အောက်တိုဘာ ၁၈ ရက် သတင်းအနှစ်ချုပ် - မြန်မာကို လူသားချင်းစာနာမှု အကူအညီပေးကြဖို့ ဒေါက်တာစင်သီယာမောင် ဂျပန်မှာ ဆွေးနွေး

ဓာတ်ပုံ ရင်းမြစ်, Japan MOFA
မြန်မာ့ပဋိပက္ခတွေ ရေရှည်ကြာမြင့်လာနေပြီး နိုင်ငံတကာအကူအညီတွေ လျော့နည်းနေတာကြောင့် လူသားချင်းစာနာထောက်ထားမှုအကူအညီတွေကို ရေရှည်တည်တံ့တဲ့ပံ့ပိုးမှုပုံစံနဲ့ပေးကြဖို့ ဂျပန်လွှတ်တော်မှာ ဒေါက်တာစင်သီယာမောင်က ဆွေးနွေးခဲ့ပါတယ်။
ငွေကြေးအထောက်အပံ့တင်မက နည်းပညာအကူအညီပေးဖို့လည်းအရေးကြီးတဲ့အကြောင်း အောက်တိုဘာ ၁၆ ရက်နေ့တုန်းက ဂျပန်လွှတ်တော်ကို ရောက်တဲ့ ဒေါက်တာစင်သီယာမောင်က ဆွေးနွေးခဲ့တယ်လို့ လွှတ်တော်အမတ်တွေက သူတို့ရဲ့လူမှုကွန်ရက်မှာ ရေးသားဖော်ပြကြပါတယ်။
အာရှ-ပစိဖိတ်ဒေသအတွင်း အကြမ်းမဖက် ငြိမ်းချမ်းရေးတည်ဆောက်မှုမှာ ပါ၀င်ကူညီတဲ့ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတွေကို ချီးမြှင့်တဲ့ အိုကီနာဝါ ငြိမ်းချမ်းရေးဆု (Okinawa Peace Prize) ကို လက်ခံရယူဖို့ ဂျပန်နိုင်ငံကိုရောက်ရှိနေတဲ့ ဒေါက်တာစင်သီယာမောင်က ဂျပန်လွှတ်တော်အမတ်တွေအပြင် နိုင်ငံခြားရေးဝန်ကြီးဌာနတာဝန်ရှိသူနဲ့ တွေ့ဆုံခဲ့ပါတယ်။
ဒေါက်တာစင်သီယာမောင်ဟာ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ လွှတ်တော်ဆိုင်ရာဒုတိယဝန်ကြီး Akiko Ikuina နဲ့လည်း မြန်မာက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအခြေအနေတွေကို ဆွေးနွေးခဲ့ပါတယ်။
ခက်ခဲနေတဲ့မြန်မာပြည်သူတွေကို ကူညီမယ်ဆိုတဲ့ ဂျပန်ရဲ့ ရပ်တည်ချက်အတိုင်း ပြည်သူတွေဆီ တိုက်ရိုက်ရောက်ရှိမယ့် လူသားချင်းစာနာထောက်မှုအကူအညီတွေနဲ့ လူမှုဘဝတိုးတက်ရေးဆိုင်ရာ အထောက်အပံ့တွေကို ဆက်ပေးသွားမယ်လို့ ဒုတိယဝန်ကြီးဘက်ကလည်း ပြန်လည် ဆွေးနွေးခဲ့ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ဒီနှစ်အတွက် အိုကီနာဝါ ငြိမ်းချမ်းရေးဆုကို ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်ထဲမှာ အခြေစိုက်ပြီး ထိုင်း- မြန်မာနယ်စပ်မှာ နှစ်ပေါင်း ၃၀ ကျော် ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ ဒေါက်တာစင်သီယာမောင်ရဲ့မယ်တော်ဆေးခန်း ရရှိခဲ့တာဖြစ်ပါတယ်။
ဆုပေးပွဲကိုတော့ မနက်ဖြန် အောက်တိုဘာ ၁၉ ရက်မှာ ပြုလုပ်မယ်လို့ သိရပါတယ်။
၂ နှစ်ကို ၁ ကြိမ် ချီးမြှင့်တဲ့ အိုကီနာဝါ ငြိမ်းချမ်းရေးဆုသမိုင်းမှာ ပြည်ပအခြေစိုက် အဖွဲ့အစည်းအနေနဲ့ ဒေါက်တာစင်သီယာမောင်ဦးဆောင်တဲ့ မယ်တော်ဆေးခန်းက ပထမဆုံးအဖြစ် ရွေးချယ်ခံရတာဖြစ်ပါတယ်။
