ပူတင်ဆန့်ကျင်ရေး အဖျက်အမှောင့်လုပ်ဖို့ ရုရှားထဲ သူလျှိုလုပ်ကြသူတွေ

ပရိုမိုးရှင်းပုံမှာ အနီ၊ အဖြူ၊ အဝါနဲ့ အပြာရောင်တွေကို သုံးထားပြီး ဘယ်ဘက်မှာ ဒရုန်းတစ်စင်း၊ ညာဘက်မှာ ဘေ့စ်ဘောဦးထုပ်ဆောင်းပြီး အမည်းရောင်မျက်မှန်တပ်ထားတဲ့ အမျိုးသားတစ်ယောက်ကို တွေ့ရပါတယ်။
    • ရေးသားသူ, မိုနီကာ ဂါဆေး
    • ရာထူးတာဝန်, BBC Eye
  • ရေးသားခဲ့သည်။
  • ဖတ်ရန်အချိန်: မိနစ် ၈

ယူကရိန်းထောက်လှမ်းရေးအဖွဲ့တွေအတွက် လျှို့ဝှက်လုပ်ကိုင်ပေးနေတဲ့ ရုရှားအမျိုးသားနှစ်ဦးဟာ ရုရှားနိုင်ငံအတွင်းက စစ်ရေးပစ်မှတ်တွေနဲ့ စစ်ဘက်ဝန်ထမ်းတွေကို ပစ်မှတ်ထားတဲ့ စစ်ဆင်ရေးတွေမှာ သူတို့ပါဝင်ခဲ့တဲ့အတွေ့အကြုံတွေကို ရှားရှားပါးပါး ထုတ်ဖော်ပြောဆိုလာပါတယ်။

အဲဒီအမျိုးသားနှစ်ဦးထဲက တစ်ဦးကို အမည်ရင်းမဟုတ်တဲ့ အိုင်ဗန်လို့ ခေါ်ထားပါတယ်။ သူဟာ ရုရှားနိုင်ငံအတွင်းမှာ နေထိုင်ရင်း မဟာဗျူဟာအရ အရေးပါတဲ့ ဗုံးကြဲလေယာဉ်တွေနဲ့ လက်နက်ခဲယမ်းစက်ရုံတွေကို ယူကရိန်းက ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့စစ်ဆင်ရေးတွေမှာ ပါဝင်ကူညီခဲ့တယ်လို့ ဆိုပါတယ်။

သူဟာ ရုရှားနိုင်ငံအတွင်း လျှို့ဝှက်ဖျက်ဆီးရေးလုပ်ငန်းတွေ လုပ်ဆောင်နေသူတွေရဲ့ အကြောင်းကို ရိုက်ကူးထားတဲ့ ဘီဘီစီကမ္ဘာတလွှား မှတ်တမ်းရုပ်ရှင်မှာ ပါဝင်ထားပါတယ်။

ပိုလန် အလွတ်တန်း သတင်းထောက် မာစင် မာမွန် ရိုက်ကူးထားတဲ့ အဲဒီမှတ်တမ်းရုပ်ရှင်မှာ "ဖိုမာ" လို့ အမည်လွှဲပေးထားတဲ့အမျိုးသားတစ်ဦးလည်း ပါဝင်ပါတယ်။ သူဟာ ရုရှားနိုင်ငံကနေ လာပြီး အခုတော့ ပိုလန်မှာ နေထိုင်နေပါတယ်။

ဖိုမာရဲ့ပြောကြားချက်အရ သူဟာ ရုရှားနိုင်ငံအတွင်းမှာ လျှို့ဝှက်လုပ်ကိုင်နေတဲ့ စေတနာ့ ဝန်ထမ်း ကွန်ရက်တစ်ခုကို ဦးဆောင်နေပါတယ်။ အဲဒီကွန်ရက်ဟာ ယူကရိန်းစစ်ဘက်ထောက်လှမ်းရေးအဖွဲ့ (GUR) က ပစ်မှတ်ထားတဲ့ အဆင့်မြင့်စစ်ဘက်အရာရှိတွေကို စောင့်ကြည့်ထောက်လှမ်းပေးနေတယ်လို့ သူက ဆိုပါတယ်။ ဒါပေမဲ့ သူတို့ဟာ တိုက်ခိုက်မှုတွေမှာ ကိုယ်တိုင်ပါဝင်ခြင်း မရှိဘူးလို့ သူက ပြောပါတယ်။

ဒါပေမဲ့ ဘယ်သူတွေကို စောင့်ကြည့်ထောက်လှမ်းနေသလဲဆိုတာကိုတော့ ဖိုမာက အသေးစိတ်ထုတ်ဖော်ပြောဆိုဖို့ ငြင်းဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက မော်စကိုမြို့မှာ ရုရှား ဒုတိယဗိုလ်ချုပ်ကြီး ဖာနီလ် ဆာဗာရော့ဗ် လုပ်ကြံသတ်ဖြတ်ခံရပြီးနောက်မှာတော့ သူ့အကြောင်းနဲ့ပတ်သက်တဲ့ ထောက်လှမ်းရေးအချက်အလက်တွေကို ယူကရိန်းဘက်ကို ပေးအပ်ခဲ့ဖူးကြောင်း ဖိုမာက ဝန်ခံခဲ့ပါတယ်။

