အစ္စရေးရွေးကောက်ပွဲနဲ့ အနာဂတ်ကိုပုံဖော်မယ့် စစ်မှုထမ်းစုဆောင်းရေး

ဆန္ဒပြ Haredi အမျိုးသားတွေပုံ ထိပ်ပိုင်းနဲ့ အစ္စရေး IDF စစ်သားတွေကို အောက်ပိုင်းက ပေါင်းစပ်ထားတဲ့ ဓာတ်ပုံ ဖြစ်ပါတယ်။ ပုံတွေကိုအနီရောင်နဲ့ အစိမ်းရောင် ပေါင်းစပ်ထား
အစ္စရေးရွေးကောက်ပွဲ၊ စစ်မှုထမ်းစုဆောင်းရေးနဲ့ ခါးသက်သက်အမှန်တရား
    • ရေးသားသူ, စဘတ်ရှန် အူရှာ
  • ရေးသားခဲ့သည်။
  • ဖတ်ရန်အချိန်: မိနစ် ၁၀

ဒေါသထွက်နေတဲ့ဆန္ဒပြသူတွေက အစ္စရေးလုံခြုံရေးတပ်ဖွဲ့တွေကို "နာဇီတွေ" လို့ ရှုတ်ချနေကြပါတယ်။ ဒါပေမဲ့ ဒီမြင်ကွင်းဟာ လန်ဒန် ဒါမှမဟုတ် ပါရီလမ်းမတွေပေါ်က ပါလက်စတိုင်းလိုလားတဲ့ဆန္ဒပြပွဲက မြင်ကွင်းတော့ မဟုတ်ပါဘူး။

လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ဆန္ဒပြသူတွေကြားက အခု ရုန်းရင်းဆန်ခတ်မြင်ကွင်းဟာ အစ္စရေးမှာတင် ဖြစ်နေတာပါ။ ဘာသာရေးအထူးကျင့်သုံးလိုက်နာကြသူ ultra-Orthodox ဂျူးအမျိုးသား ရာနဲ့ချီဟာ စစ်တပ်ရဲတွေနဲ့ ထိပ်တိုက်တွေ့ကြတာဖြစ်ပါတယ်။

ဖြစ်တဲ့နေရာက ဂျေရုဆလင်နဲ့ တဲလ်အဗီကြားက မိုဒီအင်းမြို့မှာရှိတဲ့ အဆောက်အအုံတစ်ခု ဖြစ်ပြီး အဲဒီမှာ ultra-Orthodox ဂျူးလူငယ်တစ်ဦး(Haredi) နေထိုင်ပါတယ်။

စစ်မှုထမ်းဆောင်ဖို့ သတင်းပို့ရန် ပျက်ကွက်ခဲ့လို့ဆိုပြီး ရဲတပ်ဖွဲ့က သူ့ကို လာရောက် ဖမ်းဆီးတာ ဖြစ်ပါတယ်။

အောက်တိုဘာလအစောပိုင်းက ဒီဖြစ်ရပ်ဟာ ပြီးခဲ့တဲ့လတွေအတွင်း ဖြစ်ခဲ့တဲ့အလားတူဖြစ်စဉ်တွေထဲက တစ်ခုဖြစ်ပြီး အစ္စရေးလူ့အဖွဲ့အစည်းအတွင်း အနက်ရှိုင်းဆုံး အက်ကွဲကြောင်းတွေထဲက တစ်ခုကိုလည်း ပြသနေပါတယ်။

တဖြည်းဖြည်းနဲ့ ဟလာနေတဲ့ ဒီအက်ကွဲကြောင်းဟာ အစ္စရေး လက်ရှိတိုက်နေတဲ့ စစ်ပွဲတွေရဲ့ နောက်ခံအခြေအနေမှာ ပေါ်ထွက်နေတာ ဖြစ်ပါတယ်။ အဲဒီထဲမှာ ဂါဇာဒေသမှာ ဟားမတ်စ်နဲ့ မဖြေရှင်းရသေးတဲ့ပဋိပက္ခအပြင် သိမ်းပိုက်ထားတဲ့အနောက်ကမ်းဒေသမှာ အစွန်းရောက်အခြေချနေထိုင်သူတွေက ပါလက်စတိုင်းတွေအပေါ် လုပ်တဲ့အကြမ်းဖက်မှု မြင့်တက်မှုလည်း ပါ၀င်ပါတယ်။

တစ်ချိန်က လူနည်းစုလေးသာ ဖြစ်ခဲ့တဲ့ ultra-Orthodox တွေဟာ အရေအတွက် နှစ်စဉ်တိုးလာနေပေမဲ့ သီးခြားအုပ်စုတစ်ခုအဖြစ် ဆက်ရှိနေဆဲ ဖြစ်ပါတယ်။

လက်ရှိမှာတော့ သူတို့ဟာ လူဦးရေရဲ့ ၁၄ ရာခိုင်နှုန်းဝန်းကျင်ရှိတယ်လို့ ခန့်မှန်းရပြီး အဲဒီအသိုင်းအဝိုင်းရဲ့မွေးဖွားနှုန်းကလည်း အခြားအစ္စရေးနိုင်ငံသားတွေထက် သိသိသာသာ မြင့်မားနေဆဲ ဖြစ်ပါတယ်။

သူတို့ရဲ့လူဦးရေဟာ ဒီလိုနှုန်းနဲ့ ဆက်တိုးလာမယ်ဆိုရင် ၂၀၅၀ ပြည့်နှစ်မှာ အစ္စရေး ဂျူးလူဦးရေရဲ့ သုံးပုံတစ်ပုံအထိ ရှိလာနိုင်ပါတယ်။

ultra-Orthodox အသိုင်းအဝိုင်း ပိုကြီးလာတာနဲ့အမျှ သူတို့ကို ဘာသာရေးစာပေ အချိန်ပြည့် လေ့လာနိုင်ဖို့ ထောက်ပံ့ကြေးပေးပြီး ထောက်ပံ့ထားရတဲ့ စရိတ်စကအပေါ် အငြင်းပွားမှုကလည်း ပိုမို ကြီးထွားလာပါတယ်။

