလာပါတယ်။
ဥပဒေသုတေသီတချို့ကတော့ ဒီလိုလိင်ပိုင်းဆိုင်ရာခေါင်းပုံဖြတ်မှုတွေကြုံလာရတဲ့အခါ "မကြောက်ဘဲ" ဥပဒေကြောင်းအရ ဆောင်ရွက်ဖို့ တိုက်တွန်းနေပါတယ်။
ရွှေ့ပြောင်းကျောင်းတွေမှာ ဘာကြောင့်ထပ်ခါတလဲလဲဖြစ်
မကြာသေးခင်ကဖြစ်ခဲ့တဲ့ ဒေါနလမ်းကျောင်း ဖြစ်စဥ်မှာ ကျောင်းအုပ်က ကျောင်းဝန်ထမ်းဆရာတွေနဲ့ ကျောင်းသားတွေအပါအဝင် ၅ ဦးကို လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုပြုလုပ်ခဲ့ကြောင်း တိုင်ကြားချက်ရခဲ့ပါတယ်။
ဒေါနလမ်း အသက်မွေးဝမ်းကျောင်းပညာသင်ကျောင်း (Dawna Land Vocational Training Institute) ကို မဲဆောက်မြို့မှာဖွင့်လှစ်ထားပါတယ်။
GED သင်တန်းနဲ့ ကျောင်းအိပ်ကျောင်းစားစနစ်ကို ကျောင်းကောင်စီကို အသိမပေးဘဲ ကျောင်းအုပ်က ဖွင့်လှစ်ခဲ့ပြီး အခုဖြစ်စဉ်တွေပေါ်ပေါက်လာတာလို့ ဇွန် ၁၃ ရက် ရက်စွဲနဲ့ ကျောင်းအုပ်ချုပ်ရေးကောင်စီက ထုတ်ပြန်ခဲ့တာပါ။
လိင်ပိုင်းဆိုင်ရာကျူးလွန်ခံရသူ ၁ ဦးရှိပြီး လိင်ပိုင်းဆိုင်ရာနှောင့်ယှက်ခံရသူတွေထဲ အသက် ၁၈ နှစ်မပြည့်တဲ့ ကျောင်းသားတဦးလည်းပါဝင်နေပါတယ်။ ကျူးလွန်ခံရသူတွေဟာ အမျိုးသားတွေဖြစ်ပါတယ်။
ဒါက ရွှေ့ပြောင်းကျောင်းတကျောင်းရဲ့ ပထမဆုံးဖြစ်ရပ်တော့မဟုတ်ပါဘူး။ မနှစ်တုန်းကလည်း သွေးသစ်အထက်တန်းကျောင်းမှာ လိင်ပိုင်းဆိုင်ရာကျူးလွန်မှုဖြစ်ခဲ့ပြီး အသက် ၇၂ နှစ်အရွယ် ကျောင်းဆရာကို ထိုင်းဥပဒေအရ ဖမ်းဆီးထောင်ချခဲ့ပါတယ်။
အဲဒီကျောင်းဟာ ရွှေ့ပြောင်းပညာရေးကွန်ရက်တွေထဲ တရားဝင်တည်ရှိထားပြီးဖြစ်လို့ မူဝါဒလုပ်ထုံးလုပ်နည်းတွေအတိုင်း ကျူးလွန်သူကို အရေးယူဆောင်ရွက်နိုင်ခဲ့တဲ့ အခြေအနေပါ။
အသက် ၁၃ နှစ်ကနေ ၁၅ နှစ်ဝန်းကျင် ကျောင်းသားတွေအပေါ် လိင်ပိုင်းဆိုင်ရာကျူးလွန်ခဲ့တဲ့ အဲဒီကျောင်းဆရာကို ထောင်ဒဏ် ၁၀ နှစ် အမိန့်ချမှတ်ခဲ့ပါတယ်။