ရုရှား ဒုတိယဗိုလ်ချုပ်ကြီး ဖာနီလ် ဆာဗာရော့ဗ်ဟာ ပြီးခဲ့တဲ့နှစ်က မော်စကိုမြို့မှာ သူ့ရဲ့ကားအောက်မှာ ဝှက်ခံထားရတဲ့ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတစ်ခုကြောင့် သေဆုံးခဲ့ပါတယ်
ဓာတ်ပုံ ပုံစာ, ရုရှား ဒုတိယဗိုလ်ချုပ်ကြီး ဖာနီလ် ဆာဗာရော့ဗ်ဟာ ပြီးခဲ့တဲ့နှစ်က မော်စကိုမြို့မှာ သူ့ရဲ့ကားအောက်မှာ ဝှက်ခံထားရတဲ့ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတစ်ခုကြောင့် သေဆုံးခဲ့ပါတယ်

ရုရှားနိုင်ငံအတွင်း လျှို့ဝှက်ဖျက်ဆီးရေးအဖွဲ့တွေ လှုပ်ရှားနေကြောင်း မီဒီယာတွေမှာ အရင်ကလည်း သတင်းဖော်ပြမှုတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ အိုင်ဗန်လို ရုရှားနိုင်ငံအတွင်း မြေပြင်မှာ ကိုယ်တိုင်လုပ်ဆောင်နေသူတစ်ဦးဆီကနေ သူတို့လုပ်ဆောင်ခဲ့တယ်လို့ဆိုတဲ့လှုပ်ရှားမှုတွေအကြောင်း တိုက်ရိုက်ကြားသိရဖို့ကတော့ ရှားပါးပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ယူကရိန်းစစ်ဘက်ထောက်လှမ်းရေးအဖွဲ့ (GUR) က အိုင်ဗန်နဲ့ ဖိုမာတို့ဟာ သူတို့ရဲ့အဖွဲ့အတွက် အလုပ်လုပ်ပေးနေသူတွေဖြစ်ကြောင်း အတည်ပြုထားပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ လုပ်ဆောင်မှုအားလုံးကို အသေးစိတ်သိရှိထားနိုင်တာမျိုးတော့ မရှိဘူးလို့ ဝန်ခံထားပါတယ်။

အိုင်ဗန်ကို ကြီးကြပ်ပေးနေတဲ့ တာဝန်ရှိသူကို အိုင်ဗန်ကို ယုံကြည်စိတ်ချလို့ရသလားလို့ မေးမြန်းတဲ့အခါ အဲဒီတာဝန်ရှိသူက "ကိုယ့်ကိုယ်ကိုယ်ကလွဲရင် ဘယ်သူ့ကိုမှ ကျွန်တော် သေချာပေါက် ယုံကြည်တယ်လို့ မပြောနိုင်ပါဘူး" လို့ ပြန်ဖြေခဲ့ပါတယ်။

GUR နဲ့ အဲဒီအမျိုးသားနှစ်ဦးစလုံးဟာ သူတို့ထုတ်ဖော်ပြောဆိုမယ့် အချက်အလက်တွေကို သတိထားကန့်သတ်ထားကြပါတယ်။ ဒါကြောင့် သူတို့လုပ်ဆောင်ခဲ့တယ်လို့ ပြောထားတဲ့ စစ်ဆင်ရေးတွေကို သီးခြားအတည်ပြုဖို့ မဖြစ်နိုင်သလောက် ခက်ခဲနေပါတယ်။

ဒါပေမဲ့ အိုင်ဗန်နဲ့ ဖိုမာတို့ ပြောပြတဲ့ အထွေထွေလုပ်ဆောင်ပုံတွေကိုတော့ ယူကရိန်းအာဏာပိုင်တွေက အသိအမှတ်ပြုထားပါတယ်။ ယူကရိန်းအစိုးရဟာ ရုရှားနိုင်ငံအတွင်း တရားဝင်စစ်ရေးပစ်မှတ်တွေလို့ သူတို့သတ်မှတ်ထားတဲ့ နေရာတွေကို ဒရုန်းတွေနဲ့ ညှိနှိုင်းတိုက်ခိုက်တဲ့ မဟာဗျူဟာကို အသုံးပြုနေကြောင်း ပြောဆိုထားသလို လျှို့ဝှက်အေးဂျင့်တွေကိုလည်း အသုံးပြုနေကြောင်း ဝန်ခံထားပါတယ်။

