တိုက်ရိုက်ထုတ်လွှင့်မှု, မြန်မာကနေ တရုတ်ကို မြေရှားတင်ပို့မှု တန်ချိန်ထောင်ချီမြင့်တက်

မြန်မာကနေ တရုတ်ကို မြေရှား ကုန်ကြမ်းတင်ပို့မှုဟာ စက်တင်ဘာလအတွင်း တန်ချိန်ထောင်ချီမြင့်တက်တဲ့သတင်းအပါအ၀င် အောက်တိုဘာလ ၂၂ ရက် နောက်ဆုံးရ မြန်မာနဲ့ ကမ္ဘာ့သတင်းတွေကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

အနှစ်ချုပ်

  • မြန်မာကနေ တရုတ်ကို မြေရှားတင်ပို့မှု စက်တင်ဘာလအတွင်း တန်ချိန် ၃၅၀၀ ကျော်အထိရှိ
  • မွန်အပါအဝင် ထိုင်းနဲ့ဆက်နေတဲ့တောင်ပိုင်းဒေသ ၃ ခုက ကုန်သွယ်ရေးလမ်းကြောင်းတွေမှာ တရားမဝင်ဂိတ်ကြေးတောင်းရင် တိုင်ကြားနိုင် - ဗိုလ်ချုပ်မင်းသူ

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. မွန်အပါအဝင် ထိုင်းနဲ့ဆက်နေတဲ့တောင်ပိုင်းဒေသ ၃ ခုက ကုန်သွယ်ရေးလမ်းကြောင်းတွေမှာ တရားမဝင်ဂိတ်ကြေးတောင်းရင် တိုင်ကြားနိုင် - ဗိုလ်ချုပ်မင်းသူ

    ပြည်ထဲရေးဒုဝန်ကြီး ဗိုလ်ချုပ်မင်းသူ
    ဓာတ်ပုံ ပုံစာ, ပြည်ထဲရေးဒုဝန်ကြီး ဗိုလ်ချုပ်မင်းသူ

    ထိုင်းနိုင်ငံနဲ့ ဆက်စပ်နေတဲ့ နိုင်ငံတောင်ပိုင်းဒေသတွေက ဌာနပေါင်းစုံပူးပေါင်းစစ်ဆေးရေးဂိတ်တွေမှာ တရားဝင်တင်သွင်းလာတဲ့ ကုန်စည်တွေအပေါ် ငွေကြေးတရားမဝင် တောင်းခံတာရှိရင် တိုင်ကြားနိုင်ပြီး ဥပဒေနဲ့အညီ အရေးယူသွားမယ်လို့ ပြည်ထဲရေးဒုတိယဝန်ကြီး ဗိုလ်ချုပ်မင်းသူက ပြောပါတယ်။

    မွန်ပြည်နယ်အတွင်း စစ်ဆေးရေးဂိတ်တွေမှာ တရားမဝင်ငွေကြေးကောက်ခံမှုတွေ ပပျောက်ရေး ဆောင်ရွက်ဖို့ အစီအစဉ်ရှိ၊ မရှိ ရေးမြို့နယ် ပြည်သူ့လွှတ်တော် အမတ်ဒေါ်မြင့်သန်းရဲ့ မေးခွန်းကို သူက လွှတ်တော်မှာ အခုလို ဖြေကြားခဲ့တာပါ။

    မွန်ပြည်နယ်အတွင်း ကုန်စည်သယ်ယူပို့ဆောင်ရေးလမ်းကြောင်းတွေမှာ စစ်ဆေးရေးဂိတ်တွေက ငွေကြေးကောက်ခံမှုတွေ များပြားလာတာကြောင့် ဒေသတွင်း ကုန်စည်ဈေးနှုန်းတွေ မြင့်တက်လာတယ်လို့ ဒေါ်မြင့်သန်းက လွှတ်တော်မှာ ဆွေးနွေးခဲ့ပါတယ်။

