စစ်မှုထမ်းတွေ အိမ်ပြန်ခွင့်ရနေပြီလို့ TikTok ကနေ ဘယ်လိုဝါဒဖြန့်သလဲ

 TikTok က ပျိုမေ Vlog မှာ စစ်မှုထမ်းဝါဒဖြန့် ဗီဒီယိုတစ်ခုကို Tik Tok လိုဂိုနောက်ခံနဲ့ သရုပ်ဖော်ထားတာဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, BBC Design

ဓာတ်ပုံ ပုံစာ, TikTok ဟာ စစ်တပ်ထောက်ခံသူ၊ စစ်တပ်မီဒီယာနဲ့ အမျိုးသားရေးသမားတွေရဲ့ အဓိကဝါဒဖြန့် ပလက်ဖောင်းတစ်ခုဖြစ်လာ
ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၉

စစ်မှုထမ်းဥပဒေနဲ့ စစ်သားစုဆောင်းခံရသူတွေထဲမှာ ပထမဆုံးတပ်ထဲရောက်ခဲ့တဲ့ အပတ်စဥ် ၁ တပ်သားတွေကို စစ်မှုထမ်းသက် နှစ်နှစ်ပြည့်လို့ အိမ်ပြန်ခွင့်ပြုနေပြီလို့ နည်းလမ်းမျိုးစုံနဲ့ စစ်တပ်က သတင်းထုတ်လာပါတယ်။

တိုင်းစစ်ဌာနချုပ်ကနေ ရပ်ကျေးအဆင့်အထိ စစ်မှုထမ်းအပတ်စဥ် ၁ နုတ်ထွက်ခွင့်ကို ထုတ်ပြဖို့ စနစ်တကျပြင်ဆင်တာတွေ့ရတယ်လို့ CDM စစ်သားအသိုင်းအဝိုင်းက ဆိုပါတယ်။

ဒီလို ပြင်ဆင်ပုံဖော်ထားတာကို စစ်တပ်က လူမှုကွန်ရက်တွေပလက်ဖောင်းတွေကပါ ဖြန့်ဝေလာတာ ဖြစ်ပါတယ်။

"TikTok မှာ စစ်တပ် မ တည်ထားတဲ့ ဝါဒဖြန့် Vlog တွေ(ဥပမာ ပျိုမေ Vlog) မှာ အိမ်ပြန်ခွင့်ရတဲ့ လူငယ်တွေရဲ့ အသံဆိုပြီး လုပ်တာတွေ့ရတယ်။ စစ်တပ်က ဒီဝါဒဖြန့်လုပ်ငန်းကို ကျွန်တော်တို့ ထင်ထားတာထက် ပိုပြီး လုပ်လာတာတွေ့ရတယ်" လို့ မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ MDSI ရဲ့ စစ်ဘက်ရေးရာ တာဝန်ခံ ကိုနောင်ရိုးက ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း Facebook ကို စစ်တပ်ကပိတ်လိုက်လို့ မြန်မာမှာ လူသုံံးအများဆုံးဖြစ်လာတဲ့ TikTok ဟာ စစ်တပ်ထောက်ခံသူ၊ စစ်တပ်မီဒီယာနဲ့ အမျိုးသားရေးသမားတွေရဲ့ အဓိကဝါဒဖြန့် ပလက်ဖောင်းတစ်ခုဖြစ်လာတယ်လို့ မြန်မာအင်တာနက်ပရောဂျက်(MIP) က ဆိုပါတယ်။

စစ်မှုထမ်းအမှတ်စဥ် ၁ ကနေ ဘယ်နှဦးနုတ်ထွက်ခွင့်ရကြလဲ

စစ်မှုထမ်းအပတ်စဥ်တစ်ခုကို စစ်သင်တန်းပေးနေတဲ့ အခြေအနေ

ဓာတ်ပုံ ရင်းမြစ်, CINCDS

ဓာတ်ပုံ ပုံစာ, စစ်မှုထမ်းအပတ်စဥ်တစ်ခုကို စစ်သင်တန်းပေးနေတဲ့ အခြေအနေ (ပုံဟောင်း)

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်မှာ စစ်မှုထမ်းဥပဒေပြဋ္ဌာန်းပြီး ပထမဆုံးအပတ်စဥ်ကို ဧပြီ ၈ ရက်မှာ စတင်ခဲ့ပါတယ်။

အပတ်စဥ်တစ်ခုကို အယောက် ၅၀၀၀ ခေါ်ယူမယ်လို့ ပြောခဲ့ပေမဲ့ လက်ရှိအချိန်အထိစုဆောင်းထားတဲ့ အရေအတွက်အတိအကျကို တပ်ကထုတ်ပြန်ပြောဆိုလာတာမတွေ့ရပါဘူး။

CDM စစ်သားတွေနဲ့ ဖွဲ့စည်းထားတဲ့ မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ MDSI ကတော့ လစဥ်ပျမ်းမျှ ၄၈၀၀ ဦး စစ်မှုထမ်းနဲ့ ခေါ်ခံရတယ်လို့ ခန့်မှန်းထားပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

၂၀၂၆ ဧပြီ ရောက်လာချိန်မှာတော့ အပတ်စဥ် ၁ နဲ့ တပ်ထဲရောက်တဲ့လူငယ်တွေရဲ့ အိမ်ပြန်ချိန် ရောက်လာပါတယ်။