ဒီအုပ်စုအတွက် ထောက်ပံ့ငွေတွေဟာ အစိုးရကို တစ်နှစ်လျှင် ရှီကယ် ၃၅ ဘီလျံ ခန့် ကုန်ကျစေတယ်လို့ ခန့်မှန်းရပြီး မကြာသေးခင်အချိန်အထိ သူတို့ဟာ စစ်မှုထမ်းဆောင်ရေးကနေ ကင်းလွတ်ခွင့် ရရှိထားပါတယ်။

အခုတော့ သူတို့ဟာ လူနည်းစုတစ်စု မဟုတ်တော့တာကြောင့် အစ္စရေးလူ့အဖွဲ့အစည်းနဲ့ ထိတွေ့ပတ်သက်ဖို့ ဖိအားတွေ ရင်ဆိုင်လာရပါတယ်။

Haredi အမျိုးသား နှစ်ဦးကို Israel Border Force တပ်ဖွဲ့ဝင်တွေက အတင်းအကျပ် ဖယ်ရှားနေကြပါတယ်
ဓာတ်ပုံ ပုံစာ, ultra-Orthodox ဂျူးတွေဟာ စစ်မှုထမ်းဖို့ ဆင့်ခေါ်ခံရတာကို ဆန့်ကျင်ပြီး ဆန္ဒပြပွဲတွေပြုလုပ်ခဲ့ကြပါတယ်

အခုတစ်ခေါက် အစ္စရေးရွေးကောက်ပွဲမှာ နိုင်ငံလုံခြုံရေးနဲ့ စီးပွားရေးက အဓိက အရေးကိစ္စ နှစ်ခု ဖြစ်နေပါတယ်။

ဒါကြောင့် ultra-Orthodox တွေဟာ ဒီကိစ္စနှစ်ခုစလုံးမှာ မျှတတဲ့အချိုးအစားနဲ့ ပါဝင်ပံ့ပိုးမှု မရှိဘူးလို့ ယူဆတဲ့အစ္စရေးနိုင်ငံသားတွေလည်း ရှိနေတာကြောင့် အကွဲအပြဲက အရင်ကထက် ပိုထင်ရှားလာပါတယ်။

လက်ရှိ နိုင်ငံရေးမဟာမိတ်အဖွဲ့တွေထဲက ဘယ်အဖွဲ့ကမှ အများစုထောက်ခံမှု အပြတ်အသတ် ရဖို့ မျှော်မှန်းမထားနိုင်တဲ့အပြင် ဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ညာဟုရဲ့အနာဂတ်လည်း မသေချာသေးတာကြောင့် Haredi ပါတီတွေအပါအဝင် ပါတီငယ်တွေရဲ့အခန်းကဏ္ဍဟာ အစ္စရေးကို ဘယ်သူ အုပ်ချုပ်မလဲဆိုတာ ဆုံးဖြတ်ရာမှာ ထပ်မံ အရေးပါလာဦးမှာ ဖြစ်ပါတယ်။

နေတန်ညာဟု အနေနဲ့ အာဏာကို ဆက်ထိန်းသိမ်းထားနိုင်ဖို့ဆိုရင် ultra-Orthodox ပါတီတွေကို သူ့ဘက်မှာ ဆက်ထားဖို့ လိုအပ်ပါတယ်။ ဒီလူတွေနဲ့ပတ်သက်ပြီး သူတို့ကို ပေးထားတဲ့ အခွင့်အရေးအဆင့်အတန်း လျှော့ချသင့်တယ်ဆိုတဲ့ဖိအား ရှိနေတယ်ဆိုရင်တောင် နေတန်ညာဟုအနေနဲ့ ဒီပါတီတွေဘက် ရင်ခြင်းအပ်မှရမယ့် အခြေပါ။

သူ့နည်းသူ့ဟန်

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ultra-Orthodox ဘက်က ရှုမြင်ချက်အရတော့ သူတို့နဲ့ အစ္စရေးနိုင်ငံကြားက လူမှုရေး သဘောတူညီမှုဟာ ဖိအား ပိုများလာနေပါတယ်။

Torah လို ဂျူးဘာသာရေး ကျမ်းစာတွေကို လေ့လာသင်ကြားရေးအပေါ် အဓိကထားနေကြတာကြောင့် သူတို့ရဲ့ပညာရေးစနစ်ဟာ သီးခြားဖြစ်ပြီး Haredi အများအပြားဟာ အစ္စရေး လုပ်သားအင်အားစုထဲမှာ မပါဝင်ကြပါဘူး။

ultra-Orthodox တွေအတွက် အကြီးမားဆုံးကိစ္စကတော့ ရိုးရာဘာသာရေးကျောင်းတွေဖြစ်တဲ့ yeshiva တွေမှာ ပညာသင်ကြားနေတဲ့ ကျောင်းသားတွေကို အစ္စရေးစစ်တပ် IDF မှာ စစ်မှုထမ်းရတာကနေ ကင်းလွတ်ခွင့် ဆက်ထိန်းထားနိုင်ဖို့ ဖြစ်ပါတယ်။

ဒီအခြေအနေဟာ Haredi အသိုင်းအဝိုင်းက ဟိုလိုကတ်စ်အပြီး မျိုးတုံးလုနီးပါး အခြေအနေကနေ ပြန်လည် တည်ဆောက်ဖို့ ကြိုးစားနေတဲ့လူနည်းစုအဖွဲ့လေးတစ်ခုသာ ဖြစ်ခဲ့တဲ့ အစ္စရေးနိုင်ငံ စတင်တည်ထောင်စအချိန်ကစပြီး ရှိလာခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ ဟားမတ်စ်က အစ္စရေးကိုတိုက်ခိုက်တဲ့ အောက်တိုဘာ ၇ ရက်တိုက်ခိုက်မှုနောက်ပိုင်း စစ်ပွဲတွေ ဆင်နွှဲနေရတဲ့အစ္စရေးဟာ ဖိအားများလာတာနဲ့အမျှ နိုင်ငံရဲ့မဖြစ်မနေ စစ်မှုထမ်းစနစ်မှာ သူတို့ မပါဝင်သလောက်နီးပါး ဖြစ်နေတာဟာ ပိုအငြင်းပွားဖွယ်ဖြစ်လာပါတယ်။

