'ကျွန်တော့်အသံကိုကြားရတာ ဒါ နောက်ဆုံးဖြစ်သွားနိုင်တယ်'- စစ်ဖြစ်နေပေမဲ့ အီရန်မှာ သေဒဏ်ပေးမှု မပြတ်

    • ရေးသားသူ, ကယ်ရိုလိုင်း ဟော်လီ
    • ရေးသားသူ, ဂွန်ချေ ဟာဘီဘီယာဇတ်
  • ရေးသားခဲ့သည်။
  • ဖတ်ရန်အချိန်: မိနစ် ၅

ဖုန်းလိုင်းသံက မရှင်းလှပါဘူး။ ဒါပေမဲ့ မာရက် အက်ဘ်ဒိုလာဇာဒါရဲ့အသံကိုတော့ သဲသဲကွဲကွဲကြားရပါတယ်။ သူကြုံနေရတဲ့အခြေအနေကြားမှာ သူ့လေသံက ထူးထူးခြားခြား တည်ငြိမ်နေပါတယ်။

အီရန်နိုင်ငံအနောက်ပိုင်းမှာနေတဲ့ သူဟာ သေဒဏ်ချမှတ်ခံထားရပါတယ်။ သူ ခပ်မြန်မြန်ပဲ စကားပြောပါတယ်။ အချိန်ကုန်သွားမှာ စိုးရိမ်နေတဲ့ပုံပါ။ ပြီးတော့ သူ ပါးချင်တဲ့စကား အပြင်မရောက်မှာလည်း စိုးရိမ်ပုံရပါတယ်။

''အခု ခင်ဗျားတို့ ကျွန်တော့်အသံကို Oromiyeh ဗဟိုအကျဉ်းထောင်ထဲကနေ ကြားနေရတာပါ။ ကျွန်တော့်အသံကို အခုလိုကြားရတာ နောက်ဆုံးအကြိမ်လည်း ဖြစ်သွားနိုင်ပါတယ်'' လို့ သူက ပြောပါတယ်။ ဒီအသံဖိုင်ကို ကာ့ဒ်လူ့အခွင့်အရေးကွန်ရက်ကနေ ရရှိခဲ့တာဖြစ်ပါတယ်။

''ကျွန်တော် စတင်ဖမ်းဆီးခံရတဲ့နေ့ကစလို့ ကျွန်တော့်ကို အတင်းအကျပ် ဝန်ခံခိုင်းတယ်။ နှိပ်စက်တာ ခြိမ်းခြောက်တာလုပ်ပြီး အမှားလုပ်ပါတယ်လို့ ဝန်ခံခိုင်းတယ်။ ကျွန်တော့်ကို စွပ်စွဲထားတာတွေ တစ်ခုမှ မမှန်ကန်ပါဘူး။ ဒါကို သူတို့လည်း သိတယ်။ ဘုရားလည်း သိတယ်။ ကျွန်တော့်မှာ အပြစ်မရှိပါဘူး''

မာရက်ဟာ ၂၀၂၂ ခုနှစ်မှာ ဖမ်းဆီးခံခဲ့ရတာပါ။ အဲဒီအချိန်တုန်းက မာရှာ အာမီနီဆိုတဲ့အမျိုးသမီးငယ်ဟာ ခေါင်းဆောင်းပုဝါကို သေသေချာချာမဝတ်ဘူးဆိုတဲ့အချက်နဲ့ ရဲတပ်ဖွဲ့ရဲ့ အဖမ်းခံရပြီးတဲ့နောက် ရဲလက်ထဲမှာပဲ သေဆုံးခဲ့တဲ့ဖြစ်ရပ်ကို အီရန်နိုင်ငံတလွှားမှာ ဆန္ဒပြနေခဲ့ကြချိန်လည်း ဖြစ်ပါတယ်။