စစ်မှုထမ်းသင်တန်း အမှတ်စဥ် ၁ ဆင်း တပ်ဖွဲ့ဝင်တွေကို အိမ်ပြန်ခွင့်ပြုတဲ့ အရေအတွက်ကို သိရဖို့ စစ်ကော်မရှင်ရဲ့ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ ဥက္ကဋ္ဌရုံးကို ဘီဘီစီက ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံ ဖြေဆိုတာမရှိပါဘူး။

ဧပြီ ၃ ရက်တုန်းကတော့ ကယား(ကရင်နီ) ပြည်နယ်၊ လွိုင်ကော်မြို့မှာ ရှိတဲ့ ဒေသကွပ်ကဲရေးစစ်ဌာနချုပ်(ဒကစ) မှာ စစ်မှုထမ်း အမှတ်စဉ် ၁ တပ်သား ၃၈၅ ဦးရဲ့သတ်မှတ် ကာလပြီး မြောက်အောင် တာဝန်ထမ်းဆောင်ခဲ့တဲ့အတွက် ဂုဏ်ပြုအခမ်းအနားပြုလုပ်ခဲ့တယ်လို့ စစ်ကော်မရှင်က သတင်းထုတ်ပါတယ်။

"ကရင်နီမှာ အပတ်စဥ် ၁ သင်တန်းဆင်းကာလတုန်းက တိုက်ပွဲပြင်းထန်လို့ ခွဲတမ်း ၆၀၀ လောက်ရမယ့် သဘောရှိတယ်။ ခွဲတမ်း ၆၀၀ မှာ ၃၈၅ ယောက်ပဲ ရှင်တယ်ဆိုတဲ့ သဘောဖြစ်တယ်" လို့ CDM ဗိုလ်ကြီးဇင်ယော်က ပြောပါတယ်။

တပ်တွင်းသတင်းပေးကတဆင့် ရရှိတဲ့ အချက်အလက်အရ လွိုင်ကော် ဒကစနဲ့ လက်အောက်ခံတပ်တွေကို အင်အား ၅၀ ဦးဆီ ဖြန့်ခွဲပေးခဲ့ တယ်လို့ သူက ပြောပါတယ်။​

ဒီတပ်သားတွေ တာဝန်ထမ်းဆောင်ချိန်ပြည့်မြောက်လို့ ပြန်လာချိန်မှာ "သူတို့(စစ်တပ်)ရဲ့ ဖော်ပြချက်အရကိုပဲ ၃၈၅ ဦးပြန်ထွက်ခွင့်ပေးတာတွေ့ရတယ်။ ဒီထဲကမှ တစ်ရာကျော်လောက်က EA 1,2 ဆိုတဲ့ ရန်သူ့တိုက်ခိုက်မှုကြောင့် ခြေလက်စွန့်လွှတ်ရသူတွေ၊ ဒဏ်ရာအပြင်းထန်ရသူတွေပါတယ်လို့ တပ်တွင်းသတင်းပေးဆီက သိရတယ်"​ လို့ သူက ဆိုပါတယ်​။

မြဝတီနဲ့ မြန်မာ့အသံရုပ်သံလိုင်းတွေကနေ တိုင်းစစ်ဌာနချုပ်နဲ့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်အလိုက် ပြုလုပ်တဲ့အခမ်းအနားသတင်းတွေထုတ်ပြန်ပေမဲ့ အရေအတွက်ကို ထည့်သွင်းကြေညာတာမရှိပါဘူး။

ဟောခန်းကျယ်ထဲမှာ ခုံတန်းအလိုက်တန်းစီမတ်တပ်ရပ်နေတဲ့ စစ်ဝတ်စုံနဲ့တပ်သားတွေ၊ တပ်သားတွေရဲ့ထိပ်မှာရပ်နေတဲ့ တိုက်ပုံနဲ့ပုဆိုးဝတ်အမျိုးသားနဲ့ စစ်ဝတ်စုံဝတ် အရာရှိတွေ

ဓာတ်ပုံ ရင်းမြစ်, MOI

ဓာတ်ပုံ ပုံစာ, ဧပြီ ၃ ရက်၊ ကယား(ကရင်နီ) ပြည်နယ်၊ လွိုင်ကော်မြို့မှာရှိတဲ့ ဒေသကွပ်ကဲရေးစစ်ဌာန ချုပ်(ဒကစ) မှာပြုလုပ်တဲ့ စစ်မှုထမ်း အမှတ်စဉ် ၁ တပ်သားတွေအတွက် ဂုဏ်ပြုအခမ်းအနား

၂၀၂၄ ဧပြီမှာ စစ်မှုထမ်းနဲ့ တပ်ထဲဝင်တဲ့သူတွေဟာ ဇွန်နဲ့ ဇူလိုင်ပတ်ဝန်းကျင်မှာ စစ်သင်တန်းဆင်းမယ် လို့ ခန့်မှန်းရပါတယ်။

စစ်မှုထမ်းတယ်လီဂရမ်ချန်နယ်စဖွင့်တဲ့ ၂၀၂၄ နိုဝင်ဘာမှာ အပတ်စဥ် ၅ အထိ သင်တန်းဆင်းပြီဖြစ်ပါတယ်။

ဒါကြောင့် စစ်မှုထမ်းအပတ်စဥ် ၁ တွေရဲ့ သင်တန်းဆင်းချိန်ဟာ ရှမ်းပြည်နယ်(မြောက်ပိုင်း)က ညီနောင်မဟာမိတ်တွေ ရဲ့ ၁၀၂၇ စစ်ဆင်ရေးဒုတိယပိုင်းကာလဖြစ်ပါတယ်။