ဒီအတောအတွင်းမှာပဲ ကမ္ဘာကျော် သန်းကြွယ်သူဌေးကြီး ဘီလ် ဂိတ်ကလည်း ဒေါက်တာ စင်သီယာမောင်ဟာ နယ်စပ်က ဒုက္ခသည်တွေနဲ့ ရွှေ့ပြောင်းတွေ ကျန်းမာရေးအတွက် ရှေ့တန်းက သူရဲကောင်းတစ်ဦးလို့ ချီးကျူးစကားပြောပါတယ်။
ဂိတ်ဖောင်ဒေးရှင်း ထူထောင်ပြီး ပိုလီယိုရောဂါတိုက်ဖျက်ရေးအပါအ၀င် ကမ္ဘာ့ကျန်းမာရေးအတွက် ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ ဂိတ်ဟာ သူ့ရဲ့ Hero in the Field ဆိုတဲ့ ကျန်းမာရေးရှေ့ဆောင်တွေအကြောင်း ယူကျူရုပ်သံ စီးရီးမှာ ဒေါက်တာစင်သီယာမောင်ကိုလည်း အသိအမှတ်ပြု ဖော်ပြလိုက်တာဖြစ်ပါတယ်။
ဖွံ့ဖြိုးရေးလို့ဆိုပြီး နေပြည်တော်ခေါင်းဆောင်တွေ တနင်္သာရီကို ဆက်တိုက်သွား

ဓာတ်ပုံ ရင်းမြစ်, MOI
ထားဝယ်ခရိုင်ထဲမှာ စစ်တပ်က စစ်ကြောင်းထိုးနေ
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
တနင်္သာရီတိုင်း၊ ထား၀ယ်မြို့ကို နေပြည်တော်ခေါင်းဆောင် ဦးမင်းအောင်လှိုင်သွားပြီး တစ်ပတ်မပြည့်ခင်မှာပဲ သူ့ရဲ့ဒုတိယသမ္မတ ဦးညိုစောကလည်း ဒေသစီးပွားဖွံ့ဖြိုးရေးဆိုပြီး မြိတ်နဲ့ ထား၀ယ်ကို သွားခဲ့တဲ့အကြောင်း နိုင်ငံပိုင်သတင်းစာမှာ ဖော်ပြပါတယ်။
ဦးညိုစောဟာ မြိတ်နဲ့ ထားဝယ်မြို့တွေမှာ ဒေသထွက်ကုန်ကြမ်းအခြေခံ အသေးစား၊ အငယ်စားနဲ့ အလတ်စား စီးပွားရေး (MSMEs) လုပ်ငန်းတွေကို မနေ့တုန်းက သွားကြည့်ခဲ့တာလို့ ဒီနေ့ထုတ် နိုင်ငံပိုင်သတင်းစာက ဆိုပါတယ်။
ဒါပေမဲ့ ဦးညိုစော ထား၀ယ်ကိုရောက်နေချိန်မှာပဲ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်က ကတွဲရွာမှာ စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေကြား နှစ်ဖက်တိုက်ပွဲဖြစ်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေး (PDF) သတင်းရင်းမြစ်ဆီကနေ သိရပါတယ်။
"သူတို့ အဲဒီဘက်ကို စစ်ကြောင်းတွေ မထိုးနိုင်တာ ၂ နှစ်ကျော်နေပြီ။ အခုမှ အင်အားအလုံးအရင်းနဲ့ ပြန်ထိုးတာ နယ်မြေစိုးမိုးမှု ပြန်လိုချင်တဲ့သဘောလို့ ပြောနိုင်တယ်။ တော်လှန်ရေးတပ်တွေနဲ့ ထိတွေ့ တိုက်ပွဲမကြာခဏဖြစ်တယ်၊ တိုက်ပွဲကြီးတော့ မဖြစ်ဘူး" လို့ PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
ဒါအပြင် စစ်တပ်စစ်ကြောင်းထိုးခဲ့တဲ့ ပြင်းဖြူကြီးနဲ့ သဲချောင်းသားရွာတို့မှာ အဲဒီစစ်ကြောင်းက ဖမ်းဆီးခဲ့တဲ့ ပိတိုင်နဲ့ ရေဗြက်ရွာတို့က ရွာသား ၄ ဦးရဲ့ရုပ်အလောင်းကို မနေ့ကပြန်လည်တူးဖော် တွေ့ရှိခဲ့တယ်လို့ သူကဆက်ပြောပါတယ်။