စစ်ပွဲစတင်ပြီးနောက်ပိုင်း ရုရှားနိုင်ငံအတွင်း နိုင်ငံရေးနဲ့ဆက်နွှယ်တဲ့ လုပ်ကြံသတ်ဖြတ်မှုတွေလည်း အများအပြား ဖြစ်ပွားခဲ့ပါတယ်။ ယူကရိန်းဟာ သူ့ရဲ့မူဝါဒအရ သတ်မှတ်ထားတဲ့ ပစ်မှတ်တွေကို တိုက်ခိုက်တဲ့ဖြစ်ရပ်တွေအတွက် တရားဝင်ဝန်ခံတာ၊ တာဝန်ယူကြောင်း ကြေညာတာမျိုး လုပ်လေ့မရှိပါဘူး။

ဒါပေမဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှာ ရုရှားအဆင့်မြင့် စစ်ဘက်အရာရှိ ဒုတိယဗိုလ်ချုပ်ကြီး အီဂေါ ကီရီလော့ဗ် သေဆုံးခဲ့တဲ့ ဖြစ်ရပ်နဲ့ပတ်သက်ပြီး ယူကရိန်းထောက်လှမ်းရေးအရာရှိတစ်ဦးက အဲဒီလုပ်ကြံသတ်ဖြတ်မှုနောက်ကွယ်မှာ ယူကရိန်းပါဝင်ခဲ့ကြောင်း ဘီဘီစီကို အရင်က ဝန်ခံပြောဆိုခဲ့ဖူးပါတယ်။

ယူကရိန်းအတွက် ဒီလိုလျှို့ဝှက်လုပ်ငန်းတွေ လုပ်ဆောင်ပေးနေတဲ့ ရုရှားနိုင်ငံသား ဘယ်နှဦးရှိသလဲဆိုတာ အတိအကျသိဖို့ ခက်ခဲပါတယ်။ ဖိုမာရဲ့ ပြောကြားချက်အရတော့ အဲဒီလိုလုပ်ကိုင်နေသူ ၃၀၀ ကနေ ၅၀၀ ဝန်းကျင်အထိ ရှိနိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဒီအရေအတွက်ကို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

အိုင်ဗန်နဲ့ ဖိုမာတို့က သူတို့နှစ်ဦးစလုံးဟာ ယူကရိန်းအပေါ် ရုရှားရဲ့စစ်ပွဲကိုသာမက သမ္မတ ဗလာဒီမာ ပူတင်ရဲ့ အုပ်ချုပ်ရေးစနစ်ကိုပါ ဆန့်ကျင်ကြောင်း ပြောပါတယ်။ ဒါ့အပြင် ပူတင်ရဲ့ နိုင်ငံရေးအနာဂတ်ဟာ ဒီစစ်ပွဲရဲ့ ရလဒ်အပေါ် မူတည်နေတယ်လို့လည်း သူတို့က ယုံကြည်ကြပါတယ်။

"လက်ရှိအခြေအနေမှာတော့ စစ်ပွဲမှာ ရှုံးနိမ့်သွားရင် ပူတင်ရဲ့ အုပ်ချုပ်ရေးစနစ် ပြိုလဲသွားနိုင်တယ်လို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်တို့ လုပ်ဆောင်နေတဲ့ လုပ်ရပ်တွေက တဆင့် ဒီအခြေအနေကို ပိုမြန်မြန်ဖြစ်လာအောင် ကြိုးစားနေကြတာပါ" လို့ အိုင်ဗန်က ပြောပါတယ်။

အိုင်ဗန်ရဲ့ ပြောကြားချက်အရ သူလုပ်ဆောင်ရတဲ့ အလုပ်တွေထဲမှာ စစ်ဘက်ဆိုင်ရာနေရာတွေကို စောင့်ကြည့်ထောက်လှမ်းတာနဲ့ ရုရှားရဲ့ စစ်ရေးပစ်မှတ်တွေကို တိုက်ခိုက်နိုင်ဖို့ ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ ဒရုန်းအစိတ်အပိုင်းတွေကို ဝှက်ထားနိုင်မယ့် နေရာတွေကို ရှာဖွေတာတို့ ပါဝင်ပါတယ်။ ဒီအကြောင်းတွေကို သူက သတင်းထောက် မာစင် မာမွန်ကို ပြောပြခဲ့တာပါ။

"ဒီဒရုန်းအစိတ်အပိုင်းတွေကို ပေါင်းစပ်လိုက်တဲ့အခါ အင်အားကြီးမားတဲ့ လက်နက်တစ်ခု ဖြစ်လာပါတယ်။ အဲဒီလက်နက်ဟာ ဒေါ်လာသန်းပေါင်းများစွာ တန်ဖိုးရှိတဲ့ ပစ်မှတ်တစ်ခုကို တစ်ချက်တည်းနဲ့ ဖျက်ဆီးနိုင်ပါတယ်" လို့ အိုင်ဗန်က ပြောပါတယ်။