ရခိုင်မှာလည်း စစ်တပ်က မောင်တော၊ သံတွဲ၊ စစ်တွေမြို့နယ်တွေမှာ အာရက္ခတပ်တော်ရဲ့ ထိုးစစ်ကို အလူးအလဲခံနေရတဲ့ကာလ ဖြစ်ပါတယ်။

အမှတ်စဥ် ၁ ဆင်းတွေဟာ တိုက်ပွဲပြင်းထန်တဲ့နေရာတွေကို ပို့ဆောင်ခံရတာများတာကြောင့် သေဆုံးတဲ့အရေအတွက်များနိုင်တယ်လို့ MDSI က စစ်ဘက်ရေးရာတာဝန်ခံ ကိုနောင်ရိုးက သုံးသပ်ပါတယ်။

"အမှတ်စဥ် ၁ က‌နေ နုတ်ထွက်ခွင့်ပြုတဲ့အရေအတွက်က ၄၀ ရာခိုင်နှုန်းဝန်းကျင် ၂ ထောင် ဝန်းကျင်ရှိနိုင်တယ်" လို့ သူက ပြောပါတယ်။

MDSI က စစ်တိုင်းတွေနဲ့ ဒကစ ဌာနချုပ်အလိုက် ထွက်ခွင့်ပြုတဲ့ သတင်းထုတ်ပြန်ချက်၊ သတင်းဓာတ်ပုံနဲ့ ကိန်းဂဏန်းထုတ်ပြန်ချက်တွေကို အခြေခံတွက်ချက်ထားတာ လို့သူကပြောပါတယ်။

ရန်ကုန်တိုင်းစစ်ဌာနချုပ်ကနေ ထွက်ခွင့်ပြုတဲ့တပ်သား အင်အား ၉၀ ဦးရှိတယ်လို့ စစ်မှုထမ်း တပ်သား ၁ ဦးက TikTok မှာတင်ထားတာကို ဘီဘီစီက တွေ့ရပါတယ်။

တပ်ထဲမှာလည်းအမှတ်စဥ် ၁ နဲ့ ၂ ကို အမြဲတမ်းစစ်မှုထမ်း လုပ်ဆောင်ဖို့ စည်းရုံးတာရှိတယ်လို့ သူက တပ်တွင်းကနေ သိရှိရတဲ့အခြေအနေကို ပြောပါတယ်။

စစ်မှုထမ်း အမှတ်စဥ် ၁ သင်တန်းသားတွေက ဆန္ဒအလျောက်စာရင်းပေးကာ ဝင်ရောက်လာသူတွေ ဖြစ်တယ်လို့ စစ်တပ်ဘက်က ပြောခဲ့ပေမဲ့ ရန်ကုန်မြို့နယ်တချို့မှာ စစ်မှုထမ်း မဲပေါက်သူတချို့ကို ဆန္ဒအလျောက်ဝင်ရောက်ပါတယ်လို့ အုပ်ချုပ်ရေးဘက်က ဖိအားပေးရေးခိုင်းတဲ့ဖြစ်စဉ်အချို့ ၂၀၂၄ ခုနှစ်၊ ဧပြီလအတွင်းမှာ ရှိခဲ့ပါတယ်။

သုတသနအဖွဲ့တစ်ခုဖြစ်တဲ့ Spring Revolution Database ရဲ့ အချက်အလက်တွေအရလည်း စစ်မှုထမ်း အပတ်စဥ် ၁၀ အထိ ဖမ်းဆီးစုဆောင်းခံရတဲ့ လူငယ် ၁၃,၀၀၀ ဝန်းကျင်ရှိတယ်လို့ ဖော်ပြထားပါတယ်။

ရနောင်းစာသားပါမြေပုံရဲ့ဘေးမှာ ပင်လယ်ပြင်မှာ လှေသွားနေပုံ၊ အဲဒီအောက်မှာ စစ်သင်တန်းတက်နေတဲ့ တပ်သားတွေပုံ၊ ကြောပေးထိုင်နေတဲ့ လူငယ်အမျိုးသားတွေနဲ့ ရှေ့မှာ ရပ်နေတဲ့ထိုင်းအရာရှိတွေပုံ။​ ဒီပုံလေးပုံကို တစ်ပုံတည်းဖြစ်အောင်ရောထားပြီး အလယ်မှာ သေနတ်ထမ်းမတ်တပ်ရပ်နေတဲ့ တပ်သားတစ်ဦး

ဓာတ်ပုံ ရင်းမြစ်, BBC Design

ဓာတ်ပုံ ပုံစာ, ထိုင်းနိုင်ငံမှာ ပြစ်ဒဏ်ကျခံပြီး ရနောင်းမြို့ကနေ ကော့သောင်းမြို့ကို ပြန်လည်လွှဲပို့ခံရသူတွေ စစ်မှုထမ်းစုဆောင်းခံရတဲ့အခြေအနေ သရုပ်ဖော်ပုံ

ပြန်ခွင့်ရတဲ့သူတွေဟာ လက်ရုံးတပ်ဖွဲ့တွေဖြစ်တဲ့ ထောက်ပို့၊ ဆက်သွယ်ရေး၊ အမြောက်တပ်၊ ရေတပ်နဲ့ လေတပ်တွေကို ရောက်သွားတဲ့ ဆယ်တန်းအောင်နဲ့ ဘွဲ့ရလူငယ်အများစုဖြစ်တယ်လို့ MDSI စစ်ရေးတာဝန်ခံ ကိုနောင်ရိုးကပြောပါတယ်။