မာရက်ဟာ အီရန်က အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့ ဘာဆာ့ချ် (Basij)အဖွဲ့ဝင်တစ်ယောက် အသတ်ခံရမှုမှာ ပါဝင်တယ်လို့ စွပ်စွဲခံရပြီး ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

အကြောက်တရားနဲ့ မျက်လုံး မပိတ်နိုင်ခဲ့တဲ့ညပေါင်းများစွာကို ၄၂ လကြာအောင် ကျော်ဖြတ်ခဲ့ပြီးတဲ့နောက်မှာ သူ့ကို အခုလအစောပိုင်းမှာပဲ သေဒဏ်ချပါတယ်။ နိုင်ငံရေးနဲ့ လုံခြုံရေး ပြစ်ချက်တွေနဲ့ပတ်သက်ပြီး လူတွေကို ကွပ်မျက်မှု တိုးလုပ်နေတဲ့အထဲ သူ ပါသွားတာဖြစ်ပါတယ်။

အမေရိကန်နဲ့ အစ္စရေးက အီရန်ကို ဖေဖော်ဝါရီလ ၂၈ ရက်မှာ ပေါင်းပြီးတိုက်ခိုက်ကတည်းကဆိုရင် အီရန်မှာ နိုင်ငံရေးအကျဉ်းသား ၃၂ ဦးထက်မနည်း ကြိုးပေးခံရတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

တဖက်မှာလည်း ဒါဟာ အီရန်မှာ ကြိုးပေးမှု တစ်နှစ်ထက် တစ်နှစ် တိုးလာတာဖြစ်ပါတယ်။ ၂၀၂၅ ခုနှစ်မှာ အီရန်နိုင်ငံတလွှား နိုင်ငံရေးပယောဂနွှယ်တဲ့ပြစ်ချက်တွေကြောင့် ကြိုးပေးမှု ၄၅ ခုအထိရှိခဲ့တယ်လို့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့(Amnesty International) က ပြောပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်ရေးဆိုင်ရာမဟာမင်းကြီးရုံးကတော့ နိုင်ငံရေးအမြင်ကွဲပြားမှုကို နှုတ်ပိတ်ဖို့ သေဒဏ်ကို တွင်တွင်ကျယ်ကျယ်သုံးလာနေတယ်လို့ သတိပေးပါတယ်။

အခုနှစ်အတွင်း အီရန်မှာ သေဒဏ်ပေးခံရသူအများစုဟာ အစ္စရေးအတွက် ဒါမှမဟုတ် အမေရိကန်ထောက်လှမ်းရေး(CIA)အတွက် အလုပ်လုပ်ပေးနေတယ်ဆိုတဲ့စွပ်စွဲခံရတာကြောင့်ဖြစ်ပါတယ်။ အချို့ကတော့ ပြည်ပရောက် အတိုက်အခံအဖွဲ့တွေနဲ့ဆက်နွှယ်တယ်လို့ စွပ်စွဲခံရတာဖြစ်ပါတယ်။ သူတို့တွေထဲက ၁၄ ဦးဟာ အခုနှစ် ဇန်နဝါရီလမှာဖြစ်ခဲ့တဲ့ အုံကြွမှုနဲ့ဆက်နွှယ်ပြီး ဖမ်းဆီးခံရတာ ဖြစ်ပါတယ်။ အဲဒီဆန္ဒပြပွဲကလည်း သေစေလောက်တဲ့အင်အားနဲ့ ဖိနှပ်ခံရလို့ သေဆုံးသူ လူထောင်ချီရှိခဲ့ပါတယ်။

''အီရန်မှာ အာဏာပိုင်တွေဟာ ကြိုးပေးကွပ်မျက်တာတွေ ဆက်လုပ်နေတယ်။ ပြီးတော့ အရုဏ် တက်ချိန်မှာ ပြုလုပ်လေ့ရှိတယ်'' လို့ Amnesty International က နာဆင် ပါယာယီနီက ပြောပါတယ်။ ''အီရန်လူထုဟာ နေ့တိုင်း လူ ကွပ်မျက်နေတဲ့သတင်းတွေနဲ့ မနက်ခင်းတိုင်းကို နိုးထနေရသလိုဖြစ်နေတယ်''