    ''မွန်ပြည်နယ်က ကရင်၊ တနင်္သာရီနဲ့ ပဲခူးတိုင်းတို့နဲ့ ဆက်နေတာကြောင့် နယ်မြေလုံခြုံရေးအတွက် စစ်ဆေးရေးဂိတ်များစွာရှိပါတယ်။ တရားမဝင်ကုန်ပစ္စည်းများ၊မူးယစ်ဆေးဝါး၊ လိုင်စင်မဲ့ယာဥ်များကို အဓိကထားစစ်ဆေးတဲ့ဂိတ်များဖြစ်ပါတယ်။ မွန်ပြည်နယ်မှာ စိုက်ပျိုးရေးနဲ့ မွေးမြူရေးအတွက်လိုအပ်တဲ့ ပစ္စည်များဝယ်ယူရေးနဲ့ ထွက်ရှိတဲ့ထွက်ကုန်တွေကို စျေးကွက်ကိုရောက်ရှိရေးအတွက်မှာ လမ်းကြောင်းပေါ်မှာ ဂိတ်ပေါင်းများစွာကို ဂိတ်ကြေးမတရားပေးဆောင်နေရပါတယ်။ ဒါကြောင့် နေ့စဥ် စားသုံးကုန်စည်များစျေးနှုန်းများမြင့်တက်လာပါတယ်'' လို့ ဒေါ်မြင့်သန်းက ဆွေးနွေးခဲ့ပါတယ်။

    မွန်ပြည်နယ်ဟာ ကရင်၊ တနင်္သာရီနဲ့ ပဲခူးတိုင်းတို့နဲ့ ဆက်စပ်နေပြီး နယ်မြေလုံခြုံရေးအတွက် စစ်ဆေးရေးဂိတ်တွေ အများအပြားရှိတယ်လို့ ဗိုလ်ချုပ်မင်းသူက ပြောပါတယ်။

    မွန်ပြည်နယ်အတွင်း တံတားလုံခြုံရေးဆိုင်ရာ နေရာ ၁၂ ခုရှိပြီး စစ်တပ်၊ ရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနဲ့ အကောက်ခွန်ဌာနတို့ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့တွေက စစ်ဆေးရေးလုပ်ငန်းတွေ ဆောင်ရွက်နေသလို အဲဒီဂိတ်တွေမှာ တရားမဝင်ကုန်ပစ္စည်းတွေ၊ မူးယစ်ဆေးဝါးနဲ့ လိုင်စင်မဲ့ယာဉ်တွေကို အဓိက စစ်ဆေးတယ်လို့ သူက ဆိုပါတယ်။

    လက်နက်ခဲယမ်း၊ မူးယစ်ဆေးဝါးနဲ့ တရားမဝင်ကုန်စည်တွေကို ဖမ်းဆီးတာအပြင် တရားခံပြေးတွေကို ဖမ်းဆီးနိုင်ဖို့လို့ ပြောပါတယ်။

    “သတ်မှတ်စည်းကမ်းအတိုင်း သွားတဲ့ကုန်စည်တွေကတော့ ဖမ်းဆီးတာမရှိပါဘူး။ တရားဝင်ခွင့်ပြုထားတာမရှိတဲ့ ကုန်စည်တွေကို သယ်ဆောင်လာမယ်ဆိုရင်တော့ ဖမ်းဆီးအရေးယူတာတွေ ဆောင်ရွက်ရမှာဖြစ်ပါတယ်” လို့ ဗိုလ်ချုပ်မင်းသူက ပြောပါတယ်။

    ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေနဲ့ ဆက်စပ်နေတဲ့ မွန်၊ ကရင်၊ တနင်္သာရီနဲ့ ပဲခူးတိုင်းတို့က စစ်ဆေးရေးဂိတ်တွေမှာ တရားဝင်ကုန်ပစ္စည်းတွေအပေါ် ငွေကြေးတောင်းခံတာရှိရင် တည်ဆဲဥပဒေနဲ့အညီ အရေးယူသွားမယ်လို့လည်း သူက ပြောပါတယ်။

    ''စစ်ဆေးရေးဂိတ်တွေက လုံခြုံရေးအကြောင်းပြပြီး ငွေတောင်းတယ်၊ သူတို့ချင်းညှိပြီး လွှတ်ပေးတာတွေလည်းရှိတယ်။ လုံခြုံရေးအတွက်ဖွင့်ထားတယ်ဆိုတဲ့ ဂိတ်တွေက လုပ်စားနိုင်တဲ့ အခြေအနေရောက်နေတော့ တောင်းသမျှပေးရတယ်။ မပေးနိုင်ရင် သိမ်းတယ်။ ဖမ်းတယ်ဆိုတာ မူးယစ်ဆေးလိုနဲ့ နောက်သိပ်ကြီးလွန်းမှ ဖမ်းနေတာပါ။ မဟုတ်ရင် ကုန်တွေက အောက်ခြေမှာ‌ ငွေတောင်းပြီး ပြီးသွားတာပါ။ ဒီတော့ စျေးကွက်ထဲရောက်လာတော့ ပေးရတဲ့ငွေတွေအတွက်က စျေးတွေ အဆမတန်တင်ထားတော့ စားသုံးတဲ့ ပြည်သူပဲ ကုန်စျေးနှုန်းတက်တာပါ'' လို့ မွန် - ရန်ကုန် ‌အဝေးပြေးကုန်တင်ယာဥ်‌မောင်းတစ်ဦးက လက်ရှိအခြေအနေကို ဝေဖန်ပါတယ်။