လက်ရုံးတပ်တွေဟာ ခြေလျင်၊ခြေမြန်၊တပ်မတွေလို့ ရှေ့တန်းမှာ အဓိကမတိုက်ရတဲ့အတွက် ပြန်ခွင့်ရတဲ့ အဓိပ္ပါယ်ဖြစ်ပါတယ်။

စစ်မှုထမ်းတွေ အိမ်ပြန်ခွင့်ရတယ်ဆိုတဲ့ သတင်းရဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ အိမ်မပြန်နိုင်သူတွေနဲ့ ရှေ့တန်းမှာ သေဆုံးသူအရေအတွက်ကိုတော့ စစ်တပ်က ချပြလာတာမရှိပါဘူး။

"ဆုံးရှုံးလိုက်ရတဲ့ဘဝတွေကိုဖုံးကွယ်ထားတာ။ ရခိုင်စစ်မြေပြင်မှာ သေဆုံးတဲ့သူတွေ မျက်နှာ ကိုကြည့်ရင် စစ်တပ်ရဲ့တိုက်ခိုက်ရေးတပ်တွေမှာ ဒီလောက်နုငယ်တဲ့မျက်နှာတွေမရှိတာ ကျွန်တော်တို့သေချာသိတယ်" လို့ ကိုနောင်ရိုးကပြောပါတယ်။

အချိန် နှစ်နှစ်ကျော်အတွင်း အပတ်စဥ် ၂၄ အထိခေါ်ယူခဲ့ပြီးဖြစ်သလို ဒီလထဲမှာ အပတ်စဥ် ၂၂ က သင်တန်းဆင်းလာတာကို ပြန်ကြားရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။

ဒါကြောင့် အပတ်စဥ်တစ်ခုကို ငါးထောင်နှုန်းနဲ့တွက်ရင် သင်တန်းဆင်းတပ်သား တစ်သိန်းစွန်းစွန်းရှိနေပြီလို့ ယူဆနိုင်ပါတယ်။

MDSIရဲ့ အချက်အလက်အရ ၂၀၂၅ နှစ်ဆန်းပိုင်းမှာ စစ်တပ်ရဲ့ ရှေ့တန်းတိုက်ခိုက်ရေးတပ်ဖွဲ့အင်အား ၅၀ ရာခိုင်နှုန်းဟာ စစ်မှုထမ်းတပ်သားတွေဖြစ်ပြီး နှစ်ကုန်ပိုင်းမှာတော့ ၈၀ ရာခိုင်နှုန်းအထိဖြစ်လာတယ်လို့ သိရပါတယ်။

၂၀၂၅ ခုနှစ်အတွင်း MDSI ရရှိထားတဲ့ စစ်ဆင်ရေးအင်အားစာရင်းနဲ့ ဘက်ပြောင်းလာတဲ့စစ်မှုထမ်းတပ်သားတွေကို မေးမြန်းတွက်ချက်ထားတာ ဖြစ်ပါတယ်။

ဧပြီ ၁၁ ရက်၊ မန္တလေးအခြေစိုက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှာပြုလုပ်ခဲ့တဲ့ စစ်မှုထမ်းပြီးဆုံးကြောင်လက်မှတ်ပေးပွဲအခမ်းအနား

ဓာတ်ပုံ ရင်းမြစ်, MOI

ဓာတ်ပုံ ပုံစာ, မန္တလေးအခြေစိုက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ ဧပြီ ၁၁ ရက်ကပြုလုပ်ခဲ့တဲ့ စစ်မှုထမ်းပြီးဆုံးကြောင်း လက်မှတ်ပေးပွဲအခမ်းအနား

စစ်တပ်က လိုအပ်တဲ့တိုက်ခိုက်ရေးအင်အားတစ်ခုကို ထိန်းထားနိုင်ပြီဆိုရင်တော့ စစ်မှုထမ်းဥပဒေကို အနည်းငယ်ပြောင်းလဲလာနိုင်ပေမဲ့ စစ်မှုထမ်းဥပဒေကို လုံးဝရပ်လိုက်မယ့် အရိပ်အယောင်မတွေ့ရသေးဘူးလို့ MDSI ရဲ့ စစ်ဘက်ရေးရာတာဝန်ခံ ကိုနောင်ရိုးက သုံးသပ်ပါတယ်။

"လာမယ့်နိုင်ငံရေး စစ်ရေးအတက်အကျအပေါ် မူတည်နေတယ်" လို့ သူက ပြောပါတယ်။

တိုက်ခိုက်ရေးအင်အား တစ်သိန်းဝန်းကျင်ကို အခြေပြုပြီး ဘက်မျှအောင်ထိန်းထားနိုင်ရင် တစ်လ စစ်မှုထမ်း ၅ထောင်ခေါ်ရာကနေ ၄ ထောင်ခေါ်တာမျိုးနဲ့ အပတ်စဥ်အချိန်ခြားခေါ်တာမျိုးတွေဖြစ်လာနိုင်မယ်လို့ သူကယူဆပါတယ်။