''သူတို့ဟာ သေဒဏ်ပေးတာကို လူထုကြားထဲ အကြောက်တရားဖြန့်အောင် နိုင်ငံရေး ဖိနှိပ်မှု လက်နက်တစ်ခုအသွင် အသုံးချနေတယ်။''

တချို့ကွပ်မျက်မှုတွေကို လူသိရှင်ကြား ကြေညာပေမဲ့ အချို့ကို တိတ်တဆိတ်လုပ်နေလို့ ဒါဟာ စိုးရိမ်စရာဖြစ်တယ်လို့ UNHRO ရုံး ပြောခွင့်ရသူက ဘီဘီစီကို ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်တုန်းကတော့ အီရန်ဟာ ကွပ်မျက်မှုပေါင်း ၂၁၅၉ ကြိမ်ပြုလုပ်ခဲ့တယ်လို့ Amnesty International က ပြောပြီး ဒါဟာ ၁၉၈၉ ခုနှစ်ကတည်းက အမြင့်ဆုံးအခြေအနေဖြစ်ပါတယ်။အီရန်ကတော့ ဒီကွပ်မျက်မှုအများစုဟာ လူသတ်မှု ဒါမှမဟုတ် မူးယစ်ဆေးဝါးနဲ့ဆက်နွှယ်တဲ့ အမှုတွေဖြစ်တယ်လို့ ပြောပါတယ်။

ကုလသမဂ္ဂကတော့ ဒီအရေအတွက်ဟာ အခုနှစ်မှာ ပိုတိုးလာမှာကို စိုးရိမ်နေပါတယ်။

သေဒဏ်ပေးနှုန်းကို အသုံးပြုတဲ့နှုန်း တိုးလာချိန်မှာ အီရန်က အုပ်စိုးသူ အစုအဖွဲ့ဟာ စစ်ပွဲနဲ့ ဇန်နဝါရီ ဆန္ဒပြမှုတွေကြောင့် ပျက်စီးသွားတဲ့ပုံရိပ်ကို ပြန်လည်ထိန်းသိမ်းဖို့ ကြိုးပမ်းတာလို့ ကာ့ဒ် လူ့အခွင့်အရေးအဖွဲ့ကွန်ရက်က ခါဗာ့ ခါမန်ရှာဒီက ပြောပါတယ်။

''ပြည်တွင်း ပြည်ပ အကျပ်အတည်းမျိုးစုံကို ရင်ဆိုင်နေရတဲ့အချိန်မှာ ဖိနှိပ်မှုတိုးလုပ်ပြီး ကွပ်မျက်မှုတွေကို တိုးလုပ်လာတယ်။ ဒါတွေလုပ်ပြီး သူတို့ ပါးလိုက်တဲ့သတင်းစကားကတော့ ''ငါ ရှိနေသေးတယ်၊ အခြေအနေကို ငါ ထိန်းထားနိုင်သေးတယ်'' ဆိုတာမျိုးပေါ့'' လို့ သူက ပြောပါတယ်။