ဘာသာရေးကျောင်းသားတွေနဲ့ သူတို့ရဲ့ရဗ္ဗိဆရာတွေက ultra-Orthodox လူငယ်အမျိုးသားတွေ စစ်တပ်ထဲ ဝင်ရောက်သွားမယ်ဆိုရင် သူတို့ရဲ့အသိုင်းအဝိုင်းကနေ ဝေးကွာသွားစေနိုင်တဲ့ လွှမ်းမိုးမှုတွေနဲ့ အပြုအမူတွေကို ထိတွေ့ရမယ်လို့ ယုံကြည်ကြပါတယ်။

အဲဒါအပြင် သူတို့ရဲ့အသိုင်းအဝိုင်းရိုးရာဓလေ့တွေကို သစ္စာရှိရှိ ဆက်လက်ထိန်းသိမ်းတာဟာ အစ္စရေးတင်မကဘဲ ဂျူးလူမျိုးတစ်ရပ်လုံး ရှင်သန်ရပ်တည်နိုင်ဖို့အတွက်တောင် အရေးကြီးတယ်လို့ ယုံကြည်ကြပါတယ်။

ultra-Orthodox အသိုက်အ၀န်းထဲက အကြီးဆုံးခေါင်းဆောင် ရဗ္ဗီ ဒက်ဗ် လန်ဒူကို သူတို့အသိုင်းအ၀ိုင်းဟာ နိုင်ငံအရေးပေါ် အခြေအနေမှာ စစ်တပ်ထဲ ၀င်တာမျိုး မလုပ်ခဲ့တာ ဘာကြောင့်လဲလို့ဆိုပြီး အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုဖြစ်အပြီး မကြာခင်မှာ မေးကြည့်ခဲ့ဖူးပါတယ်။

သူက ဘာသာရေးကျောင်းသားတွေဟာ စစ်တပ်ထဲ မ၀င်သင့်ဘူးလို့ပြောသလို ဒဏ်ရာရသူတွေကို သတင်းသွားမေးတာ၊ ကျဆုံးစစ်သည်တွေရဲ့ စျာပနကို မတက်ရောက်သင့်ဘူးလို့တောင် တုံ့ပြန်ဖူးပါတယ်။

အနောက်တံတိုင်း (Western Wall) မှာ ultra-Orthodox ကလေးငယ်တစ်စု ကျောပေးပြီး ဆုတောင်းနေကြပါတယ်။ သူတို့နဲ့အတူ Haredi အမျိုးသားတစ်ဦး ရပ်နေပါတယ်။
ဓာတ်ပုံ ပုံစာ, Haredi အသိုင်းအဝိုင်းရဲ့ မွေးဖွားနှုန်းဟာ အစ္စရေးလူ့အဖွဲ့အစည်း အခြားအပိုင်းတွေထက် မြင့်မားပါတယ်

ရဗ္ဗိက အခုလို အန္တရာယ်များတဲ့အချိန်မျိုးမှာ Torah ကို သင်ယူနေတဲ့ ကျောင်းသားတွေသာ အစ္စရေးကို ရုပ်နဲ့မဟုတ်တဲ့ နာမ်ပိုင်းဆိုင်ရာကာကွယ်ပေးနိုင်တယ်လို့ ပြောခဲ့ပါတယ်။

"ကယ်တင်ခြင်းဟာ Torah သင်ယူမှုကသာ လာပါတယ်။ စနစ်တကျ Torah သင်ယူခြင်းကသာ လာပါတယ်။ Torah သင်ယူမှုကို ပေါ့ဆတာ၊ အနှောင့်အယှက်ဖြစ်တာမျိုး ရှိလာရင် ဘာတွေဖြစ်လာမလဲဆိုတာ စိုးရိမ်စရာ ဖြစ်ပါတယ်။ Torah သင်ယူသူတွေ ပိုများလေလေ၊ သူတို့ရဲ့ လေ့လာမှု ပိုတိုးလာလေလေ ပိုကောင်းလေလေ ဖြစ်ပါတယ်။ သူတို့က ကျွန်တော်တို့ကို ကာကွယ်ပေးနေကြတာပါ။"

အစ္စရေးလူ့အဖွဲ့အစည်းမှာတော့ ဒီအမြင်ကို ကျယ်ကျယ်ပြန့်ပြန် ထပ်တူမကျနေပါဘူး။

ဂါဇာ စစ်ပွဲတစ်လျှောက်လုံးမှာ ultra-Orthodox တွေကို စစ်မှုထမ်းဖို့ ဆင့်ခေါ်သင့်တယ်ဆိုတဲ့ ပြည်သူ့ထောက်ခံမှု မြင့်တက်လာကြောင်း စစ်တမ်းတွေမှာ ဖော်ပြထားပါတယ်။

လူအများက Haredi အသိုင်းအဝိုင်းရဲ့ရပ်တည်ချက်ကို တာဝန်မကျေမှုတစ်ခုအဖြစ် မြင်ကြပြီး အခွန်ထမ်းပြည်သူတွေဆီက ငွေကြေးကုန်ကျခံထားရတာကို ထောက်ထားရင် ပိုပြီး မကျေနပ်စရာ ဖြစ်စေတယ်လို့ ယူဆကြပါတယ်။

IDF ကလည်း လူအင်အား မလုံလောက်မှုကို အမြဲထောက်ပြနေပြီး အစ္စရေးနိုင်ငံသား အတော်များများဟာ လွန်ခဲ့တဲ့သုံးနှစ်အတွင်း ရက်ပေါင်းရာနဲ့ချီစစ်မှုထမ်းဆောင်ခဲ့ရပြီး ဖြစ်ပါတယ်။

ဒါလီယာ ရှိုင်းဒ်လင်ဟာ အစ္စရေးရဲ့ ထိပ်တန်း နိုင်ငံရေးအတိုင်ပင်ခံနဲ့ စစ်တမ်းပညာရှင်တစ်ဦး ဖြစ်ပါတယ်။

