ငါးရက်ပဲအလုပ်ဆင်းလိုက်ရတဲ့ အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ

ဓာတ်ပုံ ရင်းမြစ်, Getty Images
အိမ်ဖြူတော်သတင်းပြန်ကြားရေးအတွင်းဝန်အလုပ်က အခြေအနေတွေ အကောင်းဆုံးဖြစ်နေတဲ့ အချိန်မှာတောင် စိန်ခေါ်မှုအပြည့်ရှိတဲ့ အလုပ်ပါ။
အခုအချိန်အခါက အကောင်းဆုံး အချိန်အခါလည်းမဟုတ်ပြန်ပါဘူး။
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နဲ့ သူ့ရီပတ်ဘလီကန်ပါတီအတွက် ခက်ခဲကြမ်းတမ်းမယ့် သက်တမ်းဝက် ရွေးကောက်ပွဲကျင်းပဖို့ ရက်သတ္တပတ်အနည်းငယ်အလိုမှာဖြစ်ပါတယ်။
နိုင်ငံရေးအရအရေးကြီးနေချိန်မှာ ကေတီ ဇာခါရီးယားဟာ အိမ်ဖြူတော်ပြန်ကြားရေးအတွင်းဝန်ဖြစ်လာတာပါ။
၁၄ မိနစ်ပဲ ကြာပေမဲ့ မျက်နှာပျက်စရာတွေကြုံခဲ့ရတဲ့ သတင်းစာရှင်းလင်းပွဲကြောင့် ငါးရက်တာ တာဝန်ထမ်းဆောင်ပြီးနောက် သူအလုပ်က နုတ်ထွက်ခဲ့ရပါတယ်။
သူ့ကို ရာထူးက ဖယ်ရှားလိုက်ပြီဆိုတဲ့ သတင်းကို သောကြာနေ့က အိမ်ဖြူတော်မှာ စုဝေးလာတဲ့ သတင်းမီဒီယာတွေကို ထရမ့်ကိုယ်တိုင်က သွယ်ဝိုက်ပြောခဲ့ပါတယ်။ သောကြာနေ့အစောပိုင်းမှာ သူနဲ့ဇာခါရီးယားတို့ စကားပြောဆိုခဲ့ပုံကို ထရမ့်က ပြန်ပြောင်းပြောပြရင်း သတင်းကို ဖွင့်ချခဲ့တာပဲဖြစ်ပါတယ်။
"စိတ်ရင်းအတိုင်းပြောရရင် ငါသာ မင်းနေရာမှာဆိုရင် ပြန်စဉ်းစားမိမှာပဲ၊ ကေတီရေ မင်းဒါကို လိုအပ်မလား၊ ငါ့အထင်တော့ မလိုအပ်ပါဘူးကွာ" လို့ သူက ဇာခါးရီးယားကို ပြောခဲ့တယ် လို့ ထရမ့်က ပြန်ပြောပြခဲ့ပါတယ်။
ပြန်ကြားရေးအတွင်းဝန်အလုပ်က ဇာခါးရီးယားနဲ့ မလိုက်ဖက်ဘူးလို့ ထရမ့်က နောက်ပိုင်းမှာ ဆက်ပြောပါတယ်။
ဇာခါးရီးယားရဲ့နေရာ အပြောင်းအလဲဖြစ်သွားပြီဆိုတဲ့အကြောင်းကို အိမ်ဖြူတော်က ဘီဘီစီသတင်းဌာနကို အချိန်မဆိုင်းဘဲ အတည်ပြုခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ထရမ့်ကတော့ ဇာခါးရီးယားနဲ့ ပြန်ကြားရေးအတွင်းဝန်အလုပ် အပ်စပ်မှုရှိမရှိ တွေးတောကောင်းတွေးတောနေနိုင်ပေမယ့် သမ္မတတွေဟာ အကျပ်အတည်းကြုံနေရချိန်မှာ အရည်အချင်းပြည့်ဝတဲ့ ပြန်ကြားရေးအတွင်းဝန်တွေကြောင့် အကျိုးအမြတ်ရလေ့ရှိပါတယ်။
ချက်ချင်းလက်ငင်းကြီး အကျပ်အတည်းရှိမလာနိုင်သေးပေမယ့် အိမ်ဖြူတော်ဟာ အခက်အခဲတွေကို တဖြည်းဖြည်းကြုံလာနေရပါပြီ။