မြန်မာမှာစစ်အာဏာသိမ်းပြီးနောက် ထိုင်းဘက်ခြမ်းနယ်စပ်ဒေသတွေကို ရွှေ့ပြောင်းနေထိုင်သူတွေ သိသိသာသာများလာတာနဲ့အတူ ကျောင်းနေအရွယ်ကလေးတွေပါ များလာခဲ့ပါတယ်။ နေရပ်စွန့်ခွာ ကျောင်းသားတွေ ပညာသင်ကြားခွင့်ရဖို့အတွက် နယ်စပ်တွေမှာရွှေ့ပြောင်းကျောင်းတွေ ဖွင့်လှစ်တာ များလာတယ်လို့ ပညာရေးအသိုင်းအဝိုင်းကနေသိရပါတယ်။
"ကျောင်းအသစ်တွေပေါ်လာတာက ကောင်းပါတယ်။ ရှိပြီးသားကျောင်းတွေက ကျောင်းသားအသစ်တွေ လက်မခံနိုင်ဘူး၊ လူအရမ်းများနေတာလေ။ ဒါပေမဲ့ အဲဒီကျောင်းတွေက ထိုင်းအစိုးရဆီမှတ်ပုံတင်ပြီး တရားဝင်ဖြစ်လား၊ စနစ်ကျလားဆိုတာက အရေးကြီးတယ်" လို့ မြန်မာရွှေ့ပြောင်းလုပ်သားပညာရေး ကော်မတီ (BMWEC) ရဲ့ နာယက နော်ဖောရေက ပြောပါတယ်။
သူဟာ မဲဆောက်မြို့မှာဖွင့်လှစ်ထားတဲ့ ဆာသူးလေကျောင်းရဲ့ ဒါရိုက်တာအဖြစ် တာဝန်ယူထားသူလည်း ဖြစ်ပါတယ်။
"ကျောင်းတွေမှာ ကျောင်းအုပ်ကလည်း စစ်စစ်ဖြစ်ရမယ်။ အသိမိတ်ဆွေဆိုတာမျိုး၊ ခင်မင်ရင်းနှီးမှုကြောင့် အလုပ်ခန့်တယ်ဆိုတာမျိုး စေတနာ့ဝန်ထမ်းအနေနဲ့ ထားပေးတယ်ဆိုတာမျိုးတွေမှာ ဆရာနဲ့ ဝန်ထမ်းတွေကို စိစစ်မှုအားနည်းတဲ့အခါမှာ ဒီလိုပြဿနာတွေ ဖြစ်လာတာပါ" လို့ နော်ဖောရေက ဆက်ပြောပါတယ်။
ဒေါနလမ်းဖြစ်စဉ်လို ကျောင်းအုပ်က ကျူးလွန်သူအဖြစ်သံသယရှိသူဖြစ်လာချိန်မှာတော့ အတူတကွ တည်ထောင်တဲ့ အုပ်ချုပ်ရေးဆိုင်ရာတာဝန်ရှိသူတွေက အရေးပါလာပါတယ်။ ကျောင်းအတွက် ချမှတ်ထားတဲ့ မူဝါဒ၊ စည်းကမ်းတွေအတိုင်း ကိုင်တွယ်ရမှာပါ။
ဒေါနလမ်းကျောင်းအုပ်ရေးကောင်စီရဲ့ ထုတ်ပြန်ချက်အရတော့ ကျောင်းဟာဖွံ့ဖြိုးဆဲအဆင့်မှာပဲရှိပြီး အုပ်ချုပ်ရေးဆိုင်ရာဖွဲ့စည်းပုံကိုလည်းရေးဆွဲနေဆဲလို့ သိရပါတယ်။ ဒါအပြင် သက်ဆိုင်ရာတာဝန်ရှိသူတွေရဲ့ အတည်ပြုလက်မှတ်မထိုးရသေးဘူးလို့ ဖော်ပြထားတာကြောင့် တရားဝင်တည်ထောင်ခွင့်ရထားတဲ့ ကျောင်းမဟုတ်ဘူးလို့ နားလည်ရပါတယ်။
အထောက်အထားမဲ့ကနေ အကာအကွယ်မဲ့ဘဝ