သူက ဒီကိစ္စဟာ ၀န်ကြီးချုပ် နေတန်ညာဟုအတွက် အရေးကြီးပြီး ဂါဇာစစ်ပွဲ နောက်ခံအခြေအနေအတွင်းက အစ္စရေးလူ့အဖွဲ့အစည်း၊ အထူးသဖြင့် လက်ယာနိုင်ငံရေးအသိုင်းအဝိုင်းကို နားလည်ဖို့ အဓိကကျတဲ့ ကိစ္စတစ်ခုဖြစ်တယ်လို့ ပြောပါတယ်။

"တကယ်တမ်း အပူတပြင်းနဲ့ အလောတကြီး အရေးကြီးဆုံးကိစ္စကတော့ လက်ယာဘက်အသိုင်းအဝိုင်းတွေဟာ IDF စစ်မှုထမ်း ကင်းလွတ်ခွင့် အားလုံးကို အကျုံးဝင်တဲ့ ပုံစံမျိုးနဲ့ ဆက်လက်ကာကွယ်ပေးနေတဲ့အစိုးရအပေါ် ဒေါသထွက်နေကြတာပါ။ အထူးသဖြင့် လက်ယာဘက်မှာသာမက အစ္စရေးက ဂျူးအသိုင်းအဝိုင်း တစ်ရပ်လုံးနီးပါးဟာ စစ်မှုထမ်းနေကြပြီး ဒီစစ်ပွဲတွေမှာ လူအများ သေဆုံးနေရတဲ့ အချိန်မျိုးမှာပေါ့။"

လွန်ခဲ့တဲ့ နှစ်နှစ်က တရားလွှတ်တော်ချုပ်က ultra-Orthodox အမျိုးသားတွေကို စစ်မှုထမ်းခြင်းကနေ ကင်းလွတ်ခွင့်ခွင့် မရှိတော့ဘူးလို့ ဆုံးဖြတ်ခဲ့ပါတယ်။

အဲဒီဆုံးဖြတ်ချက်ကြောင့် ဘာသာရေးစာပေ အချိန်ပြည့်လေ့လာနေသူတွေကို စစ်မှုထမ်းဖို့ ဆင့်ခေါ်နိုင်တဲ့အခြေအနေ ရှိလာခဲ့ပါတယ်။

Haredi အသိုင်းအဝိုင်းရဲ့ တုံ့ပြန်မှုကတော့ အမျက်ဒေါသနဲ့တုံ့ပြန်ပါတယ်။ Haredi လူသိန်းချီဟာ လမ်းမကြီးတွေကို ပိတ်ဆို့ပြီး ဆန္ဒပြခဲ့ကြပါတယ်။ မိုဒီအင်းမြို့က Haredi လူငယ်ဖြစ်ရပ်လိုပဲ စစ်မှုထမ်းဖို့ ရှောင်ရှားခဲ့တဲ့ ဘာသာရေးကျောင်းသားတွေကို ဖမ်းဆီးမခံရအောင်လည်း သူတို့ ကြိုးပမ်းခဲ့ကြပါတယ်။

ဆန္ဒပြမှုတွေက အဆက်မပြတ် ဖြစ်ပေါ်နေပြီး လူဦးရေထူထပ်တဲ့ Haredi ဒေသတွေဟာ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ထိပ်တိုက်တွေ့မှု ဖြစ်ပွားရာ နေရာတွေ ဖြစ်လာပါတယ်။

ရွေးကောက်ပွဲက အကျိုးဆက်

ဒီအငြင်းပွားမှုဟာ ရွေးကောက်ပွဲထဲမှာလည်း အဓိကကိစ္စတစ်ခု ဖြစ်နေပါတယ်။

အစဉ်အလာအားဖြင့် Haredi အသိုင်းအဝိုင်းကို ကိုယ်စားပြုတဲ့ပါတီ ၂ ပါတီရှိပါတယ်။

တစ်ခုကတော့ United Torah Judaism (UTJ) ဖြစ်ပြီး ဥရောပနွယ်ဖွား ဂျူးတွေလို့ သတ်မှတ်ကြတဲ့ Ashkenazi ဂျူးတွေကို ကိုယ်စားပြုပါတယ်။

နောက်တစ်ခုကတော့ နောက်ပိုင်းမှာ ဖွဲ့စည်းခဲ့တဲ့ Shas ပါတီဖြစ်ပြီး မြောက်အာဖရိကနဲ့ အရှေ့အလယ်ပိုင်းနွယ်ဖွား Sephardi နဲ့ Mizrahi ဂျူးတွေကို ကိုယ်စားပြုပါတယ်။

ပါတီနှစ်ခုစလုံးမှာ တူညီတဲ့ အခြေခံမူတစ်ရပ် ရှိပြီး ဘာသာရေးလေ့လာမှုကို အရာအားလုံးထက် ဦးစားပေးထားပါတယ်။ ပါလက်စတိုင်းတွေနဲ့ ဆက်ဆံရေးဆိုင်ရာ ကိစ္စတွေအပါအဝင် အခြားအရာတွေထက်တောင် ပိုဦးစားပေးထားတာ ဖြစ်ပါတယ်။

UTJ နဲ့ Shas နှစ်ခုစလုံးဟာ ၀န်ကြီးချုပ် နေတန်ညာဟုရဲ့မဟာမိတ်အစိုးရထဲမှာ ပါဝင်ခဲ့ဖူးကြပြီး တရားလွှတ်တော်ချုပ်အဆုံးအဖြတ်ကို အကောင်အထည်မဖော်နိုင်အောင် တားဆီးဖို့ သူတို့ရဲ့ နိုင်ငံရေးဩဇာကို အသုံးပြုခဲ့ကြပါတယ်။

သူတို့ဟာ မဟာမိတ်အဖွဲ့က ထွက်ပြီး အစိုးရကို ပြုတ်ကျစေမယ်လို့ ခြိမ်းခြောက်ခဲ့ကြတာမျိုးလည်းရှိခဲ့ပါတယ်။

