ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
NUG မပါလို့ ဝေဖန်မှုတွေကြုံနေရတဲ့ ထိုင်းနဲ့ ဖိလစ်ပိုင်ရဲ့မြန်မာ့အရေးခြေလှမ်း
မြန်မာပြည်တွင်းစစ်ကို ဖြေရှင်းဖို့ အာဆီယံရဲ့ ကြိုးပမ်းချက်အနေနဲ့ နေပြည်တော်နိုင်ငံခြားရေးဝန်ကြီးနဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ ၅ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ တွေ့ဆုံခဲ့ပါတယ်။
အလွတ်သဘောအစည်းအဝေးလို့ ခေါင်းစဥ်တပ်ခဲ့တဲ့ အဲဒီတွေ့ဆုံမှုအပြီးမှာ မြန်မာ့အရေးမှာသက်ဆိုင်ပါဝင်နေတဲ့ အဖွဲ့အစည်းအဖွဲ့တချို့နဲ့ သီးခြားတွေ့ဆုံမှုတွေ ဆက်ရှိလာပါတယ်။
နောက်ဆက်တွဲတွေ့ဆုံမှုတွေကိုတော့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီး လာဇရို နဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက်တို့ပဲ ဦးဆောင်ခဲ့ပြီး တခြားအာဆီယံဝန်ကြီးတွေ မပါပါဘူး။
ဇူလိုင် ၁၃ ရက်မှာ ထိုင်းနိုင်ငံ၊ ပတ္တရားမြို့မှာ သူတို့နှစ်ဦးက နေပြည်တော်ရဲ့ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ဖြစ်တဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) ကိုယ်စားလှယ်တချို့နဲ့ တွေ့ဆုံခဲ့ပါတယ်။
တစ်ရက်တည်းမှာပဲ ထိုင်းနယ်စပ်မှာအခြေစိုက်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EROs) တချို့နဲ့လည်း သီးခြားစီတွေ့ဆုံခဲ့တာကို EROs တဖွဲ့က အတည်ပြုပါတယ်။
ဒီတွေ့ဆုံပွဲတွေကို ဘာကြောင့် ထိုင်းနိုင်ငံက အဓိကဦးဆောင်ကျင်းပနေတာလဲဆိုတာက မေးခွန်းတစ်ခု ဖြစ်လာပါတယ်။
အာဆီယံ၊ ဘန်ကောက်နဲ့ နေပြည်တော်
ဇူလိုင် ၁၂ ရက် ဘန်ကောက်အစည်းအဝေးဟာ နေပြည်တော်မှာ စစ်ခေါင်းဆောင်က အရပ်သားသမ္မတအဖြစ် အသွင်ပြောင်းရာထူးယူပြီးတဲ့နောက်မှာ သူ့ရဲ့ နိုင်ငံခြားရေးဝန်ကြီးနဲ့ အာဆီယံဝန်ကြီးတွေကြား ပထမဆုံးအစည်းအဝေးဖြစ်ပါတယ်။
၂၀၂၆ မေလက ဖိလစ်ပိုင်မှာကျင်းပခဲ့တဲ့ အာဆီယံထိပ်သီးအစည်းအဝေးမှာ စစ်တပ်ကျောထောက် နောက်ခံပြု နေပြည်တော်အစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနဲ့ အလွတ်သဘော တွေ့ဆုံဖို့ သဘောတူခဲ့ပါတယ်။
အဲဒီနောက်ပိုင်းမှာတော့ နေပြည်တော်ဟာ အာဆီယံအပါအဝင် အိမ်နီးချင်းနိုင်ငံတွေနဲ့ ဆက်ဆံရေးကို ပုံမှန်ပြန်ဖြစ်လာစေဖို့ ကြိုးပမ်းမှုတွေ လုပ်ဆောင်နေပါတယ်။
မြန်မာစစ်အာဏာသိမ်းခေါင်းဆောင်တွေကို "ဘုံသဘောတူညီငါးချက်" ကို အကောင်အထည်ဖော်ရာမှာ တိုးတက်မှု မရှိတာကြောင့်ဆိုပြီး ၂၀၂၁ ခုနှစ် နှောင်းပိုင်းကစပြီး မြန်မာကို အာဆီယံထိပ်သီးအစည်းအဝေးတွေကနေ ဖယ်ထားခဲ့ပါတယ်။
အခု ၅ နှစ်အကြာမှာထွက်လာတဲ့ ဇူလိုင် ၁၂ ရက် ဘန်ကောက်အစည်းအဝေးမှာတော့ အပိုင်းနှစ်ပိုင်း ပါဝင်ခဲ့ပါတယ်။ ပထမပိုင်းမှာ နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေက အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေနဲ့ အလွတ်သဘော တွေ့ဆုံခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ နေပြည်တော်ကိုယ်စားလှယ် မပါဝင်ဘဲ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေချည်း သီးသန့် ဆွေးနွေးခဲ့ကြပါတယ်။