ဒေါနကျောင်းဖြစ်စဉ်မှာကျူးလွန်သူလို့ ယူဆရတဲ့ ကျောင်းဆရာဟာ ဇွန်လကုန်ပိုင်းမှာ ပြန်လွတ်လာပြီဖြစ်ကြောင်း သူ့ရဲ့ ဖေ့စ်ဘုတ်အကောင့်ကတဆင့် ကိုယ်တိုင်ထုတ်ပြောခဲ့ပါတယ်။
ဖြစ်စဉ်ဟာ မဲဆောက်မြို့မှာဖြစ်ခဲ့ပေမဲ့ တဖက်ကမ်းက ကရင်အမျိုးသားအစည်းအရုံး (KNU) တရားစီရင်ရေးနဲ့ ဖြေရှင်းဖို့အတွက် ကျောင်းအုပ်ချုပ်ရေးကောင်စီဘက်က ကြိုးစားခဲ့တယ်လို့ ကျူးလွန်ခံ ရသူတွေဘက်ကနေ ရပ်တည်ဆောင်ရွက်ပေးနေတဲ့ ကျောင်းရဲ့စေတနာ့ဝန်ထမ်းဆရာမနှစ်ဦးက ဘီဘီစီကို ပြောပါတယ်။
"ကျွန်မတို့ ဒီဖြစ်စဉ်ကိုစသိတော့ ကျောင်းအုပ်ချုပ်ရေးကောင်စီဘက်ကိုအကြောင်းကြားပါတယ်။ သူတို့က ဖုံးဖုံးဖိဖိပဲလုပ်ဖို့ပြောတယ်၊ ပြီးတော့ကျောင်းအုပ်ကို KNU နယ်မြေထဲပို့လိုက်တယ်" လို့ စေတနာ့ဝန်ထမ်းဆရာမတဦးက ပြောပါတယ်။
"အခုကြားတာက KNU တရားရေးမှာလည်း နစ်နာသူက ကျူးလွန်တဲ့သူပုံစံလိုပြန်ဖြစ်ပြီး ကျောင်းအုပ်ကလွတ်လာတဲ့သဘောပါ။ ကျွန်မတို့ကတော့ နစ်နာတဲ့ကျောင်းသားတွေအတွက် တရားမျှတမှုရစေချင်တယ်" လို့ ဆရာမက ပြောပါတယ်။
ကျူးလွန်ခံရတဲ့ကျောင်းသားတွေပေါ် တန်ပြန်ဖိအားတွေပေးလာတာကြောင့် ထိုင်းဥပဒေအရ ဆက်ရင်ဆိုင်ဖို့အတွက်ပါ မကြိုးစားရဲကြတော့တဲ့အနေအထားဖြစ်လာတယ်လို့ သိရပါတယ်။
"ကျောင်းအုပ်ဟာ တော်လှန်ရေးမှာထဲထဲဝင်ဝင်ပါလို့ဆိုတဲ့စဉ်းစားချက်နဲ့ လုပ်ကြတယ်။ ဒါဆိုရင် တော်လှန်ရေးမှာပါရင် ဒီကျူးလွန်မှုတွေကို မျက်ကွယ်ပြုရတော့မှာလား" လို့ စေတနာ့ဝန်ထမ်း ဆရာမ က မေးခွန်းထုတ်ပါတယ်။
ဘီဘီစီရဲ့ စုံစမ်းကြည့်ချက်အရ KNU ရဲ့ မြဝတီရဲစခန်းမှာ တိုင်ကြားမှုလုပ်ခဲ့တယ်လို့ကနဦး သိရပြီး တရားစီရင်ရေးလုပ်ခဲ့တဲ့ KNU ဘက်ကို မေးမြန်းနိုင်ဖို့ ဆက်သွယ်နိုင်အောင် ကြိုးစားနေဆဲပါ။
ကျောင်းတွင်းဒီလိုဖြစ်စဉ်တွေပေါ်ပေါက်ရင် ကျောင်းအုပ်ချုပ်ရေးအဖွဲ့က ထိုင်းဥပဒေအရ ဆောင်ရွက်ရမှာ ဖြစ်ပြီး ရှေ့နေငှားရမ်းကာ တရားစွဲဆိုမှုတွေလုပ်ရမှာပါ။ ဒေါနလမ်းဖြစ်စဉ်မှာတော့ ကျောင်းအုပ်ချုပ်ရေး အဖွဲ့က တရားစွဲဆိုဖို့မဆောင်ရွက်ပေးသလို ကျောင်းသားတွေကိုယ်တိုင် ရှေ့နေငှားဖို့ မတတ်နိုင်တဲ့ အခြေအနေလို့ ကူညီပေးနေသူတွေဆီက သိရပါတယ်။