UTJ က အဲဒီခြိမ်းခြောက်မှုကို အကောင်အထည်ဖော်ခဲ့ပေမဲ့ အစိုးရကို ပြင်ပကနေ ဆက်လက်ထောက်ခံခဲ့ပါတယ်။ Shas ကတော့ မဟာမိတ်အဖွဲ့ထဲမှာ ဆက်ရှိနေခဲ့ပါတယ်။

ဒီလရဲ့ရွေးကောက်ပွဲမှာ နေတန်ညာဟုရဲ့ အဓိကပြိုင်ဘက်အဖြစ် ပေါ်ထွက်လာတဲ့ ဗဟိုလက်ယာနိုင်ငံရေးသမား ဂါဒီ အိုင်ဇန်ကော့တ် ကတော့ သူတို့ရဲ့ ရပ်တည်ချက်ကို မထောက်ခံပါဘူး။

ultra-Orthodox တွေက ကိုယ်ပိုင် စည်းမျဉ်းတွေနဲ့ အစ္စရေးအတွင်း သီးခြားနိုင်ငံတစ်ခုလို ဖြစ်နေတဲ့ အယူအဆက ပိုမို အဆိပ်အတောက်ဖြစ်လာတယ်လို့ သူ ယုံကြည်ကြောင်း သူပြောပါတယ်။

"သားကောင်း သမီးမွန်တွေကို စစ်တိုက်ဖို့ ပို့ပြီး အသက်စွန့်ပေးခိုင်းတဲ့နိုင်ငံတစ်ခုဟာ အိမ်ကြီးထဲမှာ အိမ်လေးဆောက်တာမျိုး နိုင်ငံထဲ သီးခြားနိုင်ငံတစ်ခု သီးခြားတည်ရှိနေတဲ့အခြေအနေကို သည်းခံနိုင်မှာ မဟုတ်ပါဘူး" လို့ သူ ပြောပါတယ်။

ဒီကိစ္စအားလုံးကြောင့် ultra-Orthodox အမျိုးသားတွေကို စစ်မှုထမ်းခြင်းကင်းလွတ်ခွင့်ပေးတဲ့ ကိစ္စဟာ Shas နဲ့ UTJ နှစ်ပါတီစလုံးရဲ့ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး အစီအစဉ်မှာ နံပါတ်တစ် ဦးစားပေးကိစ္စ ဖြစ်လာပါတယ်။

မကြာသေးခင်က UTJ ပါလီမန်အမတ်လောင်း ဧလီယာကင်မ် စတားခ်ရဲ့ မှတ်ချက်တစ်ခုကလည်း အခြေအနေကို ပိုမိုတင်းမာလာစေခဲ့ပါတယ်။

သူက စစ်မှုထမ်းဖို့ ဆင့်ခေါ်ခံရမှုကနေ ရှောင်ရှားနေတဲ့ ultra-Orthodox အမျိုးသားတွေရဲ့ အခြေအနေကို Holocaust ကာလအတွင်း ဂျူးတွေ ဖိနှိပ်ခံခဲ့ရတဲ့ အခြေအနေနဲ့ နှိုင်းယှဉ်ပြောဆိုခဲ့ပါတယ်။

ဒီပြောဆိုချက်ကြောင့် နိုင်ငံရေးအင်အားစု အသီးသီးက အတိုက်အခံခေါင်းဆောင်တွေဆီက ဒေါသတကြီး ဝေဖန်မှုတွေ ထွက်ပေါ်လာခဲ့ပါတယ်။

Haredi အရေးကိစ္စတွေကို အထူးပြုလှုပ်ရှားသူ ဒန်နီယယ် ဂိုးလ်မန်းကတော့ Haredi အဓိကပါတီနှစ်ခုဟာ ပိုမို ဖိအားပေးခံနေရသလို ခံစားလာရပြီး အလျှော့အတင်းလုပ်ဖို့ ဆန္ဒ နည်းပါးလာတယ်လို့ ပြောပါတယ်။

Haredi အမျိုးသားတစ်ဦးက “Zionism ဟာ ဂျူးတွေကို လူသားဒိုင်းအဖြစ် အသုံးချနေတယ်” လို့ ရေးထားတဲ့ ဆိုင်းဘုတ်ကို ကိုင်ထားပြီး အဝေးပြေးလမ်းတံတားအောက်မှာ ရပ်နေပါတယ်။ နောက်ခံမှာ Haredi အမျိုးသားတွေ အခြားရှိနေကြပါတယ်။
ဓာတ်ပုံ ပုံစာ, ဆန္ဒပြသူတွေဟာ အရေးပါတဲ့လမ်းမကြီးတွေကို ပိတ်ဆို့ခဲ့ကြ

Haredi တွေဘက်ကတော့ နိုင်ငံအနေနဲ့ သူတို့ရဲ့ လူငယ်တွေကို စစ်အင်အားတိုးချဲ့ဖို့ အမှန်တကယ် လိုအပ်နေတယ်လို့ မယုံကြည်ကြဘူးလို့ သူက ပြောပါတယ်။

"ဒါဟာ အနည်းဆုံး တစ်စိတ်တစ်ပိုင်းအားဖြင့် Haredi ပါတီတွေက နိုင်ငံဟာ သူတို့ရဲ့ လူငယ်တွေကို အသိုင်းအဝိုင်းထဲက ဆွဲထုတ်ပြီး ultra-Orthodox ဘဝကနေ သာမန် ဘာသာရေးလိုက်စားသူ ဒါမှမဟုတ် သူတို့အမြင်အရဆိုရင် ဘုရားသခင် မနှစ်သက်တဲ့ လောကီဘဝဆီ ပြောင်းလဲစေချင်တယ်လို့ မြင်နေကြတာကြောင့် ဖြစ်ပါတယ်" လို့ သူက ပြောပါတယ်။

"အဲဒီလို တင်းမာမှုရှိတဲ့ အခြေအနေမျိုးမှာ သူတို့ရဲ့ရပ်တည်ချက်တွေက ပိုပြီး တင်းမာလာခဲ့ပါတယ်။"