ဒီအစည်းအဝေးကို ကမ္ဘောဒီးယားနဲ့ မလေးရှားကလွဲပြီး ကျန်အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံးရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေ တက်ရောက်ခဲ့ပါတယ်။ မလေးရှားကတော့ အမြဲတမ်းအတွင်းဝန်ချုပ် တန် စရီအမ်ရန်မိုဟာမက်ဇင်က နိုင်ငံခြားရေးဝန်ကြီး ကိုယ်စားတက်ရောက်ခဲ့ပါတယ်။
ကမ္ဘောဒီးယား ကတော့ ထိုင်းနဲ့ စစ်ရေးပဋိပက္ခကြောင့် တက်ရောက်ခြင်းမရှိပါဘူး။
အစည်းအဝေးတွေအပြီး သတင်းစာရှင်းလင်းပွဲမှာတော့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မာ ထရီဆာ လာဇရို က မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေဟာ မြန်မာရဲ့ ငြိမ်းချမ်းရေးကြိုးပမ်းမှုတွေ၊ ဖြုတ်ချဖမ်းဆီးခံထားရတဲ့ အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေအနေနဲ့ နယ်စပ်ဖြတ်ကျော်အွန်လိုင်းငွေလိမ်လုပ်ငန်းတွေ၊ လူကုန်ကူးမှုနဲ့ မူးယစ်ဆေးဝါးမှောင်ခိုမှု တိုက်ဖျက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေကို ရှင်းလင်းပြောပြခဲ့တယ်လို့ ပြောပါတယ်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက်ကတော့ ဘန်ကောက်အနေနဲ့ နေပြည်တော်အပေါ် "အဆင့်လိုက် ချိန်ညှိဆက်ဆံတဲ့ချဉ်းကပ်မှု'' ကို ထောက်ခံတယ်လို့ ပြောပါတယ်။
ဆီဟာဆက်ရဲ့ရှင်းလင်းချက်အရ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေဟာ ဘုံသဘောတူညီချက် ၅ ချက်ကို ဆက်လက်ကိုင်စွဲဖို့ ထပ်လောင်းအတည်ပြုခဲ့ကြတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ "အဓိကမေးခွန်းက အဲဒီ မူ ၅ ချက်ကို ဘယ်လိုမဟာဗျူဟာနဲ့ အကောင်အထည်ဖော်မလဲဆိုတာဖြစ်တယ်" လို့ သူက ပြောပါတယ်။
သူက ဆက်ပြီးပြောတာမှာ '' ဒီလို ထိတွေ့ဆက်ဆံမှုဟာ တစ်ဖက်သတ် မဟုတ်ဘဲ နှစ်ဖက်အပြန်အလှန် လုပ်ဆောင်ရတဲ့လုပ်ငန်းစဉ်" ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မြန်မာဘက်ကလည်း "အာဆီယံရဲ့ စိုးရိမ်ပူပန်မှုတွေနဲ့ နိုင်ငံတကာအသိုက်အဝန်းရဲ့ စိုးရိမ်မှုတွေကို ဖြေရှင်းနိုင်ဖို့ လုပ်ဆောင်ရမှာဖြစ်တယ်" လို့ သတိပေးပါတယ်။
ဆွေးနွေးပွဲမှာပါတဲ့ အဓိကအကြောင်းအရာတစ်ခုကတော့ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကတည်းက ထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့အခြေအနေပဲ ဖြစ်ပါတယ်။
၂၀၂၆ မေလမှာ စစ်တပ်ကျောထောက်နောက်ခံပြု အစိုးရသစ်က ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းထောင်ကနေ နေအိမ်အကျယ်ချုပ်ကို ပြောင်းရွှေ့ထားကြောင်း နေပြည်တော်ကကြေညာခဲ့ပါတယ်။