အိုင်ဗန်ဟာ ရုရှားစစ်ဘက်လေယာဉ်ကွင်းတစ်ခုအနီးမှာ ဖောက်ခွဲရေးပစ္စည်းတွေကို ဝှက်ထားနေပုံရတဲ့ ဗီဒီယိုတစ်ခုကိုလည်း မာမွန် ဆီ ပေးပို့ခဲ့ပါတယ်။ အကယ်လို့ သူသာ အဖမ်းခံခဲ့ရမယ်ဆိုရင် အကြမ်းဖက်မှုနဲ့ စွဲချက်တင်ခံရပြီး ဆယ်စုနှစ်များစွာ ထောင်ဒဏ်ကျခံရနိုင်တယ်လို့ ဆိုပါတယ်။

ဖိုမာရဲ့ လုပ်ငန်းကတော့ အိုင်ဗန်နဲ့ မတူပါဘူး။ သူဟာ ရုရှားနိုင်ငံအတွင်းမှာရှိတဲ့ စေတနာ့ဝန်ထမ်းတွေကို အွန်လိုင်းကနေ အဝေးမှ လေ့ကျင့်သင်ကြားပေးနေသူ ဖြစ်ပါတယ်။

မာမွန်ဟာ ဖိုးမာက သင်တန်းတစ်ခု ပို့ချနေတာကိုလည်း ကြည့်ရှုခဲ့ပါတယ်။ အဲဒီသင်တန်းမှာ စောင့်ကြည့်ထောက်လှမ်းဖို့ သတ်မှတ်ထားတဲ့ အဆင့်မြင့် စစ်ဘက်အရာရှိတစ်ဦးရဲ့ နောက်ကို ဘယ်လိုလိုက်လံစောင့်ကြည့်ရမလဲဆိုတာ သင်ကြားပေးနေခဲ့ပါတယ်။

ဖိုမာရဲ့ ကွန်ပြူတာ မျက်နှာပြင်ကို မြင်ရတာဖြစ်ပါတယ်။ အဲဒီထဲမှာ ရုရှားက ကားတွေနဲ့ အဆောက်အဦတွေကို တွေ့ရပါတယ်။ သူ့လက်ကတော့ ကွန်ပြူတာ ကီးဘုတ်ခလုတ်တွေပေါ် တင်ထားပါတယ်။
ဓာတ်ပုံ ပုံစာ, ဖိုမာက သူ့ရဲ့ လျှို့ဝှက်စောင့်ကြည့်ရေးအဖွဲ့ဝင်တွေကို ရုရှားစစ်ဘက်အရာရှိတွေ နောက်ကနေ ဘယ်လိုလိုက်လံစောင့်ကြည့်ရမလဲဆိုတာ သင်ပေးခဲ့ပုံကို ရှင်းပြခဲ့ပါတယ်

"ပစ်မှတ်ထားရမယ့်သူအကြောင်း ဖိုင်တစ်ခုကို ကျွန်တော် ဒါမှမဟုတ် ကျွန်တော့်လုပ်ဖော်ကိုင်ဖက်တစ်ယောက်က ပေးပါလိမ့်မယ်။ အဲဒီဖိုင်ထဲမှာ ပစ်မှတ်ထားရမယ့်သူရဲ့ ဓာတ်ပုံ၊ ကိုယ်ရေးအချက်အလက်တွေ၊ မွေးသက္ကရာဇ်၊ အသက်နဲ့ သူ့ရဲ့ရုပ်ရည်သွင်ပြင် ဖော်ပြချက်တွေ ပါပါလိမ့်မယ်။ ကားရှိရင်လည်း သူ့ကားအကြောင်း အချက်အလက်တွေ ပါမှာပါ။ အဲဒီလူဆီ သွားတဲ့အခါ ဖုန်းယူမသွားပါနဲ့" လို့ ဖိုမာက သူ့အဖွဲ့ဝင်တွေကို ပြောခဲ့ပါတယ်။

ဖိုမာဟာ တစ်ချိန်က ရုရှားအထက်တန်းလွှာ အသိုင်းအဝိုင်းထဲမှာ ပါဝင်ခဲ့သူဖြစ်တာကြောင့် ထူးခြားတဲ့ အဆက်အသွယ်ကွန်ရက်တစ်ခုနဲ့ အတွင်းသတင်းအချက်အလက်တွေကို အဆက်မပြတ် ရရှိနေတယ်လို့ သူက ဆိုပါတယ်။

သူဟာ စစ်ဘက်ဆိုင်ရာ ပစ်မှတ်တွေကို ဘယ်လိုမြေပုံပေါ်မှာ မှတ်သားဖော်ထုတ်ထားသလဲဆိုတာကို သူ့ရဲ့လက်ပ်တော့ ကွန်ပြူတာကနေတစ်ဆင့် မာမွန်ကို ပြသခဲ့ပါတယ်။