ပြီးခဲ့တဲ့လတုန်းကတော့ အီရန်နိုင်ငံပိုင်ရုပ်သံဟာ နိုင်ငံအလယ်ပိုင်းမှာရှိတဲ့ အစ္စဖာဟန်မြို့က အသက် ၂၁ နှစ်အရွယ် ကရာတေး ချန်ပီယံလူငယ် ဆာဆန် အဇတ်ဗာကို သေဒဏ်ပေးတဲ့အကြောင်း သတင်းဖော်ပြခဲ့ပါတယ်။ ဒီလူငယ်ဟာ ဇန်နဝါရီလ ဆန္ဒပြပွဲတွေအတွင်း ရဲတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ပြီး ''ရန်သူနဲ့အနီးကပ် ပူးပေါင်းတာ''နဲ့ ''ဘုရားသခင်ကိုဆန့်ကျင်တဲ့စစ် ဆင်နွှဲ'' ခဲ့တာတွေအတွက် ပြစ်မှုထင်ရှားတယ်ဆိုပြီး အခုလိုသေဒဏ်အပေးခံရတာဖြစ်ပါတယ်။ အဲဒီလူငယ်ဟာ ရဲကားတစ်စီးရဲ့ ကားမှန်ကို တုတ်နဲ့ ရိုက်တာ၊ ပြီးတော့ ကားကို မီးရှို့ဖို့ ရေနံဆီ တောင်းခဲ့တာတွေ လုပ်ခဲ့တယ်ဆိုပြီး ဝန်ခံနေတာကိုလည်း သတင်းရုပ်သံမှာ မြင်ရပါတယ်။

ဒါပေမဲ့ နိုင်ငံတကာဥပဒေအရ သေဒဏ်ပေးလောက်တဲ့အထိ အကျုံးဝင်စေမယ့် လူသေစေတဲ့ပြစ်မှုမျိုးနဲ့ သူ စွပ်စွဲခံခဲ့ရတာတော့ မဟုတ်ပြန်ပါဘူး။

အီရန်အာဏာပိုင်တွေကတော့ နှိပ်စက်မှု၊ ဆာဆန် အဇတ်ဗာ အပါအဝင် သေဒဏ်ပေးမှုတွေ တိုးလုပ်လာတဲ့အပေါ် ဘီဘီစီက မှတ်ချက်တောင်းခဲ့ပေမဲ့ ချက်ချင်း မတုံ့ပြန်ခဲ့ပါဘူး။

ဒါပေမဲ့ ဧပြီလ ၃၀ ရက်တုန်းကတော့ အီရန်တရားရေးအကြီးအကဲ Gholamhossein Mohseni Ejei က ဇန်နဝါရီလ ဆန္ဒပြမှုတွေနဲ့ပတ်သက်ပြီး နိုင်ငံတကာ ဝေဖန်မှုတွေကို ပယ်ချပါတယ်။

ဒါပေမဲ့ ကြိုးပေးဖြစ်ရပ်တွေမှာလည်း သူ့ ဇာတ်လမ်းနဲ့သူ ရှိနေပါတယ်။ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေကတော့ စိတ်မသက်သာစရာပုံစံတွေ မြင်တွေ့နေရတယ်လို့ ပြောပါတယ်။ အီရန်မှာ လူနည်းစုအသိုက်အဝန်းက လူတွေအပေါ်မှာလည်း သေဒဏ်ကို အသုံးချနေပါတယ်။

အာကာသအင်ဂျင်နီယာပညာ မဟာတန်းကျောင်းသား အသက် ၂၉ နှစ်အရွယ် အာဖန် ရှာခူဇာဒါးဟာ မေလ ၁၁ ရက်နေ့တုန်းက ကြိုးပေးခံလိုက်ရပါတယ်။ အီရန်တရားရေးဌာနကတော့ သူဟာ အီစ္စရေးနဲ့ အမေရိကန်ထောက်လှမ်းရေးတို့ကို လျှို့ဝှက်အဆင့်အချက်အလက်တွေ မျှဝေခဲ့မှုနဲ့ ပြစ်မှုထင်ရှားတာကြောင့်လို့ ဆိုပါတယ်။

ဒါပေမဲ့ နော်ဝေအခြေစိုက် ဟန်ဂေါ လူ့အခွင့်အရေးအဖွဲ့ကတော့ သူ သေဒဏ်မပေးခင်မှာ ရေးထားတဲ့မှတ်စုတစ်ခုကို ထုတ်ပါတယ်။