ဒါပေမဲ့ လက်ရှိ အာဆီယံရဲ့ မြန်မာဆိုင်ရာ အထူးကိုယ်စားလှယ်လည်းဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး လာဇရိုက အသက် ၈၁ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်တောင်းဆိုခဲ့တာကိုတော့ နေပြည်တော်က ငြင်းဆိုထားပါတယ်။
မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေကတော့ ''ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးကောင်းမွန်နေပြီး သင့်လျော်တဲ့စောင့်ရှောက်မှုတွေ ရရှိနေတယ်'' လို့ ပြောကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး လာဇရိုက မနေ့က သတင်းစာရှင်းလင်းပွဲမှာ ထည့်ပြောပါတယ်။
"သူ (ဦးတင်မောင်ဆွေ) ပြောတဲ့ သဘောကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ဆွေမျိုးတစ်ဦး၊ အစ်မတစ်ဦးလို သဘောထားတဲ့အတွက် ကောင်းကောင်းမွန်မွန် စောင့်ရှောက်ပေးထားတယ်လို့ပြောပါတယ်" လို့ လာဇရိုက သတင်းထောက်တွေကို ပြန်ပြောပြပါတယ်။
ဆီဟာဆက်ကလည်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေအနေနဲ့ ''နေပြည်တော်ဘက်ကနေ တိုးတက်မှုတွေကို ဖော်ဆောင်ပေးဖို့ နဲ့ အာဆီယံကမျှော်လင့်တဲ့အချက်တွေကို ရှင်းရှင်းလင်းလင်း ပြောကြားခဲ့တယ်" လို့ ဆိုပါတယ်။
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်နေတယ်ဆိုတဲ့ ပြောဆိုချက်ကို အတည်ပြုနိုင်ဖို့အတွက် အာဆီယံအထူးသံနဲ့ တွေ့ဆုံခွင့်ပေးဖို့လည်းတောင်းဆိုခဲ့တယ်လို့ ဆီဟာဆက်က ပြောပါတယ်။
ဒါပေမဲ့ အာဆီယံက မျှော်လင့်ထားတဲ့အချက်တွေနဲ့ နေပြည်တော်ဘက်က လက်ရှိရပ်တည်ချက်ကြားမှာတော့ ကွာဟချက်ကြီးကြီးမားမား ရှိနေဆဲဖြစ်ပါတယ်။
မြန်မာစစ်ခေါင်းဆောင်ကိုယ်တိုင်တက်ရောက်ခဲ့တဲ့ ၂၀၂၁ ခုနှစ် ဧပြီလ အာဆီယံအစည်းအဝေးမှာ မြန်မာ့အရေးအာဆီယံဘုံသဘောတူညီချက် ၅ ချက်ကို သဘောတူခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီသဘောတူညီမှုရဲ့ အဓိကအချက်တွေကို အကောင်အထည်ဖော်ဖို့ သိသာထင်ရှားတဲ့လုပ်ဆောင်မှုတွေမရှိသေးဘဲ၊ လေကြောင်းတိုက်ခိုက်မှုတွေ၊ စစ်ကြောင်းထိုး မီးရှို့မှုတွေနဲ့ စစ်လက်နက်အင်အားသုံးပြီး တော်လှန်ရေးအင်အားစုတွေကို အနိုင်ယူရေးကို ဦးတည်လုပ်ဆောင်နေတယ်လို့ နိုင်ငံတကာက ရှုမြင်ထားပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်ကလည်း မြန်မာစစ်တပ်အရာရှိဟောင်း အမတ်တွေ လွှမ်းမိုးထားတဲ့ လွှတ်တော်ကနေ အာဆီယံက ချထားတဲ့ ဘုံသဘောတူညီမှု ၅ ချက်ဟာ မြန်မာနိုင်ငံရဲ့ "နိုင်ငံရေးပကတိအခြေအနေ" နဲ့ မကိုက်ညီတဲ့ "အာဆီယံရဲ့ ဝင်ရောက်စွက်ဖက်မှုတစ်ရပ်" ဖြစ်တယ်လို့ဆိုကာ အဲဒီသဘောတူညီမှုကို ပယ်ချတဲ့အဆိုကို အတည်ပြုခဲ့ပါတယ်။