"ဒီမှာရှိတာက အချက်အလက်သိုလှောင်ထားတဲ့ဒေတာဘေ့စ်တစ်ခုပါ။ စစ်လက်နက်ပစ္စည်း သိုလှောင်ရုံတွေနဲ့ စစ်တပ်တပ်ဖွဲ့တွေ ရှိတဲ့နေရာတွေကို ဖော်ပြထားတယ်။ ဗိုလ်ချုပ်တွေ ဘယ်မှာနေကြသလဲ၊ ယူကရိန်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတဲ့ မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်တွေကို မောင်းနှင်တဲ့လေယာဉ်မှူးတွေ ဘယ်မှာနေကြသလဲဆိုတာတွေလည်း ပါတယ်။

"ဒီစနစ်ကို ဖြိုဖျက်ချင်ရင် အဲဒီစနစ် ဘယ်လိုအလုပ်လုပ်သလဲဆိုတာကို အရင်နားလည်ဖို့ လိုတယ်။ အဲဒီနောက် သူတို့ရဲ့ အားနည်းချက်တွေကို ပစ်မှတ်ထားနိုင်တယ်" လို့ သူက ပြောပါတယ်။

သူ့ရဲ့ကွန်ရက်မှာ လူ ၃၀ ဝန်းကျင်ရှိပြီး ရုရှား၊ ယူကရိန်းနဲ့ ဥရောပနိုင်ငံတချို့မှာ ခွဲပြီး လှုပ်ရှားနေကြတယ်လို့ ဖိုမာက ဆိုပါတယ်။ ရုရှားပြင်ပမှာ ရှိတဲ့အဖွဲ့ဝင်တွေကတော့ ပစ်မှတ်တွေရဲ့ အွန်လိုင်းပေါ်က ဒစ်ဂျစ်တယ်ခြေရာတွေကို လိုက်လံစုံစမ်းတာအပါအဝင် ထောက်ပံ့ရေးဆိုင်ရာ ကိစ္စတွေကို ကူညီပေးကြတယ်လို့ သိရပါတယ်။

စောင့်ကြည့်ရမယ့် ပစ်မှတ်တွေကို ယူကရိန်းစစ်ထောက်လှမ်းရေးဌာန (GUR) က အကြံပြုပေးတာဖြစ်ပေမဲ့ အဲဒီလူတွေကို စစ်ရာဇဝတ်မှုကျူးလွန်သူတွေအဖြစ် သတ်မှတ်သင့်၊ မသင့်ဆိုတာကို သူနဲ့သူ့အဖွဲ့က ကိုယ်တိုင်စစ်ဆေးတယ်လို့ ဖိုမာက ပြောပါတယ်။

"ပုံမှန်အားဖြင့် အဲဒီလူနဲ့ပတ်သက်တဲ့အချက်အလက်တွေကို ကျွန်တော်တို့ ထပ်စစ်ဆေးတယ်။ အဲဒီလို စစ်ဆေးပြီးမှပဲ ဒီအလုပ်ကို လုပ်မလား၊ မလုပ်ဘူးလားဆိုတာ ဆုံးဖြတ်တယ်" လို့ သူက ဆိုပါတယ်။

ဒါပေမဲ့ သူ့အဖွဲ့ရဲ့လုပ်ရပ်တွေဟာ တရားမျှတတဲ့ လုပ်ရပ်တွေလို့ သူက ယူဆပါတယ်။

"ယူကရိန်းမှာ ပူတင်နဲ့ ရုရှားရဲ့ ကိုယ်စား ကြောက်မက်ဖွယ်လုပ်ရပ်တွေကို ကျူးလွန်နေတဲ့သူတွေဟာ သူတို့လုပ်ရပ်တွေအတွက် ပြန်လည်ပေးဆပ်ရမယ်ဆိုတာ နားလည်စေချင်တယ်။ သူတို့ကို ကြောက်လန့်သွားစေချင်တယ်" လို့ သူက ပြောပါတယ်။

ဖိုမာက သူဟာ ယူကရိန်းဘက်ကို ထောက်လှမ်းရေးအချက်အလက်တွေပဲ ပေးပို့ခဲ့တာဖြစ်ပြီး သူ့ကွန်ရက်က ကိုယ်တိုင် လုပ်ကြံသတ်ဖြတ်မှုတွေ မလုပ်ခဲ့ဘူးလို့ အလေးပေးပြောဆိုပါတယ်။

၂၀၂၅ ခုနှစ် ဒီဇင်ဘာလမှာ လုပ်ကြံသတ်ဖြတ်ခံခဲ့ရတဲ့ ဗိုလ်ချုပ် ဆာဗာရော့ဗ်နဲ့ပတ်သက်ပြီးတော့လည်း ဖိုမာက နောက်ပိုင်းမှာ မာမွန်ဆီ စာပို့ခဲ့ပါတယ်။

"သူ့ကို စောင့်ကြည့်ဖို့ အတော်လေး အားစိုက်ခဲ့ရတယ်။ သူဟာ သူ့ရဲ့တိတ်တိတ်ပုန်းချစ်သူနဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်ရဲ့အိမ်မှာ အလှည့်ကျ နေထိုင်တယ်။ သူ့နောက်ကြောင်းကို ဖျောက်ထားပြီး အချိန်ဇယားကိုလည်း အမြဲပြောင်းလဲနေတယ်" လို့ သူက ရေးသားခဲ့ပါတယ်။