    ပြည်ထဲရေးဝန်ကြီးဌာနရဲ့ လွှတ်တော်အတွင်း ဖြေကြားတဲ့အချက်အလက်တွေအရ ၂၀၂၆ ခုနှစ် နှစ်ဆန်းပိုင်းကနေ အောက်တိုဘာလလယ်အထိ မွန်ပြည်နယ်မှာ မူးယစ်ဆေးဝါးနဲ့ လိုင်စင်မဲ့မော်တော်ယာဉ်ဆိုင်ရာ အမှု ၃၀ ကျော်ရှိခဲ့ပါတယ်။

    အကောက်ခွန်မဲ့ကုန်စည်တွေကို ပို့ကုန်သွင်းကုန်ဥပဒေနဲ့ အရေးယူခဲ့တဲ့အမှု ၂၂၇ မှုရှိပြီး ကုန်စည်တန်ဖိုးဟာ ကျပ် ၁၇၅ ဘီလီယံခန့်ရှိကာ တရားခံ ၃၀၀ ကျော်ကို ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

    တရားမဝင်ကုန်စည်တွေကို စစ်ဆေးဖမ်းဆီးနေတယ်ဆိုပေမဲ့ ထိုင်းနိုင်ငံကတစ်ဆင့် ကုန်စည်မျိုးစုံ မြန်မာကို နည်းလမ်းအမျိုးမျိုးနဲ့ တရားမဝင် ဝင်ရောက်နေဆဲဖြစ်တာက အဆမတန်ကုန်စျေးနှုန်းမြင့်တက်မှုတွေရှိတယ်လို့ ဒေါ်မြင့်သန်းက ထောက်ပြပါတယ်။ ဒီမှောင်ခိုဈေးကွက်ကို ထိန်းချုပ်နိုင်ဖို့ တရားဝင်ကုန်သွယ်ရေးဇုန်တွေ ဖွင့်လှစ်သင့်တယ်လို့လည်း သူက ဆွေးနွေးခဲ့ပါတယ်။

    စစ်တပ်အာဏာမသိမ်းခင်က မော်လမြိုင်-ရန်ကုန် ကားလမ်းပိုင်း‌မှာ ကျိုက်ထို မရမ်းချောင်ဂိတ်တခုသာ ရှိပေမဲ့ လက်ရှိပြည်ထဲရေးအချက်အလက်အရ ဂိတ်စခန်း ၁၂ ခုထက်မနည်း ရှိနေပါတယ်။

    စစ်ဆေးရေးဂိတ်တွေဟာ ကုန်တင်ကားအပြင် ခရီးသည်တင်ယာဉ်လိုင်းတွေမှာပါ ငွေကြေးကောက်ခံနေတာရှိသလို ကုန်တင်ကားတွေနဲ့ ခရီးသည်တင်ယာဉ်လိုင်းတွေဟာ စက်သုံးဆီ ဈေးနှုန်းမြင့်တက်တာလာတာ၊ ခရီးသည်နည်းပါးလာတာ၊ စစ်ဆေးရေးဂိတ်တွေကိုပါ ငွေကြေး ပေးဆောင်နေရတဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ‌‌ဒေသတွင်းသတင်း‌တွေက ‌ဖော်ပြထားပါတယ်။

  2. မြန်မာကနေ တရုတ်ကိုပို့တဲ့မြေရှားပမာဏ တန်ချိန် ထောင်ချီမြင့်တက်

    ပန်၀ါက မြေရှားလုပ်ကွက်တစ်ခု (ပုံဟောင်း)
    ဓာတ်ပုံ ပုံစာ, ပန်၀ါက မြေရှားလုပ်ကွက်တစ်ခု (ပုံဟောင်း)

    မြန်မာကနေ တရုတ်နိုင်ငံကို မြေရှားသတ္တုကုန်ကြမ်းပို့တဲ့ပမာဏဟာ တစ်လအတွင်းမှာပဲ တန်ချိန် ၂ ထောင်ကျော် အထိ ခုန်တက်ပြီး တင်ပို့မှု မြင့်တက်နေတယ်လို့ ဒီသတ္တုတင်ပို့ရောင်းချမှုစျေးကွက်ကို စောင့်ကြည့်တဲ့ ရှန်ဟိုင်းသတ္တုများစျေးကွက်ကုမ္ပဏီ(SMM) က ရေးပါတယ်။