ဒီအချက်တွေကပဲ ရွှေ့ပြောင်းမြန်မာကျောင်းသားတွေအတွက် ဥပဒေအရ အကာအကွယ်မဲ့နေမှုကို မြင်သာစေပါတယ်။ ဘီဘီစီက ထိုင်းပညာရေးဝန်ကြီးဌာနကို ဆက်သွယ်ရာမှာတော့ ရွှေ့ပြောင်းလာတဲ့ ပုံစံပေါ်မူတည်တယ်လို့ တုံ့ပြန်ပါတယ်။ လိင်ပိုင်းဆိုင်ရာခေါင်းပုံဖြတ်မှုတွေအတွက် ပြည်ထဲရေးဝန်ကြီးဌာန ကိုသာ ဆက်သွယ်သင့်တယ်လို့ ဖြေကြားခဲ့ပါတယ်။
"အာဏာအလွဲသုံးစားမှု၊ ပညာရေးနဲ့ လူမှုဘဝတန်ဖိုး ပြီးတော့ တရားရေးစနစ်၊ ဒီ ၃ ခုက ရွှေ့ပြောင်း ကျောင်းသားတွေအကာအကွယ်ရဖို့မှာ အဓိကစိန်ခေါ်မှုတွေပဲ" လို့ သမာဆတ်တက္ကသိုလ်၊ ပညာရေးနဲ့ သိပ္ပံ လေ့လာရေးဌာနက ကထိကဖြစ်သူ Vong-on Phuaphansawat က သုံးသပ်ပါတယ်။
ကျူးလွန်သူတွေဟာ ဆရာတွေဖြစ်ရင် နစ်နာမှုတွေကိုထုတ်ဖော်ပြောတဲ့အခါ အာဏာသုံးဖိအားပေးတာတွေ ကြုံရလေ့ရှိသလို စုံစမ်းစစ်ဆေးမှုတွေအတွက် အကန့်အသတ်လည်းများပါတယ်။ ဒါအပြင် ထိုင်းတရားစီရင်ရေးစနစ်ကို ရွှေ့ပြောင်းမြန်မာတွေအပြည့်အဝနားမလည်တာကြောင့် ဥပဒေအကာအကွယ် မရနိုင်တဲ့အခြေအနေလည်းကြုံရနိုင်တယ်လို့ သူက ထောက်ပြပါတယ်။
ထိုင်းရာဇသတ်ကြီးရဲ့ ပုဒ်မ ၂၇၇၊ ၂၇၈၊ ၂၇၉ နဲ့ ၂၈၀ တို့မှာ ကလေးသူငယ် လိင်ပိုင်းဆိုင်ရာအလွဲသုံးစား ပြုမှုတွေအတွက် ပြစ်မှုနဲ့ ပြစ်ဒဏ်တွေကိုပြဋ္ဌာန်းထားပါတယ်။ အဲဒီပုဒ်မတွေအရ ကျူးလွန်ခံရတဲ့ ကလေးသူငယ်ရဲ့ အသက်အရွယ်အလိုက် ပြစ်မှုပြစ်ဒဏ်တွေကွဲပြားပါတယ်။
ရွှေ့ပြောင်းကျောင်းတွေရဲ့ မူဝါဒ
ထိုင်း - မြန်မာနယ်စပ်မှာ ရွှေ့ပြောင်းကျောင်းတွေဖွင့်လှစ်တာ ဆယ်စုနှစ်များစွာကြာမြင့်နေပြီဖြစ်ပါတယ်။ ထိုင်းပညာရေးဝန်ကြီးဌာနရဲ့ သက်ဆိုင်ရာခရိုင်အလိုက်ဌာနခွဲတွေနဲ့ တရားဝင်ချိတ်ဆက်ပြီး ဆောင်ရွက်တဲ့ ကျောင်းတွေရှိသလို တရားမဝင်ဖွင့်လှစ်ထားတဲ့ကျောင်းတွေလည်း အမြောက်အများရှိနေဆဲပါ။