ဒါပေမဲ့ ဖိုမာဟာ အဲဒီလုပ်ကြံသတ်ဖြတ်မှုနဲ့ပတ်သက်တဲ့အစီအစဉ်တွေကို မာမွန်နဲ့ ဘီဘီစီကို ကြိုတင်ပြောပြခဲ့ခြင်း မရှိပါဘူး။ အိုင်ဗန်ကတော့ သူပါဝင်ခဲ့တဲ့ လုပ်ငန်းတွေအကြောင်းကို ဖြစ်ရပ်တွေ ဖြစ်ပွားပြီးနောက်မှာတောင် အသေးစိတ်ထုတ်ဖော်ပြောဆိုဖို့ ငြင်းဆန်ခဲ့ပါတယ်။

ဖိုမာဟာ အိုင်ဗန်အကြောင်းကို ကိုယ်တိုင် စုံစမ်းခဲ့ပါတယ်။ ယူကရိန်းနဲ့ ရုရှားနှစ်နိုင်ငံစလုံးမှာရှိတဲ့ စစ်ထောက်လှမ်းရေးနဲ့ အဆက်အသွယ်ရှိသူတွေကို မေးမြန်းစစ်ဆေးပြီးနောက်မှာ အိုင်ဗန်ဟာ ပြီးခဲ့တဲ့နှစ် ဇွန်လက ရုရှားနိုင်ငံရဲ့ အကြီးဆုံး စစ်ဘက်သုံးဒရုန်းစက်ရုံဖြစ်တဲ့ ယီလာဘူဂါမြို့က စက်ရုံကို တိုက်ခိုက်ဖို့ ကြံစည်ခဲ့တဲ့ အစီအစဉ်မှာ ပါဝင်ခဲ့ဖွယ်ရှိတယ်လို့ ဖိုမာက ယူဆခဲ့ပါတယ်။ အဲဒီဖြစ်ရပ်မှာ လူတစ်ဦး သေဆုံးခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

အိုင်ဗန်ကတော့ သူတို့ရဲ့ လုပ်ငန်းတွေအားလုံးမှာ အရပ်သားတွေ ထိခိုက်သေဆုံးမှု မရှိအောင် ရှောင်ရှားရေးကို အမြဲထည့်တွက်တယ်လို့ အလေးပေးပြောပါတယ်။

အိုင်ဗန်အတွက်လည်း ဒီလုပ်ငန်းတွေဟာ အန္တရာယ်များလှပါတယ်။

"အဆိုးရွားဆုံးဖြစ်ရပ်ကတော့ ကျွန်တော့်ကားကို စစ်ဆေးဖို့ တားလိုက်တဲ့အချိန်မှာ ကိုယ်တိုင်လုပ်ထားတဲ့ ပေါက်ကွဲစေတတ်တဲ့ပစ္စည်းတွေ ကျွန်တော့်ဆီမှာ ပါလာတာပါပဲ။ အန္တရာယ်က အရမ်းများခဲ့တယ်။ ဒါပေမဲ့ မြင်တဲ့အတိုင်းပဲ ကျွန်တော့်ကို မဖမ်းမိခဲ့ဘူး" လို့ သူက ပြောပါတယ်။

သူတို့ရဲ့ လုပ်ငန်းတွေကို ဖော်ထုတ်ခံရနိုင်တဲ့ အန္တရာယ်ကို လျှော့ချဖို့ "တိတိကျကျသတ်မှတ်ထားတဲ့ ဖွဲ့စည်းပုံမရှိဘူး" လို့ အိုင်ဗန်က ဆိုပါတယ်။ သူနဲ့အတူ လုပ်ဆောင်ခဲ့တဲ့ အခြားသူတွေနဲ့လည်း တစ်ခါမှ လူချင်းမတွေ့ဖူးသလို သူတို့ရဲ့အမည်နဲ့ ကိုယ်ရေးအချက်အလက်တွေကိုလည်း မသိဘူးလို့ သူက ပြောပါတယ်။

ဖိုမာကလည်း သူ့အဖွဲ့ဝင်တွေအတွက် အလားတူ စည်းမျဉ်းကို ချမှတ်ထားပါတယ်။

"လူတွေကို အဖွဲ့လိုက် စုစည်းလိုက်တာနဲ့ အထွေထွေစကားပြောအဖွဲ့တွေ ဖွဲ့တာ၊ အင်တာနက်ပေါ်မှာ ခြေရာချန်ထားတာတွေ ဖြစ်လာတယ်။ အဲဒီလိုဆိုရင် အဖွဲ့တစ်ခုလုံးကို အချိန်တိုအတွင်း ဖမ်းဆီးတာ ဒါမှမဟုတ် ဖျက်ဆီးတာမျိုး ကြုံရနိုင်ခြေ အရမ်းများတယ်" လို့ သူက ပြောပါတယ်။