မေ ၁၄ ရက်မှာလုပ်တဲ့ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ အစည်းအဝေးမှာ အင်အားအချက်အလက်အမှန်ရရှိဖို့လိုတယ် လို့ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးထွန်းအောင်က ပြောပါတယ်။

စစ်မှုထမ်းသက်အကျုံးဝင်သူအင်အား စာရင်းကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနဲ့ ပေါင်းပြီး စာရင်းပြုစုဖို့သူကပြောပါတယ်။

အဲဒီလိုမှတ်ပုံတင်ထားသူတွေကို အလှည့်ကျစနစ်နဲ့ ဆင့်ခေါ်နိုင်ရေး စီစဥ်ထားရမယ်လို့ ဗိုလ်ချုပ်ကြီးထွန်းအောင်က ပြောပါတယ်။

စစ်မှုထမ်းအသက်အကျုံးဝင်နေတဲ့ လူငယ်အများအပြားကတော့ ဆန္ဒမပါဘဲ စစ်သားစုဆောင်းခံရနိုင်တယ်ဆိုတဲ့ အကြောက်တရားကြောင့် နိုင်ငံပြင်ပကို နည်းလမ်းမျိုးစုံနဲ့ထွက်ခွာနေကြပါတယ်။

ဒါပေမဲ့ စစ်တပ်က လူငယ်တွေကို စစ်မှုထမ်း အတင်းအဓမ္မ ခေါ်ဆောင်တယ်ဆိုတဲ့ အချက်ကို ဖုံးကွယ်ဖို့အတွက် စစ်သင်တန်းမှာ ကခုန်နေတဲ့ ရုပ်သံတွေ TikTok မှာ ဖြန့်ခဲ့တယ်လို့ မြန်မာအင်တာနက်ပရောဂျက်က ထောက်ပြပါတယ်။

သူတို့ရဲ့ ၂၀၂၅ ခုနှစ်၊ သြဂုတ်လထုတ် "မြန်မာမှာ TikTok ကို လက်နက် အဖြစ်အသုံးပြုနေခြင်း"အစီရင်ခံစာမှာ ဖော်ပြခဲ့တာဖြစ်ပါတယ်။

စစ်မှုထမ်းအပတ်စဥ် ၁ လို့ TikTokမှာ စာရိုက်ရှာကြည့်ရင် နုတ်ထွက်ခွင့်ပြုလိုက်တဲ့သူတွေကို ဂုဏ်ပြုတဲ့ အခမ်းအနားနဲ့ ရပ်ရွာမိသားစုကနေ ပန်းတွေနဲ့ကြိုဆိုတယ်ဆိုတဲ့ ရုပ်သံအတိုအများအပြားကိုတွေ့ရမှာပါ။

ဒီရုပ်သံတွေမှာ မောင်နှမသားချင်းတွေပြန်လာခွင့်ရလို့ မိသားစုဝင်အစစ်အမှန်တွေက တင်လိုက်တာ တွေ့ရပေမဲ့ အများစုက အသုံးပြုသူ ဘယ်သူဆိုတာ မသိရတဲ့ ထပ်ဆင့်တင်တဲ့ အကောင့်တွေ ဖြစ်ပါတယ်။

စစ်မှုထမ်းအပတ်စဥ် ၁ က ပြန်ခွင့်ရသူတွေ အကြောင်း TikTok မှာ ဘယ်လိုဖြန့်လဲ

စစ်မှုထမ်းအပတ်စဥ် ၁ ဆင်းလာသူတွေကို ကြိုဆိုတဲ့ အခမ်းအနားမြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, MOI

ဓာတ်ပုံ ပုံစာ, စစ်မှုထမ်းအပတ်စဥ် ၁ ဆင်းလာသူတွေကို ကြိုဆိုတဲ့ အခမ်းအနားမြင်ကွင်း

ဒီလိုနုတ်ထွက်ခွင့်မပြုခင်ကတည်းကလည်း စစ်မှုထမ်းချိန်ပြည့်ရင် အလုပ်အကိုင်ဖန်တီးပေးမယ်ဆိုတဲ့ သတင်းတွေလည်း ကြိုတင်ဖြန့်ဝေခဲ့တာပါ။

"ပြန်ခွင့်ရတဲ့လူငယ်တွေထဲက ဇာတ်ကြောင်းကောင်းတဲ့လူတွေ၊ စကားပြောကောင်းတဲ့သူတွေကို ရွေးပြီးသူတို့စကားသံတွေကိုထုတ်တာတွေ့ရတယ်။ နုတ်ထွက်ခွင့်ပြုတဲ့ပွဲမှာ ပျိုမေ Vlog အပြင် လော်ဘီတွေကိုလည်း လာခွင့်ပေးပြီး မေးမြန်းခွင့်ပြုတယ်"လို့ MDSI ရဲ့ စစ်ဘက်ရေးရာတာဝန်ခံ ကိုနောင်ရိုးက ပြောပါတယ်။

"နောက်တစ်ခုထူးခြားတာက မိဘတွေကိုပါ ဖိတ်ခေါ်ပြီး မိဘတွေရဲ့စကားသံပါဆိုပြီးလုပ်တာတွေ့ရတယ်" လို့ ကိုနောင်ရိုးက ပြောပါတယ်။

MDSI ရဲ့ စောင့်ကြည့်ချက်အရ Facebook မှာ အကောင့်တွေဖန်တီးပြီး လူထုဝေဝါးအောင် လုပ်ခဲ့သလို TikTok မှာလည်း ဆက်လုပ်လာနိုင်တယ်လို့ ဆိုပါတယ်။