''လုပ်ကြံထားတဲ့သူလျှိုလုပ်မှုစွဲချက်တွေနဲ့ ကျွန်တော် ဖမ်းဆီးခံခဲ့ရပါတယ်။ နှိပ်စက်ခံရတာ၊ တိုက်ပိတ်ခံရတာ ၈ လခွဲအကြာမှာ ကျွန်တော် မလုပ်တဲ့ကိစ္စအတွက် အတင်းအကျပ် ဝန်ခံခိုင်းခဲ့ပါတယ်။ နောက်ထပ် အပြစ်မဲ့အသက်တစ်ချောင်း နှုတ်ပိတ်ခံရတာမျိုး မဖြစ်မခံကြပါနဲ့''

တရားရေးကြားနာမှုတွေကို ''လုံးဝပွင့်လင်းမြင်သာမှုကင်းမဲ့တဲ့အခြေအနေနဲ့'' မြန်မြန်ဆန်ဆန်လုပ်ပြီး ကြိုးပေးနေတဲ့ကိစ္စကို အတော်လေး စိုးရိမ်တယ်လို့ ဟန်ဂေါအဖွဲ့က ပြောပါတယ်။

''အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံဟာ မတူကွဲပြားတဲ့သူတွေနဲ့ ဝေဖန်သူတွေကို ယုံကြည်လောက်တဲ့သက်သေသက္ကာယ မရှိဘဲ၊ မျှတတဲ့တရားရေးကြားနာမှုတွေမလုပ်ဘဲ အစ္စရေးသူလျှိုတွေလို့ဆိုပြီး အချက်အလက်မဲ့စွပ်စွဲကာ လူထုကို စနစ်တကျ ဖိနှိပ်မှု ဆက်လုပ်နေပါတယ်'' လို့ အဲဒီအဖွဲ့က အယာ ရှက်ဟီက ဘီဘီစီကို ပြောပါတယ်။ ဒါကြောင့် အသက်ပေါင်းများစွာ အန္တရာယ်ရှိနေတယ် လို့လည်း သူက ပြောပါတယ်။

တစ်ဖက်မှာလည်း အကျဉ်းထောင်ထဲကနေ ပေးပို့လာတဲ့ မာရက် အက်ဘ်ဒိုလာဇာဒါရဲ့အသံဖိုင်ကိုကြည့်ရင် သူ ကွပ်မျက်ခံရမယ့်အရေးကို ဘယ်လောက်အထိ စိုးထိတ်နေလဲဆိုတာကို ပြသနေပါတယ်။

''ပြစ်ဒဏ်ချခံထားရတဲ့သူဟာ ဘယ်အချိန်မှာများ လာခေါ်ပြီး ကြိုးပေးခံရမလဲဆိုတဲ့စိတ် နေ့ရော ညပါ ကြီးစိုးနေပါတယ်။ သေဒဏ်ချခံထားရတဲ့လူတစ်ယောက်ဟာ ည သန်းခေါင်ကျော် ၁ ချက်တီး ထိုးကာမှ မျက်လုံးပိတ်နိုင်ပါတယ်။ ဒါဟာလည်း ပြေးလွှားနေတဲ့အတွေးကြောကို ဖြတ်ချလိုက်လို့သာ နာရီပိုင်းလောက် အိပ်ပျော်သွားတာလို့လည်း ပြောလို့ရပါတယ်။

ကာ့ဒ်မျိုးနွယ်ဝင် အသက် ၂၉ နှစ်အရွယ် မာရက် အက်ဘ်ဒိုလာဇာ ကြိုးပေးခံလိုက်ရပြီလို့ ကာ့ဒ်လူ့အခွင့်အရေးကွန်ရက်က ပြောပါတယ်။ ကြိုးပေးခဲ့တာနဲ့ပတ်သက်ပြီး သူ့ ရှေ့နေတွေ၊ ဆွေမျိုးတွေကို ကြိုအသိပေးတာ မရှိခဲ့ပါဘူး။ မိသားစုဟာလည်း သူ့အလောင်းကို ပြန်မရခဲ့ပါဘူး။