ရွှေ့ပြောင်းအလုပ်သမားကလေးတွေအတွက် သင်ယူရေးစင်တာတွေ (Migrant Learning Centers - MLCs) အဖြစ် ဆယ်စုနှစ်နဲ့ချီဖွင့်နေတာဖြစ်ပြီး ကလေးသူငယ်ဆိုင်ရာအကူအညီပေးရေး၊ ကုလသမဂ္ဂကလေးများဆိုင်ရာ ရန်ပုံငွေအဖွဲ့ (ယူနီဆက်ဖ်) နဲ့လည်း ပူးပေါင်းဆောင်ရွက်ခဲ့ကြတာပါ။
MLCs အဖြစ် ထိုင်းနိုင်ငံ တာ့ခ်ခရိုင်မှာ တရားဝင်မှတ်ပုံတင်ထားတဲ့ ကျောင်း ၆၆ ကျောင်းရှိပါတယ်။ အဲဒီတရားဝင်ကျောင်းတွေမှာ ရွှေ့ပြောင်း မြန်မာကျောင်းသား ၂ သောင်းဝန်းကျင်ပညာသင်ယူနေတယ်လို့ BMWEC ကနေ သိရပါတယ်။
"အရင်တုန်းကလည်း ရွှေ့ပြောင်းကျောင်းသားတွေဒီလိုကြုံရတာရှိပါတယ်။ ဒါပေမဲ့ ကျောင်းမှာ ကြုံရတာမျိုးကတော့ အခုနောက်ပိုင်းမှာမှပါ။ အဆောင်တွေမှာ ဖြစ်တယ်။ တိုင်ဖို့လုပ်တဲ့အခြေအနေဆိုရင် ထွက်ပြေးလွတ်မြောက်သွားပြီဆိုတာမျိုး များတယ်" လို့ BMWEC နာယက နော်ဖောရေ က ရှင်းပြပါတယ်။
ရွှေ့ပြောင်းပညာရေးနယ်ပယ်မှာ နှစ်ဆယ်နဲ့ချီဆောင်ရွက်ပေးနေတဲ့ ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) ရဲ့ အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်ကတော့ အခုလိုလိင်ပိုင်းဆိုင်ရာခေါင်းပုံဖြတ်မှုတွေကြုံလာရတဲ့အခါ "မြန်မာ့နည်း၊ မြန်မာ့ဟန်နဲ့ဖြေရှင်းလေ့ရှိကြတယ်" လို့ ပြောပါတယ်။
ကျူးလွန်သူနဲ့ ညှိနှိုင်းပြီး ကျေအေးပေးတာ၊ ရှေ့ဆက်မယ့်လူမှုဘဝအတွက် ထုတ်ဖော်မပြရဲတာလိုမျိုး လူသိရှင်ကြားမပေါ်ပေါက်လာဘဲ ဖြေရှင်းခဲ့ကြတဲ့သဘောပါ။
"အခုကတော့ လူမှုကွန်ရက်ပေါ်မှာဒါတွေက ပိုသိလာရတယ်။ ဒါပေမဲ့ နှစ်ဖက်စလုံးရဲ့ ကိုယ်ရေးအချက်အလက်တွေပါ ဖော်ပြခံရတဲ့အထိလည်းဖြစ်တယ်။ ဒါတွေက ထိုင်းဥပဒေ အတိုင်းစနစ်တကျသွားရမှာပါ" လို့ ဦးထူးချစ်က ပြောပါတယ်။
ထိုင်းမှာ ၂၀၀၃ ခုနှစ်ကပြဋ္ဌာန်းထားတဲ့ ကလေးသူငယ်အကာအကွယ်ပေးရေးဥပဒေရှိပါတယ်။ ရွှေ့ပြောင်း ကျောင်းတွေမှာလည်း လိင်ပိုင်းဆိုင်ရာအသိပေးတာ၊ ကလေးသူငယ်အခွင့်အရေးတွေအကြောင်း ထိုင်းပညာရေးဝန်ကြီးဌာနအောက်က တာဝန်ရှိသူတွေက လာရှင်းပြပေးတာတွေ လုပ်လေ့ရှိကြောင်းလည်း သိရပါတယ်။