စစ်တပ်ရဲ့ စစ်ရုံးချုပ်မှာရှိတဲ့ ကကကွန် (ကွန်ပျူတာဌာနမှူးရုံး)နဲ့ တိုင်းစစ်ဌာနချုပ်တွေက သတင်းစစ်ဆင်ရေး(ဦး-၄) ဌာနတွေက နေ့စဥ်နဲ့အမျှ လူမှုကွန်ရက်နဲ့ သတင်းစီးဆင်းမှုတွေကို စောင့်ကြည့်တယ်လို့ MDSI က ဆိုပါတယ်။

ပြီးခဲ့တဲ့ မတ် ၂ ရက်က ထုတ်တဲ့ "သတိပြုသင့်ဖွယ်ရာ စစ်ကောင်စီတပ် စိတ်ဓာတ်စစ်ဆင်ရေး"အစီရင်ခံစာမှာ ပြောထားတာပါ။

ဒီဌာနတွေက သတင်းစီးဆင်းမှုကို စောင့်ကြည့်ပြီး ခွဲခြမ်းစိတ်ဖြာကြတာပါ။

လူထုနဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ သဘောထားရပ်တည်ချက်၊ စိတ်ခံစားချက်နဲ့ အသံတွေကို နေ့စဥ်လေ့လာသုံးသပ်ပြီး တန်ပြန်စိတ်ဓာတ်စစ်ဆင်ရေးဗျူဟာတွေကို စနစ်တကျလုပ်ဆောင်တယ် လို့ MDSI အစီရင်ခံစာက ဆိုပါတယ်။

လူထုရဲ့ သဘောထားအမြင်ပြောင်းဖို့အတွက် အရင်နဲ့မတူတဲ့ အပြောင်းအလဲတွေလုပ်လာတယ်လို့ CDM ဗိုလ်ကြီးညီသုတက ပြောပါတယ်။

CDM ဗိုလ်ကြီးညီသုတက ပြည်သူ့ဆက်ဆံရေးနဲ့စိတ်ဓာတ်စစ်ဆင်ရေးဌာန လက်အောက်က ထုတ်လုပ်ရေးနဲ့ ပြည်သူ့ဆက်ဆံရေးမှာ စစ်အာဏာမသိမ်းခင်နှစ်ပိုင်းအလိုမှာ တာဝန်ကျခဲ့ဖူးတာပါ။

တီရှပ်အနက်ရောင်နဲ့ လူငယ်အမျိုးသမီးတစ်ဦးကို စစ်အသုံးအဆောင်ကိုင်ပြီးရှင်းပြနေတဲ့ စစ်သားတစ်ဦး။ သူတို့နောက်မှာရပ်နေတဲ့ စစ်စောင်ပါးကို အိတ်လိုလုပ်လွယ်ထားတဲ့ တပ်သား ၂ ဦး

ဓာတ်ပုံ ရင်းမြစ်, Screen Grab

ဓာတ်ပုံ ပုံစာ, TikTok က ပျိုမေ vlog မှာတင်ထားတဲ့ စစ်မှုထမ်းနဲ့ပတ်သက်တဲ့ တပ်တွင်းအခြေအနေ ရုပ်သံ

"ထူးထူးခြားခြားတွေ့ရတာက အရင်က Vlogger တွေတပ်ထဲဝင်ပြီး ရိုက်တာခွင့်မပြုခဲ့ဘူး။ အခုက တပ်ထဲက လူနေမှုပုံစံကို ရိုက်ခွင့်ပေးတယ်။ စစ်တပ်က လူအများနဲ့ထိတွေ့ဖို့လိုတယ်ဆိုတာ နားလည်တယ်။ ကြိုးစားနေပုံလည်းရတယ်"လို့ CDM ဗိုလ်ကြီးညီသုတက ပြောပါတယ်။

TikTok မှာလည်း ဒီလို စစ်တပ်ထောက်ခံတဲ့ Vlogger တွေအသုံးပြုတာအပြင် စစ်ဗိုလ်နဲ့ စစ်သားတချို့ကို တာဝန်ပေးပြီး ပြောဆိုခိုင်းတာမျိုးကို တွေ့ရတယ်လို့ ဆိုပါတယ်။

စစ်တပ်အနေနဲ့ "စစ်မှုထမ်းတွေ အိမ်ပြန်မရောက်ဘူးဆိုတာကို ချေဖျက်ချင်ပုံရပါတယ်" လို့ CDM ဗိုလ်ကြီးညီသုတက ပြောပါတယ်။

တော်လှန်ရေးတပ်ဖွဲ့နဲ့ မီဒီယာတွေရဲ့ သတင်းနဲ့ထုတ်ပြန်ချက်ကနေ စုစည်းထားတဲ့ ပြည်သူ့ပန်းတိုင်အဖွဲ့ရဲ့ အချက်အလက်တွေအရ ပူးပေါင်း၊ လက်နက်ချ၊ စစ်သုံ့ပန်း ဖြစ်လာတဲ့ စစ်သား၊ ရဲနဲ့ ပြည်သူ့စစ် စုစုပေါင်း ၃၀၅၅ ဦးရှိတယ်လို့ သိရပါတယ်။

ဒါက ၂၀၂၅ ဇန်နဝါရီကနေ ၂၀၂၆ ခုနှစ်ဧပြီ တတိယပတ်အထိ တနိုင်ငံလုံးက အချက်အလက် ဖြစ်ပါတယ်။