နေပြည်တော်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ဘန်ကောက်အစည်းအဝေးနဲ့ပတ်သက်တဲ့ ကြေညာချက်မှာတော့ '' လွှတ်တော်က အာဆီယံဘုံ ၅ ချက်နဲ့ပတ်သက်ပြီး လိုအပ်သလို သုံးသပ်ဆောင်ရွက်ပေးနိုင်ရေးအဆိုကို အတည်ပြုခဲ့တာဖြစ်လို့ ရွေးကောက်ခံအစိုးရအနေနဲ့ အကောင်အထည်ဖော်ဆောင်ရွက်သွားဖို့ တာဝန်ရှိတယ်''လို့ ပြောထားပါတယ်။
ဒီအချက်ကြောင့် နေပြည်တော်နဲ့ အာဆီယံကြားမှာ မြန်မာ့အရေးဖြေရှင်းနိုင်ရေးအပေါ် ရပ်တည်ချက်မှာ ကွာဟချက်ကြီးက ဆက်ရှိနေပြီး နှစ်ဖက်ကြားမှာ အခြေခံတူညီမှုမရှိဘူး လို့ နားလည်ရပါတယ်။
ဒါပေမဲ့ ''အာဆီယံနဲ့ ဆက်ဆံရေး ပိုမိုတိုးမြှင့်ရေးနဲ့ မြန်မာအနေနဲ့ အာဆီယံမှာ အပြည့်အဝနဲ့ တန်းတူညီမျှစွာ ပြန်လည်ပါဝင်နိုင်ရေးအတွက် အပြုသဘောဆောင်တဲ့ ပူးပေါင်းဆောင်ရွက်မှု"ကို ဆွေးနွေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒါအပြင် သမ္မတရာထူးယူထားတဲ့ ဦးမင်းအောင်လှိုင်ကလည်း အာဆီယံနဲ့ ဆက်ဆံရေးကို အပြည့်အဝ ပုံမှန်ပြန်ဖြစ်ချင်တဲ့သဘောထားရှိကြောင်း မကြာခဏထုတ်ပြောနေပါတယ်။
တဖက်မှာလည်း အာဆီယံနဲ့ နေပြည်တော်တွေ့ဆုံခဲ့မှု အပေါ် နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့တွေနဲ့ မြန်မာဒီမိုကရေစီအင်အားစုနဲ့ တော်လှန်ရေးအဖွဲ့တွေက ဘန်ကောက်က တွေ့ဆုံမှုကို ပြစ်တင်ဝေဖန်ထားကြပါတယ်။
အာဆီယံ လူ့အခွင့်အရေးဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ (APHR) က အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ "မြန်မာစစ်အစိုးရကို တရားဝင်မှုရရှိစေမယ့် ဘယ်လိုခြေလှမ်းမျိုးကိုမဆို" လက်မခံသင့်ဘူးလို့ တိုက်တွန်းခဲ့ပါတယ်။
"အာဆီယံအနေနဲ့ စစ်အစိုးရရဲ့ထောင်ချောက်ထဲမကျသင့်ပါဘူး" လို့ APHR ဥက္ကဋ္ဌ ဖြစ်တဲ့ အင်ဒိုနီးရှားလွှတ်တော်အမတ် မာစီ ခရစ္စတီ ဘာရန်းစ်က ထုတ်ပြန်ချက်မှာ ပြောပါတယ်။
"အာဆီယံဟာ မြန်မာပြည်သူတွေအပေါ် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် စစ်အစိုးရကို တာဝန်ယူခိုင်းရမယ့်အစား သဘောတူညီချက် ၅ ချက်ကို မလိုက်နာတဲ့ လုပ်ရပ်တွေကို အကြိမ်ကြိမ် အကျိုးခံစားခွင့်ပေးနေခဲ့တယ်" လို့ သူက ပြောပါတယ်။
ဖိလစ်ပိုင်ဝန်ကြီး လာဇရို ကတော့ နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနဲ့ တွေ့ဆုံဖို့ ဆုံးဖြတ်ခဲ့တာကို ကာကွယ်ပြောဆိုထားပြီး အာဆီယံရဲ့ ဘုံသဘောတူချက်တွေမှာ ပါဝင်တဲ့ လူသားချင်းစာနာမှု အကူအညီပေးရေး လက်လှမ်းမီနိုင်မှု မှာ တိုးတက်မှုတချို့ကို မြင်တွေ့နေရတယ်လို့ ပြောပါတယ်။
"တစ်ကြိမ်တည်းနဲ့ ပြီးမြောက်အောင် လုပ်လို့မရပါဘူး" လို့ လာဇရိုက ပြောပြီး "ဒါဟာ တဖြည်းဖြည်း တိုးတက်လာမယ့် လုပ်ငန်းစဉ်ဖြစ်ပြီး အခုလို တွေ့ဆုံဆွေးနွေးမှုအားလုံးက အလွန်အရေးကြီးတယ်လို့ ကျွန်မ ထင်ပါတယ်" လို့ သူက ဆိုပါတယ်။
လာဇရိုက ဒီနှစ်မကုန်ခင် မြန်မာကို ဒုတိယအကြိမ် ထပ်မံသွားရောက်ဖို့ စီစဉ်ထားတယ်လို့ ပြောပါတယ်။
