ဝယ်လိုအားကျလို့ ဒဘီးယားစ် စိန်လုပ်ငန်းကြီးရဲ့ တောင်အာဖရိက စိန်တွင်းတူးလုပ်ငန်းရပ်ဆိုင်း

    • ရေးသားသူ, နာတာရှာ ဘူတီနဲ့ ချားလ်စ် ဟာဗီလန်း
  • ရေးသားခဲ့သည်။
  • ဖတ်ရန်အချိန်: မိနစ် ၃

ဝယ်ယူသူတွေရဲ့ အကြိုက် ပြောင်းလဲမှုကြောင့် အမြတ်နည်းလာတဲ့အတွက် ဒဘီးယားစ် စိန်လုပ်ငန်းကြီးက တောင်အာဖရိကက အကြီးဆုံး စိန်တွင်းကြီးရဲ့ ထုတ်လုပ်မှုတွေကို နှစ်နှစ် ရပ်နားလိုက်ပါတယ်။

စျေးပေါတဲ့ ဓာတုစိန်နဲ့ စျေးကွက် အပြိုင်လုရတဲ့အပြင် အရင်ကထက် လူတွေက စိန်ဝယ်တာ နည်းလာလို့ စိန်စျေးတွေ ကျခဲ့ပါတယ်။ အထူးသဖြင့် တရုတ်ပြည်မှာ စိန်ဝယ်အားကျလာတာပါ။

ဗနီရှီယာ စိန်တွင်းကို ပိတ်ဖို့ ဆုံးဖြတ်ချက်ကို ကြေညာရင်း ကမ္ဘာ့စိန်စျေးကွက်ရဲ့ စိတ်ပျက်စရာ အခြေအနေကြောင့် ကုန်ကျစရိတ်နဲ့ လုပ်ငန်းတွေ လျှော့ချ ဖြတ်တောက်ဖို့ လိုအပ်ကြောင်း ဒဘီးယားက ထုတ်ပြန်ပါတယ်။

တောင်အာဖရိက မြောက်ဖျားမှာ ရှိတဲ့ ဗနီရှီယာ စိန်တွင်းက နိုင်ငံရဲ့ စိန်ထုတ်လုပ်မှု ၄၀ ရာခိုင်နှုန်းကျော် ထွက်ရှိပြီး လူလေးထောင်ကျော်ကို အလုပ်ခန့်ထားပါတယ်။

လူ ငါးသိန်းလောက် အလုပ်လုပ်နေပြီး နိုင်ငံရဲ့ စုစုပေါင်း ပြည်တွင်း ထုတ်လုပ်မှု လေးရာခိုင်နှုန်းကျော် ရှိတဲ့ တောင်အာရိက သတ္တုတွင်း ကဏ္ဍမှာ အလုပ်ဖြုတ်တာတွေကို အလုပ်သမားသမဂ္ဂတွေက အရင်ကလည်း သတိပေးခဲ့ဖူးပါတယ်။

ဒဘီးယားစ်ရဲ့ ရှယ်ယာအများစုကို ပိုင်တဲ့ အင်္ဂလို-အမေရိက ကုမ္ပဏီရဲ့ ရှယ်ယာတွေကို ရောင်းဖို့ ကြိုးစားနေပြီး မကြာခင်က အေအိုင် ဖွံ့ဖြိုးမှုကြောင့် ကြီးထွားလာနေတဲ့ ကြေးနီစျေးကွက်ဘက်ကို ရွှေ့ဖို့ လုပ်နေတယ် ဆိုပြီး သတင်းတွေ ထွက်နေပါတယ်။

ဒီ နှစ်နှစ်အတွင်း စက်ရုံလုပ်ငန်းတွေကို ပိုစွမ်းအားမြှင့်ပြီး အစွမ်းထက်အောင် လုပ်ဖို့လည်း ဗနီရှီယာ စိန်တွင်းမှာ ဒဘီးယားစ်က ကတိပြုခဲ့ပါတယ်။ ဒါမှ စျေးကွက် အခြေအနေ ကောင်းလာချိန်မှာ ပြန်လည်ပတ်ဖို့ အသင့် ဖြစ်မယ်လို့ ဆိုပါတယ်။

"စိန်တပွင့်က အမြဲ ထာဝရ " ဆိုတဲ့ ၁၉၄၇ က ကြော်ငြာစာသားနဲ့ လက်ထပ်ပွဲမှာ စိန်လက်စွပ်ပေးဖို့ လိုတယ် ဆိုတဲ့ ဓလေ့ကို ဒဘီးယားစ်က အခြေခိုင်အောင် ဖော်ကျူးခဲ့ပါတယ်။ ဒီစာသားက နောက်ပိုင်းမှာ ဂျိမ်းစ်ဘွန်း ဝတ္ထု ဖြစ်လာခဲ့ပြီး ရှာလီ ဘက်စီရဲ့ ရုပ်ရှင်သီချင်းကလည်း နာမည်ကြီးခဲ့ပါတယ်။