ပြည်သူ့ပန်းတိုင်စုစည်းထားတဲ့ ၃ ထောင်ကျော်ထဲမှာ ၇၅၁ ဦးက စစ်မှုထမ်းဥပဒေနဲ့ တပ်သား စုဆောင်းခံရသူတွေ ဖြစ်နေတာ တွေ့ရပါတယ်။​

ဒီမတိုင်ခင် ၂၀၂၄ ခုနှစ်အတွင်းမှာလည်း စစ်မှုထမ်းကနေ ဘက်ပြောင်းခိုလှုံသူနဲ့ စစ်သုံ့ပန်းအများအပြားရှိတာကို တော်လှန်ရေး တပ်ဖွဲ့တွေရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဥပမာအနေနဲ့ ၂၀၂၄ ခုနှစ်၊ ဖလမ်းမြို့တိုက်ပွဲအတွင်း အရှင်ဖမ်းမိသူ ၆၁ ဦးမှာ ၄၃ ဦးက စစ်မှုထမ်းတပ်သားတွေဖြစ်ပါတယ်။​

MDSI စုစည်းထားတဲ့ ဘက်ပြောင်းစစ်မှုထမ်းတပ်သားဖြေကြားချက်တွေ၊ မြေပြင်သတင်းတွေနဲ့ စစ်တပ်ရဲ့အင်အားဖြန့်ခွဲတဲ့ အမိန့်စာတွေအရ အပတ်စဥ် ၁ ဆင်းတွေဟာ တိုက်ပွဲပြင်းထန်တဲ့ ဒေသတွေကို ပို့ခံရပြီး ထိခိုက်သေဆုံးမှုအများအပြားရှိတယ်လို့ ဖော်ပြပါရှိပါတယ်။​

၂၀၂၅ မေလက ထုတ်ပြန်တဲ့ MDSIရဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေသက်ရောက်မှုအလားအလာ အစီရင်ခံစာမှာ ပြောထားတာပါ။

တပ်သားတွေဟာ ရှမ်းမြောက်၊ ရခိုင်၊ ချင်း၊ ကချင်နဲ့ ကရင်ပြည်နယ်တွေကို ပို့ဆောင်ခံရတာပါ။

ရခိုင်က သံတွဲစစ်မြေပြင်မှာ အပတ်စဥ် ၁ တပ်သားအများစု သေဆုံးတယ်လို့ မြေပြင်သတင်းကို ကိုးကားပြီး MDSI အစီရင်ခံစာကဖော်ပြပါတယ်။​

အမ်း စစ်မျက်နှာကို ပို့ဆောင်ခံရတဲ့ စစ်မှုထမ်းတပ်သား ၈၅ ဦးမှာ အများစုသေဆုံးတယ်လို့ ဘက်ပြောင်းခိုလှုံလာသူ တပ်သား ၂ ဦးရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ရခိုင်သတင်းဌာနဖြစ်တဲ့ နိရဥ္စရာက ၂၀၂၄ နိုဝင်ဘာလအတွင်း ဖော်ပြတာ တွေ့ရပါတယ်။​

ဒီလို သေဆုံးမှုအချက်အလက်တွေကို စစ်တပ်က ထုတ်ပြန်တာမရှိသလို မိသားစုဆီကို အ ကြောင်းကြား အသိပေးတာလည်း နည်းပါးတယ်လို့ MDSI က ကိုနောင်ရိုးက ပြောပါတယ်။​

တဖက်မှာတော့ စစ်မှုထမ်းတွေကို ပြန်ခွင့်ပြုတာ၊ အလုပ်အကိုင်ရှာဖွေဖန်တီးပေးတာနဲ့သက်ဆိုင် တဲ့ သတင်းအချက်အလက်တွေကိုသာ ရုပ်သံ၊ လူမှုကွန်ရက်စာမျက်နှာတွေကဖော်ပြနေတာ ဖြစ်တယ်လို့ CDM အသိုင်းအဝိုင်းက မှတ်ချက်ပြုပါတယ်။​

ကွန်ပျူတာသုံးနေတဲ့ စစ်သား၂ ဦးကို နောက်မှာ ရပ်ကြည့်နေကြတဲ့ ဗိုလ်ချုပ်ကြီးရဲဝင်းဦးနဲ့ စစ်ဗိုလ်ချုပ်တွေ

ဓာတ်ပုံ ရင်းမြစ်, MOI

ဓာတ်ပုံ ပုံစာ, ကကပြည်ရုံးမှာတွေ့ရတဲ့ ဗိုလ်ချုပ်ကြီးရဲဝင်းဦးနဲ့ စစ်ဗိုလ်ချုပ်တွေ

ပြည်သူ့ဆက်ဆံရေးနဲ့စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံးလက်အောက်က မြဝတီ သတင်း (MWDNews) စာမျက်နှာကိုတော့ TikTok က ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာမှာ ဖြုတ်ချခဲ့ပါတယ်။

စစ်တပ်ရဲ့ ကျူးလွန်ဖောက်ဖျက်မှုတွေကို စောင့်ကြည့်ပြီး နိုင်ငံတကာကအရေးယူပိတ်ဆို့တာတွေလုပ်ဖို့တိုက်တွန်းသတင်းပေးနေတဲ့ Justice For Myanmar အဖွဲ့က TikTok ကို စာပို့ တိုက်တွန်းခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ မြဝတီသတင်းနဲ့ ဌာနချင်းတူတဲ့ သဇင် FM က TikTok မှာ ရှိနေဆဲပါ။