တစ်ချိန်တည်းမှာပဲ ထိုင်းနိုင်ငံကလည်း မြန်မာ-ထိုင်းနယ်စပ်တစ်လျှောက် မြန်မာဘက်ကတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးနိုင်ရေးကို ကြားဝင်စီစဉ်ထားပါတယ်။ အဲဒီကနေ ရရှိလာတဲ့တိုးတက်မှုတွေကိုတော့ ဒီနှစ်ကုန်မှာ ကျင်းပမယ့် နောက်ထပ် အာဆီယံထိပ်သီးအစည်းအဝေးမှာ ပြန်လည်သုံးသပ်သွားမှာ ဖြစ်ပါတယ်။
သံတမန်အသိုင်းအဝိုင်းကရရှိတဲ့အချက်အလက်တွေအရ မြန်မာ့အရေးနဲ့ပတ်သက်ရင် သဘောထားကွဲလွဲမှုတွေဆက်ရှိနေတယ်လို့ သိရှိရပါတယ်။
ဇူလိုင် ၁၂ ရက်က ဘန်ကောက်မြို့က အာဆီယံဝန်ကြီးတွေနဲ့ နေပြည်တော်နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ တွေ့ဆုံမှုအပြီးမှာ အစည်းအဝေးထဲက အတွင်းအခြေအနေတချို့ကို ဘီဘီစီက သိရှိခဲ့ရပါတယ်။
ဘရူနိုင်း - မြန်မာစစ်အသွင်ပြောင်းအစိုးရအပေါ် အနည်းငယ်တင်းမာတဲ့ သဘောထားဆက်ရှိနေပါတယ်။ ၂၀၂၁ ခုနှစ်မှာ ဘရူနိုင်းဘုရင် ဥက္ကဋ္ဌတာဝန်ယူချိန်က ထွက်ပေါ်ခဲ့တဲ့ အာဆီယံ သဘောတူညီချက် ၅ ချက်ကို နေပြည်တော်လွှတ်တော်က ပယ်ချခဲ့တဲ့အပေါ် လက်မခံဘူးလို့ဆိုပါတယ်။
ထိုင်းနိုင်ငံ - နေပြည်တော်အစိုးရရဲ့ ပြုပြင်ပြောင်းလဲမှုကို အပြုသဘောဆောင်အမြင်သဘောထားရှိတယ်လို့ ဆိုပါတယ်။
ဖိလစ်ပိုင် - လက်ရှိအာဆီယံဥက္ကဋ္ဌနိုင်ငံဖြစ်တာကြောင့် ကြားနေရပ်တည်ဖို့ ကြိုးစားနေပါတယ်။
ကမ္ဘောဒီးယား - ထိုင်းနဲ့ စစ်ရေးကြောင့် ဘန်ကောက်အစည်းအဝေးကို မတက်ရောက်ခဲ့ပါဘူး။
လာအိုနဲ့ ဗီယက်နမ်- မြန်မာကို အာဆီယံလုပ်ငန်းစဉ်ထဲ ပြန်လည်ပါဝင်ခွင့်ရဖို့ ထောက်ခံတဲ့ သဘောထားရှိတယ်လို့ ဆိုပါတယ်။
စင်ကာပူနဲ့ မလေးရှား - အာဆီယံရဲ့ ငါးချက်သဘောတူညီချက် (5PC) ကို ဆက်ကိုင်စွဲထားဖို့ ခိုင်မာတဲ့ ရပ်တည်ချက်ရှိပြီး အကောင်အထည်ဖော်ဖို့လည်း နေပြည်တော်ကို တိုက်တွန်းကြတယ်လို့ဆိုပါတယ်။
တီမောလက်စ်တေ - ယေဘုယျသဘောထားဆွေးနွေးချက်သာရှိပြီး ဘုံသဘောတူညီချက်တွေကို အကောင်အထည်ဖော်ဖို့ တောင်းဆိုခဲ့ပါတယ်။
''စင်ကာပူကတော့ အစည်းအဝေး အစပိုင်းမှာ စိတ်ပျက်လက်ပျက်ဖြစ်ခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ Stakeholder Meeting မှာ မြန်မာစစ်အစိုးရကိုယ်စားလှယ်တွေတင်မဟုတ်ဘဲ အခြားသက်ဆိုင်သူတွေကိုပါ ပိုမိုတွေ့ဆုံရမယ်လို့ သူတို့မျှော်လင့်ထားခဲ့တယ်။ ဒါပေမဲ့ နေပြည်တော်နဲ့သီးသန့်ပြောတာဖြစ်နေတော့ သူမကြိုက်ဘူးလို့ သိရတယ်'' လို့ ဇူလိုင် ၁၂ ရက်က ဘန်ကောက်အစည်းအဝေးအကြောင်းသိထားတဲ့ သတင်းရင်းမြစ်ကပြောပါတယ်။
ထိုင်းရဲ့ အခန်းကဏ္ဍ ပိုမိုထင်ရှားလာသလား
ထိုင်းနဲ့ ဖိလစ်ပိုင်ဦးဆောင်ပြီး တခြားအာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေမပါဘဲ မြန်မာက အဖွဲ့တချို့နဲ့ သီးခြားတွေ့ဆုံမှုတွေကို ဘန်ကောက်အပြင်ဘက်က ပတ္တရားမြို့မှာ ဇူလိုင် ၁၃ ရက်မှာပြုလုပ်ခဲ့ပါတယ်။