ဒါပေမဲ့ သက်ဆိုင်ရာရွှေ့ပြောင်းကျောင်းတွေမှာလည်း ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးမူဝါဒ ( child safeguarding policy ) ကို ချမှတ်ထားသင့်တယ်လို့ ဦးထူးချစ်က ထောက်ပြပါတယ်။
အခုလိုဖြစ်စဉ်တွေခပ်စိပ်စိပ်တွေ့လာရတဲ့ တာ့ခ်ခရိုင်မှာဆိုရင် မြန်မာရွှေ့ပြောင်းကျောင်းသားကွန်ရက်တွေ ပူးပေါင်းရေးဆွဲထားတဲ့ ကလေးသူငယ်အကာအကွယ်ပေးရေးမူဝါဒတွေရှိတယ်လို့ သိရပါတယ်။ ကျောင်းတွေမှာ လိင်ပိုင်းဆိုင်ရာခေါင်းပုံဖြတ်တဲ့ပြဿနာတွေဖြစ်လာပြီဆိုရင် အဲဒီမူဝါဒအတိုင်း ကနဦး အဆင့် ကျောင်းတွင်းမှာဖြေရှင်းပါတယ်။
အဲဒီနောက် သက်ဆိုင်ရာအကူအညီပေးရေးအဖွဲ့တွေကတဆင့် ထိုင်းရဲမှာတိုင်ကြားကာ ဥပဒေကြောင်းအရ ဖြေရှင်းတဲ့အထိ အဆင့်ဆင့်သွားလေ့ရှိပါတယ်။
"တရားရေးဆိုင်ရာအထိရောက်တာ ၂ မှုရှိခဲ့ဖူးတယ်။ ထောင်ဒဏ် ၁၀ နှစ်ကနေ ၁၅ နှစ်အထိ ကျတယ်။ သွေးသစ်ဖြစ်စဉ်ပြီးရင် ဖုတ်ဖရာမြို့နယ်ဘက်မှာလည်း လွန်ခဲ့တဲ့ ၈ နှစ်က ဆရာတယောက်ထောင်ကျဖူးတယ်" လို့ BMWEC နာယက နော်ဖောရေက ပြောပါတယ်။
ဒါပေမဲ့ ရွှေ့ပြောင်းကျောင်းတွေမှာ အခုလိုပြဿနာတွေကြုံလာရရင် ဥပဒေအရအကာအကွယ်ရမှု နည်းပါးတယ်လို့ ထိုင်းနိုင်ငံမှာ လူ့အခွင့်အရေးဆိုင်ရာဥပဒေပညာရပ်ကို အထူးပြုလေ့လာခဲ့သူ ကိုကျော်က ပြောပါတယ်။
ပြဿနာကြုံရင် ကျောင်းသားတွေ ဘာလုပ်သင့်လဲ
ပြဿနာကြုံလာတဲ့အခါ အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေးနဲ့ ဥပဒေပိုင်းဆိုင်ရာအရေးယူရေးဆိုပြီး နှစ်မျိုးခွဲခြားပြောရမှာပါ။
ထိုင်းဆေးရုံတွေမှာ အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုစင်တာတွေရှိပြီး လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်ခံရပြီဆိုရင် ကျန်းမာရေးအကာအကွယ်ရဖို့အတွက် ဆောင်ရွက်ပေးပါတယ်။ စိတ်ပိုင်းဆိုင်ရာ အတွက်လည်း အကူအညီပေးတာတွေရှိပါတယ်။