ရုရှားနိုင်ငံအတွင်းမှာ ဒီလိုလုပ်ငန်းမျိုး လုပ်ဆောင်နိုင်တဲ့သူတွေ အခုဆို အလွန်နည်းပါးကျန်တော့တယ်လို့ အိုင်ဗန်က ပြောပါတယ်။

"ခံယူချက်ကိုအခြေခံပြီး တက်တက်ကြွကြွ လုပ်ဆောင်ခဲ့ကြတဲ့သူ အများစုဟာ နိုင်ငံကနေ ထွက်ခွာသွားကြပြီ၊ ဒါမှမဟုတ် ထောင်ထဲရောက်နေကြပြီ" လို့ သူက ဆိုပါတယ်။

ရုရှားနိုင်ငံအတွင်း ဖျက်ဆီးရေးလုပ်ငန်းတွေမှာ ပါဝင်နေသူတွေထဲမှာ ကုန်တင်ကားမောင်းသူတွေလို ကိုယ်သယ်လာတဲ့ကုန်ပစ္စည်းတွေကို တစ်ဖက်က လျှို့ဝှက်ပြောင်းလဲထားတာ မသိဘဲ ပါဝင်နေသူတွေ ရှိသလို၊ ငွေကြေးရလို့ လုပ်ဆောင်နေသူတွေလည်း ရှိတယ်လို့ ဘီဘီစီ က သိရှိထားပါတယ်။

အိုင်ဗန်ကတော့ သူဟာ အယူအဆနဲ့ ယုံကြည်ချက်ကြောင့် ဒီလုပ်ငန်းတွေကို လုပ်ဆောင်နေတာလို့ ပြောပါတယ်။ သူဟာ အရင်က နိုင်ငံရေးအတိုက်အခံအဖွဲ့ဝင်တစ်ဦး ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ရုရှားအာဏာပိုင်တွေက သူ့ရဲ့ လှုပ်ရှားသွားလာမှုတွေကို အနီးကပ် စောင့်ကြည့်နေမယ်လို့ ယူဆရပါတယ်။

ဒါကြောင့် သူဟာ ရုရှားနိုင်ငံကနေ မကြာခဏ ထွက်ခွာပြီး ပြန်ဝင်လာနိုင်ခဲ့တာက အံ့အားသင့်စရာ ဖြစ်နေပါတယ်။

မာမွန်က ဂျော်ဂျီယာနိုင်ငံမှာ အိုင်ဗန်နဲ့ တွေ့ဆုံဖို့ စောင့်ဆိုင်းနေပုံ - အိုင်ဗန်ဟာ နိုင်ငံတွေကို လွတ်လပ်စွာ သွားလာနိုင်နေပုံရတာကြောင့် အံ့အားသင့်ခဲ့ရပါတယ်
ဓာတ်ပုံ ပုံစာ, မာမွန်က ဂျော်ဂျီယာနိုင်ငံမှာ အိုင်ဗန်နဲ့ တွေ့ဆုံဖို့ စောင့်ဆိုင်းနေပုံ - အိုင်ဗန်ဟာ နိုင်ငံတွေကို လွတ်လပ်စွာ သွားလာနိုင်နေပုံရတာကြောင့် အံ့အားသင့်ခဲ့ရပါတယ်

မာမွန်ဟာ အိုင်ဗန်ကို ဂျော်ဂျီယာနိုင်ငံက လူသူအရောက်အပေါက်နည်းတဲ့ သဲကန္တာရဒေသတစ်ခုဆီ ကားမောင်းခေါ်သွားဖို့ ပြောခဲ့ပါတယ်။ အဲဒီနေရာမှာ သူတို့နှစ်ယောက် လွတ်လွတ်လပ်လပ် စကားပြောနိုင်မှာဖြစ်လို့ ယူကရိန်းဘက်က အိုင်ဗန်ကို ဘယ်လိုယုံကြည်နိုင်သလဲဆိုတာ မာမွန်က မေးမြန်းခဲ့ပါတယ်။

"တတိယနိုင်ငံတစ်ခုကို သွားရတယ်။ အဲဒီမှာ ယူကရိန်းရဲ့ အေးဂျင့်တွေက လာတွေ့ပြီး လိမ်ညာမှုကို ဖော်ထုတ်တဲ့ စက်နဲ့ စစ်ဆေးမှုတွေ လုပ်တယ်" လို့ အိုင်ဗန်က ပြောပါတယ်။