အခုတနင်္သာရီတိုင်းခရီးစဉ်တွေမတိုင်ခင် လောင်းလုံရေကြီးမြေပြိုမှု ဖြစ်စဉ်ဖြစ်အပြီး စက်တင်ဘာလကုန်ပိုင်းကစလို့ ထားဝယ်ခရိုင်တကြောကို စစ်တပ်က စစ်ကြောင်းတွေ ဆက်တိုက်ထိုးနေခဲ့တာပါ။
နေပြည်တော်အစိုးရခေါင်းဆောင်တွေရဲ့ ခရီးစဉ်တွေမှာ ထားဝယ်ခရိုင်၊ လောင်းလုံရေဘေး ပြန်လည်ထူထောင်ရေးဆောင်ရွက်ဖို့ကို ထည့်ပြောခဲ့ကြပါတယ်။
မနေ့တုန်းက တနင်္သာရီတိုင်းရောက် ဒုသမ္မတ ဦးညိုစောကတော့ MSME ထုတ်ကုန်တွေကို တင်ပို့နိုင်ဖို့အတွက် လိုအပ်တာတွေဆောင်ရွက်ဖို့အပြင် တနင်္သာရီတိုင်း အတွင်း စီးပွားရေး၊ စိုက်ပျိုးမွေးမြူရေးစတဲ့ ကဏ္ဍတွေဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့ပါ တိုင်းအစိုးရကိုမှာခဲ့ကြောင်း သတင်းစာမှာဖော်ပြပါတယ်။
ဦးမင်းအောင်လှိုင်ဟာ သမ္မတရာထူးရယူအပြီး တနင်္သာရီတိုင်းကိုသွားတဲ့ ပထမဆုံးခရီးစဉ်မှာလည်း MSME လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံခဲ့ပါသေးတယ်။
အဲဒီခရီးစဉ်တုန်းက ရုရှားရင်းနှီးမြှုပ်နှံမယ့်ထားဝယ်ရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန်စီမံကိန်း အကောင်အထည်ဖော်နေတဲ့အခြေအနေတွေကိုပါ ဦးမင်းအောင်လှိုင်က ဆွေးနွေးသွားခဲ့တာပါ။
အခု ဒုသမ္မတခရီးစဉ်မှာတော့ ထားဝယ်ရေနက်ဆိပ်ကမ်းနဲ့ပတ်သက်လို့ ထည့်ပြောတာ မတွေ့ရပါဘူး။
ဒါပေမဲ့ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း ဒေသကာကွယ်ရေးတပ်တွေလည်းရှိနေတာကြောင့် ပဋိပက္ခဖြစ်နေတဲ့ ထား၀ယ်လို အထူးစီးပွားရေးဇုန်မှာ လာရောက်ရင်းနှီးမြှုပ်နှံကြဖို့ ဦးမင်းအောင်လှိုင်က သူ့ရဲ့ ပြည်ပခရီးစဉ်တွေမှာ ဖိတ်ခေါ်လေ့ရှိနေပါတယ်။
မကြာသေးခင်တုန်းက မလေးရှားကို သွားခဲ့တဲ့ခရီးစဉ်မှာလည်း ထား၀ယ်အထူးစီးပွားရေးဇုန်ကိစ္စကို ပြောပြီး ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းတွေကိစ္စကို ပြောခဲ့ပါတယ်။ အဲဒီနောက်မှာ သီတင်းတစ်ပတ်တောင်မခြားဘဲ နေပြည်တော်သမ္မတနဲ့ ဒုသမ္မတ တို့ရဲ့ ထား၀ယ် ခရီးစဉ်တွေ ထွက်လာတာဖြစ်ပါတယ်။
AA နဲ့ စစ်တပ်တို့ တိုက်ပွဲ စစ်တွေဒကစနဲ့ ၄ မိုင်ခန့်အကွာအထိ ရောက်လာ

ဓာတ်ပုံ ရင်းမြစ်, CINCDS
ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာအခြေစိုက်တဲ့ စစ်တပ်ရဲ့ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ)နဲ့ ၄ မိုင်အကွာအထိ အာရက္ခတပ်တော် (အေအေ) တပ်ဖွဲ့ဝင်တွေ ရောက်နေပြီး နှစ်ဖက် တိုက်ပွဲ ဖြစ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။
အေအေတပ်ဖွဲ့၀င်တွေ လက်ရှိရောက်နေတဲ့နေရာဟာ ကျားမသောက်ရွာအနီးက အမှတ် ၉၀၈ စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းအနီးတဝိုက်လို့လည်း သတင်းရင်းမြစ် တစ်ဦးက ပြောပါတယ်။