ဒါကြောင့် အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေးမှာ စိတ်ပိုင်း၊ ကိုယ်ပိုင်းအကာအကွယ်ပေးတာအပြင် သက်သေစုဆောင်းဖို့လည်း လိုအပ်တယ်လို့ သုတေသီလည်းဖြစ်သလို အထက်တန်းရှေ့နေလည်းဖြစ်တဲ့ ကိုကျော်က ပြောပါတယ်။
"ဥပဒေအရဆက်လုပ်ရမယ့်အပိုင်းမှာ အဓိကစိန်ခေါ်မှုဖြစ်တာပါ။ ငွေကြေး၊ ဘာသာစကားနဲ့ ဥပဒေပိုင်း ဆိုင်ရာ အထောက်အပံ့ရဖို့အတွက် လိုအပ်ချက်တွေရှိနေတယ်" လို့ သူက ဆက်ပြောပါတယ်။
- ထိုင်းဥပဒေအရ မြန်မာရှေ့နေတွေဟာ ကိုယ်စားပြုပြောဆိုခွင့်မရှိတာကြောင့် ဥပဒေပိုင်းဆိုင်ရာ လိုက်ပါဆောင်ရွက်ပေးနိုင်မှုအားနည်းတာ
- ဘာသာစကားလိုအပ်ချက်ကြောင့် ထိထိရောက်ရောက်မဆောင်ရွက်နိုင်တာ
- အမှုအခင်းရင်ဆိုင်ရတဲ့အခါ ရှေ့နေ၊ ဘာသာပြန်ငှားရမ်းတာအပါအဝင် ကုန်ကျစရိတ်တွေအတွက် ငွေကြေးလိုအပ်ချက်ရှိတာ
ဒါတွေက ထိုင်းမှာဥပဒေကြောင်းအရဆောင်ရွက်မယ်ဆိုရင် ရွှေ့ပြောင်းမြန်မာတွေ ရင်ဆိုင်ရလေ့ရှိတဲ့ စိန်ခေါ်ချက်တွေဖြစ်ပါတယ်။ဒါအပြင် ထိုင်းမှာနေထိုင်ခွင့်အတွက် တရားဝင်အထောက်အထားစာရွက်စာတမ်းရှိမှုအပေါ်မှာမူတည်ပြီးလည်း ထုတ်ဖော်ပြောဆိုနိုင်စွမ်းကွာခြားပါသေးတယ်။
"ကျူးလွန်ခံရလို့ သက်သေထွက်ပေးဖို့အတွက်တောင် တရားဝင်မဟုတ်နေရင် အဖမ်းခံရမလားဆိုတဲ့ တခြားအကြောင်းအရာတွေကိုပါ ထည့်တွေးရတာကို တွေ့ရတယ်။ ဒီတော့ သက်သေရဖို့ပါ ခက်ခဲတာ ရှိတယ်" လို့ ကိုကျော်က ရှင်းပြပါတယ်။
"ဒါတွေက ကျူးလွန်ခံရသူရော သံသယရှိသူ နှစ်ဖက်စလုံးမှာပါ ဥပဒေအရ အကာအကွယ်ပေးနိုင်ဖို့ အားနည်းတာပါ။ Fair Trial (တရားမျှတတဲ့တရားခွင်) ဖြစ်ဖို့ကတော့ လက်တွေ့မှာခက်သွားတယ်" လို့ သူက ရှင်းပြပါတယ်။
ဘီဘီစီစကားပြောခွင့်ရခဲ့တဲ့ ဥပဒေနဲ့ ရွှေ့ပြောင်းပညာရေးပိုင်းဆိုင်ရာနားလည်သူတွေရဲ့ တူညီတဲ့အပြော ကတော့ "မကြောက်ဘဲနဲ့ ထုတ်ဖော်ပြောဆိုဖို့" ဆိုတဲ့အချက်ဖြစ်ပါတယ်။