မာမွန်က ယူကရိန်းစစ်ထောက်လှမ်းရေးဌာန (GUR) မှာ သူနဲ့ဆက်သွယ်လုပ်ကိုင်နေတဲ့ အရာရှိတစ်ယောက်နဲ့ မိတ်ဆက်ပေးဖို့ အိုင်ဗန်ကို တောင်းဆိုခဲ့ပါတယ်။ အဲဒီအရာရှိက အိုင်ဗန်ဆီ ဖုန်းခေါ်လာပြီး အသံချဲ့စက်ဖွင့်ကာ စကားပြောခဲ့ပါတယ်။ ဒါဟာ အိုင်ဗန်ဟာ သူနဲ့အလုပ်လုပ်နေသူဖြစ်ကြောင်း ပြသလိုက်တာမျိုး ဖြစ်ပုံရပါတယ်။ သူတို့နှစ်ယောက်ဟာ "ကျောင်းမှာ ပြုပြင်ရေးလုပ်ငန်းတွေ" ဆိုတဲ့ စကားလုံးကို သုံးပြီး လျှို့ဝှက်ကုဒ်နဲ့ ပြောဆိုခဲ့ကြပါတယ်။

ဒါပေမဲ့ နောက်ပိုင်းမှာ အဲဒီအရာရှိက အိုင်ဗန်ဟာ ရုရှားဘက်အတွက်လည်း အလုပ်လုပ်နေနိုင်တဲ့ ဖြစ်နိုင်ခြေကို ပယ်ချလို့မရဘူးလို့ ဝန်ခံခဲ့ပါတယ်။ အိုင်ဗန်ဟာ သူ့ဆန္ဒအလျောက် လုပ်ဆောင်နေတာဖြစ်နိုင်သလို ခြိမ်းခြောက်ဖိအားပေးခံရတာကြောင့်လည်း ဖြစ်နိုင်တယ်လို့ သူက ဆိုပါတယ်။

အိုင်ဗန်ဟာ နိုင်ငံတွေကို လွတ်လပ်စွာ သွားလာနိုင်တာတစ်ခုတည်းနဲ့ သံသယဖြစ်စရာ အချက်လို့ မသတ်မှတ်သင့်ဘူးလို့ ဖိုမာက ယူဆပါတယ်။

"နိုင်ငံရဲ့ အုပ်ချုပ်ရေးစနစ်မှာ ဟာကွက်တွေ အများကြီးရှိတယ်။ အဲဒီဟာကွက်တွေကို သိထားရင် ဒါမှမဟုတ် ကံကောင်းရင် အဲဒီဟာကွက်တွေကနေ ဖြတ်ကျော်ပြီး စနစ်ထဲမှာပဲ နေနိုင်တယ်။ မျက်စေ့အောက်တင် ကိုယ်ဖျောက်နေတာပေါ့" လို့ သူက မာမွန်ကို ပြောပါတယ်။

ဒါ့အပြင် အိုင်ဗန်ဟာ ရုရှားဖက်ဒရယ်လုံခြုံရေးဌာန (FSB) အတွက်လည်း သူလျှိုလုပ်နေသူဖြစ်ခဲ့မယ်ဆိုရင် ယူကရိန်းရဲ့တိုက်ခိုက်ရေးအစီအစဉ်တွေအကြောင်း သူသိထားတာတွေကို ရုရှားအာဏာပိုင်တွေဆီ ပြန်လည်ပေးပို့နိုင်ခြေ ရှိတယ်လို့ ယူဆနိုင်ပါတယ်။

ယူကရိန်းဒရုန်း အစင်း ၁၀၀ ကျော်နဲ့ အကြီးအကျယ် တိုက်ခိုက်မှုတစ်ခု မဖြစ်ပွားမီ တစ်နှစ်ကျော်အလိုကတည်းက အိုင်ဗန်ဟာ ရုရှားနိုင်ငံတဝန်းရှိ စစ်လေတပ်စခန်းတွေမှာ ရှိတဲ့ မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်တွေကို အကြီးစားတိုက်ခိုက်မှုတစ်ခု လုပ်ဆောင်တော့မယ်လို့ မာမွန်ကို ပြောပြခဲ့ပါတယ်။ ဒါပေမဲ့ ဘယ်အချိန်၊ ဘယ်နေရာမှာ တိုက်ခိုက်မယ်ဆိုတာကိုတော့ သူက မပြောခဲ့ပါဘူး။

မာမွန်က အိုင်ဗန်ကို ဒီလိုအလုပ်မျိုး လုပ်နေရတဲ့အခါ ဘယ်လိုစိတ်ထိန်းပြီး နေထိုင်သလဲလို့ မေးခဲ့ပါတယ်။

"ကြောက်စိတ်က အမြဲရှိနေတယ်။ ဘယ်သွားသွား အဲဒီကြောက်စိတ်က လိုက်နေတယ်။ ဘာမှမလုပ်ဘဲ နေရင်တောင် ကြောက်နေရတုန်းပဲ။ ရုရှားနိုင်ငံဖြစ်နေတာကိုး" လို့ အိုင်ဗန်က ပြောပါတယ်။

ဒါပေမဲ့ နောက်ဆုံးမှာ သူ့ဘဝဟာ ပြောင်းလဲလာလိမ့်မယ်လို့ သူမှာ မျှော်လင့်ချက်ရှိနေပါတယ်။

"ပူတင်က မသေမျိုးမှမဟုတ်တာ" လို့ သူက ပြောပါတယ်။