အမေရိကန်ပြည်ထောင်စုတစ်ဝန်းမှာ ရီပတ်ဘလီကန်အမတ်တွေဟာ လာမယ့်ရွေးကောက်ပွဲမှာ သူတို့ထိုင်ခုံဆက်မြဲဖို့ အသည်းအသန်ကြိုးစားနေရပါတယ်။ တချို့ကလည်း သမ္မတနဲ့ သူ့မူဝါဒတွေနဲ့ ခပ်ကင်းကင်းနေဟန်ပြနေကြတာမို့ ထရမ့်နောက်မှာ အချိန်အတော်ကြာ ခိုင်ခိုင်မာမာရပ်တည်ပြခဲ့တဲ့ ပါတီတွင်း တင်းမာမှုသစ်တွေနဲ့ အက်ကြောင်းပေါ်လာနေပါပြီ။
တစ်ချိန်တည်းမှာပဲ အိမ်ဖြူတော်ဟာ အငြင်းပွာစရာကိစ္စမျိုးစုံနဲ့ရင်ဆိုင်နေရပါတယ်။ လူပြောအများဆုံးကတော့ အကျင့်ပျက်ခြစားမှုဆိုင်ရာစွဲချက်တွေနဲ့ဂရိနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ကင်ဘာလေ ဂွီဖွိုင်း ရာထူးက နုတ်ထွက်ခဲ့ရတာပါ။ ဒါ့အပြင် ရာဇဝတ်သားတစ်ဦးကို ဒီဇင်ဘာမှာ စစ်တပ်နဲ့ သေဒဏ်စီရင်မှုကို တိုက်ရိုက်ထုတ်လွှင့်မယ်ဆိုတဲ့ ကိစ္စလည်းပါပြီး ကန့်ကွက်မှုတွေကြောင့် အဲဒီအစီအစဥ်ကို ဖျက်သိမ်းထားရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ကျွမ်းကျင်တဲ့ ပြန်ကြားရေးအတွင်းဝန်တစ်ဦးဟာ ပွက်လောညံလာတဲ့ မီဒီယာတွေကြားထဲမှာ အိမ်ဖြူတော်က ပေးချင်တဲ့ သတင်းစကားတွေကို ဆက်ထုတ်ပြန်ရင်းနဲ့ ဒီလို နိုင်ငံရေးမိုင်းကွင်းတွေကို အောင်အောင်မြင်မြင် ဖြတ်သန်းသွားနိုင်ရမှာပါ။
ထရမ့်ရဲ့ သမ္မတဒုတိယသက်တမ်းစတင်ချိန်ကနေ ပြီးခဲ့တဲ့ ဩဂုတ်လအထိ အိမ်ဖြူတော်ပြန်ကြားရေးအတွင်းဝန်လုပ်ခဲ့တဲ့ ကာရိုလင်း လီဗစ်ဟာ အိမ်ဖြူတော်ဘက်ကနေ ခုခံချေပရာမှာ ကျွမ်းကျင်ပိုင်နိုင်ခဲ့ပြီး သတင်းသမားတွေနဲ့လည်း မိတ်ဆွေဆက်ဆံရေးမပျက်အောင်လုပ်ဆောင်နိုင်ခဲ့ပါတယ်။
(သူ့ရဲ့ဒုတိယမြောက် ရင်သွေးလေး မွေးဖွားပြီး လအနည်းငယ်အကြာမှာ နုတ်ထွက်ခဲ့တာပါ)
ပြန်ကြားရေးအတွင်းဝန်အလုပ်မျိုးမှာ အတွေ့အကြုံနုလွန်းတဲ့ ဇာခါးရီးယားအတွက်တော့ လီဗစ်ရဲ့ စွမ်းဆောင်ရည်တွေက မြင့်မားတဲ့စံနှုန်းတွေကို သတ်မှတ်ပေးသလို ဖြစ်ခဲ့ပါတယ်။ ဒီလိုအနေအထားမျိုးကိုရောက်ဖို့ ဇာခါးရီးယားတစ်ယောက် အခွင့်အရေးမရခဲ့တာလည်းဖြစ်နိုင်ပါတယ်။
သူ အစွမ်းအစပြခွင့်မရဘဲ ကျရှုံးခဲ့ရတဲ့နှုန်းဟာ မြန်ဆန်လွန်းလို့ သက်တမ်းအတိုဆုံး အိမ်ဖြူတော်ပြန်ကြားရေးအတွင်းဝန်အဖြစ် မှတ်တမ်းဝင်ခဲ့ပါပြီ။
အင်္ဂါနေ့သတင်းစာရှင်းလင်းပွဲတုန်းက အဆင်မချောတဲ့ ဖြေဆိုမှုတွေနဲ့ သူ့ရဲ့ဥပဒေဆိုင်ရာနောက်ခံအတွေ့အကြုံနဲ့ပတ်သက်လို့ မေးခွန်းထုတ်မှုတွေပေါင်းသွားတဲ့အခါမှာတော့ သူ့ကံကြမ္မာကို အပြီးတိုင် အဆုံးအဖြတ်ပေးလိုက်သလို ဖြစ်သွားခဲ့ပါတယ်။