ဖိလစ်ပိုင်ရဲ့ နိုင်ငံခြားရေးဝန်ကြီး လာဇရိုနဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက် တို့ဟာ မြန်မာက တိုင်းရင်းသားလက်နက်ကိုင်(EROs) အဖွဲ့တချို့နဲ့ ဇူလိုင် ၁၃ ရက်မှာ တွေ့ဆုံခဲ့တာကို ဒီအကြောင်းသိရှိထားတဲ့ သံတမန် သတင်းရင်းမြစ်က ဘီဘီစီကို ပြောပါတယ်။
အာဆီယံသံတမန်သတင်းရင်းမြစ်တစ်ဦးရဲ့ ကောက်ချက်အရ ဥက္ကဋ္ဌ ဖိလစ်ပိုင်အနေနဲ့ မြန်မာ့အရေး သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံနိုင်ရေးအတွက်လိုအပ်တဲ့ ဘဏ္ဍာငွေနဲ့ စီစဉ်ဆောင်ရွက်နိုင်စွမ်း အကန့်အသတ်ရှိနေချိန်မှာ ထိုင်းနိုင်ငံက အဲဒီနေရာကို ဝင်ရောက်ဦးဆောင်လာတာလို့ ဆိုပါတယ်။
တချိန်တည်းမှာပဲ ထိုင်းရဲ့ ဦးဆောင်မှုဟာ မြန်မာ့အရေးဖြေရှင်းနိုင်ရေး အခန်းကဏ္ဍထက် ပိုနေတယ်လို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။
အာဆီယံရေးရာ ကျွမ်းကျင်သူ ဦးဝင်းမင်းကတော့ ထိုင်းအစိုးရဟာ မြန်မာ့အရေးကို ကိုင်တွယ်ရာမှာ သူ့နိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွားကို ဦးစားပေးစဉ်းစားနေတယ်လို့ မြင်ကြောင်း ဘီဘီစီကို ပြောပါတယ်။
ဦးဝင်းမင်းဟာ အာဆီယံဥက္ကဋ္ဌနိုင်ငံတွေနဲ့ တော်လှန်ရေးအင်အားစုတွေကြား ဆက်ဆံရေးအတွက် ပေါင်းကူးလုပ်ဆောင်နေသူတစ်ဦးလည်းဖြစ်ပါတယ်
ချင်းမိုင်အခြေစိုက် သံတမန်သတင်းရင်းမြစ်ရဲ့အချက်အလက်တွေအရ ထိုင်း၊ ဖိလစ်ပိုင်တို့နဲ့တွေ့ဆုံခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်(EROs) အဖွဲ့တွေမှာ ထိုင်း-မြန်မာနယ်စပ်အခြေစိုက်လက်နက်ကိုင်တပ်တွေက အဓိကပါဝင်တယ်လို့ဆိုပါတယ်။
ဖိတ်ကြားခံရတဲ့အထဲမှာ K2C ဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (Karenni National Progressive Party - KNPP) နဲ့ ချင်းအမျိုးသားတပ်ဦး (CNF/CNA)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ မွန်ပြည်သစ်ပါတီ (NMSP) တို့ ပါဝင်တယ်လို့ သူက ပြောပါတယ်။
ကရင်အမျိုးသားအစည်းအရုံး (KNU)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးကတော့ ထိုင်းစီစဥ်တဲ့ အစည်းအဝေးတွေနဲ့ပတ်သက်ရင် ပြောဖို့ စောသေးတယ်လို့သာ မှတ်ချက်ပြုပြီး အသေးစိတ်ကို မဖြေပါဘူး။
ထိုင်းနိုင်ငံအတွက် အရေးကြီးဆုံးကိစ္စတွေက ထိုင်း-မြန်မာနယ်စပ် လုံခြုံရေး၊ ဒုက္ခသည်ပြဿနာနဲ့ နယ်စပ်ဒေသ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေအမြစ်ဖြတ်နိုင်ရေးဖြစ်တာကြောင့် သူ့နယ်စပ်က EROs အဖွဲ့တွေကို ထိုင်းက ဦးစားပေးတွေ့တာလို့ ဦးဝင်းမင်းက သုံးသပ်ပါတယ်။
''သူ့နယ်စပ်က ပြဿနာတွေနဲ့ တိုက်ရိုက်ဆက်စပ်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဆက်ဆံရေးကို ပိုပြီး အလေးထားနေတာ'' လို့ ဆိုပါတယ်။
EROs တွေနဲ့ တွေ့ဆုံရာမှာ သက်ဆိုင်သူအားလုံးကို ဖိတ်ကြားတာ မဟုတ်ဘဲ ရွေးချယ်ဖိတ်ကြားခဲ့တာလို့ တော်လှန်ရေးအင်အားစုတွေက ရှုမြင်နေကြပါတယ်။