"ဒကစထဲကိုတော့ မရောက်သေးဘူး ထင်တယ်။ အနီးစပ်ဆုံးကိုတော့ ရောက်သွားတာသေချာတယ်" လို့ အေအေသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
အမှတ် ၉၀၈ စစ်မြေပြင်အင်ဂျင်နီယာ တပ်ရင်း (စအရ ၉၀၈) ကို အေအေက သိမ်းပိုက်နိုင်ပြီဆိုတဲ့သတင်းတွေပါ မနေ့တုန်းက လူမှုကွန်ရက်ပေါ်မှာ သတင်းထွက်ပေါ်လာခဲ့ပြီး ဘီဘီစီကတော့ အတည်ပြုချက်ရနိုင်ဖို့အတွက် ကြိုးစားနေဆဲပါ။
"ဒကစနဲ့တော့ နည်းနည်းလှမ်းသေးတယ်။ တိုက်ပွဲက မြို့ပေါ်တော့မဟုတ်ဘူး၊ နယ်ဘက်တွေမှာ ဖြစ်နေတာပါ" လို့ နောက်ထပ်သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
စအရ ၉၀၈ ရှိရာ ကျားမသောက်ရွာအပါအဝင် ကြွီတဲ၊ ပါဒလိတ်၊ အမြင့်ကျွန်း၊ ချီလိုင်းဖင်၊ င/ တောက်တက် စတဲ့ကျေးရွာတွေ အနီးပတ်ဝန်းကျင်မှာ တိုက်ပွဲဖြစ်ပွားနေတာလို့ သူက ဆက်ပြောပါတယ်။
ဒါဟာ ရခိုင်ကို ပြန်လည်ထိုးဖောက်ဝင်ရောက်နိုင်ရေးအတွက် မြန်မာစစ်တပ်က 'ရန်နိုင်အောင် စစ်ဆင်ရေး' လို့ အမည်ပေးထားပြီး စစ်တပ်ထောက်ခံသူတွေကတော့ '၄၉၂၆ စစ်ဆင်ရေး'လို့ခေါ်တဲ့ ဒီထိုးစစ်စပြီး တစ်လခွဲအတွင်းမှာ အေအေဘက်က တန်ပြန်ထိုးစစ် ဆင်လာတဲ့သဘောလို့ နားလည်နိုင်ပါတယ်။
ရခိုင်ပြည်နယ်ထဲက စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင် ၃ မြို့နယ်ကိုသာ မြန်မာစစ်တပ်က ထိန်းချုပ်ထားပြီး ကျန်တဲ့မြို့နယ်တွေကိုတော့ အေအေက စစ်တပ်လက်ထဲကနေ တိုက်ယူ ထိန်းချုပ်ထားပါတယ်။
စစ်တွေတိုက်ပွဲမစခင် လပိုင်းအလိုကတည်းက စစ်တွေနဲ့ ဆက်စပ်နေတဲ့ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ပေါက်တောမြို့နယ်တို့ကြားက ကျေးရွာတွေအပြင် မြို့ပေါ်မှာနေထိုင်တဲ့ဒေသခံတွေပါ စစ်ဘေးရှောင်နေကြပြီလို့ စစ်ရှောင်ကူညီသူတချို့ဆီကနေ သိရပါတယ်။
စစ်တပ်ထောက်ခံတဲ့ တယ်လီဂရမ် ချန်နယ်တွေမှာတော့ စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်ကြားက ငပြီကျွန်းပေါ်မှာ အေအေတပ်ဖွဲ့၀င်တွေကို လက်နက်ကြီး၊ ဒရုန်းတွေနဲ့ စစ်တပ်က တိုက်ခိုက်နေတယ်ဆိုတဲ့ရုပ်သံတွေကို အခုရက်ပိုင်းအတွင်း ဆက်တိုက်ဖော်ပြနေကြပါတယ်။
ဒါပေမဲ့ စစ်တွေမြို့နယ်ထဲကို ရောက်လာတယ်ဆိုတဲ့ အခုတိုက်ပွဲနဲ့ပတ်သက်လို့ မြန်မာစစ်တပ်ဘက်ကရော အေအေဘက်ကပါ ဒီနေ့ မနက်ပိုင်းအထိ တစုံတရာထုတ်ပြန်လာတာ မရှိသေးပါဘူး။
ပြင်သစ်က ဆန္ဒပြပွဲ လူ ၁၂၀၀ ဖမ်းဆီးခံရ

ဓာတ်ပုံ ရင်းမြစ်, Reuters