    ရှန်ဟိုင်းအပါအ၀င် ဗြိတိန်၊ မလေးရှားနဲ့ အင်ဒိုနီးရှားအပါအ၀င် ကမ္ဘာတလွှားမှာ ရုံးတွေဖြန့်ကြက်ထားတဲ့ ဒီကုမ္ပဏီက တရုတ်အကောက်ခွန်ဌာန (GACC) ကနောက်ဆုံးထုတ်ပြန်ကို ကိုးကားပြီး မြန်မာ့မြေရှားတင်ပို့မှု အခြေအနေကို ဖော်ပြတာဖြစ်ပါတယ်။

    မြန်မာကနေ တရုတ်ကို မြေရှားပို့တဲ့ပမာဏဟာ သြဂုတ်လမှာ တန် ၁,၃၀၀ ကျော်ရှိခဲ့ရာကနေ စက်တင်ဘာလအရောက်မှာတော့ တန် ၃,၅၀၀ အထိရှိ ခုန်တက်သွားခဲ့တယ်လို့ SMM က ရေးပါတယ်။

    ဒီပမာဏဟာ ကမ္ဘာမှာ မြေရှားသန့်စင်ထုတ်လုပ်မှု အကြီးဆုံးဖြစ်နေတဲ့ တရုတ်ရဲ့ မြေရှား အောက်စီဒိုက်(သတ္တုအဆင့်မဟုတ်သေး) တင်သွင်းမှု စုစုပေါင်း ၇၀ ရာခိုင်နှုန်းခန့်ဖြစ်နေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် မြန်မာဟာ တရုတ်မြေရှားကဏ္ဍအတွက် အကြီးမားဆုံး ထောက်ပံ့ပေးသူဖြစ်နေပါတယ်။

    လာအိုကလည်း တရုတ်ကို မြေရှားပို့တာရှိပေမဲ့ လာအိုဘက်က တင်ပို့နှုန်းကတော့ ကျနေတယ်လို့ ဆိုပါတယ်။

    ဒါပေမဲ့ လာအိုရဲ့တရုတ်မြေရှားစျေးကွက်ကို ဖြည့်ဆည်းမှုဟာ ၂၇ ရာခိုင်နှုန်းအထိရှိတာကြောင့် မြန်မာနဲ့ လာအိုရဲ့ မြေရှားဖြည့်တင်းပေးမှုဟာ တရုတ်မြေရှားကဏ္ဍကို ၉၇ ရာခိုင်နှုန်းကျော်အထိ ရှိနေတယ်လို့ SMM က ရေးပါတယ်။

    SMM ကတော့ စက်တင်ဘာလအတွင်း မြန်မာရဲ့ မြေရှားအောက်ဆီဒိုက်တွေ တရုတ်ကို တင်ပို့မှု မြင့်တက်လာတဲ့အကြောင်းရင်း ၂ ချက်ကြောင့်ဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။

    ပထမတစ်ချက်က မိုးကုန်ခါနီးဖြစ်တာကြောင့် သတ္တုတွင်းကနေ ပစ္စည်းပို့ဆောင်ရေးနဲ့ နယ်စပ်ဖြတ်ကျော်သယ်ယူပို့ဆောင်ရေး အခြေအနေတွေ ပိုကောင်းလာလို့ဖြစ်ပြီး ဒုတိယတစ်ချက်ကတော့ တရုတ်နိုင်ငံထဲက မြေရှား ခွဲထုတ်သန့်စင်ရေး စက်ရုံတွေ လည်ပတ်မှုကောင်းရာကနေ ကုန်ကြမ်းလိုအပ်ချက် ပြန်မြင့်တက်လာနိုင်တာကြောင့်လို့ သုံးသပ်တာပါ။

    တရုတ်နဲ့ နေပြည်တော်ဆက်ဆံရေးအပါအ၀င် မြန်မာ့အရေး လွတ်လပ်တဲ့သုတေသနအဖွဲ့ဖြစ်တဲ့ ISP Myanmar ကတော့ ၂၀၂၅ ခုနှစ် ပထမ ၉ လအတွင်း မြန်မာနိုင်ငံ က တရုတ်နိုင်ငံ ကို ရှားပါးမြေဒြပ် (Rare Earth) တန်ချိန် ၂၈,၀၀၀ ကျော် တင်ပို့ခဲ့ပြီး ဒီပမာဏဟာ တန်ဖိုးအနေနဲ့ အမေရိကန်ဒေါ်လာ ၆၂၄ သန်းခန့် ရှိခဲ့တယ်လို့ ဖော်ပြပါတယ်။

