တိုက်ရိုက်ထုတ်လွှင့်မှု, ပုဏ္ဏားကျွန်းမြို့နယ်က စစ်ရှောင်စခန်း ဗုံးကြဲခံရမှု လူ ၆ ဦးသေဆုံး

ပုဏ္ဏားကျွန်းမြို့နယ်က စစ်ရှောင်စခန်း ဗုံးကြဲခံရမှု လူ ၆ ဦးသေဆုံး တဲ့ သတင်းအပါအဝင် မြန်မာ နဲ့ ကမ္ဘာတဝန်းကထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

အနှစ်ချုပ်

  • ပုဏ္ဏားကျွန်းမြို့နယ်က စစ်ရှောင်စခန်းကို စစ်တပ်ဗုံးကြဲလို့ လူ ၆ ဦးသေဆုံး၊ ၇ ဦးပြင်းထန်ဒဏ်ရာရ
  • မြိုင်မှာ ရွာသားတစ်ဦးမှိုရှာရင်း ၂၀၂၃ ခုနှစ်က အစုလိုက်အပြုံလိုက်သတ်ခံခဲ့ရသူတွေရဲ့ အရိုးစုတွေတွေ့

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ပုဏ္ဏားကျွန်းမြို့နယ်က စစ်ရှောင်စခန်း ဗုံးကြဲခံရမှု လူ ၆ ဦးသေဆုံး

    အောက်တိုဘာ ၄ ရက်နေ့က စစ်တပ် ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ ပုဏ္ဏားကျွန်းမြို့နယ်၊ ဗျာလ စစ်ဘေးရှောင်စခန်း
    ဓာတ်ပုံ ပုံစာ, အောက်တိုဘာ ၄ ရက်နေ့က စစ်တပ် ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ ပုဏ္ဏားကျွန်းမြို့နယ်၊ ဗျာလ စစ်ဘေးရှောင်စခန်း

    ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်ထဲက စစ်ရှောင်စခန်းကို စစ်တပ်က မနေ့ညနေပိုင်းမှာ တိုက်လေယာဉ် ၂ စင်းနဲ့ ဗုံးကြဲခဲ့တာကြောင့် လူ ၆ ဦးသေဆုံးပြီး ရခဲ့တယ်လို့ အာရက္ခတပ်တော် (အေအေ) က ထုတ်ပြန်ပါတယ်။

    အောက်တိုဘာ ၄ ရက် ညနေပိုင်းမှာ ဗုံးကြဲခံခဲ့ရတဲ့ စစ်ရှောင်စခန်းဟာ ပုဏ္ဏားကျွန်းမြို့နဲ့ ၇ မိုင်အကွာမှာရှိတဲ့ ယိုးငူရွာနဲ့ သရက်ချိုကျေးရွာ အကြားက ဗျာလ စစ်ဘေးရှောင်စခန်းဖြစ်တယ်လို့ဆိုပါတယ်။

    ဗုံးပြင်းအားကြောင့် ဘယ်သူ ဘယ်၀ါ အမည်မဖော်နိုင်လောက်တဲ့အထိ ပျက်စီးသွားတဲ့ ရုပ်အလောင်းတွေလည်း ရှိနေတာကြောင့် သေဆုံးသူ အရေအတွက်ဟာ ၆ ဦးထက် များလာနိုင်တယ်လို့လည်း အေအေနဲ့နီးစပ်တဲ့သတင်းရင်းမြစ်က ပြောပါတယ်။

    လက်ရှိမှာ ဗုံးပေါက်ကွဲကြောင့် ပြင်းထန်ဒဏ်ရာရရှိသူ ၇ ဦး ရှိတယ်လို့လည်း သတင်းရင်းမြစ်က ပြေပါတယ်။

    အေအေကတော့ စစ်တပ်ဟာ ဂျက်ဖိုက်တာလေယာဉ် ၂ စင်း နဲ့ ရှေ့ဆင့်နောက်ဆင့် ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ပြောပါတယ်။

    ဒီတိုက်ခိုက်မှုကြောင့် နေအိမ်တွေ၊ ဈေးဆိုင်တွေလည်း ပျက်စီး မီးလောင်သွားခဲ့တယ်လို့ ဆိုပါတယ်။

    အေအေက ထုတ်ပြန်လာတဲ့ ဓာတ်ပုံတွေထဲမှာ သေဆုံးသူရုပ်အလောင်းတွေဟာ မီးလောင်ကျွမ်းထားတာကြောင့် ဘယ်သူဘယ်ဝါဆိုတာတောင် ပုံမပေါ်တော့ပါဘူး။

    စစ်တပ်ဟာ အခုချိန်အထိ အပစ်ရပ်ဆွေးနွေးမှုတွေ မလုပ်သေးတဲ့ အာရက္ခတပ်တော် (အေအေ)ရဲ့ ထိန်းချုပ်ဒေသတွေကို စက်တင်ဘာလကစလို့ နေ့စဉ်နီးပါး လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေတယ် ဆိုတာကို လေကြောင်းကင်းထောက်အဖွဲ့တွေနဲ့ အေအေ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

    စက်တင်ဘာ ၂၈ ရက်ကလည်း လူသွားလူလာများတဲ့ ကျောက်တောင်မြို့က အိန္ဒိယဈေးကို စစ်တပ်က ဗုံးကြဲခဲ့တာကြောင့် လူ ၄၉ ဦး အစုအလိုက်အပြုံလိုက် သေဆုံးခဲ့တယ်လို့ အေအေက ထုတ်ပြန်ထားပါတယ်။

    အေအေကတော့ ဒီလို ကြီးမားတဲ့ရာဇဝတ်မှုမြောက်ပြီး အစုလိုက်အပြုံလိုက်သေဆုံးစေတဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို အမိန့်ပေးနေသူ၊ အမိန့်လိုက်နာသူ နဲ့ ပါဝင်ပတ်သက်သူအားလုံးကို ထိုက်တန်တဲ့တုံ့ပြန်မှု ပြုလုပ်သွားမယ်လို့ စာထုတ်ပါတယ်။

  2. မင်္ဂလာပါ။ အောက်တိုဘာ ၅ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။