"TikTokအနေနဲ့ တရားမဝင် စစ်ကောင်စီကို သူ့ရဲ့ပလက်ဖောင်းကနေ ပိတ်ပင်ဖို့နဲ့ စစ်ကောင်စီဝါဒဖြန့်ချိတဲ့ အကောင့်တွေကို ဖယ်ရှားဖို့ မူဝါဒတွေကို အရေးတကြီး အားကောင်းအောင်လုပ်ဆောင်သင့်ပါတယ်" လို့ JFM က မရတနာမောင်က မှတ်ချက်ပြုပါတယ်။​

စစ်တပ်နဲ့ ဆက်စပ်တဲ့အကောင့်တွေဟာ အတည်ပြုခြေရာခံဖို့ ခက်ခဲတယ်လို့ မြန်မာအင်တာနက် ပရောဂျက်ရဲ့ ၂၀၂၅ အစီရင်ခံစာမှာလည်း ဆိုထားပါတယ်။

"TikTok မှာက နိုင်ငံရေး၊ စစ်ရေးနဲ့ပတ်သက်တဲ့ မူဝါဒရှိပါတယ်။ စစ်တပ်ဘက်က လော်ဘီတွေအကြောင်းပြောရင် Ban (ပိတ်)တာမျိုးပေါ့။ တစ်ခုရှိတာက အခုနောက်ပိုင်း ဘယ်အပိုင်းက Ban ခံနေရလဲဆိုတာမျိုးကို စမ်းသပ်တဲ့ပို့စ်တင်ပြီး အရင်ထိုးကျွေး အဖြေရှာလာကြတယ်" လို့ TikTok ရဲ့ မူဝါဒ အကြောင်းနားလည်သူတစ်ဦးက ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ မြန်မာမှာလူသုံးများတဲ့ Facebookကို VPN ခံပြီးမှ သုံးလို့ရတာကြောင့် TikTok ဟာ အသုံးပြုသူ အများဆုံးဖြစ်လာခဲ့တာပါ။

Facebook အသုံးပြုသူ ၁၃ ဒသမ ၇ သန်း ရှိချိန်မှာ TikTok သုံးသူက ၂၁ သန်းရှိတာကို Datareportal ရဲ့ Global Digital Report အချက်အလက်အရသိရပါတယ်။

ဒါက ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းအချက်အလက်ဖြစ်ပြီး နှစ်စပိုင်းကထက် TikTok အသုံးပြုသူ ၁ သန်းကျော်များလာတာပါ။

အင်တာနက်ခေတ်မဟုတ်တဲ့ ၁၉၈၈ အရေးအခင်းနောက်ပိုင်းမှာလည်း လူထုထောက်ခံမှု ရအောင် ရုပ်ရှင်၊ ဂီတအပါအဝင် နည်းလမ်းမျိုးစုံနဲ့ စစ်တပ်က ဝါဒဖြန့်ချိတာတွေလုပ်ခဲ့ပါတယ်။

ကျင်လည်ရာပတ်ဝန်းကျင်က လက်ခံ၊ အားပေးတာကို လိုက်လုပ်တတ်တဲ့ လူ့သဘာဝကို စစ်တပ်က ကောင်းကောင်းအသုံးချလေ့ရှိတယ်လို့ CDM ဗိုလ်ကြီးညီသုတကပြောပြီး အခုစစ်မှုထမ်းဂုဏ်ပြုကြိုဆိုတဲ့အခမ်းအနားကလည်း ဒါကိုစမ်းသပ်တဲ့သဘောပဲလို့ဆိုပါတယ်။

"၁၉၈၈ ကဖြစ်စဥ်ကို ၂၀၀၅-၂၀၁၀ ရောက်ချိန်မှာ ငယ်သေးတဲ့လူတွေက စစ်တပ်အပေါ် အမြင်ပြောင်းလာကြတယ်။ အခု ၂၀၂၁ မှာလည်းအဲဒီတုန်းက ငယ်သေးတဲ့သူတွေက စစ်မှုထမ်း အရွယ် ရောက်လာချိန်မှာ ဘေးက ချီးမြှောက်ကြိုဆိုတာကို မြင်ရင်စိတ်ကတိမ်းညွတ်နိုင်တယ်။ ဒါကိုစစ်တပ်က ပြန်အသုံးချလာနိုင်တယ်" လို့ ဆိုပါတယ်။

ဒါပေမဲ့ ၁၉၈၈ ခုနှစ်မတူဘဲ အခုကာလမှာ စစ်တပ်လုပ်ရပ်တွေကို ရုပ်သံ၊ သတင်း မှတ်တမ်း တွေမြင်တွေ့နေရတာကြောင့် စစ်တပ်ရဲ့ ဝါဒဖြန့်ချိတာတိုးပေါက်ဖို့ အချိန်ပိုကြာနိုင်တယ်လို့ CDM ဗိုလ်ကြီးညီသုတက ပြောပါတယ်။

မြန်မာမီဒီယာပရောဂျက်ကတော့ TikTok ဟာ မြန်မာနိုင်ငံအတွက် ဆိုရှယ်မီဒီယာတစ်ခုထက်ပိုတဲ့ ရှေ့တန်းစစ်မျက်နှာတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။