ဝယ်ယူသူတွေရဲ့ အကြိုက် ပြောင်းလာပြီး ကမ္ဘာ့စိန်အရိုင်း စျေးနှုန်းက ၂၀၂၂ ကစလို့ ထက်ဝက်နီးပါး ကျဆင်းခဲ့တဲ့အတွက် စိန်လုပ်ငန်းကို ထိခိုက်ခဲ့ပါတယ်။

စိန်တွင်းတူးသမားတွေရဲ့ လစာနဲ့ လုပ်ငန်းခွင် အခြေအနေအပြင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု စတာတွေအပေါ် ကျင့်ဝတ်နဲ့ လျော်ကန်ရဲ့လား ဝယ်ယူသူတွေဘက်က ပြောဆို ဝေဖန်တာတွေ ရှိလာတဲ့အတွက် ဒီနှစ်ပိုင်းအတွင်း ဓာတုစိန်တွေ ပိုခေတ်စားလာပါတယ်။

ဒီလို လုပ်ငန်း ပြောင်းလဲမှုနောက်ကို လိုက်ပြီး ဒဘီးယားစ်နဲ့ တခြား စိန်လုပ်ငန်းကြီးတွေရဲ့ ကိုယ်ပိုင် ဓာတုစိန်တွေ ထွက်လာခဲ့ပါသေးတယ်။

ဒီနှစ်ပိုင်းမှာ ပထမဆုံး စိန်ထုတ်လုပ်မှုကို ကြီးကြီးမားမား လျှော့ချတာက ဒဘီးယားစ် မဟုတ်ပါဘူး။ ဒါပေမဲ့ ကုမ္ပဏီရဲ့ ၁၈၇၁ က စတဲ့ အတိတ်သမိုင်းကြောင်းကြောင့် လူထုအမြင်မှာ ဒဘီးယားစ်အပေါ် အထင်အမြင်က တမျိုး ရှိပါတယ်။

ကုမ္ပဏီ တည်ထောင်သူ အင်္ဂလိပ် နယ်ချဲ့ဝါဒီ စီစယ်လ် ရုဒ်ရဲ့ တပ်တွေက အာဖရိက တိုင်းရင်းသားတွေရဲ့ မြေတွေကို အတင်း အဓမ္မ သိမ်းယူပြီး သူတို့ရဲ့ အခြေခံ အခွင့်အရေးတွေကို ငြင်းပယ်ခဲ့ပါတယ်။

ဒီနည်းနဲ့ သန်းကြွယ် သူဌေး ဖြစ်လာတဲ့ ရုဒ်က နှစ်များစွာ ကြာပြီးနောက် ဒီလို လူမျိုးခွဲခြားနေထိုင်ခိုင်းပြီး မဲပေးခွင့်ကန့်သတ်ခဲ့မှုကို "နယ်ခံတွေက ကလေးတွေပဲ၊ အရိုင်းအစိုင်းဘဝက ထွက်လာခါစ ရှိသေးတယ် " ဆိုပြီး ကိပ်တောင်းက လွှတ်တော်မှာ ကာကွယ် ပြောကြားခဲ့ပါတယ်။

တောင်အာဖရိကမှာ ထားခဲ့တဲ့ ရုဒ်ပုံရိပ်ကြောင့် သူ့နာမည်ပါတဲ့ အဖွဲ့အစည်းတွေမှာ ကိုလိုနီဖျက်သိမ်းရေးတွေ လုပ်ဖို့ ဆွေးနွေးရာ ဖြစ်ခဲ့ပါတယ်။

ဒီထဲမှာ သူ့ရုပ်တုတွေနဲ့အတူ သူ့ရဲ့ ကြွယ်ဝမှု အမွေအနှစ်တွေနဲ့ တည်ထောင်တဲ့ ပညာသင်ဆုတွေလည်း ပါပါတယ်။ အောက်စဖို့ဒ်တက္ကသိုလ်က ရုဒ် ပညာသင်ဆု ရခဲ့သူတွေထဲမှာ အမေရိကန် သမ္မတဟောင်း ဘီလ်ကလင်တန်နဲ့ သြစတြေးလျ ဝန်ကြီးချုပ်ဟောင်း မယ်လ်ကွမ် တန်းဘူးလ်တို့ ပါပါတယ်။