UTJ က ဝန်ကြီးဟောင်း ယစ်ဇ်ဟက် ဂိုးလ်ဒ်ကနော့ဖ်ကတော့ ရာဇသံလိုမျိုး သတိပေးချက်တစ်ခု ထုတ်ပါတယ်။

"စစ်တပ်ရှိတယ်၊ စစ်ပွဲရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ Haredi တွေဟာ သူတို့ရဲ့ ဘဝပုံစံကို ပြောင်းလဲမှာ မဟုတ်ပါဘူး။ ရွေးချယ်စရာ မရှိတော့ဘဲ နိုင်ငံက ထွက်သွားရမယ်ဆိုရင် သူတို့ ထွက်သွားမှာပါ။"

ဒါပေမဲ့ ဒီကိစ္စဟာ နေတန်ညာဟု ညွန့်ပေါင်းအဖွဲ့ရဲ့ရွေးကောက်ပွဲအခြေအနေအပေါ် ရိုက်ခတ်မှုရှိနေတာကတော့ ရှင်းနေပါတယ်။ အထူးသဖြင့် Shas ပါတီဟာ အချိန်အတော်ကြာ နေတန်ညာဟုရဲ့ အဓိကမဟာမိတ်ဖြစ်ခဲ့ပါတယ်။

သူတို့မပါဘဲ နေတန်ညာဟု ရဲ့ညွန့်ပေါင်းအဖွဲ့ဟာ Knesset လွှတ်တော်မှာ အများစုဖြစ်ဖို့ လိုအပ်တဲ့ အမတ်နေရာ ၆၀ ကျော်ကို မရနိုင်ပါဘူး။

စစ်တမ်းပညာရှင် ဒါလီယာ ရှိုင်းဒ်လင်ကတော့ စစ်မှုထမ်း ကင်းလွတ်ခွင့်ကို မစွန့်လွှတ်လိုတဲ့ Shas နဲ့ UTJ ရဲ့ ရပ်တည်ချက်ဟာ နေတန်ညာဟုရဲ့ ညွန့်ပေါင်းအစိုးရကို ထိခိုက်စေနေတယ်လို့ ပြောပါတယ်။

"ဒါဟာ ၂၀၂၂ တုန်းက နေရာ ၆၄ နေရာ အနိုင်ရခဲ့စဉ်ကလို ထောက်ခံမှုမျိုးကို ပြန်မရနိုင်တာရဲ့ အဓိက အကြောင်းရင်းတစ်ခု ဖြစ်ပါတယ်" လို့ သူက ပြောပါတယ်။

"လက်ရှိမှာတော့ သူတို့ အမတ်နေရာ ၅၀ ကနေ ၅၂ ကြား ရနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။"

နေတန်ညာဟုကို စိန်ခေါ်နေသူအားလုံးက ultra-Orthodox တွေအတွက် ကင်းလွတ်ခွင့်ကို အဆုံးသတ်ဖို့နဲ့ စစ်မှုထမ်းဖို့ ငြင်းဆန်သူတွေနဲ့ သက်ဆိုင်တဲ့အဖွဲ့အစည်းတွေ၊ တစ်ဦးချင်းတွေကို ရန်ပုံငွေ ထောက်ပံ့မှု ဖြတ်တောက်ဖို့ ထောက်ခံကြပါတယ်။

လက်ဝဲနိုင်ငံရေးခေါင်းဆောင် ယာအီးယား ဂိုလန်ကတော့ အရည်အချင်းပြည့်မီသူတွေကို ချက်ချင်း စစ်မှုထမ်းဖို့ ဆင့်ခေါ်သင့်တယ်လို့ တောင်းဆိုထားပါတယ်။

Benjamin Netanyahu က စကားပြောစင်တစ်ခုမှာ မိန့်ခွန်းပြောနေတဲ့ ဘေးတစ်ဖက်မြင် ပုံရိပ်
ဓာတ်ပုံ ပုံစာ, ဘန်ဂျမင် နေတန်ညာဟုဟာ Haredi တွေရဲ့ထောက်ခံမှုပေါ် မှီခိုနေရပါတယ်

ဒါကြောင့် Shas နဲ့ UTJ က နေတန်ညာဟုရဲ့ထောက်ခံမှု လျော့သွားမယ်ဆိုရင် သူ့ကို စွန့်ခွာမယ်လို့ ပြောထားပေမဲ့ လက်ရှိအချိန်မှာတော့ သူတို့သွားစရာ အခြားနေရာ မရှိသလို ဖြစ်နေပါတယ်။

အန်ရှယ် ဖက်ဖာ ဟာ အစ္စရေးနိုင်ငံရေးအပေါ် နှစ်ပေါင်းများစွာ မှတ်ချက်ပေးလာသူတစ်ဦးဖြစ်ပြီး လက်ရှိမှာ Economist မဂ္ဂဇင်းရဲ့ အစ္စရေးသတင်းထောက်အဖြစ် ရေးသားနေသူဖြစ်ပါတယ်။

နေတန်ညာဟုရဲ့အနေအထားဟာ ယိမ်းယိုင်နေတယ်လို့ သူက ပြောပါတယ်။

"လက်ရှိ အတိုက်အခံအုပ်စုကို ပေါင်းစည်းပေးနေတဲ့ အရာ နှစ်ခု ရှိပါတယ်" လို့ သူက ပြောပါတယ်။

"တစ်ခုကတော့ နေတန်ညာဟုကို နေရာချင်း အစားထိုးချင်တာ ဖြစ်ပြီး နောက်တစ်ခုကတော့ အခုခေတ်မှာ ultra-Orthodox တွေအပေါ် ရှိနေတဲ့ ရန်လိုမုန်းတီးတဲ့အခြေအနေကို နိုင်ငံရေးအရ အသုံးချနေတာ ဖြစ်ပါတယ်။ အဓိကကတော့ စစ်မှုထမ်းကိစ္စကြောင့်ပါ။

" နေတန်ညာဟုက နှစ်ပေါင်းများစွာ ultra-Orthodox တွေ လိုချင်တာမှန်သမျှကို အခြေခံအားဖြင့် ပေးဖို့ အသင့်ရှိခဲ့ပါတယ်။ အတိုက်အခံတွေဆီကတော့ အဲဒီလို ရမှာ မဟုတ်ပါဘူး။"