ဒါကြောင့် ထိုင်းရဲ့ဦးဆောင်မှုက မျှတမှု ရှိ၊ မရှိဆိုတဲ့မေးခွန်းတွေဖြစ်စေတယ်လို့ ပြောထားကြပါတယ်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးကတော့ သီးခြား သတင်းမီဒီယာတစ်ခုနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ မြန်မာ့ အရေးတွေ့ဆုံမှုတွေဟာ "ပထမဆုံး အကျွမ်းတဝင်ဖြစ်စေတဲ့ တွေ့ဆုံမှု (icebreaker)'' ဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။
နေပြည်တော်အကျိုးဆောင်တွေနဲ့လည်းတွေ့
ထိုင်းနဲ့ ဖိလစ်ပိုင်ဝန်ကြီးတွေဟာ မြန်မာကတိုင်းရင်းသားလက်နက်ကိုင်(EROs) အဖွဲ့တင်မကပါဘူး၊ နေပြည်တော်ရဲ့ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ နဲ့လည်း တစ်ရက်တည်းမှာ သီးခြားစီခွဲပြီးတွေ့ဆုံခဲ့ပါတယ်။
နေပြည်တော်ရဲ့ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ လို့သိကြတဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) ကိုယ်စားလှယ်တချို့နဲ့ တွေ့ခဲ့တာပါ။
NSPNC ကို ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်တာဖြစ်ပြီး ဦးမင်းအောင်လှိုင်က သမ္မတရာထူးယူအပြီးမှာ ပြန်လည်ဖွဲ့စည်းပေးထားတာဖြစ်ပါတယ်။
ပတ္တရားက ဆွေးနွေးပွဲကိုတော့ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ကိုယ်စား NSPNC အဖွဲ့ဝင်တွေဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ဇော်ဦးနဲ့ ငြိမ်းချမ်းရေးအကျိုးဆောင်အဖြစ် လူသိများတဲ့ ဦးလှမောင်ရွှေတို့ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ပါတယ်။
"ထိုင်းက နှစ်ဖက်စလုံးကို အပြိုင်တွေ့နေတဲ့ သဘောရှိတယ်"လို့ NSPNC သတင်းရင်းမြစ်က ဆိုပါတယ်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနကို ဒီတွေ့ဆုံပွဲတွေနဲ့ ပတ်သက်ပြီး ဘီဘီစီက မေးမြန်းထားပေမဲ့ တုံ့ပြန်ချက် မရသေးပါဘူး။
ဦးဝင်းမင်းကတော့ '' နေပြည်တော်ကို အာဆီယံထဲ ပြန်ဝင်ဆံ့နိုင်အောင် ကြိုးပမ်းပေးနေတဲ့ လက္ခဏာတွေ တွေ့ရတယ်'' လို့ သုံးသပ်ပါတယ်။
ဒါပေမဲ့ မြန်မာ့အရေးဖြေရှင်းမှုမှာ ထိုင်းနိုင်ငံရဲ့ အခန်းကဏ္ဍဟာ ပိုထင်ရှားအရေးပါလာတယ်လို့ EROs တချို့နဲ့ နေပြည်တော် သတင်းရင်းမြစ်တချို့က သဘောထားတူစွာ ကောက်ချက်ချကြပါတယ်။
ပတ္တရားက ဒီတွေ့ဆုံမှုဟာ ထိုင်းနိုင်ငံအနေနဲ့ မြန်မာ့အရေးနဲ့ပတ်သက်ပြီး နေပြည်တော်ဘက်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဘက်နဲ့ သီးခြားစီ ဆက်သွယ်ဆောင်ရွက်မှုတွေကို တိုးမြှင့်လုပ်ဆောင်လာတဲ့ လှုပ်ရှားမှုလည်း ဖြစ်ပါတယ်။
တစ်ချိန်တည်းမှာပဲ ထိုင်းနဲ့ဖိလစ်ပိုင်ရဲ့ဒီလိုချဉ်းကပ်မှုဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ဘေးဖယ်ထားသလို ဖြစ်နေစေတယ်လို့ ဦးဝင်းမင်းက ထောက်ပြပါတယ်။