    ဒါကြောင့် စျေးကွက်မှာအကြမ်းဖျင်း သတ်မှတ်ချက်အရ စက်တင်ဘာလအတွင်း မြန်မာက တရုတ်ကို တင်ပို့တဲ့ တန်ချိန်ကို တွက်ချက်ကြည့်တန် တန်ဖိုးအနေနဲ့ အမေရိကန် ဒေါ်လာ ၇၈ သန်း ၀န်းကျင်နီးပါးရှိနေပါတယ်။

    သတင်းတွေအရ ပြီးခဲ့တဲ့နှစ်တွေအတွင်း မြန်မာကနေ တရုတ်ကို မြေရှားတင်ပို့မှုအများဆုံးဟာ လက်ရှိမှာ ကချင်လွတ်လပ်ရေးတပ် (KIA) ထိန်းချုပ် ထားတဲ့ တရုတ် -မြန်မာ နယ်စပ်က ကချင်အထူးဒေသ ၁ လို့ခေါ်တဲ့ ပန်၀ါဒေသ၊ ချီဖွေနဲ့ မိုးမောက်မြို့နယ်တွေ ကလာတဲ့ကုန်ကြမ်းတွေလို့ နားလည်ရပါတယ်။

    ဒါပေမဲ့ ပြီးခဲ့တဲ့နှစ်တွေအတွင်း ရှမ်းပြည်နယ်အရှေ့ပိုင်းက ’၀’ တပ်(UWSA)နဲ့ မိုင်းလားအဖွဲ့ (NDAA) ထိန်းချုပ်နယ်မြေတွေအပါအ၀င် တအာင်းတပ်(TNLA) ထိန်းချုပ်ထားတဲ့ ရှမ်းမြောက်က မန်တုံမြို့နယ်တွေမှာပါ မြေရှားတူးဖော်မှုတွေ တွေ့လာရတယ် သုတေသနအဖွဲ့တွေက ပြောပါတယ်။

    ဒီတူးဖော်မှုတွေကြောင့် မြန်မာကနေ တရုတ်ဘက်ကို မြေရှားသတ္တုကုန်ကြမ်းတင်ပို့မှု မြင့်တက်စေရတဲ့အကြောင်းရင်းခံတွေထဲက တစ်ခုလို့ နားလည်ရပါတယ်။

    တဖက်မှာလည်း မြန်မာက မြေရှားတူးဖော်မှုတွေနဲ့ပတ်သက်ပြီး သဘာ၀ပတ်၀န်းကျင်ထိခိုက်ပျက်စီးမှု ဆိုးရွားတာတွေနဲ့ တာ၀န်သိတဲ့လုပ်ငန်းဆောင်ရွက်မှုတွေဖြစ်ဖို့ Global Witness လို သယံဇာတ တူးဖော်စောင့်ကြည့်မှုဆိုင်ရာ အဖွဲ့တွေက ထောက်ပြနေပါတယ်။

    ထိုင်းနိုင်ငံနဲ့နယ်စပ် ရှမ်းအရှေ့ပိုင်းမှာ မြေရှားတူးဖော်တာတွေကြောင့် နှစ်နိုင်ငံကို ဖြတ်သန်းစီးဆင်းတဲ့မြစ်တွေမှာ ဓာတုအဆိပ်သင့်မှုတွေဖြစ်နေတယ်လို့ ထိုင်းလူ့အခွင့်အရေးအဖွဲ့တွေက အသံမြှင့်ပြောဆို ထောက်ပြနေပါတယ်။

    မြေရှားထုတ်လုပ်မှုဟာ မြေကြီးထဲကို ဓာတုပစ္စည်းတွေ ထိုးသွင်းပြီး စုဆောင်းရတဲ့လုပ်ငန်းစဥ်လည်း ပါတာကြောင့် မြေနဲ့ ရေတွေကို ထိခိုက်မှုများတဲ့အန္တရာယ်ကို သုတေသနအဖွဲ့တွေက စောင့်ကြည့်တိုက်တွန်းနေပါတယ်။

  3. မင်္ဂလာပါ။

    အောက်တိုဘာ ၂၂ ရက် နောက်ဆုံးရသတင်းတွေကို အခုစာမျက်နှာမှာ တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။​

    ဆက်လက်ဖတ်ရှုဖို့လည်း ဖိတ်ခေါ်ပါတယ်။