အပေးအယူ လုပ်လာနိုင်လား

ဒီလို မကျေနပ်မှုတွေနဲ့ တင်းမာတဲ့ အခြေအနေကြားမှာ Haredi ပါတီသစ်တစ်ခုဟာ ဒီနှစ်မှာ ပေါ်ထွက်လာခဲ့ပြီး Shas နဲ့ UTJ တို့ရဲ့ ရိုးရာအတွေးအခေါ်ကနေ ခွဲထွက်လာတဲ့ အဖွဲ့တစ်ခုအဖြစ် သူတို့ကိုယ်သူတို့ ပုံဖော်ထားပါတယ်။

အဲဒါက Haredi Public Party ဖြစ်ပါတယ်။ ဒီပါတီဟာ ultra-Orthodox တွေရဲ့ အမှတ်သညာ အဓိကအချက်တွေကို ဆက်ထိန်းထားရင်း အစ္စရေးနိုင်ငံအတွက် ပိုမို ပါဝင်ပံ့ပိုးနိုင်မယ့် အလျှော့အတင်းနည်းလမ်းတစ်ခုကို ကမ်းလှမ်းနေတာ ဖြစ်ပါတယ်။

ultra-Orthodox အသိုင်းအဝိုင်းသမိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် အမျိုးသမီး ကိုယ်စားလှယ်လောင်း နှစ်ဦးကိုတောင် ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ခွင့် ပေးထားပါတယ်။

သူတို့ထဲက တစ်ဦးဖြစ်တဲ့ ဇီဗာ ဂင်းဇ်က စစ်မှုထမ်းရေးကိစ္စနဲ့ ပတ်သက်တဲ့ သူတို့ပါတီရဲ့ ရပ်တည်ချက်ကို ဘီဘီစီကို ရှင်းပြခဲ့ပါတယ်။

အဓိကကတော့ စစ်မှုထမ်းသူ အမျိုးသားတွေဟာ Haredi ယဉ်ကျေးမှုကို ဆက်လက် ထိန်းသိမ်းနိုင်ရမယ် ဆိုတဲ့အချက်အဖြစ်ပါတယ်။

"ဘဝတစ်ခုလုံးကို Torah လေ့လာမှုအတွက် အမှန်တကယ် မြှုပ်နှံထားသူ မည်သူမဆို ဆက်လက် သင်ယူခွင့် ရှိသင့်ပါတယ်။ တစ်ရက်လုံး ထိုင်ပြီး မလေ့လာ နေသူတိုင်းကတော့ အခြား အစ္စရေး လူငယ်တွေနဲ့အတူ စစ်မှုထမ်းသင့်ပါတယ်။ ဒါပေမဲ့ လူငယ်တစ်ယောက် Haredi အဖြစ် ဝင်ရောက်ပြီး Haredi အဖြစ်ပဲ ပြန်ထွက်လာနိုင်တဲ့ပုံစံမျိုး ဖြစ်ရပါမယ်" လို့ သူက ပြောပါတယ်။

ဒါပေမဲ့ ဒီလို အလျှော့အတင်း ကြိုးပမ်းမှုတွေဟာ ဒီတစ်ကြိမ် ရွေးကောက်ပွဲမှာ ထိရောက်မလားဆိုကတော့ ပြောဖို့ အချိန်စောလွန်းနေပါသေးတယ်။

အန်ရှယ် ဖက်ဖာကတော့ ultra-Orthodox အသိုင်းအဝိုင်းရဲ့မဲဆန္ဒရှင်တွေကို စည်းရုံးဖို့ ခက်ခဲတယ်လို့ ပြောပါတယ်။ အများစုကတော့ သူတို့ရဲ့ရဗ္ဗိ ပြောသလိုပဲ မဲပေးလေ့ ရှိနေဆဲ ဖြစ်ပါတယ်။

"လူတွေက အခြားပါတီတွေကို မဲပေးဖို့ စဉ်းစားပြီဆိုရင်လည်း Haredi ပါတီအသစ်ကိုပဲ ပေးမယ်လို့ မဆိုလိုပါဘူး" လို့ ဖက်ဖာက ရှင်းပြပါတယ်။

"ဒါကြောင့်ပဲ Ben-Gvir က Haredi အသိုင်းအဝိုင်းအတွင်းမှာ ထိုးဖောက်ဝင်ရောက်နိုင်နေတာကို တွေ့နေရတာပါ။ ဘာကြောင့်လဲဆိုတော့ သူက Haredi မဟုတ်တဲ့ ပါတီခေါင်းဆောင်တွေထဲမှာ လူငယ် Haredi တွေနဲ့ အမှန်တကယ် စကားပြောတဲ့ တစ်ဦးတည်းသော ခေါင်းဆောင် ဖြစ်နေလို့ပါ။ အစ္စရေးက အခြားပါတီအားလုံးနီးပါးကတော့ ကြိုးတောင်မကြိုးစားကြပါဘူး။"

Ben-Gvir ရဲ့ မျက်နှာပုံ ပါဝင်တဲ့ ပိုစတာတွေဘေးကနေ အမျိုးသားနှစ်ဦး လမ်းလျှောက်သွားကြပါတယ်။
ဓာတ်ပုံ ပုံစာ, ဘင် ဂဗီးယားဟာ Haredi မဲဆန္ဒရှင်တွေအကြား ထိုးဖောက်ဝင်ရောက်လာနေ

ဒါကို စစ်တမ်းတွေမှာလည်း တွေ့မြင်ရပြီး သူ့ရဲ့ Jewish Power ပါတီက ထောက်ခံမှု ပိုရလာနေတာကို တွေ့ရပါတယ်။