ထိုင်းနိုင်ငံရဲ့ သြဇာလွှမ်းမိုးမှုကြောင့် နေပြည်တော်ကို ပိုအလေးပေး ဆက်ဆံနေတဲ့ပုံစံပေါ်လာပြီး အားလုံးပါဝင်ပြီး ဘက်မလိုက်တဲ့ ချဉ်းကပ်မှုကို မတွေ့ရဘူးလို့ ဆိုပါတယ်။
''မြန်မာတော်လှန်ရေးအင်အားစုတွေဟာ ညီညွတ်မှုမရှိဘူး၊ ဘုံရပ်တည်ချက်မရှိဘူးဆိုပြီးအာဆီယံသံတမန်အသိုင်းအဝိုင်းထဲမှာ ပုံဖော်ခံနေရတယ်'' လို့ ဦးဝင်းမင်းက ဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတော့ အာဆီယံအနေနဲ့ ရှေ့ဆက်လုပ်မယ့် ထိတွေ့ဆက်ဆံမှုတွေမှာ မူဝါဒပိုင်းသာမက လက်တွေ့မှာလည်း မျှမျှတတလုပ်ဖို့ အာဆီယံကို ဇူလိုင် ၁၂ ရက်မှာ စာထုတ်တိုက်တွန်းပါတယ်။ ဦးတင်မောင်ဆွေနဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးအများစုရဲ့ အလွတ်သဘောတွေ့ဆုံပွဲကို ရည်ညွှန်းပြီး NUG က ပြောတာဖြစ်ပါတယ်။
အာဆီယံအနေနဲ့ NUG အပါ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)၊ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ တခြား ဒီမိုကရေစီ အင်အားစုတွေအပြင် သက်ဆိုင်သူတွေနဲ့ထိတွေ့ဆက်ဆံခဲ့ပေမဲ့ ဒီဆက်ဆံမှုတွေဟာ သီးခြားစီဖြစ်နေတယ်လို့ NUG က ပြောပါတယ်။
ဒီတွေ့ဆုံမှုဟာ တူညီတဲ့နိုင်ငံရေးအရှိန်အဝါ ဒါမှမဟုတ် ညီညွတ်တဲ့ မူဘောင်တစ်ခုအောက်မှာ ရှိ မနေတာကြောင့် စစ်မှန်တဲ့နိုင်ငံရေးဆွေးနွေးပွဲတစ်ခုအဖြစ် ယုံကြည်မှုတစ်ခုရဖို့ အာဆီယံအနေနဲ့ တည်ဆောက်နိုင်မှာ မဟုတ်ဘူးလို့ NUG က ထောက်ပြပါတယ်။
အာဆီယံဘက်က နေပြည်တော်နဲ့ နိုင်ငံခြားရေးဝန်ကြီးအဆင့်အထိ ထိတွေ့ဆက်ဆံမှုတွေလုပ်တာက အောင်မြင်မှုစံနှုန်းတစ်ခု မဟုတ်ဘဲ သက်ဆိုင်သူအားလုံးနဲ့ မျှတ ညီညွတ်ပြီး ပူးပေါင်းညှိနှိုင်းတဲ့ဆွေးနွေးမှုတွေလုပ်နိုင်အောင် ဆောင်ရွက်မှသာ မြန်မာ့ငြိမ်းချမ်းရေးအတွက် စိတ်ချရတဲ့လမ်းကြောင်းကို ဖန်တီးပေးနိုင်မှာဖြစ်တယ်လို့ NUG က ပြောပါတယ်။
အာဆီယံအနေနဲ့ မြန်မာ့အရေးအတွက် ရှေ့ဆက်ထိတွေ့မှုတွေမှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေပါဝင်ပြီး မျှတမှုရှိတဲ့ဆွေးနွေး ဆက်ဆံမှုတွေလုပ်ဖို့ NUG နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့အပါဝင် မြန်မာ့ဒီမိုကရေစီအင်အားစု အစုအဖွဲ့ ၂၀ ကလည်း အစောပိုင်းမှာ တောင်းဆိုထားပါတယ်။
အဲဒီ ထုတ်ပြန်ချက်ထဲမှာ အာဆီယံအနေနဲ့ မြန်မာနဲ့ ပတ်သက်တဲ့ တွေ့ဆုံဆက်ဆံမှုတွေ ကို မျှတပြီး အားလုံးပါဝင်စွာ ဆောင်ရွက်ရမှာဖြစ်သလို အာဆီယံ ဘုံသဘောတူညီချက်ငါးချက်ရဲ့ ရည်ရွယ်ချက်နဲ့ ကိုက်ညီရမယ်လို့ တောင်းဆိုထားကြပါတယ်။
ဒီလိုအခြေအနေမှာပဲ ဦးမင်းအောင်လှိုင်ဟာ လာမယ့် ဩဂုတ်လမှာ ထိုင်းနိုင်ငံကို တရားဝင်ခရီးစဉ် သွားရောက်ဖို့ရှိနေတယ်လို့ အာဆီယံသတင်းရင်းမြစ်တွေကပြောပါတယ်။ သူ့ခရီးစဥ်ဖြစ်လာမယ်ဆိုရင် သမ္မတရာထူးယူပြီးနောက် ဒုတိယမြောက်သွားရောက်တဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံခရီးလည်း ဖြစ်လာမှာပါ။