ကွန်ဆာဗေးတစ်သုံးသပ်သူ ရှောင် ဟန်နီတီနဲ့ ကြာသပတေးနေ့မှာပြုလုပ်တဲ့ တွေ့ဆုံမေးမြန်းခန်းအပါအဝင် နောက်ပိုင်းသတင်းစာရှင်းလင်းမှုတွေက အခြေအနေမပြောင်းလဲခဲ့ပါဘူး။ အဆင်သိပ်မပြေလှတဲ့ ရှောင်နဲ့ တွေ့ဆုံမေးမြန်းခန်းကို သမ္မတထရမ့်ကြည့်ရှုခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
တကယ်တော့ သမ္မတထရမ့်ကလည်း သူ့ကိုယ်သူ ပြန်ကြားရေးအတွင်းဝန်ပုံစံမျိုး ချိုးနေတာပါ။
ဘဲဥပုံရုံးခန်း ကနေဖြစ်ဖြစ်၊ အိမ်ဖြူတော် မြက်ခင်းပြင်ကနေဖြစ်ဖြစ်၊ လေယာဉ်ကွင်း ပြေးလမ်းကနေဖြစ်ဖြစ် သူ ရောက်နေတဲ့ ဘယ်နေရာကနေမဆို အရေးကြီးတဲ့ ကြေညာချက်တွေကို ထုတ်ပြန်တာတွေ၊ မူဝါဒတွေကို ပြောင်းလဲတာတွေ လုပ်လေ့ရှိပါတယ်။
အိမ်ဖြူတော်ပြန်ကြားရေးအတွင်းဝန် မဖြစ်ခင်ကတည်းက ဇာခါးရီးယားဟာ ဒီအခြေအနေကို သတိပြုမိခဲ့ပါတယ်။ "သမ္မတထရမ့်ဟာ ပြောရေးဆိုခွင့်ရှိသူမလိုအပ်ပါဘူး၊ သူ့ကိုယ်တိုင်က အကောင်းဆုံး ပြန်ကြားရေးဝန်ပါ"လို့ သူက လူမှုမီဒီယာအိပ်စ်မှာ ရေးသားခဲ့ပါတယ်။
အခုတော့ ထရမ့်ဟာ သူရေးခဲ့သလို တကယ်လုပ်ရတော့မှာပါ။
ထရမ့်ရဲ့ လက်လွတ်စပယ်ပြောတတ်တဲ့အကျင့်ကြောင့် သမ္မတသက်တမ်းနှစ်ခုလုံး ပြန်ကြားရေးကိစ္စတွေမှာ အခက်တွေ့ခဲ့ရပြီးပါပြီ။
သမ္မတကိုယ်တိုင် ဝင်ပြောလိုက်တဲ့ စကားတွေကြောင့် သူ့ရဲ့ ပြန်ကြားရေးအတွင်းဝန်တွေရဲ့ ပြောဆိုမှုတွေ က ထိရောက်သင့်သလောက် မထိရောက်ခဲ့ပါဘူး။ တချို့အချိန်တွေမှာဆိုရင် အဓိကဆုံးဖြတ်ချက်ချတဲ့ကိစ္စတွေမှာ သူတို့ကိုအသိမပေးဘဲ ဖယ်ထုတ်ခံခဲ့ရပါတယ်။
သူတို့ကို ထိထိရောက်ရောက်လုပ်ခွင့်ပေးတဲ့အချိန်မျိုးမှာလည်း သူတို့ဟာ ခက်ခဲကြမ်းတမ်းအခြေအနေမှာ မီဒီယာနဲ့ဆက်ဆံရေးကောင်းမွန်အောင် လုပ်ခဲ့ရပါတယ်။ မေးခွန်းတွေတရစပ်ထုတ်တတ်တဲ့ သတင်းသမားတွေနဲ့ကြုံတဲ့အခါ အခြေအနေမတင်းမာလာအောင်ထိန်းရင်း ဖြေပေးခဲ့ရတာမျိုးတွေလည်းပါဝင်ပါတယ်။
ပြန်ကြားရေးအတွင်းဝန်သစ်ခန့်အပ်ဖို့ အလျင်မလိုဘူးလို့ ထရမ့်က ဖောက်စ်သတင်းဌာနကို သောကြာနေ့က ပြောခဲ့ပါတယ်။ ဒုတိယသက်တမ်းအတွင်း အရေးကြီးတဲ့အချိန်မျိုးမှာ အတွဲညီခဲ့တဲ့ လီဗစ်လို လူမျိုးရဲ့ အကူအညီမျိုးမရှိဘဲ ထရမ့်ဆက်လက်ချီတက်ရမှာဖြစ်ပါတယ်။ ဒီလိုအကူအညီမျိုးမရလို့ ထရမ့် နောင်တရလာကောင်းရလာပါလိမ့်မယ်။
