တရားဝင်နေထိုင်တာဖြစ်စေ၊ တရားမဝင်နေထိုင်တာဖြစ်စေ ၂၀၀၃ ခုနှစ်မှာ ထိုင်းကပြဋ္ဌာန်းထားတဲ့ ကလေးသူငယ်အကာအကွယ်ပေးရေးဥပဒေအရ တပြေးညီတည်း သက်ရောက်မှာပါ။
"ထိုင်းနိုင်ငံထဲမှာဖြစ်တယ်ဆိုရင် ထိုင်းဥပဒေအတိုင်းဆောင်ရွက်ရမှာပါ" လို့ FED ရဲ့ အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်က ပြောပါတယ်။
ဒါအပြင် ထိုင်းပညာရေးဝန်ကြီးဌာနဘက်ကလည်း မြန်မာရွှေ့ပြောင်းကျောင်းတွေရဲ့ ကလေးသူငယ် အကာအကွယ်ပေးရေးမူဝါဒအတိုင်းဆောင်ရွက်မှု ရှိ၊ မရှိကို တင်းတင်းကျပ်ကျပ်ကိုင်တွယ်လာနိုင်တယ်လို့ သူက သုံးသပ်ပါတယ်။
မိဘတွေအနေနဲ့လည်း ထားမယ့်ကျောင်းဟာ အစိုးရနဲ့ မှတ်ပုံတင်ပြီးတရားဝင်လုပ်တဲ့ကျောင်းလားဆိုတာ ကြည့်ရမယ်။ ကျောင်းတွေရဲ့ Wall (နံရံ) ပေါ်မှာလည်း တာဝန်ယူမှာတွေ ပြီးတော့ တာဝန်ရှိသူတွေနဲ့ ပတ်သက်လို့ ချိတ်ဆွဲထားတာတွေကို ကြည့်လို့ရတယ်လို့ BNWEC နာယက နော်ဖောရေက ပြောပါတယ်။
"အခုနောက်ဆုံးဖြစ်စဉ်မှာတော့ အစိုးရနဲ့တရားဝင်မှတ်ပုံတင်တာမဟုတ်တော့ Migrant Education (ရွှေ့ပြောင်းပညာရေး) အတွက် အဆိုးကြီးဖြစ်နေတယ်" လို့ နော်ဖောရေ ကလည်း ပြောပါတယ်။
အထောက်အထားမရှိတဲ့သူဖြစ်စေ၊ တရားမဝင်ကျောင်းဖြစ်စေ လိင်ပိုင်းဆိုင်ရာခေါင်းပုံဖြတ်မှုတွေဟာ ထိုင်းနိုင်ငံနယ်နိမိတ်ထဲဖြစ်ပွားတာဆိုရင် ထိုင်းဥပဒေကြောင်းအရသွားသင့်တယ်လို့ ဘီဘီစီ မေးမြန်းခွင့်ရသူတွေက တပြေးညီတည်း ပြောကြပါတယ်။
"ကျွန်မ စေတနာ့ဝန်ထမ်းလုပ်တဲ့ ၂၀၂၃ ခုနှစ်ကနေ အခုနှစ်အထိ မဲဆောက်က ကျောင်း ၃ ကျောင်းလောက်မှာ ကလေး သူငယ်လိင်ပိုင်းဆိုင်ရာကျူးလွန်ခံရတဲ့ဖြစ်စဉ်တွေ ၅ ခုလောက်တွေ့ခဲ့ရတယ်။ တခုမှ ဥပဒေကြောင်းအရ အရေးမယူခဲ့ကြဘူး"
"နစ်နာသူတွေဟာ စိတ်ဒဏ်ရာနဲ့ကျန်ခဲ့ပြီး ကျူးလွန်သူတွေဟာ အမြဲလွတ်မြောက်နေတယ်" လို့ ဒေါနလမ်း ကျောင်းရဲ့ စေတနာ့ဝန်ထမ်းဆရာမက သူကြုံခဲ့ရတဲ့ အမှုတွေနဲ့ ပတ်သက်လို့ပြောပြပါတယ်။