သိမ်းပိုက်ခံအနောက်ကမ်းဒေသကို အစ္စရေးထဲ တရားဝင် ပေါင်းစည်းဖို့လို Ben-Gvir ရဲ့ မူဝါဒမျိုးကို ထောက်ခံတဲ့ရပ်တည်ချက်တွေဟာ အစ္စရေးရဲ့ နိုင်ငံတကာပုံရိပ်ကို ထိခိုက်စေတယ်လို့ ပိုမိုမြင်လာကြပေမဲ့ သူ့ရဲ့လက်ယာသတင်းစကားပြင်းပြင်းတွေကတော့ နိုင်ငံထဲ ထောက်ခံမှု ပိုခိုင်မာအောင် ဆွဲဆောင်နေပါတယ်။

သူ့ရဲ့ အမျိုးသားရေး အစွန်းရောက်အယူအဆတွေဟာ Haredi ပါတီတွေရဲ့ မူဝါဒတွေနဲ့ အစဉ်အလာအားဖြင့် တိုက်ဆိုင်လေ့ မရှိပေမဲ့ နှစ်ဖက်စလုံးဟာ အစ္စရေးနိုင်ငံရေးရဲ့ လက်ယာဘက်ခြမ်းမှာ ရှိကြပါတယ်။

ဒါကြောင့် နိုင်ငံရေးအိမ်သစ် ရှာဖွေနေတဲ့ ultra-Orthodox မဲဆန္ဒရှင်တချို့အတွက် ဘင် ဂဗီးယားဟာ အနီးစပ်ဆုံး ရွေးချယ်စရာ ဖြစ်လာပါတယ်။

နိုင်ငံတကာ ဝေဖန်မှုတွေ ရှိနေပေမဲ့ အစ္စရေးရဲ့ရန်သူတွေလို့ သူယူဆသူတွေကို ပြင်းထန်တဲ့ ရပ်တည်ချက်နဲ့ ရင်ဆိုင်မယ့် သန်မာတဲ့ခေါင်းဆောင်အဖြစ် သူ့ကိုယ်သူ ပုံဖော်ထားတာက Haredi အသိုင်းအဝိုင်းအတွင်း လက်ယာဘက်စွန်းကို တိမ်းညွတ်နေသူတချို့ကို ဆွဲဆောင်နိုင်ပါတယ်။

အနက်ရောင်အင်္ကျီ ဝတ်ဆင်ထားတဲ့ Eisenkot ကို ရှေ့တည့်တည့်ကနေ ရိုက်ထားတဲ့ ဓာတ်ပုံ။
ဓာတ်ပုံ ပုံစာ, ဂါဒီ အိုင်ဇန်ကော့တ်က Haredi ဂျူးတွေ စစ်မှုထမ်းသင့်တယ်ဆိုတဲ့ ရပ်တည်ချက်ကို မြဲမြဲမြံမြံရပ်သူပါ

ရွေးကောက်ပွဲမှာ ဘယ်မဟာမိတ်အုပ်စုကမှ အများစုအနိုင်ရဖို့ နီးစပ်နေပုံ မရှိတာကြောင့် မဲပေးမှုအလွန်မှာ ညွန့်ပေါင်းအစိုးရတစ်ရပ် ဖွဲ့စည်းနိုင်ဖို့ အပြန်အလှန် ညှိနှိုင်းရတာတွေ များမယ်ဆိုတ သေချာသလောက် ရှိပါတယ်။

နေတန်ညာဟုကတော့ ထုံးစံအတိုင်း အာဏာဆက်လက် တည်မြဲဖို့ နည်းလမ်း တစ်မျိုးမဟုတ် တစ်မျိုး ရှာဖွေနိုင်ဖို့ သူ့ရဲ့ထူးခြားတဲ့နိုင်ငံရေး စွမ်းရည်တွေကို အသုံးချမှာ ဖြစ်ပါတယ်။

အဲဒီလိုအခြေအနေက ပါတီငယ်တွေကို "အာဏာကိုဖန်တီးပေးတဲ့အစုအဖွဲ့" အခန်းကဏ္ဍအတွက် ဆက်ကစားဖို့ ဖြစ်လာစေပါတယ်။

ပြီးတော့ ဒါဟာ ultra-Orthodox ပါတီတွေ အစဉ်အဆက် ယူလာခဲ့တဲ့အခန်းကဏ္ဍဖြစ်ပါတယ်။

ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ သူတို့က အဆုံးအဖြတ်ပေးမယ့်အချက် မဟုတ်တော့တာ ဖြစ်နိုင်ပါတယ်။

"အမှန်တရားကတော့ ပါတီငယ်တိုင်းဟာ အာဏာကို ဘယ်သူ့လက်ထဲအပ်မလဲဆိုတာ ဆုံးဖြတ်ဖို့ အခရာအကျဆုံးဖြစ်သွားနိုင်ပါတယ်" လို့ အစ္စရေးအကဲခတ် ဒါလီယာ ရှိုင်းဒ်လင် က ပြောပါတယ်။

"Haredi ပါတီတွေကို နေတန်ညာဟု ဆီကနေ ခွဲထုတ်ဖို့ သိပ်အများကြီး လိုမယ် မထင်ပါဘူး။ ဒါပေမဲ့ ပြဿနာက အတိုက်အခံပါတီတွေက သူတို့ကို ဆွဲသွင်းချင်မယ် မထင်ပါဘူး။ စစ်မှုထမ်းရေးကိစ္စမှာ အလေးအနက် လိုက်လျောဖို့ အသင့်ရှိတယ်ဆိုတဲ့ ကတိတစ်ခုခု မရှိဘူးဆိုရင်ပေါ့။အတိုက်အခံပါတီတွေဟာ သူတို့ရဲ့ မူဝါဒနဲ့ မဲဆန္ဒရှင်တွေကို ပေးထားတဲ့ကတိတွေကို ဒီကိစ္စအပေါ်မှာ အပြည့်အဝ အခြေတည်ထားတာ ဖြစ်ပါတယ်။"

ဒီတစ်ကြိမ်မှာတော့ ultra-Orthodox ပါတီတွေဟာ အာဏာဆုပ်ကိုင်မယ့်သူကို တင်မြှောက်မယ့်အစား ဖြုတ်ချရာမှာ ထောက်ကူတဲ့ပါတီတွေ ဖြစ်သွားနိုင်ပါတယ်။

ပင်မဓာတ်ပုံ - AFP via Getty Images