ပြင်သစ်နိုင်ငံမှာ ကျောင်းတွေထဲက အခက်အခဲတွေ၊ လူနေမှုစရိတ်မြင့်တက်လာတာတွေကို ထုတ်ဖော်တဲ့ စနေနေ့ ဆန္ဒပြပွဲတွေအတွင်း နေရာအနှံ့ အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။
ပြင်သစ်အစိုးရက "အကြမ်းဖက်မှု ပိုပြင်းထန်လာတယ်" လို့ ပြောတဲ့ဒီဆန္ဒပြပွဲတွေမှာ လူပေါင်း ၅ သိန်းခွဲနီးပါးလမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပြီး အနည်းဆုံး လူ ၁,၂၀၀ ဖမ်းဆီးခံရပါတယ်။
ပါရီမြို့မှာတော့ ဆန္ဒပြသူတွေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေကြား ထိပ်တိုက်တွေ့မှုတွေ ညပိုင်းအထိ ဖြစ်ပွားခဲ့ပြီး အဓိကရုဏ်း နှိမ်နင်းရေးရဲတွေက မျက်ရည်ယိုဗုံးတွေ သုံး၊ ရေပိုက်တွေ သုံးပြီး လူအုပ်ကို ဖြိုခွင်းခဲ့ပါတယ်။
မြို့တော် ပါရီအပါအဝင် နေရာအများအပြားမှာ အဆောက်အအုံတွေ မီးရှို့ခံခဲ့ရပြီး လီမေ့ာရှ်မြို့မှာတော့ မြို့တော်ခန်းမမှာ မီးလောင်မှုကြီး ဖြစ်ခဲ့ပါတယ်။
မြို့အများအပြားမှာ လုယက်မှုတွေ ဖြစ်ပွားခဲ့ပြီး မြို့တော်ခန်းမတွေနဲ့ စီးပွားရေးလုပ်ငန်း အဆောက်အအုံတွေကို ပစ်မှတ်ထား ဖျက်ဆီးမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။
ဝန်ကြီးချုပ် စဘတ်ရှန် လကိုညူးကတော့ အခုမငြိမ်မသက်မှုတွေအတွင်း ရဲတပ်ဖွဲ့ဝင် ၁၅၀ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပြောပါတယ်။
ပါရီမြို့မှာ ပြုလုပ်ခဲ့တဲ့ အဓိကဆန္ဒပြချီတက်ပွဲကတော့ နေ့လယ်ပိုင်းအထိ ငြိမ်းချမ်းစွာ ဆက်လက်ဖြစ်ပွားခဲ့တယ်လို့ တွေ့ရပါတယ်။
လူငယ်တစ်စုကတော့ "ကျွန်တော်တို့က အကြမ်းမဖက်ရေး သမားတွေပါ။ အပြောင်းအလဲတွေ ဖြစ်လာအောင် ကြိုးစားနေတာသာ ဖြစ်ပေမဲ့ ဘာမှ ထူးထူးခြားခြား ရှေ့မတိုးလာဘူး" လို့ ဘီဘီစီကို ပြောပြကြပါတယ်။
ဒါပေမဲ့ အချိန်ကြာလာတာနဲ့အမျှ ဆန္ဒပြသူအချို့က လမ်းပေါ်မှာ မီးရှို့မှုတွေ စတင်ပြုလုပ်ခဲ့ပြီး မြို့လယ်က နာမည်ကျော် နေရာတစ်ခုဖြစ်တဲ့ ရီပတ်ဘလစ်ရင်ပြင် (Place de la République) အပါအဝင် နေရာအချို့မှာ ယာဉ်တွေကို မီးရှို့ဖျက်ဆီးခံရပါတယ်။
စျေးဆိုင်အများအပြား လုယက်ဖျက်ဆီးခံခဲ့ရပြီး စားသောက်ဆိုင် အနည်းဆုံးတစ်ဆိုင်ကတော့ မီးလောင်ကျွမ်းမှုကြောင့် အကြီးအကျယ် ပျက်စီးခဲ့ပါတယ်။ ဆန္ဒပြအုပ်စုတချို့အကြား ခိုက်ရန်ဖြစ်ပွားနေမှုတွေကို မြင်တွေ့ခဲ့ရပါတယ်။
ပါရီမြို့လယ်ပိုင်းမှာတော့ အဓိကရုဏ်းနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်တွေက လူအုပ်တစ်စုဆီသို့ အရှိန်နဲ့ ဝင်ရောက် ဖြိုခွင်းတာကို တွေ့မြင်ရပြီး လူအချို့ကိုလည်း နံပါတ်တုတ်တွေနဲ့ ရိုက်နှက်ခဲ့တာ တွေ့ရပါတယ်။























